မေဝဲသာရဲ့အလန်းဆုံးကား ၁၀ စီး

0

Full article

ကမ္ဘာ့လက်ဝှေ့လောကမှာ ဘုရင်တစ်ဆူလိုမင်းမူခဲ့တဲ့ ဖလွိုက်ဒ်မေဝဲသာ ကို မှတ်မိကြဦးမယ်ထင်ပါတယ်။ ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားအဖြစ် ပွဲပေါင်း ၅၀ ထိုးသတ်ခဲ့ရာမှာ ပွဲတိုင်းအနိုင်ရခဲ့တဲ့မေဝဲသာဟာ လက်ဝှေ့ပညာထူးချွန်တာနဲ့အမျှ ဝင်ငွေသိပ်ကောင်းခဲ့သူဖြစ်ပါတယ်။ လက်ရှိအချိန်မှာတောင်သူ့ရဲ့ချမ်းသာကြွယ်ဝမှုဟာ ဒေါ်လာသန်းပေါင်းရာနဲ့ချီပြီး ကျန်နေနိုင်ပါသေးတယ်။ လူချမ်းသာတွေဟာဝါသနာတစ်ခုခုအတွက် သူတို့ရဲ့ငွေတွေကို ပုံအောသုံးစွဲလေ့ရှိကြပါတယ်။ မေဝဲသာကတော့သူ့ရဲ့ဝင်ငွေအများစုကို မော်တော်ကားတွေအတွက် သုံးစွဲခဲ့တာကိုတွေ့ရပါတယ်။


မေဝဲသာရဲ့အဆိုအရ သူပိုင်ဆိုင်ခဲ့တဲ့ကားအရေအတွက်ဟာအစီးပေါင်း ၁၀၀ ကျော်ရှိပါသတဲ့။ သူကြိုက်တဲ့ကားဆိုရင်အမျိုးအစားတစ်ခုတည်းမှာတောင် မော်ဒယ်ခွဲ ၃ လေးစီးလောက် ဝယ်ယူလေ့ရှိပါတယ်။ ပြောသံကြားရတာတော့ မေဝဲသာဟာ လော့စ်အိန်ဂျလိစ်မြို့မှာဆိုရင် အနက်ရောင်ကားတွေချည်းပဲစီးလေ့ရှိပြီး မိုင်ယာမီမြို့မှာတော့ အဖြူရောင်ကားတွေချည်း သီးသန့်အသုံးပြုတတ်တယ်ဆိုပဲ။ မေဝဲသာပိုင်ဆိုင်ထားတဲ့မြောက်များလှစွာသောကားတွေထဲမှာ တန်ဖိုးကြီးတာနဲ့အမျှ သိပ်ကိုကောင်းလွန်းတဲ့ကားတွေလည်း ပါဝင်နေပါတယ်။ အဲဒီအမိုက်စား၊ အလန်းစား ကား (၁၀) စီးကတော့ …

(၁) Bentley Mulsanne


Bentley ကားတွေထဲမှာ ဈေးအကြီးတကာ့အကြီးဆုံးကတော့ Bentley Mulsanne အမျိုးအစားပါပဲ။ Luxury ကားတွေရဲ့အထိမ်းအမှတ်သင်္ကေတတစ်ခုဖြစ်တဲ့ Bentley Mulsanne ဟာ မြင်းကောင်ရေ 505 hp ထုတ်ပေးနိုင်တဲ့ V8 အင်ဂျင်သုံးထားပြီး အလေးချိန်အားဖြင့် ပေါင် ၆,၀၀၀ လောက်ရှိပါတယ်။ အင်ဂျင်ပါဝါကြီးပေမယ့် အလေးချိန်နဲ့ကိုယ်ထည်ဒီဇိုင်းအရ ပြိုင်ကားတစ်စီးမဟုတ်တာတော့လုံးဝသေချာနေပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကလည်း လမ်းမပေါ်မှာ လွင့်မျောနေဖို့မဟုတ်ဘဲ သက်သောင့်သက်သာနဲ့ ဇိမ်ကျကျစီးနင်းနိုင်ဖို့ပဲဖြစ်ပါတယ်။

(၂) Bugatti Veyron


တစ်ချိန်က ကမ္ဘာ့အမြန်ဆုံးပြိုင်ကားဖြစ်ခဲ့ဖူးတဲ့ Bugatti Veyron ဟာလည်း မေဝဲသာရဲ့အကြိုက်ဆုံးကားတွေထဲမှာ ပါဝင်ပါတယ်။ Veyron တစ်စီးရဲ့တန်ဖိုးက ဒေါ်လာ ၁ သန်းကျော်ရှိပြီး မေဝဲသာဆီမှာ ၃ စီးလောက်အထိရှိထားတယ်လို့ သိရပါတယ်။ ဒေါ်လာသန်းနဲ့ချီပြီးပေးရတဲ့ Bugatti Veyron ဟာ မြင်းကောင်ရေ ၁,၀၀၀ အားရှိတဲ့ ဆလင်ဒါ ၁၆ လုံးပါအင်ဂျင်တပ်ဆင်ထားပေမဲ့ ပြင်ပလမ်းမတွေပေါ်မှာ အမြင့်ဆုံးမြန်နှုန်းအထိတင်ဖို့ဆိုတာကတော့ ဘယ်လိုမှမဖြစ်နိုင်တဲ့အနေအထားပါ။

(၃) Ferrari 458 Italia


လမ်းဖြောင့်တွေမှာ ယှဉ်မောင်းရင် Ferrari 458 Italia ရဲ့မြန်နှုန်းဟာ Bugatti Veyron ကို မယှဉ်နိုင်ပါဘူး။ ဒါပေမဲ့ လမ်းချိုးလမ်းကွေ့တွေမှာတော့ Ferrari ရဲ့အားသာချက်တွေက သိသာထင်ရှားလာပါလိမ့်မယ်။ Ferrari 458 Italia ရဲ့ကိုယ်ထည်ဒီဇိုင်းနဲ့တည်ဆောက်ပုံဟာ လေခွင်းအားအပေါ်ဦးစားပေးထားတာကြောင့် အချိုးအကွေ့တွေမှာတည်ငြိမ်မှုကို အပြည့်အဝခံစားနိုင်မှာဖြစ်ပါတယ်။ မေဝဲသာအနေနဲ့ Ferrari 458 Italia ကို ဘယ်လောက်တောင်ကြိုက်သလဲဆိုရင် အမိုးအရှင်(Convertible) အမျိုးအစားကိုတောင် ဝယ်ယူစုဆောင်းထားတယ်လို့ သိရပါတယ်။

(၄) Ferrari 599 GTB Fiorano


ဒီအမျိုးအစားကတော့ Ferrari 458 Italia ထက်တောင်ဈေးကြီးပါသေးတယ်။ 6.0 Liter V12 အင်ဂျင်နဲ့ မြင်းကောင်ရေ 612 hp အားထုတ်လုပ်ပေးနိုင်တဲ့ Ferrri 599 Fiorano ဟာ မန်နျူရယ်ဂီယာအမျိုးအစားနဲ့ထွက်ရှိတဲ့ Ferrari ရဲ့ နောက်ဆုံးထုတ်ကုန်တစ်ခုလည်းဖြစ်ပါတယ်။ ဒီလိုထူးခြားတဲ့အမှတ်တရတွေပိုင်ဆိုင်ထားသလို အင်ဂျင်ပါဝါလည်းသိပ်ကိုမြင့်တဲ့ပြိုင်ကားတစ်စီးဖြစ်နေတာကြောင့် မေဝဲသာရဲ့ကားဂိုထောင်ထဲမှာရောက်နေတာ ထူးဆန်းတယ်လို့မဆိုနိုင်ပါဘူး။

(၅) Ferrari Enzo


လက်ဝှေ့ကျော်မေဝဲသာဟာ Ferrari အမှတ်တံဆိပ်ကိုသိပ်ကြိုက်ပုံရပါတယ်။ ဒါကြောင့်လည်း Ferrari ရဲ့အကောင်းဆုံးထုတ်ကုန်တွေကို မလွတ်တမ်းဝယ်ယူစုဆောင်းထားတာဖြစ်ပါလိမ့်မယ်။ မေဝဲသာပိုင်ဆိုင်တဲ့ တတိယမြောက် Ferrari အမျိုးအစားကတော့ ကုမ္ပဏီတည်ထောင်သူဖခင်ကြီး Enzo Ferrari ရဲ့နာမည်ကိုဂုဏ်ပြုမှည့်ခေါ်ထားတဲ့ Ferrari Enzo အထူးထုတ်ပြိုင်ကားပဲဖြစ်ပါတယ်။ ဒီကားမှာတပ်ဆင်ထားတာက မြင်းကောင်ရေ 651 hp ထုတ်ပေးနိုင်တဲ့ V12 အင်ဂျင်ဖြစ်ပြီးတစ်နာရီမိုင် ၂၂၀ နှုန်းအထိ အမြန်ဆုံးမောင်းနှင်နိုင်တယ်လို့ သိရပါတယ်။

(၆) McLaren 650S


မေဝဲသာကြိုက်နှစ်သက်တဲ့နောက်ထပ်ပြိုင်ကားတစ်စီးကတော့ ဗြိတိန်အခြေစိုက် McLaren ကုမ္ပဏီက ထုတ်လုပ်တဲ့မြန်နှုန်းမြင့်ပြိုင်ကား McLaren 650S ပဲဖြစ်ပါတယ်။ အစောပိုင်းထုတ်လုပ်တဲ့ McLaren F1 ပြိုင်ကားနဲ့ အောင်မြင်မှုရလာတဲ့ကုမ္ပဏီဟာ နောက်ထပ်မတူကွဲပြားတဲ့ကားအမျိုးအစားတစ်စီးဖြစ်တဲ့ MP4-12C ကို ထပ်မံထုတ်လုပ်ခဲ့ပါတယ်။ အဲဒီ MP4-12C ကို အခြေခံပြီးမွမ်းမံထုတ်လုပ်ခဲ့တာကတော့ McLaren 650S ပဲဖြစ်ပါတယ်။ အင်ဂျင်ပါဝါမြင့်မားတာနဲ့အမျှ ပြိုင်ပွဲလမ်းကြောင်းတွေမှာ နာမည်ကြီးတဲ့ကားတစ်စီးဖြစ်ပါတယ်။

(၇) Mercedes-Benz SLS AMG


ဒီနေ့ခေတ်ရဲ့မြန်နှုန်းမြင့်စူပါကားတွေဟာ အင်ဂျင်ပါဝါနဲ့စွမ်းဆောင်ရည်မြင့်မားဖို့ပဲ ဦးစားပေးထားတဲ့ကားတွေဖြစ်ကြပါတယ်။ လေထိုးခွဲအားကောင်းမွန်တဲ့ ကိုယ်ထည်ဒီဇိုင်းမျိုး၊ လမ်းကြောင်းအချိုးအကွေ့တွေမှာ ညက်ညောစေမယ့်နည်းပညာမျိုးမှာတော့ ထူးထူးခြားခြားတိုးတက်လာတာမျိုးမရှိပါဘူး။ ဒီလိုကားတွေထဲက စိတ်တိုင်းကျဖွယ်ရာ ထူးခြားတဲ့ကိုယ်ထည်ဒီဇိုင်းနဲ့ထွက်ရှိလာတဲ့ ပြိုင်ကားတစ်စီးတော့ရှိပါတယ်။ အဲဒါက Mercedes-Benz SLS AMG ပါပဲ။ Mercedes ရဲ့နာမည်ကျော် 300SL မော်ဒယ်ဒီဇိုင်းကိုအခြေခံထားတဲ့ SLS AMG ကားရဲ့တံခါးပေါက်တွေဟာ လေထုပွတ်တိုက်မှုကိုပြပြစ်ချောမွေ့စေမယ့် စင်ရော်တောင်ပံဒီဇိုင်းမျိုးရှိထားပါတယ်။ လက်ရှိအချိန်မှာ Mercedes က SLS AMG ရဲ့နေရာမှာ မော်ဒယ်မြင့်ကားတစ်စီးဖြစ်တဲ့ Mercedes AMG GT ကို အစားထိုးထုတ်လုပ်ခဲ့ပေမယ့် မူလလက်ဟောင်း SLS AMG တွေကတော့ မေဝဲသာအပါအဝင် နယ်ပယ်အသီးသီးကစူပါစတားတွေ ကြိုက်နှစ်သက်ဆဲကားတစ်စီးဖြစ်ပါတယ်။

(၈) Lamborghini Aventador


ကားကောင်းကြိုက်တဲ့မေဝဲသာအနေနဲ့ Lamborghini ကို မဖြစ်မနေရွေးချယ်လိမ့်မယ်ဆိုတာ အားလုံးမျှော်လင့်ကြပြီးသားဖြစ်မှာပါ။ သမိုင်းတလျှောက်ထုတ်လုပ်ခဲ့ဖူးတဲ့ Lamborghini ကားတွေထဲမှာ Aventador မော်ဒယ်အမျိုးအစားဟာနာမည်အကြီးဆုံးနဲ့ အကောင်းဆုံးလို့ပြောစမှတ်ရှိပါတယ်။ ဒီကားဟာဆယ်စုနှစ်တစ်ခုကြာ ရပ်တည်အောင်မြင်ခဲ့တဲ့ Lamborghini Murcielago ကားတွေရဲ့မျိုးဆက်သစ်အဖြစ် ထွက်ပေါ်လာတဲ့အမျိုးအစားဖြစ်ပါတယ်။ ဒီဇိုင်းအသွင်အပြင်ချင်းဆင်တူပေမယ့် Aventador မှာ တပ်ဆင်ထားတဲ့အင်ဂျင်ကတော့ မြင်းကောင်ရေ 700 hp ထုတ်ပေးနိုင်တဲ့ V8 အင်ဂျင်ဖြစ်ပါတယ်။

(၉) Porsche 911 Turbo Cabriolet


မေဝဲသာဟာ ပြိုင်ကားတွေကိုနှစ်သက်မြတ်နိုးပေမယ့် လက်ဝှေ့သမားတစ်ဦးအဖို့ ပြိုင်ကွင်းလမ်းကြောင်းတွေပေါ်မှာ အမြဲတမ်းမောင်းနှင်နေရဖို့မရှိပါဘူး။ ဒါကြောင့် နေ့စဉ်အသုံးပြုနိုင်ဖို့နဲ့ ဝင့်ဝင့်ကြွားကြွားလေးဖြစ်ဖို့အတွက် အသင့်တော်ဆုံးပြိုင်ကားလေးတစ်စီးကိုလည်း ဝယ်ယူခဲ့ပါတယ်။ အဲဒါကတော့ Porsche 911 Turbo Cabriolet အမျိုးအစားပါ။ ဂျာမန်နည်းပညာနဲ့ထုတ်လုပ်ထားတဲ့ Porsche 911 ဟာ သာမန်လမ်းမတွေပေါ်မှာ ပေါ့ပေါ့ပါးပါးနဲ့မောင်းလို့ကောင်းတဲ့ ပြိုင်ကားငယ်တစ်စီးဖြစ်ပြီး မြင်းကောင်ရေ 520 hp ထုတ်လုပ်ပေးနိုင်ပါတယ်။ မေဝဲသာပိုင်ဆိုင်ထားတဲ့ Porsche 911 ကတော့ အမိုးအရှင်နဲ့ Convertible အမျိုးအစားဖြစ်ပါတယ်။

(၁၀) Rolls-Royce Phantom


ကြိုက်တဲ့ကားမျိုးဆိုရင် ၃၊ ၄ စီးဝယ်လေ့ရှိတဲ့မေဝဲသာဟာ ဗြိတိန်ရဲ့နာမည်ကျော် Rolls-Royce Phantom အမျိုးအစားကားအနည်းငယ်ပိုင်ဆိုင်ထားကြောင်းလည်း သိရပါတယ်။ Rolls-Royce ရဲ့ထုတ်ကုန်ပီပီ ဒီကားဟာသိပ်ကိုစမတ်ကျလှပတဲ့ Luxury ကားအမျိုးအစားဖြစ်ပါတယ်။ တစ်နည်းပြောရရင် Rolls-Royce Phantoms  တွေဆိုတာမျိုးဟာ ငွေကိုရေလိုသုံးနိုင်တဲ့လူတန်းစားတွေအတွက် သီးသန့်ထုတ်လုပ်ပေးတဲ့ကားအမျိုးအစားဖြစ်တာကြောင့် မေဝဲသာရဲ့ချမ်းသာကြွယ်ဝမှုကိုသူစီးတဲ့ကားတွေကနေတစ်ဆင့် ခန့်မှန်းသိရှိနိုင်ပါလိမ့်မယ်။

Ref: The 10 Most Exotic Cars Owned by Floyd Mayweather by Collin Woodard

Author

Comments