အိုစီတာဆိုရင် ဘယ်လိုကားတွေစီးမှာလဲ

0

Full article

လူမှုကွန်ယက်များမှ memes များတွင် အိုစီတာ (Osita Iheme) ကို အမူအယာကောင်းသော ကလေးတစ်ယောက်အသွင်ဖြင့်တွေ့မြင်ဖူးကြလိမ့်မည်။ တကယ်တော့ အိုစီတာသည် အသက်မငယ်တော့။ ၁၉၈၂ ခုနစ် ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့တွင်မွေးဖွားသူတစ်ယောက်အနေဖြင့်လက်ရှိအချိန်တွင် အသက် ၃၈ နှစ် ပြည့်လုပြီ။ သူသည် Aki na Ukwa ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သော ‘Paw-paw’ ဇာတ်ကောင်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် လူသိများလာခြင်းဖြစ်၏။ ရယ်စရာမောစရာ သရုပ်ဆောင်တစ်ယောက်အဖြစ်သာမက၊ အိုစိတာသည် Inspired Movement Africa ၏ တည်ထောင်သူတစ်ဦးလည်းဖြစ်သည်။ IMA သည် ငယ်ရွယ်သော နိုင်ဂျီးရီးယားနှင့် အာဖရိကလူငယ်လေးများ၏ စိတ်ပိုင်းဆိုင်ရာကို မြှင့်တင်ပေးသည့်လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသော အဖွဲ့အစည်းတစ်ခုဖြစ်၏။ ၁၉၈၈ ခုနှစ်၌ အိုစီတာသည် African Movie Academy Awards မှပေးသော Lifetime Achievement Award ကိုရရှိခဲ့ပြီး နိုင်ဂျီးရီးယားနိုင်ငံ၏ အောင်မြင်မှုအရှိဆုံးသော သရုပ်ဆောင်အဖြစ် အများက သတ်မှတ်ခြင်းခံထားရသူတစ်ဦးဖြစ်လေသည်။

အောင်မြင်ကျော်ကြားသူတစ်ဦးပီပီ အိုစီတာနှင့်ပတ်သက်၍ ကောလာဟလတွေကတော့ အများကြီးပင်။ ထိုအထဲမှ မှားယွင်းသောအချက်အချို့အတွက် မှန်ကန်သော အဖြေများကိုထည့်သွင်းဖေါ်ပြလိုက်ပါသည်။

  • အိုစီတာသည် ပညာတတ်တစ်ဦးမဟုတ်

နိုင်ဂျီးရီးယားနိုင်ငံ Mbaitoli တွင်မွေးဖွားခဲ့သော အိုစီတာသည် ရုပ်ရှင်နယ်ပယ်ထဲသို့မဝင်ရောက်မီကတည်းက အဆင့်မြင့်ပညာရေးကို ဖြတ်ကျော်ခဲ့ပြီးဖြစ်၏။ အဆင့်အတန်းမြင့်မားသည့် Lagos ပြည်နယ်တက္ကသိုလ်မှ သိပ္ပံဘွဲ့ရရှိပြီးသူတစ်ယောက်။

  • အိုစီတာ၏အသက်အရွယ်

ကျော်ကြားပြီးချိန်တွင် အိုစီတာကို ကလေးငယ်တစ်ယောက်အဖြစ် ထင်မြင်ယူဆကြသူများမှာ များလှသည်။ အမှန်က အထက်တွင်ဖေါ်ပြပြီးသည့်အတိုင်း အိုစီတာသည် အသက် ၃၈ ပြည့်လုပြီဖြစ်သော လူလတ်ပိုင်းအရွယ် သရုပ်ဆောင်ကောင်းတစ်ဦးဖြစ်လေသည်။

  • အိုစီတာသည် FA လား

အိုစီတာ၏ ပရိတ်သတ်များကြားတွင် အိုစီတာသည် FA တစ်ဦးမဟုတ်။ လက်တွဲဖေါ်ရှိပြီးသူဖြစ်ကြောင်း အထက်ပါပုံထွက်ပေါ်ပြီးနောက်ပိုင်း လူပြောများလာခဲ့သည်။ အမှန်က အိုစီတာနှင့် တွဲရိုက်ထားသူမှာ နာမည်ကျော် သရုပ်ဆောင်မင်းသမီး Nana Ask me anything McBrown ဖြစ်၏။

သို့ရာတွင် ထူးခြားသည်မှာ အိုစီတာရော နာနာပါ ထွက်ပေါ်ခဲ့သော သတင်းများကို ငြင်းဆန်ခြင်းမပြုကြ။ အိုစီတာက သူ့တွင် လုပ်စရာအလုပ်တွေအများကြီးရှိနေသေးသည်ဟု မေးခွန်းများကိုဖြေကြားချိန်တွင်မူ ဂါနာမှ မင်းသမီးချောသည်ဘာမှဝင်ရောက်ပြောဆိုခြင်းမရှိ။ တိတ်ဆိတ်နေခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူတို့စုံတွဲသည် Nollywood (နိုင်ဂျီးရီးယား Hollywood) မှ ရုပ်ရှင်မင်းသား Nwafor မင်္ဂလာဆောင်အတွက် အကောင်းဆုံးသော သတို့သားနှင့် သတို့သမီးအရံဖြစ်ခဲ့ကြသည်က အမှန်ပင်။

  • အိုစီတာသည် သေဆုံးခဲ့ပြီလား

အင်တာနက်ပေါ်တွင် အထက်ပါသတင်း အဘယ်ကြောင့်ထွက်လာသည်လည်း သိရှိရန်မလွယ်ကူပါ။ ကျွန်ုပ်တို့၏ ဟာသဉာဏ်ရွှင်သော နှစ်သက်စရာသရုပ်ဆောင်ကလေးသည် ယနေ့အချိန်တွင် ကျန်းမာစွာဖြင့်ရှင်သန်လျက်ရှိပါ၏။

  • အိုစီတာနှင့် သူ၏ကားများ

အိုစီတာကို ကားချစ်သူတစ်ဦးဟု မည်သူထင်မည်နည်း။ ကိုယ်ပိုင်ယာဉ်မောင်းဖြင့် ဟိုဟိုဒီဒီသွားလာနေသူဟုသာ ထင်ကြလိမ့်မည်။ သို့ရာတွင် အိုစီတာပိုင်ဆိုင်ထားသောကားများမှ အချို့ကို ကြည့်လိုက်ပါဦး။

Land Rover LR3

Land Rover LR3 သည် အိုစီတာ၏ကားဂိုဒေါင်ထဲမှ နောက်ဆုံးပေါ်  SUV ဖြစ်နိုင်သည်။ Land Rover အမှတ်တံဆိပ်မှာ အများသိကြသည့်အတိုင်း အကြမ်းပတမ်းစီးနင်းဖို့ရန်အတွက် ကာလရှည်ကြာကပင် ကျော်ကြားပြီး ကားတစ်စီးဖြစ်၏။ ထို့အပြင် ပုံစံပိုင်းအရလည်း ကျော့ရှင်းမှုရှိသောကားဖြစ်သည်။ ကျော့ရှင်းမှုနှင့် အကြမ်းပတမ်းခံနိုင်မှု ပေါင်းစပ်လိုက်သောအခါတွင် လမ်းအနေအထားမျိုးစုံ၌ ကြွကြွရွရွမောင်းနှင်လို့ရမည့် ကားတစ်စီးဖြစ်လာပါတော့သည်။

Toyota Harrier

အိုစီတာ၏ SUV စုဆောင်းမှုများထဲမှ ပထမဆုံးကားတစ်စီးဖြစ်ပါလိမ့်မည်။ ဒီ Harrier ကိုတော့ အိုစီတာသည် Land Rover မဝယ်ခင်ကတည်းက ဝယ်ယူစီးနင်းနေခဲ့ခြင်းဖြစ်၏။ ကြည့်ရသည်မှာ အိုစီတာသည် Toyota ၏ Harrier ကိုစီးနင်းပြီးနောက်ပိုင်း SUV တွေကိုနှစ်သက်သွားခြင်းဖြစ်ပေလိမ့်မည်။

Honda NSX

SUV များသာမဟုတ်။ Sport ကားများကိုလည်း အိုစီတာပိုင်ဆိုင်ထားသေး၏။ အိုစီတာပိုင်ဆိုင်ထားသော Honda NSX သည် Audi ရဲ့ R8 နှင့်ခပ်ဆင်ဆင်ရှိသော်လည်း ရှေ့ grille သည်ကား Honda ဆိုသည်ကို အတိအလင်းကြေညာလျက်ရှိလေသည်။ 0-100km/h ကို 3.1-second တည်းနှင့် အရှိန်တင်မောင်းနှင်နိုင်စွမ်းရှိပြီး အမြင့်ဆုံးပါဝါ 573hp အထိ ထုတ်လွှတ်ပေးနိုင်စွမ်းရှိသော ကားတစ်စီးဖြစ်သည်။

ကြားဖြတ်တင်ပြလိုသည်မှာ အိုစီတာနှင့်အတူ တွဲဖက်သရုပ်ဆောင်ပြီး အတွဲလည်းညီလှသလို အောင်မြင်မှုများလည်းအတူရရှိနေသူ ရှနေဒူး (Chinedu Ikedieze) အကြောင်းဖြစ်၏။ သူတို့နှစ်ယောက်တွဲဖက်သရုပ်ဆောင်ပြီး ကမ္ဘာကျော်ခဲ့သော ရုပ်မြင်သံကြားဇာတ်လမ်းတွဲသည်ကား “Aki and Paw-paw” ပင်ဖြစ်လေသည်။ ဆိုရေးရှိပါက ရှနေဒူး ပိုင်ဆိုင်ထားသောကားများသည် အိုစီတာထက်ပင် ‘ကြမ်း’ နေသေး၏။

Hummer Stretch Limousine

မည်သည့်နိုင်ငံတွင်မဆို လမ်းပေါ်ကိုကြည့်လိုက်ပါက Hummer တစ်စီးကို ရှားရှားပါးပါးတွေ့ကောင်းတွေ့နိုင်ပေလိမ့်မည်။ သို့ရာတွင် Limousine တစ်စီးကိုတွေ့ရဖို့ဆိုသည်ကား ပို၍ခက်ခဲမည်ကားအမှန်ပင်။ ထို့ထက်ပို၍ Hummer Stretch Limousine ဆိုလျှင်မူ ဖြစ်နိုင်စရာ မရှိလောက်အောင် ရှားပါးပေလိမ့်မည်။

ထိုမျှရှားပါးသော Hummer Limousine ကို ရှနေဒူးစီးနင်းလျက်ရှိ၏။

Mercedes-Benz E300

ကြွယ်ဝချမ်းသာသူများ မည်သို့သောကားများကိုစီးကြသနည်း။ လူကိုမသိသော်လည်း Mercedes တစ်စီးပေါ်မှာဆင်းလာသူကို ဘဝတွင် အောင်မြင်နေသူတစ်ဦးဟု လူအများစုမှ မှတ်ချက်ချကြပေလိမ့်မည်။ ရှနေဒူးသည် Mercedes-Benz E300 ကိုစီးနင်းနေသူဖြစ်လေသည်။

နိဂုံးချုပ်လိုသည်ကား ဘဝတွင် မည်သို့သော အားနည်းချက်များရှိစေကာမူ အောင်မြင်ထင်ရှားသော လူတစ်ဦးဖြစ်လာနိုင်သည် ဆိုသည်ကို အိုစီတာနှင့် ရှနေဒူးတို့က တစ်စိတ်တစ်ဒေသပြသလျက်ရှိနေသည်ကား ငြင်းပယ်ရန်ခက်ခဲသော အမှန်တရားတစ်ခုပင်ဖြစ်လေသည်။

Ref: Osita Iheme house and cars & debunked myths by Naijauto.com

Author