Lincoln Motor Car ကုမ္ပဏီ၏ ဒီဇိုင်နာအကြီးအကဲ Kemal Curic နှင့် တွေ့ဆုံခြင်း

0

Full article

ဘော့စနီးယားနိုင်ငံ၏ ဆာရာဂျေဗိုမြို့တွင် မွေးဖွားပြီး ခရိုအေးရှားနှင့် ဂျာမနီနိုင်ငံတို့တွင် အရွယ်ရောက်ကြီးပြင်းခဲ့သော Kemal Curic ၏အိပ်မက်ထဲတွင် ခမ်းနားလှသော ဥရောပထုတ်ဇိမ်ခံကားကြီးများရှိမနေခဲ့ပါ။ ယင်းအချက်နှင့်ပတ်သက်ပြီး ၎င်းက

“ဥရောပမှာ ကြီးပြင်းခဲ့တဲ့ ကျွန်တော်တို့တစ်တွေအပေါ် လွှမ်းမိုးခဲ့တာက Ford Mustang လို ကားမျိုးတွေဗျ။ လမ်းမတွေပေါ်မှာ တစ်စီးတစ်လေများတွေ့လိုက်ရရင် Unicorn တစ်ကောင်တွေ့လိုက်ရသလို မယုံနိုင်လောက်အောင်ဖြစ်မိပါရဲ့ဗျာ။ 5.0 L V8 အင်ဂျင်ရဲ့အသံကလည်း ကြက်သီးမွေးညင်းတွေ ထစေခဲ့တာပေါ့” ဟု ပြောပြသွားခဲ့သည်။


မစ္စတာ Kemal မှာ ကလေးဘဝကတည်းက မှတ်စုစာအုပ်တွင် မော်တော်ကားပုံများရေးဆွဲလေ့ရှိပြီး ယင်းလုပ်ရပ်နှင့်ပတ်သက်၍ ကျောင်းတွင် မကြာခဏပြဿနာတက်ခဲ့ရဖူးသူဖြစ်သည်။ မိဘများကလည်း Kemal ၏အနာဂတ်အတွက် စိုးရိမ်ပူပန်ခဲ့ကြရသည်။ မစ္စတာ Kemal က

“မိဘတွေကတော့ ကိုယ့်ရင်သွေးကို အောင်မြင်စေချင်တာပေါ့လေ။ ပြီးတော့ ကားဒီဇိုင်နာအလုပ်မျိုးရှိတယ်လို့လည်း သူတို့မသိခဲ့ကြဘူး။ ဝါသနာနဲ့အလုပ် ထပ်တူကျနိုင်တယ်ဆိုတာကို သိလိုက်တဲ့အချိန်မှာ ဒါမျိုးကားအကောင်းစားတွေကို ပုံဖော်ဖန်တီးရတာမျိုးဟာ ကျွန်တော့်အိပ်မက်လို့ ခံစားလာမိပါတယ်’’ ဟု ဆိုခဲ့သည်။


ထို့ကြောင့် ဂျာမနီရှိ Bergische တက္ကသိုလ်ကိုတက်ရောက်ပြီး စက်မှုဒီဇိုင်းဘွဲ့ကို Kemal ရယူနိုင်ခဲ့သည်။ ထိုမှတစ်ဆင့် လမ်းပန်းသယ်ယူပို့ဆောင်ရေးဒီဇိုင်းဘာသာရပ်ဖြင့်လည်း မဟာဘွဲ့ကို ထပ်မံရယူနိုင်ခဲ့ပြန်သည်။ ၂၀၀၃ ခုနှစ်တွင် ဘွဲ့ရခဲ့ပြီးနောက် ဂျာမနီရှိ Ford ကုမ္ပဏီရုံးခွဲတွင် အလုပ်စတင်ဝင်ရောက်ခဲ့တော့သည်။ အလုပ်နှင့်ပတ်သက်ပြီး Kemal က

Ford ဟာ ကျွန်တော့်အတွက် လုံးဝအသင့်တော်ဆုံးအခွင့်အလမ်းကြီးတစ်ခုပဲ။ Ford မှာရှိနေဖို့ ကျွန်တော်တကယ့်ကိုလိုအပ်ခဲ့တာဗျ” ဟုလည်း ပြန်ပြောင်းဖွင့်ဟခဲ့သေးသည်။


ဥရောပဈေးကွက်အတွက်ဖြန့်ချိသော Ford Fiesta ၊ Mondeo နှင့် Kuga ကားများ၏ဒီဇိုင်းဌာနများတွင် အလုပ်လုပ်ခဲ့ပြီးနောက် ၂၀၁၀ ပြည့်နှစ်တွင် မစ္စတာ Kemal မှာ အမေရိကန်ပြည်ထောင်စု၊ မီချီဂန်ပြည်နယ်၊ ဒီယာဘွန်းမြို့ရှိ Ford ကုမ္ပဏီရုံးချုပ်သို့ ပြောင်းရွှေ့နိုင်ခဲ့တော့သည်။ သူ၏အဓိကတာဝန်က ငယ်ဘဝအိပ်မက်များတွင်လွှမ်းမိုးခဲ့သည့် Mustang အမျိုးအစား၊ ၂၀၁၅ မော်ဒယ်ကားများအတွက် ဦးဆောင်ဒီဇိုင်းရေးဆွဲပေးရခြင်းပင်။ နောက်ပိုင်းတွင် Ford Mustang ထုတ်လုပ်ရေးမန်နေဂျာဖြစ်လာခဲ့တော့သည်။ ၂၀၁၃ ခုနှစ်တွင် Lincoln အမျိုးအစားထုတ်လုပ်ရေးဘက်သို့ပြောင်းရွှေ့ခဲ့ပြီး နောက် ၄ နှစ်အကြာတွင် ဇိမ်ခံဆီဒင်ကားအမျိုးအစားတစ်ခုဖြစ်သည့် Ford Continental အတွက် ပြင်ပကိုယ်ထည်ဒီဇိုင်းမန်နေဂျာအဖြစ် တာဝန်ယူခဲ့ရပြန်သည်။ လက်ရှိအချိန်တွင်မူ မစ္စတာ Kemal မှာ ၂၀၂၀ မော်ဒယ်များဖြစ်လာသည့် Lincoln Aviator midsize SUV နှင့် Corsair compact CUV ကားများအတွက် ပြင်ပကိုယ်ထည်ဒီဇိုင်းရေးဆွဲဖန်တီးမှုကို ကြီးကြပ်တာဝန်ယူနေပြီဖြစ်လေသည်။ ထို့ကြောင့် Truck Trend Website မှ Kemal Curic နှင့် တွေ့ဆုံမေးမြန်းမှုကို တစ်ဆင့်ပြန်လည်ဖော်ပြပေးလိုက်ပါသည်။

မေး ။   ။ အသစ်ထွက်တဲ့ Ford Aviator ရဲ့ကိုယ်ထည်က လေယာဉ်ဒီဇိုင်းကို အတုခိုးဖန်တီးခဲ့တာလို့ ခင်ဗျားပြောတယ်နော်။ အဲဒါကို ရှင်းပြပေးပါဦး။
ဖြေ ။   ။ လေယာဉ်တွေကို တော်တော်လေးစိတ်ဝင်စားခဲ့တာ။ လေထဲမှာပျံသန်းဖို့နဲ့ ပိုင်းလော့တစ်ယောက်ဖြစ်လာဖို့လည်း ဆန္ဒရှိခဲ့တယ်လေ။ တကယ်ဖြစ်မလာခဲ့ပေမဲ့ လေယာဉ်တွေရဲ့အသွင်အပြင်ကိုယူပြီး ဒီ Aviator ကားသစ်ကိုတော့ ကျွန်တော်ဖန်တီးနိုင်ခဲ့တယ်ဗျ။ Aviator ဆိုတဲ့နာမည်ကိုက ကျွန်တော်တို့ ဒီဇိုင်းတစ်ဖွဲ့လုံးကို မတူခြားနားတဲ့တွေးခေါ်မှုတွေ ရရှိစေခဲ့တယ်။ သိပ်ကိုအရေးကြီးတဲ့ ရှုထောင့်တစ်ခုပေါ့ဗျာ။
မေး ။   ။ Aviator ဒီဇိုင်းနဲ့ပတ်သက်ပြီး အကြီးမားဆုံးစိန်ခေါ်မှုက ဘာလဲ။
ဖြေ ။   ။ စိန်ခေါ်မှုများများစားစားတော့ မရှိခဲ့ဘူးဗျ။ ဝါရင့်ဒီဇိုင်းအဖွဲ့နဲ့အတူ ဒီလိုလှပတဲ့လက်ရာတစ်ခုကို ဖန်တီးရတဲ့အတွက် စိတ်လှုပ်ရှားမှုတော့ ရှိတာပေါ့လေ။ ဒီကားကို ဘယ်လောက်အထိ အကောင်းဆုံးဖန်တီးပေးနိုင်မလဲဆိုတာက ကျွန်တော်တို့အတွက် အဓိကစိန်ခေါ်မှုလို့ပဲ ဆိုကြပါစို့။ အတွင်းပိုင်းရော၊ အပြင်ပိုင်းပါ သဟဇာတဖြစ်ရမယ်ဆိုတဲ့ဘောင်ထဲကနေ လူတွေစိတ်ကြိုက်တွေ့မယ့် အလှပဆုံးဒီဇိုင်းကို ဖန်တီးဖို့ကျွန်တော်တို့ဆန္ဒရှိခဲ့ကြတာပါ။ လုပ်နိုင်မယ်လို့လည်း ယုံကြည်ခဲ့ကြတယ်လေ။
မေး ။   ။ ဘယ်လိုအချက်တွေက ခင်ဗျားရဲ့ဖန်တီးမှုကို တခြားကားတွေကနေ ကွဲပြားခြားနားစေတာလဲ။
ဖြေ ။   ။ Continental ကားတွေကစလို့ ခရီးစဉ်ငြိမ့်ညောင်းမှုနဲ့ အလှအပပိုင်းအတွက် အာရုံစိုက်ထုတ်လုပ်ခဲ့ပါတယ်။ Lincoln ကားသစ်တွေရဲ့ ရှေ့ခန်းစက်ဖုံးကိုတောင် Crown လို့ ခေါ်ခဲ့ကြသေးတာပဲ။ ကားအတွင်းပိုင်းမှာတော့ ဆူညံသံနဲ့ ကားစက်သံကို လုံးဝမကြားရအောင်ကို ငြိမ့်ညောင်းမှုရှိပါတယ်။ သီချင်းဖွင့်တာပဲဖြစ်ဖြစ်၊ စကားပြောတာပဲဖြစ်ဖြစ်၊ ပုံမှန်အသံထက်ချဲ့စရာလုံးဝမလိုပါဘူး။ ထူးခြားတဲ့အရည်အသွေးတစ်ရပ်ပါ။ လှပခန့်ညားမှုပိုင်းမှာဆိုရင်လည်း Lincoln က သိပ်ကိုထူးခြားသိမ်မွေ့ပါတယ်။
မေး ။   ။ လှပခန့်ညားမှုဆိုတာကို ခင်ဗျား ဘယ်လိုသတ်မှတ်သလဲ။
ဖြေ ။   ။ ကားတစ်စီးကနေ ပေးစွမ်းနိုင်တဲ့အသွင်အပြင်၊ ဆွဲဆောင်မှုနဲ့ ကိုယ်ပိုင်ဟန်တို့ပဲပေါ့။ ရပ်ထားတာပဲဖြစ်ဖြစ်၊ မောင်းနှင်နေချိန်ဖြစ်ဖြစ် သာမန်ထက်ထူးခြားရမယ်။ အတွင်းပိုင်း ကြပ်ပိတ်နေတာမျိုးမဖြစ်ရဘူး။ ၁၉၆၀ ပြည့်လွန်နှစ်တွေက ကားတွေကိုကြည့်ရင် ဒီနေ့ခေတ်ကားတွေထက်ပိုပြီး အတွင်းပိုင်းကျယ်ဝန်းမှုကို ဦးစားပေးတယ်မဟုတ်လား။ လေယာဉ်ကိုယ်ထည်တွေကိုလည်း ချောမွေ့စွာပျံသန်းနိုင်ဖို့ ဒီဇိုင်းထုတ်ထားကြတယ်လေ။ ဒါ့ကြောင့် အတွင်းပိုင်းကျယ်ဝန်းရမယ်။ လေထုကို ချောမွေ့စွာပွတ်တိုက်နိုင်တဲ့ ကိုယ်ထည်ရှိရပါမယ်။
မေး ။   ။ တစ်ခါတလေမှာ စက်ပိုင်းနဲ့ ဒီဇိုင်းပိုင်းက မကိုက်ညီမှုတွေရှိတတ်တယ်မဟုတ်လား။ ခင်ဗျားအနေနဲ့ စက်ပိုင်းဆိုင်ရာကြောင့် ဒီဇိုင်းရေးဆွဲဖို့ အခက်အခဲရှိခဲ့ဖူးသလား။
ဖြေ ။   ။ စက်ပိုင်းနဲ့ ဒီဇိုင်းပိုင်း အံဝင်ဂွင်ကျရှိဖို့က ကျွန်တော်တို့ရဲ့အကောင်းဆုံး Program တစ်ခုပဲဗျ။ ဒီအတွက်လည်း အင်ဂျင်နီယာတွေနဲ့ နီးနီးကပ်ကပ်တွဲပြီး အလုပ်လုပ်နေသလို ဖောက်သည်တွေရဲ့ လိုအပ်ချက်နဲ့အကြိုက်တွေ့မှုကို သေချာနားလည်အောင်ကြိုးစားပြီးမှ ဖန်တီးခဲ့တာပါ။ စက်ပိုင်းအရ အောင်မြင်မှုရဖို့ကလည်း ကိုယ်ထည်ဒီဇိုင်းနဲ့ဆက်စပ်နေတာကြောင့် နီးစပ်တဲ့ပူးပေါင်းဆောင်ရွက်မှုမျိုးကို ဖန်တီးထားရပါတယ်။ ကားတွေကို နောက်ယက်စနစ်အသုံးပြုလိုက်ခြင်းက ကျွန်တော့်အနေနဲ့ ဒီဇိုင်းလှအောင်စိတ်ကြိုက်ဖန်တီးခွင့်ပေးလိုက်သလိုပါပဲ။ ကိုယ်ထည်သိပ်အကြီးကြီးမဟုတ်ဘဲနဲ့ လှပခန့်ညားတဲ့ဒီဇိုင်းကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ အထဲမှာဆိုရင်လည်း လေထဲမှာ ငြိမ်ငြိမ်လေးစီးမျောနေရသလို ခံစားမှုမျိုးကို ရရှိစေမှာပါ။
မေး ။   ။ ဖောက်သည်တွေရဲ့လိုအပ်ချက်ကို စစ်တမ်းကောက်ပြီးမှ ဒါမျိုးကားတွေ ထုတ်လုပ်ခဲ့တာလား။
ဖြေ ။   ။ သိပ်ဟုတ်တာပေါ့ဗျာ။ ဒီကားတွေနဲ့ပတ်သက်တဲ့အရာအားလုံး၊ အသွင်အပြင်၊ အငွေ့အသက်တွေဟာ ဖောက်သည်တွေကပေးတဲ့ Feedback ကို အခြေခံပြီး ဖန်တီးခဲ့တာပါ။ Aviator ကားတွေမှာ ဘာတွေထပ်မံဖြည့်တင်းပေးရမလဲဆိုတာ Customer Feedback က လမ်းပြတစ်ဦးလိုပဲ ကျွန်တော်တို့ကို ညွှန်ပြပေးခဲ့ပါတယ်။ ဖောက်သည်တွေအားလုံး သက်သောင့်သက်သာနဲ့ စတိုင်ကျကျစီးနင်းနိုင်ဖို့လည်း ကျွန်တော်တို့စွမ်းဆောင်နိုင်ခဲ့ပါတယ်။
မေး ။   ။ ပုံမှန်ကားတစ်စီးရဲ့အသွင်အပြင်အတိုင်း ထုတ်ထားတဲ့ Corsair ကားတွေရဲ့ပြင်ပကိုယ်ထည်ကိုလည်း ခင်ဗျားပဲ ကြီးကြပ်ပုံဖော်ပေးခဲ့တာမဟုတ်လား။
ဖြေ ။   ။ ဒီနေ့လမ်းမတွေပေါ်မှာ ပြေးလွှားနေတဲ့ Corsair ကားသစ်တွေကိုကြည့်ရင် အရင်ဆုံးရမယ့်ခံစားချက်က သိပ်ကိုကျော့ရှင်းလှပတဲ့ဒီဇိုင်းပဲဖြစ်မှာပါ။ အနုပညာပစ္စည်းတစ်ခု လမ်းပေါ် ပြေးလွှားနေတယ်လို့ ခံစားလာရအောင်ကို ကျွန်တော်တို့ စိတ်နှစ်ပြီးကြိုးစားခဲ့ကြတာပါ။ လူသားတွေစွမ်းဆောင်နိုင်တဲ့ ဘောင်ထဲကနေပေါ့လေ။ ပြောရရင် Ford Corsair ဟာ ငယ်ရွယ်နုပျိုမှုနဲ့အတူ  ပြင်းရှတဲ့ခံစားချက်တွေကို ပိုမိုထုတ်ဖော်ပေးနိုင်မယ့်ကားတစ်စီးပဲဖြစ်ပါတယ်။

Ref: Interview: Kemal Curic, Chief Designer, Lincoln Motor Car Company by Gary Witzenburg

Author

Comments