Bugatti ကားကုမ္ပဏီ၏ ဥက္ကဋ္ဌ Stephan Winkelmann နှင့် တွေ့ဆုံခြင်း

0

Full article

မြန်နှုန်းမြင့်ကားလောကမှာတော့ Bugatti အမှတ်တံဆိပ်သည် မသိသူမရှိလောက်အောင် နာမည်ကြီး၊ ရေပန်းစားလွန်းလှသည်။ ထို့အတူ လက်ရှိ Bugatti ကို ဦးဆောင်နေသော Stephan Winkelmann သည်လည်း ပြိုင်ကားလောကတွင် အရှိန်အဝါကြီးလွန်းလှသူဖြစ်သည်။ မစ္စတာ Winkelmann သည် ၂၀၀၅ ခုနှစ်က Volkswagen Group လက်အောက်တွင်ရှိသော Lamborghini ပြိုင်ကားကုမ္ပဏီ၏ စီအီးအိုနှင့် ဥက္ကဋ္ဌ အဖြစ် စတင်တာ၀န်ယူခဲ့သည်။ Lamborghini နှင့်အတူ ဆယ်စုနှစ်တစ်ခုကြာရှိနေခဲ့ပြီးနောက် Winkelmann မှာ Audi Sport ခေါ် Audi ၏ပြိုင်ကားထုတ်လုပ်ရေးဌာနခွဲသို့ အကြီးအကဲအဖြစ်ပြောင်းရွှေ့ခဲ့တော့သည်။ သို့သော် Audi Sport တွင် Winkelmann အနေဖြင့် တစ်နှစ်သာတာ၀န်ထမ်းဆောင်ခဲ့ပြီး ၂၀၁၈ ခုနှစ်အရောက်တွင် နာမည်ကျော် Bugatti Automobiles S.A.S သို့ ဥက္ကဌရာထူးဖြင့် ပြောင်းရွှေ့ခဲ့ပြန်သည်။ Bugatti သို့ရောက်ပြီး ၇ လအကြာမှာပင် မစ္စတာ Winkelmann ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် Bugatti Divo ပြိုင်ကားမော်ဒယ်သစ်ကို ထုတ်လုပ်နိုင်ခဲ့တော့သည်။ Divo မော်ဒယ်ဆိုသည်ကတော့ ‌ရေပန်းအစားဆုံးမြန်နှုန်းမြင့်ပြိုင်ကား Bugatti Chiron ၏ ဗားရှင်းသစ်ပင်ဖြစ်တော့သည်။

ထို့ကြောင့် Slashgear.com ၀က်ဘ်ဆိုက်မှ Stephan Winkelmann အား တွေ့ဆုံမေးမြန်းမှုကို တစ်ဆင့်ပြန်ဆိုဖော်ပြလိုက်ပါသည်။ Winkelmann ၏ အင်တာဗျူးမှတစ်ဆင့် သူ၏အတွေ့အကြုံများ၊  Bugatii ကုမ္ပဏီ၏အနာဂတ်အစီအစဉ်များ၊ လျှပ်စစ်ကားနှင့်ပတ်သက်သောအလားအလာများအကြောင်းကို သိရှိခွင့်ရနိုင်ပါလိမ့်မည်။

မေး - လွန်ခဲ့တဲ့နှစ်တွေအတွင်း ခင်ဗျားရဲ့အောင်မြင်မှုတွေက တော်တော်များခဲ့တာပဲ။ အထူးသဖြင့် Lamborghini အတွက် လုပ်ပေးခဲ့တာ‌တွေနဲ့ အခု Bugatti အတွက် စွမ်းဆောင်ပြနေတာတွေပေါ့ ...။ မကြာသေးခင်ကလည်း အသစ်ထုတ် Bugatti Chiron 300+ ကို မိတ်ဆက်ပြသနေတဲ့ ခင်ဗျားရဲ့ဗီဒီယိုကို ကြည့်ခဲ့ရသေးတယ်။ ရှေ့ဆက်ပြီး ဘာတွေလုပ်ဖို့ စဉ်းစားထားလဲ ...။
ဖြေ - လုပ်စရာတွေအများကြီးရှိတဲ့အထဲမှာ အဓိကကျတာ အမြန်နှုန်းပေါ့။ သာမန်လမ်းမတွေပေါ်မှာ ကားတစ်စီးမောင်းနှင်နိုင်တဲ့အမြန်နှုန်းက အကန့်အသတ်ရှိတယ်ဗျ။ ကျွန်‌‌တော်တို့ Volkswagen ကုမ္ပဏီရဲ့ Ehra-Lessien စမ်းသပ်ကွင်းမှာ မောင်းတဲ့အမြန်နှုန်းတော့ မရနိုင်ဘူးပေါ့။ ပုံမှန်အားဖြင့် ကျွန်တော်တို့မှာ မြင့်မားတဲ့စွမ်းဆောင်ရည်ကို ပိုင်ဆိုင်ပြီးသားပါ။ ဒါပေမဲ့ တခြားနည်းနဲ့ အမြန်နှုန်းကိုမြှင့်တင်မလဲဆိုတာ ကျွန်တော်တို့ ရှာဖွေနေတဲ့အရာပဲ။ Bugatti ရဲ့ သမိုင်းကြောင်းနဲ့ အမှတ်တံဆိပ်အောင်မြင်မှုကို ကြည့်လိုက်ရင်လည်း ဆက်ပြီးတိုးချဲ့ရှာဖွေနိုင်တာတွေ အများကြီးရှိဦးမှာပါ။ တစ်နည်းအားဖြင့်တော့ Bugatti ရဲ့ ဒုတိယ‌မြောက်မော်ဒယ်ကို ဖန်တီးဖို့ ရည်ရွယ်နေပါတယ်။
မေး - Bugatti အနေနဲ့ ဆက်ပြီးတိုးချဲ့ရှာဖွေနိုင်ဦးမယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ အင်ဂျင်စွမ်းဆောင်ရည်နဲ့ လှပသေသပ်မှုသာမက အရွယ်အစားပိုင်းမှာရော အပြောင်းအလဲလုပ်ဖို့ အစီအစဉ်မရှိဘူးလား ..။ ဥပမာ ...Lamborghini ရဲ့ Urus လို၊ Bentley ရဲ့ Bentayga လို SUV ပိုဆန်တဲ့အရွယ်အစားပေါ့။ Lamborghini မှာ ရခဲ့တဲ့အတွေ့အကြုံတွေကိုအသုံးချပြီး Bugatti ကို စျေးကွက်ချဲ့ထွင်လို့မရဘူးလား ...။
ဖြေ - Lamborghini မှာ ကျွန်တော်တို့ဖန်တီးခဲ့တဲ့စူပါပြိုင်ကားက ၂ မျိုးပဲရှိတယ် ... Aventador နဲ့ Huracan  ပဲလေ။ ‌ပြောချင်တာက ကုမ္ပဏီရဲ့တခြားထုတ်ကုန်နဲ့ အမှတ်တံဆိပ်ကို မထိခိုက်စေနိုင်တဲ့အားသာချက်တစ်ခုခုကို ဆုပ်ကိုင်ထားဖို့ အရေးကြီးတယ်ဆိုတာပဲဗျ။ ဒါကြောင့် အခု Bugatti အတွက် နောက်လာမယ့်အားသာချက်ကို ဖန်တီးဖို့ကျွန်တော်တို့ ကြိုးစားနေကြတယ်လေ...။ အဲဒီအားသာချက်က SUV မဟုတ်တာတော့ သေချာတယ်ဗျာ။  ထပ်ပြီးပြောလိုက်မယ်နာ် ...Bugatti အနေနဲ့ SUV လည်းထုတ်ဖို့အစီအစဉ်မရှိဘူး။ Limousine လို့ခေါ်တဲ့ ဇိမ်ခံကားရှည်ကြီးတွေလည်း ထုတ်ဖို့အစီအစဉ်မရှိပါဘူး။ ဒီတော့ ကျွန်တော့်မှာ အိုင်ဒီယာ  နှစ်မျိုးရှိတယ်။ တစ်မျိုးက သိပ်ကိုပေါ့ပါးပြီး မြန်နှုန်းမြင့်တဲ့ကားမျိုးပေါ့။ နောက်ထပ်စိတ်ကူးကတော့ တံခါး နှစ်ပေါက် Coupe စတိုင်ကို နေ့စဉ်သုံးမြို့ပြကားမျိုးဖြစ်အောင် ပြောင်းလဲထုတ်လုပ်ဖို့ပါပဲ။ ဒါမျိုး ဘယ်သူမှမလုပ်သေးဘူးလေ ..။
မေး - လက်ရှိ Bugatti ရဲ့ဖောက်သည်တွေကရော ...အဲဒီလိုကားမျိုးတွေထုတ်ပေးဖို့ တောင်းဆိုတာရှိလား ...။
ဖြေ - ရှိတယ်ဗျ ...  သူတို့က Bugatti ရဲ့ ဒုတိယမော်ဒယ်သစ်ကို ‌စောင့်မျှော်နေကြတာလေ။ နေ့စဉ်သုံးရည်ရွယ်ချက်နဲ့ ပြိုင်ကားမျိုးကို သူတို့လိုချင်နေကြတာ ..။ ကျွန်တော့်အမြင်မှာလည်း ဒါက အာရုံစိုက်ကြိုးစားသင့်တဲ့ကိစ္စလို့ ထင်တယ်လေ။
မေး - Bugatti ရဲ့ကားမော်ဒယ်တချို့ကို လျှပ်စစ်စွမ်းအင်စနစ်ပြောင်းလဲဖို့ ဖောက်သည်တွေတောင်းဆိုတာမျိုးရော ရှိလား ...။
ဖြေ - ဒီကိစ္စကိုတော့ သေချာသုံးသပ်လေ့လာရဦးမှာပါ။ လျှပ်စစ်စွမ်းအင်စနစ်ဆိုတာ သီးခြားလမ်းကြောင်းတစ်ခုပါ။ ပြီးတော့ အခုချိန်အတွက် ‌ပြောရမှာမဟုတ်သေးဘူး ...။ လာမယ့် ...အင်း ...
မေး - လာမယ့် ၅ နှစ်၊ ၆ နှစ်၊ ၇ နှစ်လောက်မှ ပြောရမှာပေါ့ ...။
ဖြေ - ဟုတ်တယ် ..အဲဒီအချိန်လောက်အတိအကျပဲ။ လျှပ်စစ်စွမ်းအင်စနစ်မှာ အခြေခံတည်ဆောက်ပုံတွေပြောင်းလဲသွားသလို အားသွင်းတဲ့အမြန်နှုန်း၊ ပမာဏ စတဲ့ဘက်ထရီနည်းပညာတွေ ပိုမိုတိုးတက်လာဖို့လည်း လိုသေးတယ်လေ။
မေး - လျှပ်စစ်စွမ်းအင်သုံးကားတွေအပေါ် အာရုံခံစားလို့မရတော့မှာကိုရော ခင်ဗျားစိုးရိမ်မိသေးလား။ ဘာကြောင့်လဲဆိုတော့ Chiron နဲ့ Veyron ကားတွေကို မိတ်ဆက်ခဲ့တုန်းက ကားကို လူက ဆက်သွယ်ခံစားမိသွားတယ်လို့ ပြောခဲ့တာလေ။ ကျွန်တော်ထင်တယ် ...Bugatti ဟာ လျှပ်စစ်စွမ်းအင်ပြောင်းလဲဖို့ တော်တော်ခက်မယ့်ကားမျိုးပဲ။
ဖြေ _ မှန်ပါတယ် ...Bugatti Chiron က ကွဲပြားခြားနားတဲ့ကားမျိုးဗျ။ သူ့မှာတပ်ဆင်ထားတဲ့ အတွင်းပိုင်းပေါက်ကွဲမှုအင်ဂျင်က လာမယ့်နှစ်ပေါင်းတော်တော်ကြာတဲ့အထိ အနုပညာလက်ရာတစ်ခုလို ဖြစ်နေဦးမှာလေ။ Chiron လိုပြိုင်ကားမျိုးကို လျှပ်စစ်ကားအဖြစ် မထုတ်သင့်တဲ့အကြောင်းပြချက်တွေ အများကြီးရှိနေပါသေးတယ်။ ကားဝါသနာအိုးတွေအကြိုက် အရေအတွက် နည်းနည်းပဲထုတ်ထားတဲ့ကား ... အတွင်းပိုင်း၀င်ထိုင်မိတာနဲ့ ခံစားချက်တွေအများကြီးပေးနိုင်တဲ့ကားမျိုးပေါ့။ အဲ ... နေ့စဉ်သုံးရည်ရွယ်ချက်နဲ့ကားမျိုးကတော့ လျှပ်စစ်ကားလည်း ဖြစ်ချင်ဖြစ်သွားနိုင်ပါတယ်...။ ဘယ်လိုပဲဖြစ်ဖြစ်လေ ...ကုမ္ပဏီပုံရိပ်ကိုမထိခိုက်စေဘဲ လမ်းကြောင်းသစ်ရှာဖွေပေးဖို့ ကျွန်တော် လစာယူထားတာပဲ။ ကျွန်တော်အမြဲတမ်းပြောနေကျစကားတစ်ခွန်းရှိတယ် ...ပထမဆုံးတီထွင်တဲ့သူဖြစ်ဖို့မလိုဘူး ...အကောင်းဆုံးလုပ်နိုင်တဲ့သူဖြစ်ဖို့ပဲ လိုတယ်ဆိုတာလေ ...။
မေး - လွန်ခဲ့တဲ့ ၁၂ လ အတွင်းမှာ Bugatti ရဲ့အမှတ်တံဆိပ်အောင်မြင်မှုက အမြင့်မားဆုံးရောက်ခဲ့တယ်လို့ ထင်မိတယ်။ ခင်ဗျားအမြင်ကရော ...။
ဖြေ - ကျွန်တော်လည်း ဒီလိုပဲထင်ပါတယ်။ ကျွန်တော့်အတွက်တော့ အမှတ်တံဆိပ်ကို ပိုပြီးလူသိများဖို့၊ ကားတစ်စီးရဲ့ရေပန်းစားမှုက စိတ်ကူးထားတဲ့အတိုင်း ဖြစ်၊ မဖြစ် ...၊ ၀န်ထမ်းတွေရဲ့အရည်အသွေးကို စမ်းသပ်ဖို့ဆိုတာတွေက အရေးကြီးတဲ့အချက်တွေပါ။
မေး - Bugatti ဟာ Volkswagen ရဲ့လက်အောက်မှာ ‌ရှိနေပြီး ဘဏ္ဍာရေးအတွက် မပူပင်ရဘူးဆိုတာကြောင့် ဂုဏ်ယူစရာပဲနော် ..။
ဖြေ - ကျွန်တော့်ကို အလုပ်ခန့်ထားတဲ့သူအပေါ် မမှီခိုနိုင်ဘူးဗျ။ Volkswagen က ကျွန်တော့်ကို စဉ်းစားဆုံးဖြတ်ဖို့ ငွေပေးထားတာ ..။ စိတ်ကူးယဉ်နေဖို့မဟုတ်ဘူးလေ ..။ ကျွန်တော်ယူဆောင်ပေးရမယ့်အရာတွေ ရှိသေးတယ်။
မေး - မှန်တာပေါ့ ..။ ဒါပေမဲ့ Bugatti ရဲ့ဒုတိယမော်ဒယ်အတွက် ကုန်ကျစရိတ်ကို စဉ်းစားပြီးပြီလား ..။
ဖြေ - ကုမ္ပဏီရဲ့ ပထမဦးစားပေးအချက်က Chiron မော်ဒယ်တွေနောက်ပိုင်း ထွက်လာမယ့်ကားသစ်တွေအတွက် ငွေကြေးထောက်ပံ့ပေးနိုင်ဖို့ပါပဲ။ ဘဏ္ဍာရေးပိုင်း ထောက်ပံ့မှုရှိလို့လည်း ဒီနေရာကို ကျွန်တော်ရောက်နေတာပါ။ ခုပြောခဲ့သလိုပဲ နောက်ထွက်မယ့်ကားမော်ဒယ်သစ်အတွက် ကုမ္ပဏီဘက်က တည်တည်ငြိမ်ငြိမ်နဲ့ ငွေထောက်ပံ့ပေးနိုင်မယ်ဆိုရင် ဒုတိယမော်ဒယ်က ဘာဖြစ်သင့်လဲဆိုတာ အာရုံစိုက်ဖို့က ကျွန်တော့်တာ၀န်ဖြစ်လာပြီ။
မေး - Lamborghini မှာတုန်းက ရှုထောင့်ပေါင်းစုံကနေ လက်ခံလို့ရတဲ့ပြိုင်ကားမျိုးကို ခင်ဗျားဖန်တီးခဲ့တယ်နော် ..။ ဒီအတွက်လည်း Lamborghini က အများကြီးအမြတ်ထွက်ခဲ့သေးတယ်။ Bugatti ကျတော့ရော ...။
ဖြေ - Lamborghini မှာတုန်းကလည်း တော်တော်ကို ခက်ခက်ခဲခဲကြိုးစားပြီးမှ လိုချင်တဲ့ပန်းတိုင်ရောက်ခဲ့တာပါ။ အမြဲတမ်းအောင်မြင်မယ်လို့တော့ မပြောနိုင်ဘူးဗျ။
မေး - ဒါနဲ့ ခင်ဗျားက SUV ပုံစံဖြစ်နေတဲ့ Lamborghini Urus မော်ဒယ်တွေကို ကြိုက်လားဗျ။
ဖြေ - ကြိုက်ပါတယ် ..။ ၂၀၁၂ တုန်းက ဘေဂျင်းမှာ Urus မော်ဒယ်ရှေ့ပြေးပုံစံသစ်ကို ကျွန်တော်ပဲ မိတ်ဆက်ခဲ့တာပါ။ အဲဒီနောက် နှစ်တော်တော်ကြာမှ ဒီကားတွေကို အကောင်အထည်ဖော်ထုတ်လုပ်နိုင်ခဲ့တာ။
မေး - ကျွန်တော်မေးချင်တာ တစ်ခုရှိတယ် ..။ အူကြောင်ကြောင်နိုင်နေမလားတော့မသိဘူး။ ခင်ဗျား  Lamborghini မှာရှိနေတုန်းက၊ Audi အတွက် လုပ်နေတုန်းက Bugatti နဲ့ပတ်သက်ပြီး တွေးဖူးသလား ..။ ငါသာ Bugatti မှာရှိနေရင် ဒီထက်ပိုပြီး အများကြီးလုပ်ပြနိုင်မှာပဲလို့ တွေးမိခဲ့တာမျိုးရှိသလား ..။
‌ဖြေ - လုံး၀မရှိခဲ့ပါဘူး။ ဒါပေမဲ့ Volkswagen စီအီးအိုဟောင်း Mathias Mueller ပြောဖူးတာတစ်ခုရှိတယ်။ Bugatti အမှတ်တံဆိပ်ကို ဒီထက်ပိုပြီး အောင်မြင်စေချင်တယ်။ Bugatti အတွက် အလုပ်လုပ်ပေးနိုင်မလားလို့ မေးခဲ့ဖူးတယ်။ ကျွန်တော်ကလည်း ခေါင်းညိမ့်ခဲ့ဖူးတယ်။ ဒါပေမဲ့ ဖြစ်ချင်တော့ နောက်ထပ်လအနည်းငယ်အကြာမှာပဲ သူအလုပ်ထွက်သွားခဲ့တယ်။ ဘဝဆိုတာ ဒီလိုပဲဗျ .. နေ့တိုင်း စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတာလေ ..။
မေး - ကဲ  ..မေးချင်တာကတော့ လာမယ့် ၅ နှစ်အတွင်း ခင်ဗျား ဘာတွေလုပ်ဖို့စီစဉ်ထားသလဲ။
ဖြေ - ပထမဆုံး ၂ နှစ်အတွင်းကိုပဲ စပြောရအောင်။ ဒီ ၂ နှစ်အတွင်းမှာ Bugatti အဖွဲ့အတွင်း ဟန်ချက်ညီ‌အောင် ကြိုးစားပြီး ဦးစားပေးကိစ္စတွေ ရွေးထုတ်သွားပါမယ်။ အဲဒီနောက်မှာတော့ မတူကွဲပြားတဲ့ Chiron မော်ဒယ်သစ်အတွက် ကျွန်တော်အလုပ်စလုပ်တော့မယ်။ ပြီးတော့ Bugatti အမှတ်တံဆိပ်ကို လူသိများဖို့နဲ့ တခြားဆက်စပ်တဲ့စီးပွားရေးကဏ္ဍတွေအတွက်လည်း ကြိုးစားပေးဖို့ရှိတယ်။ တစ်နည်းအားဖြင့် ၅ နှစ်အတွင်းမှာ Bugatti ကို မော်တော်ကားထုတ်လုပ်ရေးနယ်ပယ်ရဲ့ထိပ်ဆုံးရောက်ဖို့ ဦးဆောင်သွားမှာပါ။

Ref: Interview: Bugatti CEO Stephan Winkelmann opens up on new cars, daily-drivers and EVs by Vincent Nguyen

Author