မော်တော်ကားများနဲ့ ကျွန်တော့်ဘဝ (ဗြိတိန်လက်ဝှေ့ချန်ပီယံ ခရစ်ယူဘန့်ဂျူနီယာ)

0

Full article

မော်တော်ကားနဲ့ပတ်သက်ပြီး ကျွန်တော့်အမြဲတမ်းမှတ်မိနေတဲ့အဖြစ်အပျက်က ကျွန်တော့်အဖေရဲ့ ပီတာဘစ်လော်ရီကားကြီးကိုယူပြီး ဘရိုက်တန်မြို့က စာသင်ကျောင်းကိုမောင်းသွားခဲ့တာပဲ။ အဲဒီမှာ ထူးခြားတဲ့ကားတွေအပေါ် လူတွေရဲ့တုန့်ပြန်မှုကို စပြီးသတိထားမိခဲ့တာပေါ့။ ဒီလိုကားမျိုးတွေက လူတွေကို စိတ်ဝင်တစားငေးမောကြည့်ရှုစေနိုင်တဲ့အရှိန်အဝါမျိုးရှိတယ်ဆိုတာလည်း သိလာခဲ့တယ်လေ။
ကျွန်တော့်ကိုယ်ပိုင်ငွေနဲ့ဝယ်ခဲ့တဲ့ပထမဆုံးကားကတော့ ၂၀၀၆ မော်ဒယ် ပွန်တီယက်ဂရင်းပရီအမျိုးအစားဗျ။ ဆယ်ကျော်သက်ဘဝကိုဖြတ်သန်းခဲ့ရတဲ့ လတ်စ်ဗီးဂတ်မြို့မှာပဲ ဝယ်ခဲ့တာပါ။ ဒီကားရဲ့မှန်ပေါက်တွေကို အမည်းရောင်ပြောင်းလိုက်ပြီး အနားကွပ်တွေလည်း တပ်ပစ်လိုက်တယ်။ အဲဒီအချိန်တုန်းကတော့ စတိုင်ကျခဲ့တာပေါ့ဗျာ။ ပြီးတော့ တပ်လို့ရနိုင်သမျှ အကြီးဆုံးဘီးခွေတွေလည်း ရှာတပ်လိုက်သေးတယ်။ ဒါက အမေရိကန်တွေလုပ်လေ့ရှိတဲ့ ပြင်ဆင်မွမ်းမံမှုမျိုးပါ။ တကယ်တမ်းတော့ ထူးထူးခြားခြားပိုမိုက်သွားတာမျိုးမဟုတ်ပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ်လေ။ ပထမဆုံးပိုင်ခဲ့တဲ့ကားဆိုတော့ ကျွန်တော့်အတွက် အဓိပ္ပာယ်တွေအများကြီးရှိခဲ့ပါတယ်။ အသက်ကလည်း ၁၇ နှစ်ပဲရှိသေးပြီး ကားမောင်းရတာပျော်ဖို့အကောင်းဆုံးအချိန်ကာလတွေပါပဲ။ တခြားသူတွေကတော့ ‘’ဒီကောင်လေး ဘာတွေအရူးထပြန်တာလည်းမသိဘူး’’ ဆိုတဲ့အကြည့်တွေနဲ့ပေါ့။ အဲဒီနောက်ပိုင်းမှာတော့ နှစ်အနည်းငယ်ကြာတဲ့အထိ ကျွန်တော်ကားမမောင်းဖြစ်တော့ဘူး။
အင်္ဂလန်ပြန်ရောက်ချိန်မှာတော့ Range Rover တစ်စီး စပြီးဝယ်ခဲ့တယ်။ ဆက်တိုက်ဆိုသလိုပဲ BMW i8၊ Ferrari 488၊ Lamborghini Huracan နဲ့ Bentley Continental GT တို့လို အမိုက်စားပြိုင်ကားတွေကိုလည်း တစ်စီးပြီးတစ်စီးထပ်ဝယ်ဖြစ်ခဲ့တယ်။ လူတွေရဲ့မျက်လုံးထဲမှာ ထူးထူးခြားခြားသတိထားမိတဲ့ကားမျိုးမဟုတ်ရင် ကျွန်တော်က မကြိုက်ဘူးဗျ။ Range Rover ဆိုရင်လည်း နက်မှောင်ပြောင်လက်နေတဲ့ကိုယ်ထည်ဆေးသားမျိုးပိုင်ဆိုင်ထားတယ်။ Bentley ဆိုရင်လည်း ဂျာမနီနာမည်ကြီးကုမ္ပဏီ Mansory က အထူးထပ်မံမွမ်းမံပေးတဲ့ကား …။ GT3 ပြိုင်ကားတွေလိုပဲ အရမ်းမိုက်တဲ့ကားမျိုးဗျ။
လွန်ခဲ့တဲ့တစ်လ၊ နှစ်လလောက်ကတော့ Mclaren 720S တစ်စီးကိုဝယ်ပြီး ဂျာမနီမှာရှိတဲ့ Mansory ကုမ္ပဏီကိုပို့ပြီး မွမ်းမံပြင်ဆင်ခိုင်းလိုက်တယ်။ အခုတော့ အရင် Mclaren နဲ့ ဘာမှကိုမဆိုင်တော့ဘူးပေါ့။ လူတော်တော်များများကလည်း ဒီကားကို Mclaren မှန်းမသိကြလို့ ဘာအမျိုးအစားလဲဆိုပြီး ခဏခဏမေးကြတယ်လေ။ ကျွန်တော်ကလည်း ကိုယ်ထည်ဆေးသားအရောင်၊ အတွင်းပိုင်းထိုင်ခုံဒီဇိုင်းတွေအပြင် အိတ်ဇောပိုက်ကိုပါ ပြောင်းပစ်ခဲ့တာကိုးဗျ။ ကျွန်တော်မောင်းဖူးတဲ့ကားတွေထဲမှာတော့ အသံအကျယ်ဆုံးပေါ့လေ။ မြန်တာကလည်း လွှတ်မြန်တာဗျ။ မြင်းကောင်ရေ ၇၅၅ ကောင်အားကိုး …။
ကျွန်တော့်ရဲ့ Bentley ကားလေးကို ကြိုက်ပေမယ့် Mclaren က ကျွန်တော်ပိုင်ဆိုင်ဖူးတဲ့ကားတွေထဲမှာ မောင်းလို့အကောင်းဆုံးပဲဗျာ။ နောက်ပိုင်းမှာ ဘယ်ကိုသွားသွား၊ ဒီကားနဲ့ပဲသွားဖြစ်တော့တယ်။ လမ်းဘေးချရပ်ပြီး ဈေးဝယ်ရင်တော့ ကားပေါ်ကနေ အသာလေးခုန်ဆင်းလိုက်ရုံပဲ …မဟုတ်ဘူးလား? ကျွန်တော့်ဘော်ဒါတွေထဲမှာလည်း Mclaren လို အရမ်းမိုက်တဲ့ပြိုင်ကားမျိုး ပိုင်ဆိုင်သူတွေရှိပါတယ်။ ဒါပေမဲ့ ဒီကောင်တွေက တစ်လမှာ တစ်ကြိမ်လောက်ပဲ ကားကိုထုတ်မောင်းပြီး ကျန်တဲ့အချိန်တွေမှာတော့ ကားဂိုဒေါင်ထဲမှာပဲ သိမ်းထားတတ်ကြတယ်။ ကျွန်တော်ဖြင့် နားကိုမလည်နိုင်ဘူးဗျာ။ ကားတစ်စီးအတွက် ငွေတွေတစ်ပုံတစ်ပင်သုံးပြီးမှတော့ ကိုယ်တိုင်ထုတ်မောင်းသင့်သလို တခြားသူတွေကိုလည်း ငေးမောအားကျဖို့ ခွင့်ပြုပေးသင့်ပါတယ်လေ။ တချို့လူတွေကျတော့ ကိုယ့်ကားရဲ့မိုင်နှုန်းပြဒိုင်ခွက်ထဲမှာ ကီလိုတက်လာပြီး ပြန်ရောင်းတဲ့အခါ ဈေးကောင်းမရမှာကို စိုးရိမ်ကြတာတွေ့ရတယ်။ ကျွန်တော့်ခံယူချက်ကတော့ ရှင်းတယ်။ ကားဝယ်တယ်ဆိုတာ မောင်းပြီးပျော်ရွှင်မှုကိုခံစားဖို့ပဲ။
လွန်ခဲ့တဲ့သီတင်းပတ်မှာတော့ အင်္ဂလန်ရဲ့နာမည်ကျော်ကားမောင်းပြိုင်ပွဲတစ်ခုဖြစ်တဲ့ Goodwood Festival of Speed ကို ပထမဆုံးအကြိမ်အဖြစ် ရောက်သွားခဲ့တယ်။ ကျွန်တော့်ရဲ့ Mclaren GT ကားသစ်လေးနဲ့ပေါ့။ ဒီကားဟာ လူတွေရဲ့စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်တယ်ဆိုတာတော့ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ပြိုင်ပွဲကိုရောက်တော့ ကျွန်တော့်ကားကို လာကြည့်တဲ့လူတွေကြောင့် ရုတ်ရုတ်သဲသဲတောင်ဖြစ်သွားတယ်။ တစ်ယောက်ကဆိုရင် ကားတစ်စီးလုံးကို အသေးစိတ်စပ်စုပြီး ဗီဒီယိုတောင် ရိုက်သွားသေးတယ်ဗျာ။
Goodwood ကိုသွားတဲ့လမ်းမှာ Batman ဇာတ်ကားထဲက လင်းနို့လူသားစီးတဲ့ကားမျိုးလည်း တွေ့ခဲ့တယ်။ တစ်နေရာရောက်တော့ အဲဒီကားထဲက ကားမောင်းသူနဲ့ သူ့အဖေါ်တွေထွက်လာပြီး ကျွန်တော့်ရဲ့ Mclaren ကားနဲ့တွဲပြီး ဓာတ်ပုံလာရိုက်ကြတယ်။ ကျွန်တော့်အတွက်တော့ ဂုဏ်ယူဝင့်ကြွားဖို့ ကောင်းတဲ့အချိန်လေးပေါ့ဗျာ …။


Ref : My Life in Cars : Chris Eubank Jr. by TopGear

ခရစ်ယူဘန့်ဂျူနီယာ သည် ဗြိတိန်ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားဖြစ်ပြီး IBO စူပါမစ်ဒယ်ဝိတ်ချန်ပီယံဘွဲ့ကို ယခုနှစ်ဖေဖော်ဝါရီလကတည်းက သိမ်းပိုက်ထားနိုင်ခဲ့သူဖြစ်သည်။ ခရစ်ယူဘန့်ဂျူနီယာမှာ ဝင်ငွေကောင်းသောလက်ဝှေ့သမားတစ်ဦးပီပီ တန်ဖိုးကြီးပြိုင်ကားများကို နှစ်သက်တတ်သူလည်းဖြစ်သည်။

မြန်မာပြန် - ကိုဆွဲ (မုံရွာ)

Author