အာနိုးပြောပြတဲ့ မော်တော်ကားတွေအကြောင်း

0

Full article

အာနိုးရှဝါဇနက်ဂါဆိုတဲ့ ဟောလိဝုဒ်မင်းသားကြီးအာနိုးကိုကြည့်ရင် ကားဝါသနာရှင်တစ်ဦးလို့ မထင်ရသလို သူကိုယ်တိုင်ကလည်း ကားတွေကိုချစ်တတ်ကြောင်း ထုတ်မပြောခဲ့ဖူးပါဘူး။ ဒါပေမဲ့ လန်ဒန်မြို့ကိုရောက်တုန်းရောက်ခိုက် Topgear.com ဝက်ဘ်ဆိုက်နဲ့တွေ့ဆုံရာမှာ မော်တော်ကားတွေပေါ်ထားတဲ့ အာနိုးရဲ့သဘောထားအစစ်အမှန်ကို သိခွင့်ရခဲ့ပါတော့တယ်။ အာနိုးဟာ လတ်တလောထွက်ရှိထားတဲ့ရုပ်ရှင်ဇာတ်ကားသစ်ဖြစ်တဲ့ Terminator : Dark Fade ကို Promotion လုပ်ဖို့အတွက် လန်ဒန်ကိုရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။ လန်ဒန်မြို့ရဲ့ကြီးကျယ်ခမ်းနားလှတဲ့ဟိုတယ်ခန်းကြီးအတွင်းမှာ အာနိုးဖွင့်ဟတဲ့စကားတွေနားထောင်ရင်း သူဟာ တကယ့်အစစ်အမှန်ကားဝါသနာရှင်တစ်ဦးဆိုတာ သိမြင်လာခဲ့ရတာပါ။ ကားတွေအပေါ်ထားတဲ့ သူ့ရဲ့သဘောထားကတော့ ယနေ့ခေတ်လူငယ်တွေနဲ့ လုံးဝဥဿုံကွဲပြားနေတာကိုလည်း တွေ့ရပါတယ်။

အာနိုးက ကားတွေနဲ့ ထဲထဲဝင်ဝင်ပတ်သက်ဖို့တော့ ရည်ရွယ်ချက်မရှိခဲ့ဘူးဗျ။ ဒါပေမဲ့ ဒီလိုပဲ ချစ်မိသွားတာပဲ။ ကိုယ့်ကိုယ်ကိုယ် ချာတိတ်တစ်ယောက်လို့ သတ်မှတ်ထားဆဲဖြစ်တာကြောင့်လည်း ပါမှာပေါ့လေ’’ လို့  ရယ်ရင်းမောရင်းဆိုခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ကားတွေကိုဘယ်လိုချစ်မိသွားသလဲဆိုတာနဲ့ပတ်သက်ပြီး အာနိုးက ဇာတိနိုင်ငံသြစတြီးယားက ငယ်ဘဝအတွေ့အကြုံတွေကို အခုလိုပြန်ပြောင်းပြောပြခဲ့ပါတယ်။

‘’ဒုတိယကမ္ဘာစစ်ကြီးပြီးတော့ သြစတြီးယားကို ဗြိတိသျှတပ်တွေသိမ်းပိုက်လိုက်ကြတယ်။ တင့်ကားတွေ၊ ထရပ်ကားကြီးတွေစီးပြီး ဗြိတိသျှစစ်သားတွေ ဝင်လာကြတာပေါ့။ ကျွန်တော်တို့စိုက်ခင်းအိမ်ကလေးဘေးကနေ ဖြတ်မောင်းသွားလေ့ရှိကြတယ်။ စစ်သုံးထရပ်ကားကြီးတွေကို ထိုင်ကြည့်ပြီး ကျွန်တော်ကြီးပြင်းလာခဲ့တာပေါ့ဗျာ။ စစ်သားတွေက ကျွန်တော်တို့ကလေးတသိုက်ကို ကားပေါ်တက်ဖို့လှမ်းခေါ်ပြီး သကြားလုံးတွေကျွေးသေးတယ်။ တော်တော်ကိုချိုတာဗျာ။ အဲဒါတွေကို စိတ်စွဲနေခဲ့တယ်ထင်ပါတယ်။ ဒါ့ကြောင့်လဲ အသက် ၁၈ နှစ်ရောက်တော့ စစ်ထဲမှာ တင့်ကားမောင်းတဲ့သူဖြစ်ချင်ခဲ့တာပေါ့။ ပြီးတော့ ထရပ်ကားတွေကိုလည်း စိတ်စွဲနေခဲ့တယ်လေ။ ဒါ့ကြောင့်ပဲ Hummer တွေကို စီးဖြစ်ခဲ့တာ …။ Pinzgauer နဲ့ Unimog တို့လို စစ်သုံးကားတွေလည်း ဝယ်ခဲ့သေးတယ်’’  လို့ အာနိုးက ဆိုပါတယ်။

အားလုံးသိတဲ့အတိုင်း အာနိုး ဆိုတာက မောင်စကြဝဠာဘွဲ့ကို ကြိမ်ဖန်များစွာဆွတ်ခူးခဲ့တဲ့သူ၊ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ ဟောလိဝုဒ်ရုပ်ရှင်သရုပ်ဆောင်၊ ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းတစ်ယောက် …။ သူ ပထမဆုံးပိုင်ဆိုင်ခဲ့တဲ့ကားက ဘာများဖြစ်မလဲ…။

‘’ကျွန်တော့်ရဲ့ပထမဆုံးကား ဂျာမနီလုပ် Opel Kadett အဟောင်းကလေးတစ်စီးဗျ။ အသက် ၁၈ နှစ်လောက်က မြူးနစ်မှာ ဝယ်ခဲ့တာပေါ့။ ကိုယ်ထည်မှာလည်း သံချေးတက်နေတဲ့အပေါက်တွေနဲ့ …။ အဲဒီတုန်းကတော့ ဒါတွေဂရုမစိုက်နိုင်ခဲ့ဘူးလေ။ ဒီကားတောင် ဂျာမန်သုံးငွေ ၁၃၀၀ ပေးခဲ့ရတယ်။ ဒီလိုနဲ့ ကားတစ်စီးကို စပြီးပိုင်ခဲ့တာပေါ့’’ လို့ အာနိုးက ဖွင့်ဟခဲ့တာပါ။

သံချေးအထပ်ထပ်တက်နေတဲ့ Opel ကားစုတ်လေးနဲ့ပတ်သက်ပြီး အာနိုးရဲ့ရင်ထဲမှာစွဲကျန်ခဲ့တဲ့အမှတ်တရတစ်ခုက ဘာများဖြစ်မလဲ။ လူငယ်တစ်ယောက်ရဲ့ အထိန်းအကွပ်မဲ့စွာ လွင့်မျောလိုက်ခြင်းလား..။

ရယ်သံတွေနဲ့အတူပဲ အာနိုးက ဒီကားနဲ့ပတ်သက်ပြီး ကျွန်တော်မှတ်မိခဲ့တာက အသံမျိုးစုံမြည်နေခဲ့တာပဲ။ အကြာကြီးတောင် ထိုင်မမောင်းရဲဘူး။ ထိုင်ခုံပေါ်က ပြုတ်ကျမသွားအောင် ကြွကြွလေးထိုင်ရသလို စတီယာတိုင်ကို သေချာဆုပ်ကိုင်ပြီး မောင်းရတယ်လေ။ အတွင်းပိုင်းက တိုလီမိုလီတွေအကုန်ပြုတ်ထွက်တာပဲ။ သြစတြီးယားက ကျွန်တော့်မိဘတွေဆီအလည်သွားရင် ဒီကားကို ၆ နာရီလောက်ကြာအောင်မောင်းရတယ်။ ကံကောင်းတာက ကားတစ်စီးလုံးတစ်စစီပြုတ်ထွက်မသွားခဲ့တာပဲဗျာ’’ လို့ ဆိုခဲ့ပါတယ်။

ဒါပေမဲ့ အာနိုးအောင်မြင်သွားတဲ့အချိန်မှာတော့ အဲဒီ Opel ကားလေးဘယ်လိုဖြစ်ကျန်ခဲ့သလဲ။

‘’မောင်စကြဝဠာပြိုင်ပွဲဝင်ဖို့ ဂျာမနီကိုစွန့်ခွာပြီး အင်္ဂလန်ထွက်လာခဲ့တယ်။ အဲဒီကနေ အမေရိကကို ထပ်သွားရတယ်။ ကျွန်တော့်ပိုင်တဲ့ပစ္စည်းတွေက ဂျာမနီမှာကျန်ခဲ့တာပေါ့ဗျာ။ ဒါ့ကြောင့် Opel ကားလေးလည်း ဘာဖြစ်သွားလဲဆိုတာ မသိရတော့ပါဘူး’’ လို့ အာနိုးက ဆိုပါတယ်။

အမေရိကန်ကတော့ တကယ့်ကိုအလားအလာကောင်းတဲ့နေရာပါ။ အနည်းဆုံးတော့ အာနိုးဘဝထဲကို ဝင်ရောက်လာမယ့်မော်တော်ကားတွေနဲ့ပတ်သက်ပြီးတော့ပေါ့။ အမေရိကန်မှာ ဝယ်ခဲ့တဲ့ကားတွေနဲ့ပတ်သက်ပြီးတော့ အာနိုးက

အမေရိကကိုရောက်ပြီး ၂ နှစ်လောက်ကြာတော့ Volkswagen တစ်စီးဝယ်ခဲ့တယ်။ ပုံမှန် Beetle အမျိုးအစားပေါ့။ အဲဒီနောက် BMW 1600 တစ်စီးရယ်၊ Mercedes 450 SE တစ်စီးရယ်ဝယ်ခဲ့သေးတယ်။ ငွေပိုရှာနိုင်လာလေလေ၊ စီးတဲ့ကားက ပိုပြီးကြီးလာလေလေပေါ့ဗျာ။ နောက်ပိုင်းတော့ အင်ဂျင်ပါဝါကြီးတဲ့ 6.3 L နဲ့ 6.9 L အင်ဂျင်တွေတပ်ဆင်ထားတဲ့ Mercedes ကားကြီးတွေဝယ်ခဲ့တယ်။ အမိုးပွင့် Cadillac တစ်စီးလည်းဝယ်ခဲ့သေးတယ်။ ၁၉၅၇ မော်ဒယ် Cadillac အမိုးပွင့်ကားလိုပဲဗျ’’ လို့ ပြောခဲ့ပါတယ်။

အခုလက်ရှိ အာနိုးရဲ့ကားဂိုထောင်ထဲမှာ ရပ်ထားတဲ့ကားတွေကရော …ဘာတွေဖြစ်မလဲလို့ Top Gear ဝက်ဘ်ဆိုက်ကမေးတဲ့အခါမှာတော့ အာနိုးက

‘’ကျွန်တော့်မှာ လျှပ်စစ်စွမ်းအင်သုံး Hummer တစ်စီး၊ G-Wagen လျှပ်စစ်ကားတစ်စီးရှိထားတယ်။ အမြဲတမ်းသုံးနေတာကတော့ GMC Yukon ပဲ။ လေဆိပ်က ကားဂိုထောင်တွေထဲမှာတော့ ဇီဝလောင်စာသုံးတဲ့ Hummer ၂ စီး၊ ဟိုက်ဒရိုဂျင်စွမ်းအင်သုံးတဲ့ Hummer တစ်စီးရှိထားသေးတယ်။ နောက်ထပ် Hummer တစ်စီးလို့ဆိုနိုင်မယ့် Excalibur အမိုးပွင့်တစ်စီးလည်းရှိသေးတယ်ဗျ။ Ford ကုမ္ပဏီထုတ် Station Wagon တစ်စီးကိုလည်း သုံးဖြစ်ပါရဲ့’’ လို့ ဖြေပါတယ်။

အာနိုးရဲ့အရပ်အမောင်း၊ ကြွက်သားအပြည့်နဲ့အာနိုးရဲ့ ကိုယ်ခန္ဓာအချိုးအစားတွေကြောင့် Hummer နဲ့ Station Wagon ကားမျိုးတွေကပဲ လိုက်ဖက်ညီသယောင်ထင်ရပါတယ်။ ဒါပေမဲ့ ကားကြီးတွေကို ရွေးချယ်ရတဲ့အာနိုးရဲ့အကြောင်းပြချက်တော့မဟုတ်ပါဘူး။ ပြောရရင် အာနိုးဆီမှာ Bugatti Veyron Grand ပြိုင်ကားတစ်စီးလည်းရှိပါသေးတယ်။ ဒါပေမဲ့ ဒီကားမျိုးတွေက သူ့အတွက် အရှုပ်ထုပ်တွေလို့ပဲ မြင်နေပါသတဲ့…။

‘’ဈေးပိုကြီးပြီး အထူးနည်းပညာတွေပါတဲ့ကားတွေရှိလာလေလေ၊ အဲလိုကားတွေကို ဝယ်ရမှာ ပိုပြီးရူးကြောင်ကြောင်နိုင်လေလေ လို့ ထင်မိတယ်ဗျ။ Bugatti Veyron တစ်စီးဝယ်ထားတာ ၃ နှစ်လောက်ရှိပြီ။ ဒီကားဝယ်လိုက်မိလို့ နောင်တရတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီ ၃ နှစ်အတွင်းမှာ မိုင် ၁၂၀၀ လောက်ပဲမောင်းရသေးတယ်။ ပြောရရင် လုံးဝမစီးဖြစ်သလောက်ပဲဗျာ’’ လို့ အာနိုးက ဆိုပါတယ်။

အာနိုးရဲ့အဆိုအရ သူ့အတွက် ကားထားစရာနေရာက ၃ နေရာလောက်ရှိတယ်လို့သိရပါတယ်။ ဘီဗာလီဟေးလ်နဲ့ ဆန်တာမိုနီကာမြို့က ကားဂိုထောင်တွေမှာရပ်နားလို့ရသလို အဆင်ပြေပြေကားထားနိုင်မယ့်စားသောက်ဆိုင်တစ်ခုလည်းရှိထားပါတယ်။ Bugatti လို ပြိုင်ကားနိမ့်နိမ့်လေးတွေ ရပ်နားဖို့နေရာနဲ့ပတ်သက်ပြီး အာနိုးက

‘’ကားရပ်ဖို့နေရာရှာရတာက အရှုပ်ထုပ်လို ခေါင်းကိုက်စရာဖြစ်လာတယ်လေ။ အထူးသဖြင့် မြေပြင်ညီလိုအပ်တဲ့ Bugatti ကားမျိုးတွေအတွက်ပေါ့’’ လို့ ဆိုခဲ့ပါတယ်။

ဒါဆိုရင် လူငယ်တွေသည်းသည်းလှုပ်နှစ်သက်တဲ့ Bugatti ပြိုင်ကားဝယ်လိုက်တာက အမှားအယွင်းတစ်ခုဖြစ်သွားပြီလား။ တစ်ချက်ပြုံးလိုက်ရင်း အာနိုးက

‘’အမှားအယွင်းဆိုတာထက် ကျွန်တော့်စိတ်နဲ့ မကိုက်ညီတာပေါ့လေ။ ကျွန်တော့်အမြင်မှာတော့ အခြေခံအားဖြင့် ရိုးရှင်းတဲ့ကားတစ်စီးကို ပိုင်ဆိုင်ရတာက ပိုပြီးပျော်စရာကောင်းတယ်လို့ ထင်မိတယ်။ ပိုပြီးတော့လည်း စိတ်လက်ပေါ့ပါးတယ်ဗျ’’ လို့ ဆိုပါတယ်။
တဆက်တည်းမှာပဲ အာနိုးက နေ့စဉ်နှင်းတောထဲမှာမောင်းနေကြ GMC Yukon အနက်ရောင်ကားကြီးကို လက်ညိုးထိုးပြရင်း ‘’မောင်းရတာပျော်ဖို့ကောင်းတာက ဒီကားမျိုးဗျ။ ပြီးတော့ Excalibur အမိုးပွင့်ကားကြီးတွေလည်းကြိုက်တယ်’’ လို့ ပြောပါသေးတယ်။
ကားမောင်းရတဲ့ဖီလင်နဲ့ပတ်သက်ပြီးတော့ အာနိုးက ‘’တစ်ခုခုကို စိတ်ကူးယဉ်ပြီး ကားမောင်းသွားရတာမျိုးကိုကြိုက်တယ်။ မြို့တွင်းနီးနီးနားနားဆိုရင်တော့ တခြားတစ်ယောက်ကိုမောင်းခိုင်းတာပေါ့။ ခရီးဝေးသွားရမယ်ဆိုရင်တော့ ကိုယ်တိုင်အေးအေးဆေးဆေးမောင်းသွားတာပဲ။ ကားမောင်းရင်း အတွေးနယ်ချဲ့လို့လည်း ရတယ်လေ’’ လို့ ဆိုပါတယ်။

ဒီနေ့ခေတ်မှာ လျှပ်စစ်ကားတွေခေတ်စားလာနေပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး အာနိုးက

‘’ကားတွေရဲ့အနာဂတ်က လျှပ်စစ်စွမ်းအင်လား၊ ဟိုက်ဒရိုဂျင်စွမ်းအင်လားဆိုတာ မသေချာသေးဘူးဗျ။ တကယ်တော့ လျှပ်စစ်စွမ်းအင်က လက်ရှိအင်ဂျင်တွေရဲ့ Emission တဝက်လောက် ထုတ်လွှတ်သေးတယ်။ ဟိုက်ဒရိုဂျင်စွမ်းအင်ကမှ လုံး၀ Zero Emission အစစ်ဗျ’’ လို့လည်း ပြောပြခဲ့ပါတယ်။

အာနိုးဟာ လွန်ခဲ့တဲ့က ဒက်ထရွိုက်ကားပြပွဲမှာ Daimler ကုမ္ပဏီရဲ့ဥက္ကဌဟောင်း Dieter Zetsche နဲ့ စကားစမြည်ပြောခဲ့ဖူးပါတယ်။ Mercedes အမှတ်တံဆိပ်နဲ့ထုတ်တဲ့ G-Wagen ကားသစ်တွေမိတ်ဆက်တဲ့နေရာမှာပါ။ အဲဒီမှာ အာနိုးနားမလည်နိုင်ခဲ့တာက Mercedes လို ကုမ္ပဏီကြီးတစ်ခုက ဘာကြောင့်အရွယ်အစားကြီးတဲ့လျှပ်စစ်ကားတွေမထုတ်ခဲ့သလဲဆိုတာပဲဖြစ်ပါတယ်။ သူ့အမြင်နဲ့ပတ်သက်ပြီး

“G-Wagen ဟာ Mercedes ရဲ့အလားအလာရှိတဲ့ထုတ်ကုန်တစ်ခုပါ။ ပိုပြီးစွမ်းအားမြင့်သလို ညစ်ညမ်းမှုလည်းသက်သာတဲ့ လျှပ်စစ်ကားထုတ်မယ်ဆိုရင်လည်း လက်ခံနိုင်စရာပါ။ ဒါပေမဲ့ သူတို့မလုပ်ခဲ့ဘူးဗျ။ ကျွန်တော့်ရဲ့ G-Wagen ကို သြစတြီးယားက Kresel ဆိုတဲ့ကုမ္ပဏီဆီပို့ပြီး လျှပ်စစ်ကားပြောင်းပစ်ခဲ့တယ်လေ။ သူတို့တပ်ပေးလိုက်တဲ့ဘက်ထရီက မြင်းကောင်ရေ 500 hp ထုတ်ပေးနိုင်သတဲ့ဗျာ။ ဒီလောက်များတဲ့စွမ်းအင်ကို ကျွန်တော်သုံးမှာမဟုတ်ဘူးလေ။ 500 hp ကို မိုင်ကုန်မောင်းလိုက်ရင် လေထဲမှာပျံဖို့ပဲရှိတော့တာပေါ့’’ လို့ အာနိုးက ရယ်ပြီးပြောပါတယ်။

ဝန်ထမ်းအင်အား ၄၀ လောက်သာရှိတဲ့ သြစတြီးယားကုမ္ပဏီတစ်ခုက G-Wagen အတွက် လျှပ်စစ်အင်ဂျင်ပြောင်းလဲပေးနိုင်ပြီး Mercedes က အကောင်အထည်မဖော်ခဲ့တာကို အာနိုးက တော်တော်အံ့သြခဲ့တာပါ။ ဘယ်လိုပဲဖြစ်ဖြစ် Top Gear နဲ့ တွေ့ဆုံမှုမှာ Terminator ကြီးရဲ့ မော်တော်ကားတွေအပေါ်ချစ်တဲ့စိတ်ကို အထင်းသားမြင်တွေ့ခွင့်ရခဲ့တယ်လို့ပဲ ဆိုရမှာပါ။ သူပါဝင်သရုပ်ဆောင်ထားတဲ့ Terminator : Dark Fate ဇာတ်ကားဟာလည်း လတ်တလော ကမ္ဘာတဝန်းလုံးမှာ ရုံတင်ပြသနေပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။

Ref: Schwarzenegger: ‘the more basic a car is, the more fun you have’ by Vijay Pattni

ကိုဆွဲ (မုံရွာ)













Author