အမေရိကန် 'ရဲ' ကားများ၏ ရာဇဝင်

0

Full article

အမေရိကတွင် ၁၉ ရာစုကုန်ဆုံးချိန်မှ ရဲကားများကိုစတင်အသုံးပြုခဲ့ခြင်းဖြစ်သည်။ အစောဆုံးထွက်ပေါ်လာခဲ့သည့်အမေရိကန်ရဲကားမှာ လျှပ်စစ်ဓာတ်အားဖြင့်မောင်းနှင်ရသည့် Wagon အမျိုးအစားကားတစ်စီးဖြစ်ပြီး ၁၈၉၉ ခုနှစ်က အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်းယိုးပြည်နယ်၊ အက်ခရွန်မြို့တွင် အသုံးပြုခဲ့ခြင်းဖြစ်၏ ။ ယခု ၂၁ ရာစုတွင်လည်း ရဲဌာနများအနေဖြင့် လျှပ်စစ်ကားများကို စမ်းသပ်အသုံးပြုလာခဲ့ကြလေပြီ။ သမိုင်းတစ်ပတ်လည်ခဲ့ခြင်းပင်။ သို့သော် မှတ်တမ်းများအရ အမေရိကတွင် ရဲအရာရှိများ စတင်အသုံးပြုခဲ့သည့်ယာဉ်က မော်တော်ဆိုင်ကယ်တစ်စီးသာဖြစ်သည်။ သို့သော် ရာဇဝတ်ကောင်များက ကားကိုအသုံးပြုလာသောအခါ ရဲများကလည်း ဌာနသုံးကားများရှာဖွေခဲ့ရတော့သည်။ ရာဇဝတ်ကောင်များက မြန်နှုန်းမြင့်ကားများဖြင့် မောင်းနှင်ထွက်ပြေးသောအခါ ရဲများကလည်း ပို၍မြန်သောကားများဖြင့် အမီလိုက်ရတော့သည်။

သို့တိုင်အောင် ထိုခေတ်က ရဲများ စီးနင်းအသုံးပြုခဲ့သည့်ကားများမှာ လူဆိုးဖမ်းရာတွင် စင်စစ်အသုံးတည့်သည့်ကားများမဟုတ်ခဲ့ကြချေ။ ၂၀ ရာစုအစောပိုင်းတွင် အမေရိကန်ရဲဌာနများအနေဖြင့် ငွေကုန်ကြေးကျသက်သာသည့်ကားများကိုသာ စတင်အသုံးပြုခဲ့ကြလေသည်။ ယခင်က ရဲအရာရှိ ၃၊ ၄ ဦးကို တာဝန်ချထားပေးခဲ့ရသောနယ်မြေတစ်ခုတွင် ကားတစ်စီး၊ ရေဒီယိုစကားပြောစက်တစ်လုံး၊ ရဲအရာရှိတစ်ဦးဖြင့် လုံလောက်သလိုရှိခဲ့သည်။

ရှေးခေတ်က ရဲကားဆိုသော်လည်း ရဲကားနှင့်ပတ်သက်သည့် အသုံးအဆောင်၊ အမှတ်အသားများ ပီပီပြင်ပြင်မရှိခဲ့ပေ။ ပထမကမ္ဘာစစ်အပြီးတွင်တော့ အမေရိကန်ကားကုမ္ပဏီကြီးများသည် ရဲဌာနများ၏လိုအပ်ချက်ကို သတိထားမိလာခဲ့ကြပြီး ရဲကားများကိုသီးသန့်ထုတ်လုပ်လာခဲ့ကြတော့သည်။ Ford ကုမ္ပဏီသည် ၁၉၅၀ ပြည့်နှစ်တွင် ၎င်းတို့၏ပထမဆုံးရဲကားကို စတင်ထုတ်လုပ်ခဲ့ပြီး နောက် ၅ နှစ်အကြာတွင် Chevrolet ကုမ္ပဏီက လိုက်လံထုတ်လုပ်ခဲ့သည်။ ၁၉၅၆ ခုနှစ်တွင်  နာမည်ကျော် Dodge အမှတ်တံဆိပ်ဖြင့်လည်း ရဲကားများထုတ်လုပ်ခဲ့ပြန်သည်။ သို့ရာတွင် ရှေ့ဦးပိုင်းခပ်ပြားပြားဖြင့်ကားသစ်များ၊ ၁၉၃၈ ခုနှစ်ထုတ် Model 18 ကားများဖြင့်သာ Ford ကုမ္ပဏီက ရဲအရာရှိသုံးကားစျေးကွက်ကို နှစ်တော်တော်ကြာစိုးမိုးလာခဲ့ပြီး ၁၉၆၉ ခုနှစ်မှာတော့ Chrysler ကုမ္ပဏီက ပိုမိုစွမ်းဆောင်ရည်မြင့်မားသော V8 အင်ဂျင်များဖြင့် စျေးကွက်ထိုးဖောက်လာခဲ့တော့သည်။

Kenneth Cox ဆိုသော ဒက်ထရွိုက်မြို့၊ ရဲအရာရှိတစ်ဦးနှင့် Robert Batts ဆိုသည့်အင်ဂျင်နီယာကျောင်းသားတို့ပူးပေါင်းပြီး ၁၉၂၁ ခုနှစ်တွင်Ford Model T ကားတစ်စီး၏နောက်ထိုင်ခုံ၌ ရေဒီယိုစကားပြောစက်တပ်ဆင်ရန် ကြိုးပမ်းခဲ့ကြသည်။ ၆ နှစ်ကြာပြီးနောက် နယူးယော့ခ်မြို့အာဏာပိုင်များက ရေဒီယိုစကားပြောစက်တပ်ဆင်ထားသည့် ရဲကားများဖြင့် နယ်မြေကင်းလှည့်မည့်အစီအစဉ်ကို စတင်ခဲ့ကြခြင်းဖြစ်သည်။ အမေရိကန်ရဲတပ်ဖွဲ့အနေဖြင့် ကားခိုးမှု၊ လူပျောက်မှုစသည်တို့တွင် ရေဒီယိုစကားပြောစက်များဖြင့် အပြန်အလှန်ဆက်သွယ်နေပြီဖြစ်သော်လည်း ကားထဲ၌စကားပြောစက်တပ်ဆင်ပြီး ကင်းလှည့်သည့်ကိစ္စမှာ လုံးဝအသစ်အဆန်းဖြစ်သလို အလှည့်အပြောင်းတစ်ရပ်လည်း ဖြစ်လာခဲ့တော့သည်။ အမေရိကန်တရားဥပဒေစိုးမိုးရေးတွင် ခေတ်အဆက်ဆက်ပါဝင်အသုံးတော်ခံခဲ့ကြသော ရဲကားများမှာ အောက်ပါအတိုင်းဖြစ်သည်။

Chrysler Enforcer

1960 ပြည့်လွန်နှစ်များတွင် ရဲကားအင်္ဂါရပ်အစုံအလင်နဲ့ပွဲထွက်လာခဲ့သောကားတစ်စီးမှာ Newport Sedan အမည်ဖြင့် Chrysler မှ ထုတ်လုပ်လိုက်သော တံခါး ၄ ပေါက်ကားတစ်စီးပင်။ Chrysler Police Package ဟုခေါ်သော ရဲကားအသုံးအဆောင်များတွင် အဓိကကျသော ပါဝါစတီယာရင်နှင့် Drum Brakes များလည်း ပါဝင်လာခဲ့ကြသည်။ အသုံးပြုထားသည့်အင်ဂျင်ကတော့ ၅ ဒသမ ၉ လီတာ V8 အင်ဂျင်ဖြစ်ပြီး မြင်းကောင်ရေ 256 hp ထုတ်လုပ်ပေးနိုင်စွမ်းရှိလေသည်။ နောက်ယက်ကားအမျိုးအစားဖြစ်သော Newport Sedan ၏အမြင့်ဆုံးမြန်နှုန်းက တစ်နာရီကိုမိုင် ၁၃၀ နှုန်းဟုသိရသည်။

Dodge Monaco

၁၉၇၉ ပြည့်နှစ်တွင် အမေရိကန်၌အသုံးပြုနေသည့် ရဲကားများမှာ Chrysler မှ ထုတ်လုပ်သောကားများသာဖြစ်၏။ အထူးသဖြင့် Chrysler ၏ 7.2 Liter Magnum V8 အင်ဂျင်သုံးထားသည့်မော်တော်ကားများမှာ စွမ်းဆောင်ရည်မြင့်မားလှပြီး လမ်းမပေါ်က လူဆိုးဖမ်းပွဲများတွင် အသုံးဝင်လှသည်။ သို့သော် အသုံးတည့်သလောက် လောင်စာဆီစားနှုန်းကလည်း မြင့်မားခဲ့လေသည်။ ၁၉၇၀ ပြည့်လွန်နှစ်များတွင် လောင်စာဆီအကျပ်အတည်းပေါ်ပေါက်ပြီး ဆီစားကြမ်းသောအင်ဂျင်များ စျေးကွက်ပျောက်ဆုံးလာခဲ့တော့သည်။ ထိုအချိန်မှစ၍ Monaco ကားများမှာလည်း Dodge အမှတ်တံဆိပ်ဖြင့် နောက်ဆုံးထွက်ရှိခဲ့သော အရွယ်လွန်အင်ဂျင်တပ်ဆင်ထားသည့်ကားများအဖြစ် မှတ်တမ်းဝင်ခဲ့ကြလေသည်။

Ford LTD Crown Victoria

၁၉၇၀ ပြည့်လွန်နှစ်များအရောက်တွင် ဥပဒေသတ်မှတ်ချက်နှင့်အညီ ရဲကားများအဆင့်မမီဖြစ်လာသောအခါ Ford ကုမ္ပဏီက Crown Victoria ဆိုသောမော်ဒယ်သစ်တစ်မျိုး ထုတ်လုပ်မိတ်ဆက်ခဲ့သည်။ စျေးကွက်တွင် Ford LTD Crown Victoria ဟု လူသိများသောအဆိုပါကားများမှာ ရဲအရာရှိများသုံးရန်သင့်တော်သည့်အပြင် Taxi နှင့် အကြိုအပို့ယာဉ်များအဖြစ်အသုံးချရန် ဒီဇိုင်းဆွဲထုတ်လုပ်ထားခြင်းဖြစ်သည်။ ထိုကားနှင့်ခေတ်ပြိုင်ပေါ်ထွက်ခဲ့သော နောက်ထပ်ရဲသုံးကားအမျိုးအစားတစ်စီးကတော့ Chevrolet Impala ပင်ဖြစ်၏ ။ စာဖတ်သူအနေဖြင့် အဆိုပါကားမော်ဒယ်နှစ်မျိုးစလုံးကို အသေးစိတ်လေ့လာလိုပါက ၁၉၇၀ နှင့် ၁၉၈၀ ပြည့်လွန်နှစ်များက ထွက်ရှိခဲ့သောရုပ်ရှင်ဇာတ်ကားများတွင် ပြန်လည်ရှာဖွေကြည့်ရှုရန် တိုက်တွန်းရပေလိမ့်မည်။

Chevrolet Nova

အမေရိကန်ရဲဌာနများအနေဖြင့် စွမ်းဆောင်ရည်ပိုမြင့်မားပြီး အရွယ်အစား‌သေးငယ်ကျစ်လစ်သောကားသစ်များကို ရှာဖွေလာချိန်တွင် Chevrolet Nova မော်ဒယ်များမှာ ရွေးချယ်ရန်အသင့်တော်ဆုံးအမျိုးအစားဖြစ်လာခဲ့ပြန်သည်။ Chevrolet ကုမ္ပဏီအနေဖြင့် 9C1 ဟုအမည်ပေးထားသော Police Package နှင့်အညီ ၎င်းတို့၏ Nova ကားမော်ဒယ်များကို ထုတ်လုပ်ခဲ့ခြင်းလည်းဖြစ်၏။ 9C1 Package တွင် အောက်ပိုင်းတောင့်တင်းစေရန် အရွယ်လွန် Sway bar များ၊ အင်ဂျင်မှ လျှပ်စစ်ဗို့အားပိုမိုထုတ်လုပ်နိုင်မှု၊ ဘီး ၄ ဘီးစလုံးတွင် Disc Brake ပါဝင်မှု၊ သံမဏိဘီးခွေများ၊ ပါဝါစတီယာရင်စနစ်၊ ကိုယ်ထည်တောင့်တင်းမှုနှင့် နှစ်လုံးတွဲအိတ်ဇောပိုက်စသည့်အားသာချက်များ ပါဝင်လာခဲ့သည်။ အသုံးပြုထားသည့်အင်ဂျင်ကတော့ 4.3 Liter L99 V8 အင်ဂျင်ဖြစ်ပြီး မြင်းကောင်ရေ 200 hp ထုတ်လုပ်နိုင်ကြောင်းသိရသည်။

Ford Mustang SSP

California Highway Patrol (CHP) ဆိုသော အမေရိကန်ရဲဌာနခွဲတစ်ခုကတော့ မြန်နှုန်းမြင့်ကားများကို အလိုရှိခဲ့ပြီး ၁၉၇၉ ခုနှစ်ထုတ် Chevrolet Camaro Z28 မော်ဒယ်များကို စတင်အသုံးပြုခဲ့သည်။ ထိုကားများ၏အင်ဂျင်စွမ်းဆောင်ရည်မြင့်မားသည်မှန်သော်လည်း Chevrolet က ရဲအရာရှိများအတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်းမဟုတ်သဖြင့် လိုအပ်ချက်တချို့ကတော့ ရှိနေခဲ့လေသည်။ ယင်းလိုအပ်ချက်များကို Ford ကုမ္ပဏီက ၎င်းတို့၏နာမည်ကျော် Mustang ကားများဖြင့် အစားထိုးဖြည့်ဆည်းနိုင်ခဲ့သည်။ Mustang Special Service Package (Mustang SSP) ဟု အမည်ပေးထားသော ရဲဌာနသုံး Mustang ကားများကို ၁၉၈၂ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပြီး 5.0 Liter အင်ဂျင်၊ စံချိန်ကိုက် Speedometer ၊ ဆူညံသံကင်းဝေးသည့် ကားအတွင်းရေဒီယိုဆက်သွယ်မှုစနစ်စသည့် အားသာချက်များပါဝင်လာခဲ့သည်။ နောက်ပိုင်းထပ်မံထုတ်လုပ်သော Mustang SSP မော်ဒယ်များတွင်မူ မန်နျူရယ်နှင့် အော်တိုဂီယာရွေးချယ်နိုင်ခွင့်လည်း ပါဝင်လာခဲ့ကြောင်းသိရသည်။

Ford Crown Victoria

Ford ကုမ္ပဏီအနေဖြင့် ယခင်ထုတ်လုပ်ခဲ့သော LTD Crown Victoriaမော်ဒယ်အပြင် Dodge Diplomat ၊ Chevrolet Caprice စသည့်ကားများ၏အားသာချက်များကို စုစည်းပြီး ၁၉၈၀ ပြည့်လွန်နှစ်များတွင် Crown Victoria မော်ဒယ်သစ်တစ်မျိုးကို ထပ်မံထုတ်လုပ်ခဲ့သေးသည်။ ယင်းမော်ဒယ်သစ်ကတော့ P71 ဟုအမည်ပေးထားသော Police Package နှင့်အညီထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး အမေရိကတွင်သာမက ကနေဒါအစိုးရ၏ရဲဌာနသုံး လိုအပ်ချက်၊ စည်းကမ်းချက်များနှင့်လည်း ညီညွတ်ကြောင်းသိရသည်။ မော်ဒယ်သစ် Ford Crown Victoria ကားများကို ၂၀၁၁ ခုနှစ်အထိ ဆက်လက်ထုတ်လုပ်ခဲ့ပြီး လက်ရှိအချိန်အထိလည်း အမေရိကန်ရဲအရာရှိများအသုံးပြုနေဆဲဖြစ်ကြသည်။

Chevrolet Tahoe PPV

1996 ခုနှစ်တွင် Caprice မော်ဒယ် ရဲသုံးကားများထုတ်လုပ်မှုကို Chevrolet ကရပ်ဆိုင်းလိုက်သဖြင့် Police Package ဖြင့်ထုတ်သောကားစျေးကွက်တွင် Ford ကုမ္ပဏီတစ်ခုတည်းကသာ ဆက်လက်မင်းမူခဲ့ပြန်သည်။ သို့သော် သိပ်မကြာမီတွင် Chevrolet က Tahoe ဟု အမည်ပေးထားသော V8 အင်ဂျင်သုံးနောက်ယက်ကားမော်ဒယ်သစ်ကို ထုတ်လုပ်မိတ်ဆက်လိုက်ပြန်သည်။ ယခုတစ်ကြိမ်တွင်တော့ Chevrolet ၏ရဲကားသည် SUV ပုံစံဖြစ်လာခဲ့တော့သည်။ လေးဘီးယက်စနစ်မဟုတ်သော်လည်း Chevrolet Tahoe PPV မော်ဒယ်များမှာ အမေရိကန်ကျေးလက်ဒေသများတွင် အသုံးတည့်သောရဲကားများဖြစ်လာခဲ့လေသည်။

2020 Ford Police Interceptor Utility

ယနေ့ကားစျေးကွက်၌ SUV နှင့် Crossover အမျိုးအစားများ လူကြိုက်များလာသည့်အလျောက် အမေရိကန်ရဲဌာနများကလည်း မြင့်မြင့်မားမားနှင့် ဣန္ဒြေရသည့် SUV များကို ရွေးချယ်လာခဲ့တော့သည်။ ထို့ကြောင့် Ford ကုမ္ပဏီက ၂၀၁၉ ခုနှစ်အစောပိုင်းမှစပြီး Police Interceptor Utility ဟု အမည်ပေးထားသည့် ရဲအရာရှိသုံးကားများထုတ်လုပ်ခဲ့တော့သည်။ နာမည်ကျော် SUV အမျိုးအစားတစ်စီးဖြစ်သည့် Explorer ၏ဒီဇိုင်းကို အခြေခံထုတ်လုပ်ထားသော Ford ၏ ၂၀၂၀ မော်ဒယ် Police Interceptor Utility ကားများတွင် 3.3 Liter Duratec V6 အင်ဂျင်ကိုအသုံးပြုထားပြီး လျှပ်စစ်မော်တာတွဲဖက်ပါဝင်သည့် Hybrid Drivetrain အမျိုးအစားလည်းရရှိနိုင်မည်ဖြစ်သည်။

F-150 Police Responder

ယခုနောက်ဆုံးဖော်ပြမည့် အမေရိကန်ရဲကားတစ်စီးကတော့ Ford မှထုတ်လုပ်သည့် Pickup အမျိုးအစားပင်ဖြစ်၏ ။  F-150 Police Responder ဟုအမည်ပေးထားသော အဆိုပါကားမှာ သာမန် Pickup Truck တစ်စီးမဟုတ်ဘဲ ရဲအရာရှိများ၏လုပ်ငန်းလိုအပ်ချက်၊ လမ်းကြမ်းမောင်းရန်သင့်တော်သည့် အားသာချက်များပါဝင်လာခဲ့သည်ကိုတွေ့ရလေသည်။ သို့ရာတွင် ဆီစားနှုန်းသက်သာစေရန်အတွက် 3.5 Liter EcoBoost V6 တာဘိုနှစ်လုံးတွဲအင်ဂျင်ကိုအသုံးပြုထားပြီး မြင်းကောင်ရေ 375 hp ထုတ်လုပ်ပေးနိုင်ကြောင်း သိရသည်။

Ref: History Of American Police Cars by carbuzz

Author