Mercedes-Benz ရဲ့ စီအီးအိုဟောင်း Dieter Zetsche နဲ့ တွေ့ဆုံမေးမြန်းခြင်း

0

Full article

"လျှပ်စစ်ကားခေတ်ကို ရောက်လာမယ်လို့ ကျွန်တော်ယုံတယ်"

မော်တော်ကားတွေအကြောင်း သိတဲ့လူတော်တော်များပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီကားတွေကို ဖန်တီးထုတ်လုပ်လိုက်တဲ့ ပညာရှင်တွေအကြောင်းတော့ သိပ်မသိတတ်ကြဘူး။ အထူးသဖြင့် တစ်နှစ်ကို ဒေါ်လာဘီလီယံ ၁၅၀ လောက်ဝင်ငွေရပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဝန်ထမ်း ၃ သိန်းလောက်ပိုင်ဆိုင်ထားတဲ့ ကားကုမ္ပဏီကြီးတစ်ခုကို အောင်မြင်စွာဦးဆောင်နိုင်ခဲ့သူတစ်ဦးရဲ့ ဘဝဖြတ်သန်းမှုနဲ့ ခံယူချက်တွေအကြောင်းကို သိထားခြင်းအားဖြင့် မော်တော်ကားတွေကို ပိုပြီးချစ်တတ်လာပါလိမ့်မယ်။ အဲဒီပုဂ္ဂိုလ်ကတော့ Mercedes-Benz မော်တော်ကားအမှတ်တံဆိပ်ရဲ့ အကြီးအကဲဟောင်းဖြစ်သူ Dieter Zetsche ပဲဖြစ်ပါတယ်။ ဂျာမနီမော်တော်ကားလောကမှာ Dr.Z  ဆိုတဲ့နာမည်နဲ့ကျော်ကြားတဲ့ Zetsche ဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေကတည်းက Mercedes-Benz ရဲ့ Chief Engineer အဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး ၂၀၀၆ ခုနှစ်မှာတော့ CEO ဖြစ်လာခဲ့ပါတယ်။ သူဟာ ယခု ၂၀၁၉ ခုနှစ်၊ မေလမှာတော့ Mercedes-Benz ရဲ့ CEO ရာထူးက နုတ်ထွက်ခဲ့သလို မိခင်ကုမ္ပဏီဖြစ်တဲ့ Daimler AG ရဲ့ဒါရိုက်တာဘုတ်အဖွဲ့ဝင်အဖြစ်ကနေလည်း အနားယူခဲ့ပါတယ်။ ဂျာမနီမော်တော်ကားလောကရဲ့ဝါရင့်သမ္ဘာရင့်ပညာရှင်တစ်ဦးဖြစ်တဲ့ Dieter Zetsche ကို Top Gear ဝက်ဘ်ဆိုက်က တွေ့ဆုံမေးမြန်းခဲ့ရာမှာ ၎င်းရဲ့ပုဂ္ဂိုလ်ရေးဆန်တဲ့အမြင်တွေ ထွက်ပေါ်လာခဲ့ပါတယ်။

ခင်ဗျားရဲ့ပရော်ဖက်ရှင်နယ်ဘဝမှာ အကောင်းဆုံးအစိတ်အပိုင်းက ဘာလဲ။
ကျွန်တော့်ထုတ်ကုန်တွေနဲ့ နည်းပညာပဲပေါ့။ ဒီဇိုင်းစတူဒီယိုထဲမှာ တစ်ပတ်ကို ၂ နာရီလောက် ကျွန်တော်သွားပြီး အလုပ်လုပ်တတ်တယ်။ ပြီးတော့ ကားအသစ်တွေကို စမ်းသပ်မောင်းနှင်လေ့ရှိတယ်။ ကျွန်တော့်ရဲ့ပင်ကိုယ်ဗီဇနဲ့ ဝါသနာက အသစ်အဆန်းတွေ ဖန်တီးချင်တာဗျ။ ပြီးတော့ ပစ္စည်းကိရိယာတွေအပေါ်လည်း လွှမ်းမိုးနိုင်စွမ်းရှိတယ်။ ပြီးတော့ တစ်ကမ္ဘာလုံးကို ခရီးထွက်ပြီး လူတွေရဲ့ မတူညီတဲ့အမြင်တွေ၊ သဘောထားတွေကို ဆွေးနွေးပြောဆိုရတာမျိုးကို သဘောကျတယ်။ ဒီလိုနဲ့ ကျွန်တော်နဲ့ ကျွန်တော့်မိသားစုမှာ လွတ်လပ်ပွင့်လင်းတဲ့အမြင်တွေရှိလာတယ်။ ပြောချင်တာကတော့ဗျာ .. ကားကုမ္ပဏီမှာလုပ်ရင်းနဲ့ ပုဂ္ဂိုလ်ရေးခံယူချက်တွေလည်း ပိုအားကောင်းလာခဲ့တယ်ဆိုတာပါပဲ။ ဒါပေမဲ့ အမြဲတမ်းအဆင်ပြေနေတာမျိုးတာ့ မဟုတ်ဘူးပေါ့။ တာဝန်ခံမှု၊ တာဝန်ယူမှု၊ စိန်ခေါ်မှု၊ ဖိအားပေးမှုနဲ့ ထင်မှတ်မထားတဲ့ပြဿနာတွေလည်း ကြုံခဲ့ရတာပေါ့။
ဘယ်လိုပြဿနာမျိုးတွေလဲဗျ။
ကုမ္ပဏီရဲ့ငွေကြေးပိုင်းအကျပ်အတည်းတွေပေါ့ဗျာ။ ဒါမှမဟုတ်လည်း Chrysler ကုမ္ပဏီကို ပြန်ထုတ်ရောင်းလိုက်ရတာမျိုးပေါ့။ Mercedes-Benz ရဲ့မိခင်ကုမ္ပဏီ Daimler AG နဲ့ Chrysler တို့ကို ပူးပေါင်းဖို့ကြိုးစားခဲ့တာလည်း ကျွန်တော်ပဲ။ ဘဏ္ဍာရေးပိုင်းအဆင်မပြေတော့လည်း ပြန်ပြီးခွဲထုတ်လိုက်ရတာပေါ့။ ကျွန်တော်ယူဆထားတာကတော့ အောင်မြင်မှုကိုခံစားရမဲ့အချိန်ရှိသလို အခက်အခဲဒုက္ခမုန်တိုင်းတွေကိုဖြတ်သန်းပြီး လေ့လာသင်ယူဝမ်းစာဖြည့်ရမဲ့အချိန်တွေလည်း ရှိတယ်ဆိုတာပါပဲ။
မော်တော်ကားလောကမှာ ခင်ဗျားရရှိခဲ့ဖူးတဲ့ အရှိန်အဝါမျိုးကို နောက်ထပ်လူငယ်တွေ ရနိုင်ဦးမှာလား။
အခြေအနေတွေက မပြောင်းလဲပါဘူး။ လမ်းစဉ်သစ်ချမှတ်ဖို့က လူသားတွေရဲ့အလုပ်ပါ။ ပြီးတော့ တစ်ဦးကောင်းတစ်ယောက်ကောင်း လုပ်လို့ရတာလည်းမဟုတ်ဘူး။ အဖွဲ့အစည်းအလိုက်လုပ်ရတာမျိုးဗျ။ ဒါကြောင့် အရှိန်အဝါကြီးဖို့ဆိုရင် ပြုပြင်ပြောင်းလဲမှုတွေ၊ ဆန်းသစ်တီထွင်မှုတွေအမြဲတမ်းလုပ်နေဖို့လိုတယ်။ ကုမ္ပဏီအဖွဲ့အစည်းတစ်ခုအနေနဲ့ ခိုင်မာတဲ့စိတ်ဓာတ်နဲ့ခံယူချက်မျိုးမရှိဘူးဆိုရင် ဘာအသစ်အဆန်းမှ တီထွင်နိုင်မှာမဟုတ်ဘဲ အရင်ကထုတ်ခဲ့ဖူးတဲ့ထုတ်ကုန်တွေကိုပဲ ထပ်တလဲလဲပြန်ထုတ်နေမှာပဲ။
ခင်ဗျားက Mercedes ရဲ့အင်ဂျင်နီယာပိုင်းကို ဦးဆောင်ခဲ့တာနော်။ ပြီးတော့ တခြားပြိုင်ဘက်ကုမ္ပဏီတွေနဲ့လည်း နည်းပညာပိုင်းမျှဝေတဲ့ Partnership တွေလုပ်ခဲ့သေးတယ်မဟုတ်လား။ အဲဒီအတွက် ကိုယ့်ကိုယ်ကို မှန်တယ်ထင်လား။
ဟုတ်တယ်။ ကျွန်တော်တို့ Renault ကုမ္ပဏီနဲ့ အင်ဂျင်ပိုင်းဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေလုပ်ခဲ့တယ်။ ဒီအတွက်လည်း Mercedes A-Class ကားတွေရဲ့ရောင်းအားက ၂ ဆမြင့်တက်သွားခဲ့တယ်လေ။ အင်ဂျင်နည်းပညာဆိုတာမျိုးက လျို့ဝှက်ထားလို့ရတဲ့အားသာချက်မျိုးမှမဟုတ်တာဘဲ။ တစ်ဖက်မှာလည်း အလိုအလျောက်မောင်းနှင်နိုင်တဲ့နည်းပညာတွေ စမ်းသပ်နေကြပြီလေ။ ဒါတွေအတွက် ပူးပေါင်းဖို့ဆုံးဖြတ်ခဲ့တာပါ။ အဲ …ဒါပေမဲ့ နားလည်မှုမလွဲလိုက်နဲ့နော်။ နည်းပညာပိုင်းကိုပဲ ပူးပေါင်းခဲ့တာပါ။ ကုမ္ပဏီချင်းပူးပေါင်းတာမဟုတ်ဘူး။ Mercedes က Mercedes အဖြစ်ပဲရှိနေတာပါ။
လျှပ်စစ်ကားတွေ၊ အလိုအလျောက်မောင်းနိုင်တဲ့ကားတွေ ထွက်ပေါ်လာမဲ့ဆဲဆဲမှာပဲ CEO ရာထူးကနေ ခင်ဗျားအနားယူခဲ့တယ်နော်။ စိန်ခေါ်မှုအသစ်တွေကို အမီမလိုက်နိုင်ဘူးလို့ ယူဆလို့လား။
လျှပ်စစ်ကားတွေဝယ်လိုအားများလာတာ ကျွန်တော်သိပါတယ်။ ကျွန်တော်တို့အားလုံးဟာ ကမ္ဘာကြီးရဲ့အစိတ်အပိုင်းတွေပဲလေ။ ပုဂ္ဂိုလ်ရေးပိုင်းအရလည်း ပဲရစ် ရာသီဥတုနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသဘောတူညီချက် (Paris Climate Agreement) ကို သဘောကျပါတယ်။ လာမယ့်နှစ်ပေါင်းများစွာအတွင်း လူသားတွေပြုလုပ်ခဲ့တဲ့အကြီးမားဆုံးအောင်မြင်မှုတောင် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့လို ကားပညာရှင်တွေအနေနဲ့လည်း ကာဘွန်ဒိုင်အောက်ဆိုက်ဒ်ထုတ်လွှတ်မှုလျော့နည်းအောင်လုပ်ဖို့ တာဝန်ရှိနေတယ်။ ဒီတော့ နံပါတ် ၁ အချက်အနေနဲ့ ကျွန်တော်တို့ထုတ်တဲ့ကားတွေဟာ ဖောက်သည်တွေစိတ်ကြိုက်တွေ့တဲ့ထုတ်ကုန်ဖြစ်ရမယ်။ နံပါတ် ၂ က ဖောက်သည်တွေတတ်နိုင်တဲ့ဈေးနှုန်းပမာဏနဲ့ ရောင်းပေးနိုင်ရမယ်။ အနာဂတ်နှစ်ပေါင်းတော်တော်ကြာတဲ့အထိ လျှပ်စစ်ကားတွေကလည်း တန်ဖိုးတစ်ခုရှိနေဦးမှာပဲ။ ဒါပေမဲ့ စရိတ်စကတော့ နည်းသွားမယ်ပေါ့လေ။ ဈေးကွက်ထဲမြန်မြန်ကြီးဝင်လာနိုင်ဖို့မလွယ်ပေမယ့် လျှပ်စစ်ကားခေတ်ရောက်လာမယ်လို့ ကျွန်တော်ယုံတယ်။
ဒါဆိုရင် ခင်ဗျားပြောတဲ့လျှပ်စစ်ကားခေတ်မှာ Mercedes ကုမ္ပဏီအနေနဲ့ ပြိင်ဘက်သစ်တွေအကြား ဆက်လက်ရှင်သန်နိုင်ပါ့မလား။
နည်းပညာခေတ်ထဲမှာ ရုန်းကန်တိုက်ခိုက်ဖို့ဆိုတာကို အန္တရာယ်ကြီးတဲ့စိန်ခေါ်မှုလို့ ကျွန်တော်ကတော့ ရှုမြင်မထားဘူးဗျ။ ကမ္ဘာကြီးက ပြောင်းလဲနေတာလေ။ အမြဲတမ်းပြောင်းလဲနေတာပဲ။ ဒီအတိုင်းရပ်နေလို့ကတော့ ဘယ်ခေတ်မှာမဆို ခင်ဗျားကျရှုံးသွားမှာပဲ။ ဒါကြောင့် အန္တရာယ်ရှိတဲ့ကိစ္စတွေကတော့ အမြဲရင်ဆိုင်နေရတာပဲ။ Mercedes ဟာ ဘဏ္ဍာရေးအရရော၊ ဈေးကွက်ပိုင်းအရပါ ခိုင်မာတောင့်တင်းပြီးသားပါ။ အပြောင်းအလဲမှာ ပါဝင်စီးမျောနိုင်ပါလိမ့်မယ်။
ကဲ … နောက်ဆုံးမေးခွန်းပေါ့။ ကုမ္ပဏီ CEO ရာထူးက အနားယူခဲ့ပြီး ဒီနှစ်နွေရာသီတလျှောက်လုံး ခင်ဗျားဘာတွေလုပ်နေခဲ့သလဲ။
အလုပ်ကနေ အနားယူရခြင်းရဲ့ အားသာချက်တွေထဲက တစ်ခုလောက်ကို ခင်ဗျားသိလား။ အဲဒါကတော့ ကျွန်တော်ဘာလုပ်လုပ် ဘယ်သူ့ကိုမှ ကြေညာနေစရာမလိုတာပဲ။ ကဲပါလေ ..အခုတော့ ပထမဆုံးအကြိမ်အဖြစ် ကြေညာပေးပါ့မယ်။ နွေရာသီမှာ ကျွန်တော့်မိသားစုနဲ့အတူ အချိန်ပြည့်ရှိနေတာပဲပေါ့ဗျာ …။

မြန်မာပြန် - ကိုဆွဲ (မုံရွာ)

Ref: Interview: former Mercedes boss Dieter Zetsche by Paul Horrell

Author

Comments