ဥရောပရဲ့အကောင်းဆုံးဇိမ်ခံကားတွေကို ကင်ဂျုံအန် ဘယ်လိုဝယ်ယူရရှိခဲ့တာလဲ?

0

Full article

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့လတ်တလောနိုင်ငံတကာခရီးစဉ်တွေမှာ ပါဝင်အသုံးတော်ခံခဲ့တဲ့အထူးဇိမ်ခံကားဟာ ဥရောပရဲ့နာမည်ကျော် Mercedes-Benz အမျိုးအစားဖြစ်နေတာကို အံ့အားသင့်ဖွယ်တွေ့ရှိရပါတယ်။ အထူးသဖြင့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံခဲ့တဲ့ စင်ကာပူနဲ့ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွေမှာ သက်တော်စောင့်တွေအများအပြားခြံရံလိုက်ပါလေ့ရှိတဲ့ ကင်ဂျုံအန်ရဲ့မာစီဒီးကားကြီးကိုတွေ့ခဲ့ရသလို မကြာသေးခင်က ရုရှားနိုင်ငံမှာ သမ္မတဗလာဒီမာပူတင်နဲ့သွားရောက်တွေ့ဆုံရာမှာလည်း ခေါင်းဆောင်ကင်ဟာ ကျည်ဆံကာကွယ်နိုင်တဲ့ မာစီဒီးအမျိုးအစား အထူးဇိမ်ခံကားကြီးကို အသုံးပြုစီးနင်းခဲ့ပါတယ်။ သတင်းတွေအရလည်း ကင်ဂျုံအန်ဟာ လက်ရှိအချိန်မှာ Mercedes-Benz အမှတ်တံဆိပ်တွေဖြစ်တဲ့ Maybach S62 နဲ့ Maybach S600 Pullman Guard အမျိုးအစားကားတွေကို စီးနင်းအသုံးပြုနေကြောင်း သိရပါတယ်။ လွန်ခဲ့တဲ့နှစ်၊ အောက်တိုဘာလက ပြုံယမ်းမြို့တော်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမိုက်ပွန်ပီယို ရောက်ရှိလာခဲ့ရာမှာတော့ ခေါင်းဆောင်ကင်က Rolls-Royce Phantom အမျိုးအစားဇိမ်ခံကားနဲ့ လာရောက်ကြိုဆိုခဲ့တာကို တွေ့ရပါတယ်။ ဒီကားတွေဟာ ဒေါ်လာ ၅ သိန်းကနေ ၁ ဒသမ ၆ သန်းအထိ တန်ကြေးရှိတဲ့ဥရောပထုတ်ကုန်တွေဖြစ်နေပြီး မြောက်ကိုရီးယားအစိုးရဟာ တင်းကျပ်တဲ့စီးပွားရေးပိတ်ဆို့မှုတွေကြုံတွေ့နေတဲ့ကြားက ဒီလောက်ကောင်းတဲ့ဇိမ်ခံကားတွေကို ဘယ်လိုများသွင်းယူခဲ့သလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။


ကမ္ဘာ့မှောင်ခိုဈေးကွက်ရဲ့ကွန်ရက်တွေကို လေ့လာနေတဲ့ ဝါရှင်တန်အခြေစိုက် Center for Advanced Defense Studies အုပ်စုရဲ့သုတေသနရလဒ်နဲ့ New York Times သတင်းစာတို့ရဲ့လေ့လာဖော်ထုတ်မှုအရ ဥရောပရဲ့အကောင်းစားဇိမ်ခံပစ္စည်းထုတ်ကုန်တွေဟာ အဆင့်ဆင့်ပြောင်းလဲသယ်ဆောင်တဲ့၊ ရှုပ်ထွေးတဲ့သင်္ဘောလမ်းကြောင်း၊ စီးပွားရေးကုမ္ပဏီတချို့ရဲ့ဖုံးကွယ်ပေးမှုတွေကြောင့် မြောက်ကိုရီးယားနိုင်ငံကို ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ ၂၀၀၆ ခုနှစ်ကတည်းက နိုင်ငံတကာရဲ့ဇိမ်ခံပစ္စည်းတွေတင်သွင်းမှုပိတ်ပင်ခံထားရတဲ့နိုင်ငံဖြစ်ပြီး ခေါင်းဆောင်ကင်ကတော့ တန်ဖိုးကြီးဇိမ်ခံကားတွေကို စီးနင်းအသုံးပြုခွင့်ရနေပါတယ်။ ဒါပေမဲ့ ၂၀၁၅ ကနေ ၂၀၁၇ ခုနှစ်အတွင်းမှာတော့ ကမ္ဘာ့နိုင်ငံပေါင်း ၉၀ ခန့်ဟာ မြောက်ကိုရီးယားကို ဇိမ်ခံပစ္စည်းတင်သွင်းတဲ့အရင်းအမြစ်တွေဖြစ်လာတယ်လို့ Center for Advanced Defense Studies အဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်။ ဒါတင်မကသေးဘဲ ပစ္စည်းသယ်ယူပို့ဆောင်မှုအတွက် တာဝန်ယူခဲ့တဲ့စီးပွားရေးကုမ္ပဏီတွေဆိုရင်လည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်တွေဖြစ်တဲ့ တရုတ်၊ ရုရှားနဲ့တောင်ကိုရီးယားနိုင်ငံတွေမှာ အခြေစိုက်နေကြတာကိုတွေ့ရပါတယ်။
လွန်ခဲ့တဲ့သီတင်းပတ်က New York Times သတင်းစာမှာတော့ Mercedes Maybach S600 အမျိုးအစားဆီဒင်ကားကြီးတွေ မြောက်ကိုရီးယားကိုရောက်ရှိတင်သွင်းလာတဲ့ လျှို့ဝှက်လမ်းကြောင်းအဆင့်ဆင့်ကို အနီးစပ်ဆုံးဖော်ပြသွားခဲ့တာကို တွေ့ရပါတယ်။ ဒီလမ်းကြောင်းတွေဟာ သက်ဆိုင်ရာစီးပွားရေးကုမ္ပဏီတွေထံက နှိုက်ထုတ်လို့ရတဲ့အချက်အလက်တွေ၊ ကုန်သင်္ဘောတင်ပို့မှုမှတ်တမ်းနဲ့ ဂြိုဟ်တုပုံရိပ်တွေကနေ ပေါင်းစပ်ရရှိတဲ့အနီးစပ်ဆုံးလမ်းကြောင်းတွေပဲဖြစ်ပါတယ်။


နယ်သာလန်က ခရီးအစ


တစ်စီးကို ပေါင် ၅ သိန်းတန်ဖိုးရှိတဲ့ မာစီဒီးကား ၂ စီးကို သယ်ဆောင်လာတဲ့ကုန်သင်္ဘော ၂ စီးဟာ ၂၀၁၈ ခုနှစ်၊ ဇွန်လမှာ နယ်သာလန်နိုင်ငံရဲ့ ရော့တာဒမ်ဆိပ်ကမ်းကနေ စတင်ထွက်ခွာခဲ့ပါတယ်။ ဒီသင်္ဘောတွေဟာ China COSCO ကုမ္ပဏီပိုင်သင်္ဘောတွေဖြစ်ပြီး ကားတွေမှာယူတဲ့တစ်ဖက်ကုမ္ပဏီအကြောင်းကိုတော့ တိတိကျကျမသိခဲ့ရပါဘူး။ Mercedes ကိုပိုင်ဆိုင်တဲ့  Daimler ကုမ္ပဏီဟာ စီးပွားရေးပိတ်ဆို့ခံထားရတဲ့နိုင်ငံတွေကို ရှောင်ရှားနိုင်ဖို့အတွက် ဝယ်လက်ရဲ့နောက်ခံအခြေအနေကို စုံစမ်းလေ့ရှိပေမယ့် မြောက်ကိုရီးယားက လျှို့ဝှက်မှာယူတယ်ဆိုတာ မသိရှိခဲ့ပါဘူး။ ဒီကားတွေဟာ ပင်လယ်ထဲမှာ ၄၁ ရက်ကြာဖြတ်သန်းပြီး ဇူလိုင်လ ၃၁ ရက်နေ့မှာတော့ တရုတ်နိုင်ငံမြောက်ပိုင်းက ဒါလီယန်မြို့ရဲ့ဆိပ်ကမ်းကို ရောက်ရှိလာခဲ့ပါတယ်။


အရှေ့အာရှတခွင် ဖြတ်သန်းခြင်း


ကင်ဂျုံအန်အတွက် လျှို့ဝှက်မှာယူတဲ့ Mercedes Maybach S600 ကားနှစ်စီးဟာ ဒါလီယန်ဆိပ်ကမ်းမှာ တစ်လနီးပါးကြာရှိနေခဲ့ပြီး သြဂုတ် ၂၆ ရက်နေ့မှာတော့ နောက်သင်္ဘောတစ်စီးနဲ့ ဂျပန်နိုင်ငံ၊ အိုဆာကာမြို့ကို တဆင့်လွှဲပြောင်းတင်ပို့ခံခဲ့ရပါတယ်။ အိုဆာကဆိပ်ကမ်းကနေ နောက်ထပ်ကုန်သင်္ဘောတစ်စီးနဲ့ ထပ်မံတင်ပို့ခဲ့ရာမှာတော့ ၃ ရက်အကြာမှာ တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့ကို ရောက်ရှိလာခဲ့ပြန်ပါတယ်။ ဘူဆန်ကိုရောက်လာတဲ့အချိန်က စက်တင်ဘာလ ၃၀ ရက်နေ့ဖြစ်ပြီး ကုန်သွယ်ရေးစောင့်ကြည့်လေ့လာသူတွေကို မျက်စိလှည့်စား၊ နားလှည့်စားလုပ်ဖို့ အရေးကြီးဆုံးအချိန်ကာလလည်းဖြစ်ပါတယ်။ ဘူဆန်ကိုရောက်ပြီး တစ်ရက်အတွင်းမှာပဲ အဆိုပါကားနှစ်စီးကို DN5505 လို့အမည်ပေးထားတဲ့ကုန်သင်္ဘောတစ်စီးပေါ်ကို လွှဲပြောင်းတင်ဆောင်ခဲ့ပြန်ပါတယ်။ DN5505 ဟာ တိုဂိုနိုင်ငံအလံလွှင့်ထားတဲ့သင်္ဘောဖြစ်ပြီး တရားဝင်ဖော်ပြထားတဲ့ခရီးလမ်းကြောင်းက ရုရှားနိုင်ငံအရှေ့ဖျားက နာခေါ့ကာမြို့ရဲ့ဆိပ်ကမ်းကို သွားရောက်ဖို့ပဲဖြစ်ပါတယ်။ ဒီအချိန်မှာတော့ ကားနှစ်စီးကိုမှာယူသူရဲ့နေရာမှာ Do Young သင်္ဘောကုမ္ပဏီလို့ ဖော်ပြထားပြီး DN5505 ကို ပိုင်ဆိုင်တဲ့ကုမ္ပဏီလည်းဖြစ်ပါတယ်။ Do Young ကုမ္ပဏီပိုင်ရှင်ကတော့ ရုရှားစီးပွားရေးသမား Dani Kazachuk လို့ မထင်မရှားဖော်ပြထားတာကို တွေ့ရပါတယ်။


အောက်တိုဘာ ၁ ရက်နေ့မှာ အကောင်းစားဇိမ်ခံကားနှစ်စီးကို သယ်ဆောင်ပြီး ဘူဆန်ကနေ ထွက်ခွာသွားတဲ့ DN5505 ကုန်သင်္ဘောဟာ ချက်ချင်းဆိုသလို ကိုယ်ရောင်ဖျောက်သွားခဲ့ပြီး ရေဒီယိုအချက်ပြစနစ်ထုတ်လွှတ်ခြင်းလည်းမရှိခဲ့ပါဘူး။ နောက် ၁၈ ရက်အကြာမှာတော့ DN5505 ကမ္ဘာ့ရေကြောင်းအာဏာပိုင်တွေပြန်လည်ရရှိခဲ့ပြီး ဘူဆန်ကိုဦးတည်ပြီးပြန်လာနေခဲ့တာတွေ့ကြရပါတယ်။ အဲဒီအချိန်မှာတော့ ဒီသင်္ဘောပေါ်မှာ ကျောက်မီးသွေးမက်ထရစ်တန်ပေါင်း ၂,၅၈၈ တန်တင်ဆောင်လာတာကို စစ်ဆေးတွေ့ရှိရပါတော့တယ်။


မျက်လှည့်ပြလိုက်တဲ့ DN5505 ကုန်သင်္ဘော


ဒီအတောအတွင်းမှာ DN5505 သင်္ဘောဟာ မြောက်ကိုရီးယားကို တိုက်ရိုက်မောင်းသွားပြီး မာစီးဒီးကားနှစ်စီးချပေးခဲ့တာဖြစ်နိုင်သလို မူလခရီးစဉ်အတိုင်း ရုရှားကိုမောင်းပြီးမှ လေယာဉ်နဲ့မြောက်ကိုရီးယားကို လျှို့ဝှက်ပို့ဆောင်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ အဲဒီနောက် ၄ လအကြာဖြစ်တဲ့ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့မှာတော့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ဟာ DN5505 သင်္ဘောနဲ့ပါသွားတဲ့ မော်ဒယ်တူမာစီဒီးကားသစ်တွေကို စီးနင်းအသုံးပြုနေတာကို တွေ့မြင်ကြရပါတော့တယ်။
ဒီပဟေဠိရဲ့အဓိကဗဟိုချက်ဖြစ်တဲ့ DN5505 သင်္ဘောပိုင်ရှင် ရုရှားလူမျိုး Mr.Kazachuk ကို New York Times က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းရာမှာတော့ ကုမ္ပဏီစီးပွားရေးကိစ္စဖြစ်လို့ လျှို့ဝှက်ထားကြောင်းသာ တုန့်ပြန်သွားခဲ့ပါတယ်။ ၎င်းက

‘’ကျွန်တော့်ကုမ္ပဏီရဲ့စီးပွားရေးကိစ္စပါ။ ဒီကားတွေကို ဘယ်မှာဝယ်ပြီးဘယ်ကိုပြန်ရောင်းခဲ့တယ်ဆိုတာ ပြောဖို့မလိုအပ်ဘူးထင်ပါတယ်’’

လို့တုန့်ပြန်ပြောကြားခဲ့တာပါ။ ယခုနှစ်၊ ဖေဖော်ဝါရီလထဲမှာတော့ တောင်ကိုရီးယားအစိုးရဟာ DN5505 ကုန်သင်္ဘောကို စီးပွားရေးပိတ်ဆို့မှုကို မလိုက်နာတဲ့စွပ်စွဲချက်နဲ့ ဖမ်းဆီးခဲ့ပါတော့တယ်။ ဒါပေမဲ့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ကတော့ မည်းနက်တောက်ပြောင်လှတဲ့ Mercedes အထူးဇိမ်ခံကားတွေကို ပေါ်ပေါ်ထင်ထင်အသုံးပြုရင်း နိုင်ငံတကာပိတ်ဆို့မှုကို စိန်ခေါ်နေဆဲဖြစ်ပါတယ်။

စာရေးသူ : ကိုဆွဲ (မုံရွာ)
Ref: How North Korea’s Leader Gets His Luxury Cars by By Edward Wong and Christoph Koettl

Author

Comments