ရုပ်ရှင်ပိတ်ကားပေါ်မှတစ်ဆင့် ဈေးကွက်တွင် ရေပန်းစားလာခဲ့သောကားမော်ဒယ်များ

0

Full article

မော်တော်ကားကုမ္ပဏီတစ်ခုအ‌နေဖြင့် မိမိတို့၏ထုတ်ကုန်များ ဈေးကွက်အတွင်းရေပန်းစားစေရန် ‌ကြော်ငြာနည်းလမ်းပေါင်းစုံကို အသုံးပြုလေ့ရှိကြ၏။ ယင်းနည်းလမ်းများအနက်  လူကြိုက်များအောင်မြင်နိုင်မည့်ရုပ်ရှင်များတွင် ‌ထည့်သွင်းအသုံးပြုခြင်းက အဓိကနည်းလမ်းတစ်ရပ်အဖြစ် ပါ၀င်ခဲ့လေသည်။ ပရိသတ်များအာရုံကျစေရန်အတွက် ကားကုမ္ပဏီများအနေဖြင့် ရုပ်ရှင်ဒါရိုက်တာများ (သို့) ရုပ်ရှင်ကုမ္ပဏီများအား ငွေပေးပြီး ၄င်းတို့၏ထုတ်ကုန်မော်တော်ကားမော်ဒယ်သစ်များကို ဇာတ်လမ်းထဲ၌ ထည့်သွင်းရိုက်ကူးစေခြင်းပင်။  ထိုမှတစ်ဆင့် ကားကုမ္ပဏီများနှင့် ရုပ်ရှင်ကုမ္ပဏီများ အကျိုးတူပူးပေါင်းသည့် သဘောတူညီချက်များအဆင့်သို့ ရောက်ရှိလာခဲ့ကြသည်။ မော်ဒန်ရုပ်ရှင်လောကကို ဆယ်စုနှစ်အနည်းငယ်ဖြတ်သန်းပြီးချိန်မှာတော့ လူကြိုက်များအောင်မြင်ခဲ့သည့် ဇာတ်ကားများ၊ ဇာတ်လမ်းတွဲများတွင် သိသာထင်ရှားပြီး အမှတ်ထင်ထင်ဖြစ်ဖွယ်ရာ မော်‌တော်ကားအမှတ်တံဆိပ်များက လွှမ်းမိုးနေရာယူလာခဲ့သည်ကို တွေ့ရတော့သည်။ အဆိုပါမော်တော်ကားမော်ဒယ်များသည်လည်း ရုပ်ရှင်ပိတ်ကားပေါ်မှတစ်ဆင့် ဈေးကွက်အတွင်း နေရာယူအောင်မြင်မှုရလာခဲ့ကြသည်။ ထို့‌ကြောင့် နာမည်ကျော်ရုပ်ရှင်ဇာတ်ကားများကြောင့် လူသိများခဲ့သော ကားမော်ဒယ် (၁၀) မျိုးအကြောင်းကို ရွေးချယ်တင်ဆက်ပေးလိုက်ပါသည်။

(၁) Back to the Future မှ DeLorean DMC-12

သမိုင်းတစ်လျှောက် အအောင်မြင်ဆုံးဖြစ်ခဲ့သော Movie Car တစ်စီးကို မိတ်ဆက်ပေးရန်အတွက် လွန်ခဲ့သော ၁၉၈၅ ခုနှစ်သို့ပြန်သွားရပါလိမ့်မည်။ ထိုအချိန်လောက်က ထွက်ရှိခဲ့သော နာမည်ကြီးရုပ်ရှင်  Back to the Future ၌ ပါ၀င်အသုံးတော်ခံခဲ့သော DeLorean DMC-12 ပြိုင်ကားသည် နောက်ပိုင်းနှစ်များအရောက်တွင် အလန်းဆုံးကားမော်ဒယ်တစ်ခုအဖြစ် နေရာရရှိလာခဲ့လေသည်။ Fast and Furious ဇာတ်ကားများထဲမှ Toyota Supra နှင့် ပုံစံချင်းဆင်တူပြီး တံခါးများကို အတောင်ပံများသဖွယ် မြှောက်ပြီးဖွင့်နိုင်သော DeLorean DMC-12 သည် သာမန် DeLorean မော်ဒယ်ကို အဆင့်မြှင့်တင်ပြောင်းလဲမှုများပြုလုပ်ထားသော ကားတစ်စီးသာလျှင်ဖြစ်၏။ Back to the Future ဇာတ်ကားထဲတွင်မူ DeLorean DMC 12 သည် ကာလယန္တရားထည့်သွင်းတပ်ဆင်ထားသော အထူးယာဉ်တစ်စင်းဖြစ်ပြီး ရုပ်ရှင်အောင်မြင်သည်နှင့်အမျှ ဈေးကွက်အတွင်း အလားတူကားမော်ဒယ်များ ရောင်းအားမြင့်တက်လာခဲ့တော့သည်။

(၂)  Fast and Furious မှ Toyota MKIV Supra

မော်တော်ကားနှင့်ပတ်သက်သည့်ရုပ်ရှင်ဇာတ်ကားများအ‌ကြောင်းစဉ်းစားမည်ဆိုပါက Fast and Furious ဇာတ်ကားများကို ချန်ထားခဲ့၍မရနိုင်ပါ။ Fast and Furious ဇာတ်ကားများကြောင့် ဈေးကွက်အတွင်း ရေပန်းစားခဲ့သောပြိုင်ကားတစ်စီးလည်း ရှိနေပါသေးသည်။ ယင်းကားကတော့ ကွယ်လွန်သူမင်းသားကြီး Paul Walker စီးနင်းခဲ့သည့် Mark IV Supra အမျိုးအစား Toyota ပြိုင်ကားမှာ တောက်ပသောအရောင်၊ ၀မ်းဗိုက်အောက်အလင်းမီး၊ အလှစတစ်ကာများ၊ နီယွန်မီးလုံးများဖြင့် ရုပ်ရှင်ကြည့်ပရိသတ်ကို စွဲဆောင်ဖမ်းစားနိုင်ခဲ့လေသည်။  ကားထုတ်လုပ်သောခုနှစ်၊ ရုပ်ရှင်ထွက်ရှိသောအချိန်တို့မှာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း MKIV Supra ကတော့ ကားဝါသနာရှင်တို့အကြား အနှစ်သက်ဆုံးကားတစ်စီးဖြစ်နေဆဲပင်။ ယင်းကားကို လူကြိုက်များသည်ဆိုရာဝယ် အပြင်ပန်းအလှအပကြောင့်သာမက အင်ဂျင်စွမ်းဆောင်ရည်နှင့် မြန်နှုန်း‌ကြောင့်လည်း ပါ၀င်လေသည်။

(၃) Smokey & The Bandit မှ Pontiac Trans AM

၁၉၇၇ ခုနှစ်က အောင်မြင်မှုရခဲ့သော ဟာသအက်ရှင်ဇာတ်ကားတစ်ကားဖြစ်သည့်  Smokey & The Bandit တွင် ပါ၀င်အသုံးတော်ခံခဲ့သော Pontiac Trans AM ကားမော်ဒယ်ကလည်း ထိုခေတ်ထိုအခါက အလွန်ရေပန်းစားခဲ့သော ကားတစ်စီးဖြစ်ခဲ့ပါသည်။ ယင်းကားကို ၁၉၇၇ ‌မော်ဒယ်အဖြစ်ပွဲထုတ်ခဲ့သော်လည်း  တကယ်တမ်းတွင်တော့ ၁၉၇၆ မော်ဒယ်ကို ၇၇ ပုံစံအဖြစ် ကိုယ်ထည်များပြောင်းလဲတပ်ဆင်ထားခြင်းပင်။ အနက်နှင့်ရွှေရောင်ရောစပ်ခြယ်သထားသော Pontiac Trans AM သည်  အချိန်တုန်းက တစ်ကမ္ဘာလုံး၏စိတ်၀င်စားမှုကို ဆွဲဆောင်နိုင်ခဲ့ပြီး လက်ရှိအချိန်အထိလည်း ဈေးကွက်အတွင်း တန်ဖိုးအမြင့်ဆုံး Muscle Car အမျိုးအစားအဖြစ် ရပ်တည်နေဆဲဖြစ်တော့သည်။

(၄) Bullitt ဇာတ်ကားမှ Ford Mustang

၁၉၆၈ ခုနှစ်က ထွက်ရှိခဲ့သော Bullitt အက်ရှင်ဇာတ်ကားသည် ယနေ့ခေတ်တွင်တော့ ရှေးဟောင်းရုပ်ရှင်အဖြစ် မှတ်တမ်း၀င်လာခဲ့ပြီး ကြည့်ဖူးသူလည်းတော်တော်ရှားပါးသွားခဲ့ပြီဖြစ်၏။ သို့သော် ထိုဇာတ်ကားမှတစ်ဆင့် လူသိများခဲ့သော Ford Mustang ကတော့ လက်ရှိအချိန်အထိ အရောင်းသွက်နေဆဲဖြစ်လေသည်။ Bullitt ဇာတ်ကားသည် ယနေ့ခေတ်၏ Fast and Furious ဇာတ်ကားများနှင့်ဆင်တူပြီး ကားနှင့်ပတ်သက်သောစွန့်စားခန်းများစွာပါ၀င်ခဲ့သည်။ အထူးသဖြင့် ယင်းဇာတ်ကားမှာ Ford Mustang နှင့် Dodge Charger တို့၏အားပြိုင်မှုပါ၀င်ခဲ့ပြီး ရုပ်ရှင်ပရိသတ်များအတွက် ‌ပြောစမှတ်ပြုစရာအမှတ်တရများ ဖန်တီးပေးခဲ့သည်ကို ကြည့်ရှုအားပေးဖူးသူများ သိကြပါလိမ့်မည်။ Ford ကုမ္ပဏီထုတ် Mustang ကားတွေကလည်း ဈေးကွက်အတွင်းမှာ အောင်မြင်မှုရသွားခဲ့ပြီး အချိန်ကြာလာသည်နှင့်အမျှ Classic စာရင်းဝင် Muscle Car များဖြစ်လာခဲ့တော့သည်။ လက်ရှိအချိန်တွင်တော့ Ford ကုမ္ပဏီအနေဖြင့် Bullitt ဇာတ်ကားတွင် ပါ၀င်ခဲ့သော Mustang ကားများခဲ့သို့  တစ်ကျော့ပြန်မော်ဒယ်သစ်များ ထုတ်လုပ်နေပြီဖြစ်သည်။

(၅) James Bond ဇာတ်ကားမှ Aston Martin DB5

James Bond ဇာတ်ကားဆိုသော်လည်း လက်ရှိမင်သားကြီး Daniel Craig ၏ နောက်ဆုံးထွက် 007 ဇာတ်ကားများကို ဆိုလိုခြင်းမဟုတ်ပါ။ သမိုင်းတစ်လျှောက် အကောင်းဆုံးဂျိမ်းစ်ဘွန်းမင်းသားတစ်လက်ဟု  ပြောစမှတ်ပြုရလောက်သည့် ဂန္ထ၀င်မင်းသားကြီး Sean Connery ၏ အောင်မြင်ကျော်ကြားခဲ့သော ဗြိတိန်စပိုင်ကားများကို ဆိုလိုခြင်းဖြစ်ပါသည်။ Sean Connery ၏ ဂျိမ်းစ်ဘွန်းဇာတ်ရုပ်နှင့်အတူအောင်မြင်ခဲ့သောကားတစ်စီးကတော့ Aston Martin DB5 ပင် ဖြစ်ပါ၏ ။ Gold Finger ဇာတ်ကားတွင် ပွဲဦးထွက်ပါ၀င်ခဲ့သော Aston Martin DB5 မှာ ချက်ခြင်းဆိုသလို ပေါက်သွားခဲ့ပြီး ဂျိမ်းစ်ဘွန်းကားအဖြစ် ပရိသတ်က အသိအမှတ်ပြုခဲ့ကြတော့သည်။ တစ်ခုထူးခြားသည်က ရုပ်ရှင်ထဲတွင် ထည့်သွင်းအသုံးပြုရန်အတွက် ကားကုမ္ပဏီဘက်က ငွေပေးရသည်မဟုတ်ဘဲ ရုပ်ရှင်ဒါရိုက်တာများ၊ ထုတ်လုပ်သူများက စတာလင်ပေါင် ၂,၀၀၀ ပေး၍ Aston Martin DB5 ကို ဝယ်ယူခဲ့ရခြင်းပင်။ အကယ်၍ Aston Martin DB5 ကို ယနေ့ခေတ်တွင်ဝယ်ယူပါက ဒေါ်လာသန်းနှင့်ချီပေးရမည်ဖြစ်ရာ အဆိုပါခေတ်က Gold Finger ဇာတ်ကား၏ရင်းနှီးငွေပမာဏကို မှန်းဆကြည့်နိုင်ကြပါလိမ့်မည်။

(၆) Gone in 60 Seconds မှ Eleanor Shelby GT500

Ford ကုမ္ပဏီ၏ကားဒီဇိုင်နာကြီး Carroll Shelby ကို အစွဲပြုအမည်‌ပေးထားသော Eleanor Shelby ကားသည် အမှန်စင်စစ်တော့ ပြိုင်ပွဲ၀င်ရန်အတွက် ပုံစံပြုထုတ်လုပ်ထားသော Ford Mustang တစ်စီးသာလျင်ဖြစ်၏။ Eleanor Shelby GT500 ၏စွမ်းဆောင်ရည်ကို မင်းသားကြီး Nicolas Cage ပါ၀င်သရုပ်ဆောင်ထားသော Gone in 60 Seconds ဇာတ်ကားတွင် ထင်ထင်ရှားရှားလေ့လာတွေ့ရှိနိုင်မည်ဖြစ်သည်။ GT500 မော်ဒယ်ဆိုသည်မှာ သာမန် Eleanor Shelby ပြင်ပကိုယ်ထည်ပိုင်း မွမ်းမံပြင်ဆင်မှုများပြုလုပ်ထားခြင်းပင်။ ယနေ့ခေတ်ကားဝါသနာရှင်များကတော့ Eleanor Shelby GT500 သည် သမိုင်းတစ်လျှောက်ထုတ်လုပ်ခဲ့သမျှသော Ford Mustang များအနက် အကောင်းဆုံးအဖြစ် မှတ်ယူထားကြလေသည်။

(၇) Ghostbusters ဇာတ်ကားမှ Cadillac Miller-Meteor

သာမန်အားဖြင့်တွေးကြည့်မည်ဆိုပါလျင် ဝိညာဉ်တစ္ဆေများကို လိုက်ဖမ်းပြီး နယူး‌ယော့ခ်မြို့ကြီးကို ကယ်တင်ရသောဇာတ်ကားမျိုးတွင် မော်တော်ကားတစ်စီးကို အထူးဗန်းပြပြီး ထည့်သွင်းစရာအ‌ကြောင်းမရှိနိုင်ပါပေ။ သို့ရာတွင် ၁၉၈၄ ခုနှစ်ကတည်းက ထွက်ရှိခဲ့သော Ghostbusters ဟာသစွန့်စားခန်းဇာတ်လမ်းတွဲများတွင်မူ ပရိသတ်ကို စွဲဆောင်နိုင်ဆုံးအရာက အဓိကဇာတ်ကောင်များ အသုံးပြုခဲ့သော Cadillac Miller-Meteor ကားပင်ဖြစ်ပါလိမ့်မည်။ Cadillac Miller-Meteor မှာ လက်ရှိအချိန်တွင် ရှေးဟောင်းဂန္ထ၀င်ကားတစ်စီးဖြစ်လာခဲ့ပြီး ကားချစ်သူများသာမက ရုပ်ရှင်ချစ်သူများပါ တန်ဖိုးထားမြတ်နိုးသည့် ကားတစ်စီးလည်း ဖြစ်လာခဲ့တော့သည်။

(၈) Transformer ဇာတ်ကားများမှ Chevrolet Camaro

ယနေ့ခေတ်၏ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်များထဲတွင် အအောင်မြင်ဆုံးဟုဆိုရမည့် Transformer ဇာတ်လမ်းများကလည်း အမေရိကန်ထုတ်ကားမော်ဒယ်တစ်မျိုးကို စင်တင်ပေးခဲ့ပါသေးသည်။ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ၀င်ငွေ‌ဒေါ်လာသန်းပေါင်းများစွာရှိခဲ့သောဇာတ်ကားများပီပီ စပွန်ဆာစာချုပ်များ၊ နောက်ဆုံးပေါ်ကားအစစ်အမှန်များကိုလည်း အသုံးပြုခဲ့သည်ကို တွေ့ရပါ၏။ Transformer ဇာတ်ကားများမှတစ်ဆင့် ဈေးကွက်အတွင်း ရေပန်းစားလူကြိုက်များခဲ့သောကားတစ်စီးကတော့ Transformer BumbleBee ဆိုသော ဂြိုဟ်သားစက်ရုပ်ကလေးမှ အသွင်ပြောင်းထားသော Chevrolet Camaro မော်ဒယ်အသီးသီးပင် ဖြစ်တော့သည်။ မော်ဒယ်အသီးသီးဟုပြောရခြင်းက ဇာတ်ကားတိုင်းလိုလိုတွင် BumbleBee က မိမိကိုယ်ကိုယ် Chervrolet ၏နောက်ဆုံးပေါ် Camaro မော်ဒယ်သစ်တစ်စီးအဖြစ် အဆင့်မြှင့်တင်ပြောင်းလဲလေ့ရှိသောကြောင့်ပင်။ စာဖတ်သူအနေဖြင့် Transformer ဇာတ်ကားများကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ Chevrolet Camaro ၏အောင်မြင်မှုနှင့် ရောင်းအားမြင့်တက်လာခြင်းကိုတော့ လက်ခံရပါလိမ့်မည်။

(၉) Mad Max ဇာတ်ကားမှ Ford Falcon

Ford ဆိုသည်မှာ အမေရိကန်အခြေစိုက်ကားကုမ္ပဏီဖြစ်သော်လည်း ကမ္ဘာ့ဈေးကွက်အသီးသီးသို့ မတူညီသောကားမော်ဒယ်အသီးသီးကို ထုတ်လုပ်တင်ပို့လေ့ရှိသည်။ ထိုနိုင်ငံခြားဈေးကွက်များအနက် အခိုင်မာဆုံးတစ်ခုက Mad Max ဟုခေါ်သောဇာတ်ကားများ သန္ဓေတည်စတင်ရာ သြစတေးလျတိုက်ပင် ဖြစ်တော့သည်။ မကြာသေးခင် ၂၀၁၅ ခုနှစ်က ထွက်ရှိထားသော Mad Max: Fury Road ဇာတ်ကားတွင် အဓိကဇာတ်ကောင် Max စီးနင်းအသုံးပြုခဲ့သောကားတစ်စီးမှာ Ford Falcon ဖြစ်ပြီး ယင်းကားမှာ သြစတေးလျဈေးကွက်အတွက် Ford မှ ဖြန့်ချိသောကားမော်ဒယ်တစ်မျိုးပင်။ ယခုတော့ Ford Falcon သည် ရုပ်ရှင်၏ကောင်းမှုကြောင့် တစ်ကမ္ဘာလုံးဈေးကွက်၌ လူကြိုက်အများဆုံးစာရင်းထဲဝင်ခဲ့လေပြီ။

(၁၀) Jurassic Park ဇာတ်ကားမှ Ford Explorer

နာမည်ကြီးဒါရိုက်တာကြီး Steven Spielberg ဖန်တီးရိုက်ကူးသော Jurassic Park ဒိုင်နိုဆောဇာတ်ကားများသည် ထိုခေတ်အခါက CGI ဟုခေါ်သောကွန်ပျူတာပုံရိပ်‌‌ယောင်နည်းပညာကို စတင်အသုံးပြုသည့်အဆင့်မြင့်ရုပ်ရှင်အမျိုးအစားများဟု ဆိုရပေမည်။ ဒိုင်နိုဆောများကို စုဆောင်းမွေးမြူပြီး Theme Park တစ်ခုအဖြစ် ၀င်ငွေရှာမည့်စိတ်ကူးကလည်း တော်တော်ဆန်းကြယ်လှပါသည်။ သို့သော် T-Rex ဟုခေါ်သော အန္တရာယ်ရှိဒိုင်နိုဆောမျိုးနွယ်၀င်များကြောက်မက်ဖွယ်ကောင်းပုံကို ရိုက်ကူးရာတွင် Ford Explorer အမျိုးအစားကားတစ်စီးကို Steven Spielberg က အသုံးပြုခဲ့လေသည်။ ယင်းကားမှာ Jurassic Park ၏အရိပ်အငွေ့များဆေးခြယ်ထားသော Ford Explorer တစ်စီးဖြစ်ပြီး ရုပ်ရှင်၏အောင်မြင်မှုကြောင့် ပြင်ပလုပ်ငန်းများတွင်လည်း အလားတူ Ford Explorer များကို တွင်ကျယ်စွာအသုံးပြုလာခဲ့ကြသည်။

Ref: 10 Car Models Made More Popular By Movies by JAMES JACOBS

Author