Christian Bale ၊ Matt Damon တို့နှင့် စကားစမြည် ...

0

Full article

လွန်ခဲ့သောနို၀င်ဘာလလယ်ပိုင်းက ကားဝါသနာရှင်များအကြိုက် ရုပ်ရှင်ဇာတ်ကားသစ်တစ်ကားထွက်လာခဲ့သည်။ Ford နှင့် Ferrari ကုမ္ပဏီတို့၏အားပြိုင်မှုကို နောက်ခံထားပြီး အက်ရှင်၊ ဒရာမာနှင့် ကားမောင်းစွန့်စားခန်းများရောမွှေထားသည့် Ford Vs Ferrari ဆိုသောဇာတ်ကားပင်။

အထူးသဖြင့် ပြင်သစ်တွင်ကျင်းပသော လီမန်းစ် (Le Mans) ကားပြိုင်ပွဲတွင် Ferrari ပြိုင်ကားအသင်းကို အနိုင်ယူရန်ကြိုးပမ်းသည့် Ford ကုမ္ပဏီဘက်တော်သား လူတော် နှစ်ဦးအကြောင်းကိုရိုက်ကူးထားသောဇာတ်ကား။ ထို့ကြောင့်လည်း ဗြိတိန်နှင့် တခြားနိုင်ငံအချို့တွင် Le Mans’66 ဆိုသောအမည်နှင့် ရုံတင်ပြသခဲ့ကြောင်းသိရသည်။ အဓိကသရုပ်ဆောင်များက Christian Bale နှင့် Matt Damon ဆိုသော နာမည်ကြီးမင်းသား ၂ လက်။ Matt Damon က Ford ၏ ကားဒီဇိုင်းပညာရှင် အင်ဂျင်နီယာ Carroll Shelby အဖြစ်သရုပ်ဆောင်ပြီး Christian Bale ကတော့ ဗြိတိန်ပြိုင်ကားမောင်းသမား Ken Miles အဖြစ် သဘာ၀ကျကျသရုပ်ဆောင်ခဲ့ကြလေသည်။ ထိုမင်းသားများနှင့် Topgear.com ၀က်ဘ်ဆိုက်က တွေ့ဆုံခဲ့ရာတွင် ....။

Top Gear – Matt ရေ ...၊ ဒီဇာတ်ကားမှာ ကျွန်တော်အကြိုက်ဆုံးက‌တော့ Henry Ford II (ကုမ္ပဏီ၏စီအီးအို) ကိုခေါ်ပြီး အသစ်ထုတ်လုပ်ထားတဲ့ GT40 ပြိုင်ကားရဲ့စွမ်းရည်ကို လက်တွေ့ပြသတဲ့အခန်းပဲဗျာ။ အစောပိုင်းက ရယ်ရမလိုလိုနဲ့ နောက်ပိုင်းမှာ တော်တော်ကိုခံစားရတဲ့သရုပ်ဆောင်ချက်တွေဖြစ်လာတယ်နော်။
Matt Damon – Henry Ford II အဖြစ် သရုပ်ဆောင်တဲ့ Tracey Letts ဟာ တကယ်တော်တဲ့လူဗျ။ ခင်ဗျားပြောသလိုပဲ .. စစချင်းမှာရယ်ရမလိုနဲ့ နောက်ပိုင်းမှာ သူ့ပုံစံက လုံး၀ပြောင်းလဲသွားတော့တာပဲ။ တုန်လှုပ်နေတဲ့သူပုံစံက ကားကို‌ကြောက်လို့မဟုတ်ဘူး။ “ကျွန်တော့်အဘိုး (ကုမ္ပဏီတည်ထောင်သူ Henry Ford) သာ ဒီကားကိုမြင်လိုက်ရင်တော့ဗျာ ...” ဆိုတဲ့ မချင့်မရဲဖွင့်ဟလိုက်တာကြောင့်ပဲဗျ။ အဲဒီမှာကတည်း Ford မိသားစုဟာ ဒီလိုကားမျိုးဖန်တီးနိုင်ဖို့ မျိုးရိုးစဉ်ဆက်ကြိုးစားခဲ့ရတယ်ဆိုတာ ကျွန်တော် သဘောပေါက်သွားတော့တာပဲ။ အဲဒီအခန်းကိုရိုက်တော့ ကျွန်တော်တို့က အထူးပြုလုပ်ထားတဲ့ ကင်မရာစင်တင်ကားကြီးပေါ်မှာလေ ..။ Biscuit Rig လို့ခေါ်ကြတာပဲ။ ကျွန်တော့်မှာဖြင့် Bourne ဇာတ်ကားတွေပြန်ရိုက်နေရသလိုပဲ ခံစားရတာ။ GT40 ကို လျှောတိုက်မောင်းလိုက်၊ ပတ်ချာလှည့်လိုက်၊ တုန့်ခနဲရပ်လိုက်နဲ့ဆိုပါတော့။ ဒီလိုသရုပ်ဆောင်ရင်းနဲ့ပဲ Shelby လို လူစားမျိုးဟာ သူနဲ့ရင်ဘတ်ချင်းနီးတဲ့မိတ်ဆွေတစ်ယောက်အပေါ် ဘယ်လိုသဘောထားသလဲဆိုတာကိုလည်း ခံစားမိပါရဲ့ ...။
Top Gear - သရုပ်ဆောင်တွေထဲမှာ ကားမောင်းစွမ်းရည်နဲ့ပတ်သက်လို့ ခင်ဗျားက အကောင်းဆုံးမင်းသားတစ်လက်ပဲလို့ ပြောကြတယ်နော် ...။
Matt Damon – ဟာဗျာ ... ကျွန်တော်က ဘယ်လိုဖြစ်ပြီး အကောင်းဆုံးစာရင်းမှာ ပါသွားရတာလဲ ..။
Top Gear – Robert Nagle (စတန့်ကားမောင်းသမားနဲ့ ကားမောင်းနည်းပြ) ကတော့ သူသင်ပေးခဲ့သမျှသရုပ်ဆောင်တွေထဲမှာ Christian က အတော်ဆုံးလို့လည်း ပြောတယ်နော် ...။
Christian Bale - သူက ကျွန်တော်တစ်ယောက်တည်းကိုပဲ သင်ပေးဖူးလို့ဖြစ်မှာပေါ့ ..(ရယ်လျက်)။
Top Gear - ကားမောင်းတာကို သရုပ်ဆောင်ရတာ တော်တော်မလွယ်တဲ့ကိစ္စမျိုးဗျ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်အမြဲတမ်းစဉ်းစားမိတဲ့မင်းသားတစ်လက်ရှိတယ်။ Ronin ဇာတ်ကားထဲက မင်းသားကြီး Robert De Niro လေ။ သမိုင်းတလျှောက်မှာ အကောင်းဆုံးမင်းသားလို့တောင် ပြောနိုင်ပါရဲ့။ ဒါပေမဲ့ ရုပ်ရှင်ထဲမှာ ကားမောင်းတာကျတော့ တောင့်တောင့်ကြီးဖြစ်နေသဗျ။ ဘေးလွတ်ရာကိုထွက်ပြေးနေရတဲ့ ထိပ်တန်းကားမောင်းသမားနဲ့လည်း မတူဘူး ...။
Matt Damon - ၁၉၈၉ ခုနှစ်က ထွက်ခဲ့တဲ့  Midnight Run ဇာတ်ကားမှာ De Niro နဲ့အတူတွဲပြီးသရုပ်ဆောင်ခဲ့တဲ့ Charles Grodin က ပြောဖူးတယ်ဗျ။ De Niro ဟာ တော်တော်ထူးချွန်တဲ့ကားမောင်းသမားတဲ့။ ကျွန်တော်ကိုယ်တိုင်လည်း De Niro နဲ့အတူ ကားတစ်စီးတည်းမှာ အတူစီးဖူးတယ်။ သူမောင်းတာတော့မဟုတ်ဘူး။ နံဘေးကနေ လမ်းညွှန်ပေးတာလေ။ တော်တော်ကိုရူးကြောင်ကြောင်နိုင်တဲ့လမ်းညွှန်ပုံမျိုးဗျ။ ဘာပဲပြောပြော .. အဲဒီအချိန်တုန်းကတော့ Ronin ဟာ တော်တော်ကိုပေါက်ခဲ့တဲ့ဇာတ်ကားလို့ ပြောရမှာပဲ။ အဲဒီဇာတ်ကားရဲ့ဒါရိုက်တာ Frankenheimer ကလည်း တော်တော်ထူးချွန်ပါတယ်။
Top Gear - တချို့ရှုထောင့်တွေကကြည့်ရင် Le Mans’66 က လူ ၂ ယောက်ကြားက သံယောဇဉ်ကြီးမားတဲ့ဆက်ဆံ‌ရေးမျိုးကို အသားပေးထားသလိုပဲ။
Christian Bale - သိပ်ဟုတ်တာပေါ့ဗျာ ...။ မိတ်ဆွေ နှစ်ဦးရဲ့ ခင်မင်ရင်းနှီးမှုတွေ၊ စွဲလမ်းမှုတွေ၊ အိပ်မက်တစ်ခုအတွက် အတူတကွလက်တွဲကြိုးစားကြပုံတွေကို သရုပ်ဖော်ထားတာပေါ့။ ဇာတ်ညွှန်းကောင်းတယ်၊ မကောင်းဘူးဆိုတာကတော့ ခင်ဗျားရဲ့စိတ်ခံစားချက်အပေါ်မှာပဲ မူတည်တာပါ။ ကျွန်တော့်အတွက်တော့ လက်ကမချချင်လောက်အောင် ဆွဲဆောင်နိုင်တဲ့ဇာတ်ညွှန်းကောင်းလို့ဆိုရမှာပဲ။၂၀၀၇ ခုနှစ်က ထွက်တဲ့ 3:10 to Yuma ဇာတ်ကားမှာ ဒါရိုက်တာ James Mangold နဲ့အတူ လက်တွဲခဲ့ဖူးပါတယ်။ ဒါပေမဲ့ Matt နဲ့တော့ အခုဒီကားမှ စပြီးလက်တွဲဖူးတာ။ ကျွန်တော်ကတော့ အရင်ကတည်းက အတူတွဲသရုပ်ဆောင်ဖို့ ဆန္ဒရှိခဲ့တာပေါ့။
Top Gear – Ford Vs Ferrari ကို ရိုက်ကူးဖြစ်ခဲ့ပုံလေးပြောပြပါဦး။ ဇာတ်ညွှန်းက အရင်ကတည်းက ရှိပြီးသားလို့ကြားတယ်။ အဲဒါဟုတ်သလား။
Matt Damon - လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က A.J Baime ရဲ့ စာအုပ်တစ်အုပ်ရဖူးတယ်။ Go Like Hell ဆိုတဲ့နာမည်နဲ့ ရေးထားတဲ့ Ford နဲ့ Ferrari တို့ ဇာတ်လမ်းပေါ့။ ဒါပေမဲ့ အဲဒါက အခုဇာတ်ညွှန်းတော့မဟုတ်ဘူး။
Christian Bale - အစောပိုင်းက ရုပ်သံဇာတ်လမ်းတွဲရိုက်ဖို့စီစဉ်ခဲ့ကြတာဗျ။ ဒါ့ကြောင့် အခုရိုက်တဲ့ဇာတ်ကားကို Go Like Hell လို့ ခေါ်လို့မရတာပေါ့။
Matt Damon - ဇာတ်ကားနာမည်ပြောင်းသွားတာပါပဲဗျာ။ ရုပ်သံဇာတ်လမ်းတွဲကတော့ အခုထိလည်း ရိုက်ဖို့အစီအစဉ်ရှိနေဆဲထင်တယ်။ ရိုက်ဖြစ်ရင်တော့ကောင်းတာပေါ့။ ဒါပေမဲ့ နာမည်သစ်တစ်ခုတော့ ‌ရွေးရမယ်ထင်တယ်။
Christian Bale - ခင်ဗျားတို့အနေနဲ့ ကားပြိုင်ပွဲတွေကို စိတ်ဝင်စားသည်ဖြစ်စေ၊ မဝင်စားသည်ဖြစ်စေ၊ ဒါရိုက်တာ James Mangold က Ford v Ferrari ဇာတ်ကားကို ဆွဲဆောင်မှုရှိအောင်ရိုက်ပြနိုင်ခဲ့တယ်။ ဒါဟာ သူ့အောင်မြင်မှုပဲ။ ဘရာဇီးကားမောင်းချန်ပီယံ Senna လုပ်ပြခဲ့သလိုပေါ့။ Senna ပြိုင်ပွဲဝင်တာကို ကျွန်တော့်အဖေနဲ့ သွားကြည့်ခဲ့တာ ခုထိမှတ်မိသေးတယ်။ သူ မတော်တဆဖြစ်ပြီး သေဆုံးသွားတာကိုလည်း TV ကနေ ကျွန်တော်ကြည့်ခဲ့ရတယ်။ အခု Ford Vs Ferrari ဇာတ်ကားကို ကျွန်တော့်မိန်းမနဲ့အတူသွားကြည့်တယ်။ သူဆိုရင် ဖော်မြူလာဝမ်းပြိုင်ပွဲကို စိတ်ဝင်စားတဲ့သူမဟုတ်ဘူး။ ဒါပေမဲ့ ဇာတ်လမ်းထဲမှာ နစ်မျောသွားတယ်လေ။ Ford Vs Ferrari နဲ့ပတ်သက်လို့ ကျွန်တော်ကောက်ချက်ချရမယ်ဆိုရင်တော့ ဒီဇာတ်ကားကိုကြည့်ဖို့ ကားပြိုင်ပွဲအကြောင်း နားလည်စရာမလိုဘူးဆိုတာပါပဲ။
Top Gear - ဒါနဲ့ ဇာတ်ကားထဲမှာ Ken Miles နဲ့ သားဖြစ်သူ Peter Miles တို့ရဲ့ဆက်ဆံရေးကလည်း မေတ္တာတရားကိုဖော်ကျူးထားသလိုပဲ။
Matt Damon - တကယ်ကိုလှပတဲ့မေတ္တာတရားပါ။ Noah Jupe (Peter အဖြစ်သရုပ်ဆောင်သူ) ဟာ တကယ်တော်တဲ့ကောင်လေးဗျ။
Christian Bale - သူသရုပ်ဆောင်တာ တော်တော်ကောင်းပါတယ်။ တကယ့်အပြင်မှာရှိတဲ့ Peter ရယ်၊ သူ့သမီးရယ်၊ ကျွန်တော်ရယ် ၃ ယောက်သား ဒီရုပ်ရှင်ကို အတူကြည့်ကြသေးတယ်။ Peter ထက်ပိုပြီး ဒီဇာတ်လမ်းကို ပြောပြနိုင်တဲ့သူဘယ်ရှိမလဲဗျာ။ သူ့အဖေ Ken နဲ့ပတ်သက်တဲ့အကြောင်းအရာတွေအများကြီး ကျွန်တော့်ကိုပြောပြခဲ့တယ်။
Matt Damon – Ken Miles ကိုအကြောင်းပြုပြီး အောင်မြင်မှုရခဲ့တဲ့တခြားသူတွေလည်းရှိသေးတယ်နော်။ သူဟာ သိပ်တော်တဲ့ အင်ဂျင်နီယာမက္ကင်းနစ်ဗျ။ Carroll Shelby ကိုယ်တိုင်က သူတွေ့ဖူးသမျှထဲမှာ အတော်ဆုံးလို့ ချီးကျူးခဲ့တာ။
Christian Bale - ဒီဇာတ်ကားကြောင့် သူ့ရဲ့စွမ်းဆောင်မှုတွေကို လူတွေပိုပြီးအသိအမှတ်ပြုလာမယ်လို့ မျှော်လင့်ရတာပဲလေ။
Top Gear - ဒီဇာတ်ကားမရိုက်ခင်မှာ Ferrari တည်ထောင်သူ အကြောင်း ဘာတွေသိထားခဲ့ကြသလဲ။ ဇာတ်ကားရိုက်ကူးပုံကိုလည်း ပြောပြပါဦး။
Matt Damon – ၂ နာရီကြာတဲ့ဒီဇာတ်ကားထဲမှာ အကြောင်းအရာတွေအများကြီးပါနေတယ်ဗျ။ ဒါက တကယ့်ကိုစိန်ခေါ်မှုဖြစ်ခဲ့တာပေါ့။ Le Mans ပြိုင်ပွဲလမ်းကြောင်းမှာ အနိုင်ရဖို့သာမက၊ နိုင်ငံရေးတွေ၊ Ford ကုမ္ပဏီရဲ့ရင်းနှီးမြှုပ်နှံမှုတွေအကြောင်းလည်းပါတယ်။ ပြီးတော့ Ford ကုမ္ပဏီရဲ့ ကားရောင်းချတဲ့လုပ်ငန်းစဉ်တွေလည်းပါတယ်။ ပြောရရင်‌တော့ဗျာ ... ဇာတ်ကားတစ်ခုလုံး ကားနဲ့ပတ်သက်တာတွေချည်းပါပဲ။
Christian Bale – Ken Miles ရဲ့ခံယူချက်က သူ့မိတ်ဆွေအတွက် ဒီအောင်မြင်မှုကိုရယူပေးခဲ့တာပဲ။ Carroll Shelby ရဲ့အကူအညီကိုရခဲ့ရင်လည်း သူဒီလိုလုပ်ပြနိုင်မှာမဟုတ်ဘူး။
Top Gear – ဘ၀ရဲ့အခက်ခဲဆုံးအချိန်တွေမှာ ကိုယ့်ကိုယ်ကို အားပေးဖို့ကြိုးစားတဲ့သူတွေအကြောင်း ဇာတ်လမ်းတွေအများကြီးရှိတယ်မဟုတ်လား။ ၁၉၆၆ ခုနှစ်မှာ Ken Miles က ၄၈ နှစ်ရှိနေပြီ။ Shelby ကလည်း နှလုံးရောဂါကြောင့် ပြိုင်ကားဆက်မမောင်းဖို့ ဆရာဝန်က တားမြစ်ထားတဲ့အချိန်...။
Matt Damon -  သူတို့နှစ်ယောက်စလုံးအတွက် အခက်ခဲဆုံးအချိန်တွေပေါ့။
Christian Bale - အဲဒီအကြောင်းတွေတော့ သေချာမသိဘူးပေါ့ဗျာ။ ကျွန်တော်တို့ သရုပ်ဆောင်တွေကတော့ စုတ်ပြတ်နေတဲ့ဘ၀ထဲမှာ ကိုယ့်ကိုယ်ကိုအားပေးတာနဲ့တူအောင် ကြိုးစားခဲ့ရတာပါပဲ။
Matt Damon - ဒါပေါ့ဗျာ ...။ Le Mans မှာ အနိုင်ရဖို့က Ken Miles အတွက် ‌နောက်ဆုံးအခွင့်အရေးဖြစ်သလို Shelby အတွက်လည်း ဒီလိုလုပ်ပြနိုင်မှာသာ သူ့ဘ၀အတွက် အဓိပ္ပာယ်ရှိလာမှာကိုး ...။ ဂန္ထဝင်အောင်မြင်မှုဟာ အဲဒီကနေ အစပျိုးခဲ့တာပဲ။
Top Gear - တစ်ခုလောက်မေးချင်လို့ ...၁၉၇၉ ခုနှစ် Le Mans ပြိုင်ပွဲမှာ ဒုတိယချိတ်ခဲ့တဲ့ကားမောင်းသမား Paul Newman ဟာ အဲဒီအချိန်မှာ အသက် ၅၄ နှစ်ရှိပြီဆိုပဲ။ သူ့ကိုလေ့ကျင့်ပေးခဲ့တဲ့သူကတော့ Bob Bondurant လို့ပြောကြတယ်။ ခင်ဗျားတို့သူနဲ့တွေ့ဖူးသလား ...။
Christian Bale – Bob ရဲ့ကားမောင်းသင်တန်းကျောင်းကို ကျွန်တော်ရောက်ခဲ့တယ်။ Ken Miles ရဲ့အကြောင်းတွေကိုလည်း သူကပဲကျွန်တော့်ကိုပြောပြခဲ့တာ။ ကားမောင်းလေ့ကျင့်နေတုန်း တစ်ရက်မှာ ကျွန်တော့်နံဘေးက ထိုင်ခုံပေါ်ကို ခုန်၀င်လာပြီး “Christian ရေ ...သွားကြစို့ကွာ” ဆိုပြီး သူကိုယ်တိုင်ဖန်တီးထားတဲ့ပတ်လမ်းကြောင်းတွေထဲမှာ မောင်းခိုင်းတယ်။ ပြီးတော့ သူကိုယ်တိုင်လည်း လက်တွေ့မောင်းပြတယ်။ တကယ့်ကို စိတ်ပါလက်ပါသင်နိုင်တဲ့သူပဲ ...။

Ref: Interview: Christian Bale and Matt Damon on Le Mans '66 by
Jason Barlow

Author