Metallica က ဘီးကြဲကြီးရဲ့ ဂန္ထဝင်မော်တော်ကားများ

0

Full article

Metallica လို့ပြောလိုက်ရင် Heavy Metal သံစဉ်တွေကို ရူးသွပ်သူတိုင်းသိကြပါလိမ့်မယ်။ အမေရိကန် Heavy Metal Band တစ်ခုဖြစ်တဲ့ Metallica ကိုအားပေးတဲ့သူတိုင်းလည်း ဦးဆောင်အဆိုရှင်ဖြစ်တဲ့ James Hetfield ကို သိကြမှာပါ။ ပေါက်ကွဲသံစဉ်တွေနဲ့ကျော်ကြားတဲ့ James Hetfield ရဲ့တခြားဝါသနာတစ်ခုကတော့ ရှေးဟောင်းဂန္ထဝင်ကားတွေကို အနုပညာပစ္စည်းအဖြစ်နဲ့ စုဆောင်းလေ့ရှိတာပါပဲ။ ဒါပေမဲ့ သူ့လက်ထဲမှာရှိတဲ့ကားတွေဟာ မူလစက်ရုံထုတ်အတိုင်း အရာမယွင်းတဲ့ကားမော်ဒယ်စစ်စစ်တွေတော့ မဟုတ်တော့ပါဘူး။ မောင်းနှင်ဖို့ထက် အမြတ်တနိုးသိမ်းဆည်းထားဖို့ထိုက်တန်လောက်အောင် ပြန်လည်အလှဆင်တည်ဆောက်ထားတဲ့ကားတွေဖြစ်နေပါတယ်။ James Hetfield ရဲ့စုဆောင်းမှုထဲမှာ  ၁၉၃၀ ကျော်၊ ၁၉၄၀ ပြည့်လွန်နှစ်တွေက ထုတ်ခဲ့တဲ့ကားဘိုးအေတွေ ပါဝင်နေပြီး ဒီကားတွေကို လွန်ခဲ့တဲ့ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ပရိသတ်တွေရှေ့မှောက်ကို ပွဲထုတ်ပြသခဲ့ပါတယ်။ လော့စ်အိန်ဂျလိစ်မြို့က Petersen ကားပြတိုက်မှာ James Hetfield ရဲ့ရှေးဟောင်းကား ၉ စီးကို ဂစ်တာတွေ၊ အမှတ်တရဓာတ်ပုံတွေနဲ့အတူ ခင်းကျင်းပြသသွားမယ်လို့သိရပါတယ်။ Heavy Metal ဂန္ထဝင်ဘီးကြဲကြီးရဲ့ ဂန္ထဝင်ကားတွေက ဘာမော်ဒယ်တွေများဖြစ်မလဲ...

The Black Pearl

ပထမဆုံးတွေ့မြင်ရမှာက ပုလဲနက် (The Black Pearl) လို့အမည်ပေးထားတဲ့ ၁၉၄၈ ခုနှစ်ထုတ် Jaguar အမျိုးအစားမော်တော်ကားတစ်စီးပါ။ ကိုယ်ထည်ပိုင်းကို အလူမီနီယံသတ္တုနဲ့ အစားထိုးအလှဆင်ထားပြီး ဖိတ်ဖိတ်တောက်ပြောင်လက်နေတဲ့ ရတနာတစ်ပါးလို့ခံစားရစေနိုင်တဲ့ မြင်ကွင်းမျိုးဖြစ်ပါတယ်။ ဒါပေမဲ့ Original အင်ဂျင်မဟုတ်တော့ဘဲ Ford ရဲ့ V8 အင်ဂျင်ကို အစားထိုးတပ်ဆင်ထားပါတယ်။

Aquarius

Black Pearl ကို ရှေးကျတဲ့ဂန္ထဝင်ကားလို့ပြောမယ်ဆိုရင် အခုမြင်တွေ့ရတဲ့ ငွေရောင်ဖောင်းကြွကိုယ်ထည်နဲ့ကားကိုတော့ ဂန္ထဝင်ကားတို့ရဲ့ဘိုးအေလို့ ဆိုရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ Aquarius လို့ နာမည်ပေးထားတဲ့ဒီကားဟာ ၁၉၃၄ ခုနှစ်က အမေရိကန်ကားကုမ္ပဏီ Pickard က ထုတ်လုပ်ခဲ့တာကြောင့်ပါပဲ။ အသုံးပြုထားတဲ့အင်ဂျင်ကတော့ 6.2 Litre LS3 V8 အင်ဂျင်ဖြစ်ပါတယ်။

Blackjack

ဒီကားကတော့ အမေရိကန်မော်တော်ကားလောကရဲ့ ခေတ်ဦးပိုင်းမှာ ရေပန်းစားခဲ့တဲ့ကားမျိုးဖြစ်တာကြောင့်  ပိုလို့တောင် ရှေးကျပါသေးတယ်။ ၁၉၃၂ ခုနှစ်ထုတ် Ford ကားဟောင်းတစ်စီးကို လက်ရာမြောက်အလှဆင်ထားခြင်းဖြစ်ပြီး James Hetfield ကတော့ Blackjack လို့ နာမည်ပေးထားပါတယ်။ ဒီကားမှာ အင်မတန်ရှေးကျတဲ့ Stromberg ကာဘရိုက်တာတပ်ဆင်ထားပြီး အင်ဂျင်ကလည်း Ford ရဲ့ V8 အင်ဂျင်အမျိုးအစားဖြစ်ပါတယ်။

Iron Fist

အရိုးရှင်းဆုံးပုံစံဟာ အဆန်းပြားဆုံးဖြစ်နေတတ်တယ်ဆိုတဲ့အယူအဆကို James Hetfield ကိုယ်တိုင် ထိထိမိမိသရုပ်ဖော်ထားတဲ့ကားပါ။ Iron Fist ဆိုတဲ့ဒီကားဟာ သူ့နာမည်အတိုင်း တစ်စီးလုံးသံသတ္တုသက်သက်နဲ့တည်ဆောက်ထားပြီး ကိုယ်ထည်ပေါ်မှာ ဘာအလှဆင်ဆေးခြယ်တာမျိုးမှ မရှိပါဘူး။ ဒီကားရဲ့နဂိုမူလမော်ဒယ်က‌တော့ ၁၉၃၆ ခုနှစ်ထုတ် Ford Coupe အမျိုးအစားဖြစ်ပါတယ်။

Skyscraper

General Motors (GM) ရဲ့လက်အောက်က ကားအမှတ်တံဆိပ်ခွဲတစ်ခုဖြစ်တဲ့ Buick ဟာ ကိုယ်ထည်တောင့်တင်းပြီး ဒီဇိုင်းပိုင်းဆွဲ‌ဆောင်မှုရှိတဲ့ကားတွေထုတ်ရာမှာ နာမည်ကြီးပါတယ်။ ဒါပေမဲ့ ၁၉၅၃ ခုနှစ်က ထုတ်ခဲ့တဲ့ ခရမ်းရောင် Buick Skylark ဆိုတဲ့ကားတစ်စီးကတော့ ဆွဲဆောင်မှုရှိရုံမက အနုပညာဆန်လွန်းနေတာကိုပါ တွေ့ကြရမှာပါ။ တပ်ဆင်ထားတဲ့အင်ဂျင်ကတော့ Chevrolet ရဲ့ 350 Chevy အင်ဂျင်ပဲဖြစ်ပါတယ်။

Slow Burn

ပထမဆုံးထွက်ခဲ့တဲ့ Captain America ဇာတ်ကားထဲက အနီရောင်ဦးခေါင်းခွံနဲ့ ဗီလိန်ကို မှတ်မိကြဦးမယ်ထင်ပါတယ်။ ဟိုင်ဒရာအဖွဲ့ရဲ့ဘက်တော်သားဖြစ်တဲ့ အဲဒီဗီလိန်စီးနင်းအသုံးပြုခဲ့တဲ့ကားက အခုဖော်ပြမယ့် James Hetfield ရဲ့ကားမျိုးပါပဲ။ အမေရိကန်ကားကုမ္ပဏီဟောင်းတစ်ခုဖြစ်တဲ့ Auburn က ၁၉၃၆ ခုနှစ်မှာထုတ်လုပ်ခဲ့တဲ့ကားကို ကားဒီဇိုင်နာနဲ့ အလှဆင်သူ Rick Dore က ပြန်လည်မွမ်းမံထားတာပဲဖြစ်ပါတယ်။ ဒီကားမျိုးဟာ ဒီနေ့ခေတ်မှာ ငွေရှိရင်တောင် ရှာဖွေဝယ်ယူလို့ မလွယ်တော့တဲ့ကားမျိုးပါ။

Voodoo Priest

ဒီကားကလည်း James Hetfield ပိုင်ဆိုင်တဲ့ဂန္ထဝင်ကားတွေထဲမှာ အလှဆုံးနဲ့ဆွဲဆောင်မှုအရှိဆုံးလို့ ပြောနိုင်ပါတယ်။ ၁၉၃၇ ခုနှစ်ထုတ် Lincoln Zephyr အမျိုးအစားကားတစ်စီးကို ပုံစံမပျက်ပြန်လည်အလှဆင်ပြီး ဆေးသားနဲ့အ‌ရောင်တင်ခြယ်မှုန်းထားတာပဲဖြစ်ပါတယ်။ အပြင်ပိုင်းမှာသာမက အတွင်းဘက်အင်ဂျင်ကိုလည်း မူလ 4.4 Litre V12 အင်ဂျင်တွဲဖက်ပါရှိပါတယ်။ ၁၉၃၀ ပြည့်လွန်နှစ်တွေမှာ V12 အင်ဂျင်ဟာ လူကြိုက်များခဲ့တဲ့အင်ဂျင်အမျိုးအစားပါ။

Str8 Edge

၁၉၅၆ ခုနှစ်ထုတ် Pickup တစ်စီးဖြစ်တဲ့ Ford F-100 မော်ဒယ်ကို အနေအထားမပျက် မွမ်းမံခြယ်သထားတဲ့ ကားတစ်စီးဖြစ်ပါတယ်။ ဒီကားကို James Hetfield က Str8 Edge လို့ ထူးထူးဆန်းဆန်းနာမည်ပေးထားပြီး ကိုယ်ထည်ဆေးသားကလည်း ရှားပါးတဲ့ခရမ်းရောင်ဖြစ်နေတာ တွေ့ရပါတယ်။ ထို့အပြင် ရှေးဟောင်းဂန္ထဝင်ကားတွေထဲမှာလည်း အတွေ့ရနည်းတဲ့ Pickup အမျိုးအစားဖြစ်နေပြန်ပါတယ်။

Dead Kennedy

ကားကိုမမြင်တွေ့ခင် နာမည်ကြားလိုက်တာနဲ့ပဲ စာဖတ်သူတွေတော်တော်စိတ်ဝင်စားသွားမယ်ထင်ပါတယ်။ အခုမြင်တွေ့ရတဲ့ ၁၉၆၃ ခုနှစ်ထုတ် Lincoln Continental ဇိမ်ခံကားကို Dead Kennedy လို့ နာမည်ပေးရတဲ့အကြောင်းရင်းက အမေရိကန်သမ္မတဟောင်းဂျွန်အက်ဖ်ကနေဒီ လုပ်ကြံခံရချိန်က နောက်ဆုံးစီးနင်းခဲ့တဲ့ကားအမျိုးအစားဖြစ်နေလို့ပါပဲ။ ဒီကားမှာ အသုံးပြုထားတဲ့အင်ဂျင်ကတော့ 7 Litre V8 အင်ဂျင်အမျိုးအစားပဲဖြစ်ပါတယ်။

Ref: Metallica frontman James Hetfield’s cars are excellent by Caraig Jamieson

Author