Mr.Bean နှင့် သူ၏ကားများ

0

Full article

Mr. Bean အကြောင်းကို ပရိသတ်များအား အထူးမိတ်ဆက်ပေးရန်လိုမည်မထင်ပေ။ သို့သော်ဟာသမင်းသားကြီး Rowan Atkinson ၏ ကားများအကြောင်းကိုတော့ သီးခြားဖော်ပြရန်လိုအပ်ပါလိမ့်မည်။ ဗြိတိန်ဟာသသရုပ်ဆောင်မင်းသားကြီး Rowan Atkinson သည် Mr. Bean ဆိုသော ဟာသဇာတ်ရုပ်ကို ကိုယ်စားပြုထားသလို Johnny English ဇာတ်ကားများဖြင့်လည်း အောင်မြင်မှုရယူနိုင်ခဲ့သူဖြစ်သည်။ သို့သော် Rowan Atkinson မှာ ရယ်စရာကောင်းသော ဟာသပညာရှင်တစ်ဦးသာမဟုတ်ဘဲ မော်တော်ကားများကိုနှစ်သက်စွဲလမ်းသည့် ကားဝါသနာရှင်တစ်ဦးလည်း ဖြစ်နေပြန်သည်။ အောင်မြင်သည့် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးပီပီ ၎င်း၏ကြွယ်ဝချမ်းသာမှုတန်ဖိုးမှာလည်း ၂၀၁၈ ခုနှစ်က စစ်တမ်းအရ ဒေါ်လာသန်း ၁၀၀ ကျော် ရှိကြောင်းသိရသည်။ သို့ဖြစ်ရာ သူ၏ကားဂိုထောင်အတွင်းမှာလည်း စိတ်ဝင်စားဖွယ်ရာကားအချို့ကို တွေ့မြင်ရဖို့ရှိနေလေသည်။
အချို့သောကားများမှာ Rowan Atkinson အဖြစ် လက်တွေ့ဘဝတွင် စီးနင်းမောင်းနှင်သောကားများဖြစ်ပြီး အချို့ကားတွေကတော့ Mr. Bean နှင့် Johnny English ဇာတ်ကောင်းများအဖြစ် ပိတ်ကားပေါ်တွင် စီးနင်းခဲ့သောကားများဖြစ်၏။


Rowan Atkinson ၏ ဂန္ထဝင် BMW


ဂန္ထဝင်ဟာသမင်းသားကြီး အစောဆုံးစီးနင်းခဲ့သောကားမှာ ၁၉၃၉ ခုနှစ်ထုတ် BMW 328 မော်ဒယ်ပြိုင်ကားတစ်စင်းပင်ဖြစ်၏။ BMW ၏ နာမည်ကျော်ဒီဇိုင်နာကြီး Fritz Fiedler ကိုယ်တိုင်ပုံစံထုတ်ခဲ့သော 328 မော်ဒယ်မှာ ထိုခေတ်အခါက စတိုင်ကျလှပသလို လေခွင်းအားပိုကောင်းစေသည့်ကိုယ်ထည်ကိုလည်း ပိုင်ဆိုင်ခဲ့သည်။ တပ်ဆင်ထားသည့်အင်ဂျင်က တစ်နာရီ ၉၃ မိုင်နှုန်းမောင်းနှင်နိုင်သည့် မြင်းကောင်ရေ ၉၀ အားရှိကြောင်းသိရသည်။ မင်းသားကြီး Atkinson သည် ယင်းကားကို ၂၀၁၆ ခုနှစ်က လေလံပွဲတစ်ခုတွင် ဒေါ်လာ ၅ သိန်းခွဲနှင့် ရောင်းထုတ်ခဲ့ပြီး  ပိုခေတ်မီသည့် BMW i3 အမျိုးအစားကားတစ်စီးကိုပြန်လည်ဝယ်ယူခဲ့သည်။ ပြောရလျင် Atkinson မှာ ပြင်ပလက်တွေ့ဘဝတွင် BMW ကားများကို နှစ်သက်သူဟုဆိုနိုင်လေသည်။


Rowan Atkinson ၏ Aston Martin Vantage


ဗြိတိန်မော်တော်ကားဈေးကွက်၏ ဂုဏ်ယူဖွယ်ရာအမှတ်တံဆိပ်ဖြစ်သည့် Aston Martin သည်လည်း Rowan Atkinson အနှစ်သက်ဆုံးကားအမျိုးအစားပင်ဖြစ်၏။ Atkinson အနေဖြင့် လူငယ်ဘဝမှာကတည်းက ၁၉၈၁ မော်ဒယ် နီညိုရောင် Aston Martin V8 Vantage ကားတစ်စီးဝယ်ခဲ့ဖူးကြောင်းသိရသည်။ ထိုကားတွင် မြင်းကောင်ရေ 389 HP ထုတ်ပေးနိုင်သည့် 5.3 Liter အင်ဂျင်တပ်ဆင်ထားပြီး တစ်နာရီကို မိုင် ၁၇၀ အထိ အရှိန်မြှင့်မောင်းနှင်နိုင်စွမ်းရှိကြောင်းလည်း သိရသည်။ လက်ရှိအချိန်မှာတော့ ၁၉၈၁ မော်ဒယ် Aston Martin V8 Vantage အမျိုးအစားဟာ ဗြိတိန်၏ ရှေးအကျဆုံးစူပါကားများစာရင်းတွင်ပါဝင်ပြီး အကြမ်းဖျင်းဈေးနှုန်းက ဒေါ်လာ ၁၈၀,၀၀၀ ရှိကြောင်း သိရလေသည်။


Johnny English ၏ Rolls Royce


ယခုဖော်ပြမည့်ကားကတော့ ဒုတိယမြောက် Johnny English ဇာတ်ကားဖြစ်သည့် Johnny English Reborn တွင် မင်းသားကြီး Atkinson စီးနင်းအသုံးပြုခဲ့သည့် Rolls Royce အမျိုးအစားနှစ်ယောက်စီးပြိုင်ကားပင်ဖြစ်၏။ တန်ဖိုးကြီးမားလှသည့် အကောင်းစားဇိမ်ခံကားများကိုသာ ထုတ်လုပ်လေ့ရှိသည့် Rolls Royce ကုမ္ပဏီအနေဖြင့် ပေါ့ပါးသွက်လက်သည့်နှစ်ယောက်စီး Coupe အမျိုးအစားပြိုင်ကားကို ထုတ်လုပ်သည်ဆိုခြင်းမှာ အံ့အားသင့်ဖွယ်ဖြစ်ကောင်းဖြစ်ပါလိမ့်မည်။ သို့သော် ယခုကားကိုမူ Rolls  Royce က အထူးထုတ်လုပ်ပေးထားပြီး 9 Liter V16 အင်ဂျင်ကိုလည်း စမ်းသပ်တပ်ဆင်ပေးထားသေးသည်။


Rowan Atkinson ၏ McLaren F1


ဟာသသရုပ်ဆောင် Rowan Atkinson ၏ ကားဂိုထောင်အတွင်းမှ စိတ်ဝင်စားဖွယ်ကောင်းသည့် တခြားတန်ဖိုးကြီးမော်တော်ကားတစ်စီးကတော့ မြန်နှုန်းမြင့် McLaren F1 အမျိုးအစားပြိုင်ကားတစ်စီးပင်ဖြစ်သည်။ ထိုကား၏အင်ဂျင်မှာ မြင်းကောင်ရေ 627 HP ထုတ်လုပ်ပေးနိုင်သော V12 အင်ဂျင်အမျိုးအစားဖြစ်ပြီး အမြင့်ဆုံးမြန်နှုန်း တစ်နာရီလျှင် မိုင် ၂၄၀ နှုန်းအထိ မောင်းနှင်နိုင်ကြောင်းသိရသည်။ ထို့အပြင် အချိန် ၃ ဒသမ ၄ စက္ကန့်အတွင်းမှာပင် တစ်နာရီမိုင် ၆၀ နှုန်းအထိ အရှိန်မြှင့်တင်နိုင်သေးရာ မင်းသားကြီး Atkinson မှာ ယင်းကားဖြင့် မတော်တဆမှု ၂ ကြိမ်ဖြစ်ပွားခဲ့ခြင်းက ထူးဆန်းသည်ဟုမဆိုနိုင်ပေ။ သို့ရာတွင် ယာဉ်တိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများကို ပြန်လည်ပြုပြင်ရာတွင် ဒေါ်လာ ၁ ဒသမ ၃၅ သန်းအထိ ကုန်ကျခဲ့သောကြောင့် Atkinson က စိတ်ပျက်ပြီး ထိုကားကို ဒေါ်လာ ၁၂ သန်းဖြင့် ရောင်းထုတ်လိုက်တော့သည်။


ဂန္ထဝင် Mr. Bean ကား


ယခုနောက်ဆုံးဖော်ပြမည့်ကားကတော့ ဝက်ဝက်ကွဲအောင်မြင်ခဲ့သည့် Mr. Bean ဟာသဇာတ်လမ်းတိုများတွင် ပါဝင်အသုံးတော်ခံခဲ့သော အစိမ်းရောင်ကားငယ်လေးပင်ဖြစ်တော့သည်။ ပရိသတ်များအနေဖြင့်လည်း အဆိုပါကားငယ်လေးကို Mr.Bean ဇာတ်ကောင်နှင့်ယှဉ်တွဲမှတ်မိနေကြမည်ဖြစ်ရာ ယင်းကားကို Mr. Bean Car ဟုပင် အမည်ပေးရပေလိမ့်မည်။ မှတ်တမ်းများအရ Mr. Bean ဇာတ်လမ်းတွဲများတွင် ပုံစံတူကားငယ် ၆ စီးခန့်ကို ပြောင်းလဲရိုက်ကူးခဲ့ပြီး အဆိုပါကားအားလုံးမှာ ဗြိတိန်အခြေစိုက် Mini ကုမ္ပဏီမှထုတ်လုပ်သော ကားများသာဖြစ်လေသည်။ Mini ကားများဖြင့် Mr.Bean ၏ နာမည်ကျော်သရုပ်ဆောင်ကွက်များမှာ ကားတံခါးကို သော့ခလောက်ဖြင့်ခတ်ပုံများ၊ ကားခေါင်းမိုးပေါ်မှနေ၍ စတီယာရင်တိုင်၊ လီဗာ၊ ဘရိတ်တို့ကို ထိန်းချုပ်မောင်းနှင်ပုံများဟုဆိုလျင် မှားမည်မထင်ပါ။ မည်သို့ပင်ဖြစ်စေ၊ အဆိုပါအစိမ်းရောင်ကားလေးသည် Mr.Bean ဇာတ်လမ်းတွဲများ၏အဓိကကျသောအစိတ်အပိုင်းဖြစ်ခဲ့သလို မင်းသားကြီး Atkinson ၏ အောင်မြင်မှုကို အထောက်အပံ့ဖြစ်ခဲ့သည်ဟုလည်း ဆိုရပါလိမ့်မည်။

Ref : Rowan Atkinson Cars: What Cars Has Mr. Bean Driven On And Off The Big Screen by Madi McLellan

စာရေးသူ: ကိုဆွဲ (မုံရွာ)

Author

Comments