ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ရူးသွပ်ဖွယ်ရာအလန်းစားကားများ

0

Full article

ယ‌နေ့ခေတ် ‌ဘောလုံးလောကမှာ ခရစ္စတီယာနိုရော်နယ်ဒို ဆိုတာ မသိသူမရှိတဲ့ နာမည်တစ်လုံးပါ။ စီရော်နယ်ဒိုလို့လည်း ခေါ်ကြတဲ့ဒီဘောလုံးသမားဟာ ကြိုးစားမှုအပြည့်နဲ့ ကွင်းတွင်း‌ခြေစွမ်းထူးချွန်လွန်းသလို မော်ကြွားမှုကလည်း အပြည့်ရှိသူပါ။ မော်ကြွားသူတွေရဲ့ထုံးစံအတိုင်း ကောင်းပေ့ဆိုတဲ့ တန်ဖိုးကြီးကားတွေကိုလည်း နှစ်သက်သူဖြစ်ပါတယ်။ ‌ဒေါ်လာသန်းနဲ့ချီပြီး ကြွယ်ဝချမ်းသာနေတဲ့ ဘောလုံးသမားတစ်ယောက်ပီပီ စီရော်နယ်ဒိုရဲ့ ကားဂိုထောင်ထဲမှာလည်း တကယ့်ကိုရူးသွပ်လောက်တဲ့ စူပါပြိုင်ကားတွေ၊ ဇိမ်ခံကားတွေကို တွေ့မြင်ရမှာပါ။ ကဲ ...ဘယ်လိုကားမျိုးတွေလဲဆိုတာကတော့ ...။

(၁) Lamborghini Aventador LP 700-4

အနက်‌ရောင်ပြောင်လက်တောက်ပနေပြီး သားရဲတစ်ကောင်လို စွမ်းအားကြီးမားတဲ့ Lamborghini Aventador မော်ဒယ်တစ်စီးဟာ စီရော်နယ်ဒို ဝယ်ယူခဲ့သမျှထဲမှာ အကောင်းဆုံးလို့ပြောလို့ရအောင် ခမ်းနားလှပါတယ်။ ဒီကားမှာ တပ်ဆင်ထားတဲ့ V-12 အင်ဂျင်ဟာ မြင်းကောင်ရေ 690 hp ထုတ်လုပ်ပေးနိုင်ပြီး လှည့်အား (Torque) က 508 ‌ပေါင်အထိ ပို့လွှတ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတဲ့အချက်က ဒီလောက်လှပခမ်းနားတဲ့ကားတစ်စီးဟာ စီရော်နယ်ဒိုထံမှာ မရှိတော့ပါဘူး။ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကပဲ ‌ဒေါ်လာ ၄ သိန်းနီးပါးနဲ့ ဂါနာလူမျိုးစီးပွားရေးသမားတစ်ဦးကို ပြန်ရောင်းလိုက်ပြီလို့ သိရပါတယ်။

(၂) Mercedes S65 AMG

ကမ္ဘာကျော်တဲ့ ဘောလုံးသမားတွေစုစည်းနေတဲ့ စပိန်ကလပ်ရီးရဲလ်မက်ဒရစ်ကို ပြောင်း‌‌ရွှေ့နိုင်ခဲ့ပြီးနောက်မှာ စီရော်နယ်ဒိုဟာ အကောင်းဆုံးဆိုတဲ့ကားတွေ တစ်စီးပြီးတစ်စီးဝယ်ယူခဲ့ပါတယ်။ အဲဒီအထဲမှာ Mercedes S65 AMG အမျိုးအစားဇိမ်ခံပြိုင်ကားတစ်စီးလည်း ပါဝင်နေပါတယ်။ အဖြူရောင်သက်သက်လှပကျော့ရှင်းနေတဲ့ဒီကားရဲ့လက်ရှိ တန်ဖိုးဟာ ဒေါ်လာ ၃ သိန်းဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ အင်ဂျင်ပါဝါပိုင်းအနေနဲ့တော့ 6.2-Liter V12 အင်ဂျင်နှစ်လုံးတွဲကနေ မြင်းကောင်ရေအား 630 hp အထိ ထုတ်ပေးနိုင်ပါတယ်။

(၃) Range Rover Sport SVR

လူငယ်ပိုင်း ဘောလုံးကြယ်ပွင့်တွေဖြစ်တာနဲ့အမျှ စီရော်နယ်ဒို နဲ့ မက်ဆီတို့လို ဘောလုံးသမားတွေဟာ အရွယ်အစားကြီးမားတဲ့ SUV အမျိုးအစားတွေ၊ Off-Road အမျိုးအစားလမ်းကြမ်းမောင်းကားတွေ အကြိုက်နည်းတာကို တွေ့ရပါတယ်။ ဒါပေမဲ့ စီရော်နယ်ဒိုတစ်ယောက် နေ့စဉ်သုံးအဖြစ် သတ်မှတ်စီးနင်းနေတဲ့ SUV တစ်စီးရှိပါတယ်။ အဲဒါကတော့ Range Rover Sport SVR အမျိုးအစားပဲဖြစ်ပါတယ်။ မြန်နှုန်းမြင့်တာကိုမှ ကြိုက်တတ်တဲ့ စီရော်နယ်ဒိုအတွက် ဒီကားရဲ့ စွမ်းဆောင်ရည်ကလည်း မညံ့လှပါဘူး။ တစ်နာရီ ကီလိုမီတာ ၁၀၀ နှုန်းကို အချိန် ၄ စက္ကန့်အတွင်းမှာ မြှင့်တင်နိုင်ပြီး ကိုယ်ထည်ပိုင်းကလည်း ရွှန်းလက်တောက်ပတဲ့အနက်ရောင်နဲ့ ခံ့ညားထည်ဝါနေပါတယ်။

(၄) Porsche 911 Turbo S

စီရော်နယ်ဒိုရဲ့ စုဆောင်းမှုတွေထဲမှာ မြန်နှုန်းမြင့်ပြီး သိပ်ကိုလှပတဲ့တန်ဖိုးကြီးကားတစ်စီးလည်း ပါဝင်နေပါတယ်။ အဲဒါကတော့ Porsche အမျိုးအစား 911 Turbo S မော်ဒယ်တစ်စီးပဲဖြစ်ပါတယ်။ Porsche ဒီဇိုင်းတွေရဲ့ထုံးစံအတိုင်း အရွယ်အစားခပ်သေးသေးဖြစ်ပေမဲ့ ကျစ်လစ်လှပသလို မြန်နှုန်းကလည်း တစ်နာရီ ကီလို ၁၀၀ နှုန်းကို ၃ စက္ကန့်အတွင်း မြှင့်တင်နိုင်တယ်လို့သိရပါတယ်။ ဒါ့အပြင် အမြန်ဆုံးမောင်းနှင်နိုင်တဲ့နှုန်းကလည်း တစ်နာရီကို ကီလိုမီတာ ၃၀၀ အထိရှိပါသတဲ့။ ဒီကားကလည်း အနက်ရောင်ဖြစ်နေတာကြောင့် စီရော်နယ်ဒိုဟာ ကားတွေထဲမှာ အနက်ရောင်ကို တော်တော်နှစ်သက်တယ်လို့ ဆိုနိုင်ပါတယ်။

(၅) Chevrolet Camaro SS

ငွေကြေးချမ်းသာပြီး ကားဝါသနာကြီးသူတိုင်း အမေရိကန်လုပ် Muscle Car တွေနဲ့ မကင်းနိုင်ကြပါဘူး။ အသက်အရွယ်နဲ့ ကြိုက်နှစ်သက်တဲ့ပုံစံအရ ခေတ်ဟောင်း Muscle ကား၊ မော်ဒယ်မြင့် Muscle ကားတွေ ဆိုပြီး   ရွေးချယ်မှုကွာခြားသွားနိုင်ပေမဲ့ ကားချစ်သူတိုင်းဟာ Chevrolet တို့၊ Ford တို့ကနေ ထုတ်လုပ်တဲ့ Muscle ကားတွေကို စိတ်ဝင်စားလေ့ရှိပါတယ်။ ဒါ‌ကြောင့်ပဲ စီရော်နယ်ဒိုထံမှာ Chevrolet Camaro SS အမျိုးအစား အမိုးရှင်ပြိုင်ကားတစ်စီးရှိနေတာပါ။ မော်ဒယ်နဲ့ တည်ဆောက်ပုံဒီဇိုင်းအရ ဒီကားဟာ တော်တော်ကြီးကိုမြန်နှုန်းမြင့်မယ့် Muscle ကားတစ်စီးလည်းဖြစ်နေပါတယ်။

(၆) Mercedes-Benz AMG GLE 63S

The Sun သတင်းစာရဲ့အဆိုအရ စီရော်နယ်ဒိုဟာ တစ်ခုသောခရစ္စမတ်ကာလမှာ မိမိကိုယ်ကို လက်ဆောင်ပေးတဲ့အနေနဲ့ ဒေါ်လာတစ်သိန်းနီးပါးတန်ကြေးရှိတဲ့ Mercedes ကားတစ်စီးဝယ်ယူခဲ့တယ်လို့ သိရပါတယ်။ အဲဒီကားကတော့ Mercedes-Benz AMG GLE 63S ပဲဖြစ်ပါတယ်။ စီရော်နယ်ဒိုနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကတော့ ဒီကားဟာ ငယ်ဘ၀အသင်းဟောင်း မန်ချက်စတာယူနိုက်တက်မှာ ကစားနေစဉ် စီးနင်းအသုံးပြုခဲ့တဲ့ Audi A3 Coupe အမျိုးအစားကိုရောင်းပြီး အသစ်ပြန်လည်ဝယ်ယူခဲ့တဲ့ကားဖြစ်တယ်လို့ ဆိုကြပါတယ်။

(၇) Bugatti Veyron

ဘာစီလိုနာတိုက်စစ်မှူးလီယွန်နယ်မက်ဆီဟာ Ferrari F430 အမျိုးအစားပြိုင်ကားကိုဝယ်ယူနိုင်ဖို့ အချိန် ၃၁ မိနစ်၊ ၃၂ စက္ကန့်ပဲအလုပ်လုပ်ခဲ့ရတယ်လို့ မီဒီယာတွေက တွက်ချက်ဖော်ပြခဲ့ဖူးပါတယ်။ ပွဲကစားချိန်စက္ကန့်နဲ့အမျှ ဝင်ငွေအမြောက်အများရနေတဲ့ ကမ္ဘာကျော်ဘောလုံးသမားတွေပီပီ စီရော်နယ်ဒိုအနေနဲ့လည်း စုစုပေါင်းပွဲကစားချိန် ၅ နာရီကျော်ကျော်လေးမှာ ထိပ်တန်းအမျိုးအစားပြိုင်ကားလို့ဆိုရမယ့် Bugatti Veyron တစ်စီးဝယ်ယူနိုင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဒီကားရဲ့တန်ဖိုးဟာ ယူရိုငွေ ၁ ဒသမ ၈ သန်းရှိပြီး စီရော်နယ်ဒိုရဲ့တစ်ပတ်စာလုပ်အားခဟာ ယူရို ၃ သိန်း ၆ သောင်းခွဲရှိခဲ့ပါတယ်။ ဒါပေမဲ့ တစ်ပတ်မှာ ဘောလုံးပွဲက ပျမ်းမျှတစ်ပွဲသာကစားရတဲ့အတွက် ယူရို ၁ ဒသမ ၈ သန်းပြည့်ဖို့ စီရော်နယ်ဒိုအနေနဲ့ ၅ နာရီနဲ့ ၁၅ မိနစ်ပဲကစားခဲ့ရတယ်လို့ မီဒီယာတွေက ဆိုပါတယ်။

(၈) Bugatti Chiron

စီရော်နယ်ဒိုရဲ့ စုဆောင်းမှုတွေထဲမှာ ပါဝင်တဲ့နောက်ထပ်တန်ဖိုးကြီးကားတစ်စီးကလည်း Bugatti အမျိုးအစားပဲဖြစ်ပါတယ်။ ‌‌ဒေါ်လာ ၃ သန်းတန်ကြေးရှိတဲ့ Bugatti Chiron အမျိုးအစားပြိုင်ကားဟာ လက်ဝှေ့ကျော်မေဝဲသာတို့လို လက်ဖျားငွေသီးသူတွေသာ စီးနိုင်တဲ့ပြိုင်ကားမျိုးဖြစ်ပြီး စီရော်နယ်ဒိုအတွက်လည်း သိပ်ကိုကြွားဝါလို့ကောင်းတဲ့ ပိုင်ဆိုင်မှုဖြစ်ခဲ့ပါတယ်။ ဒါ့ကြောင့်လဲ သူဟာ ဒီကားကို ဝယ်ယူကာစမှာ ကားနဲ့အတူတွဲရိုက်ထားတဲ့ဓာတ်ပုံတွေကို Instagram စာမျက်နှာပေါ် တင်ခဲ့ပါသေးတယ်။ ဒီကားရဲ့အမြင့်ဆုံးမြန်နှုန်းကတော့ တစ်နာရီကို မိုင် ၂၆၀ နှုန်းအထိရှိကြောင်း သိရပါတယ်။

(၉) Ferrari 599 GTO

ပြိုင်ကားတွေကို သိပ်ကြိုက်တဲ့စီရော်နယ်ဒိုရဲ့ ကားဂိုထောင်ထဲမှာ အီတလီမြင်းရိုင်းတွေအဖြစ် နာမည်ကြီးတဲ့ Ferrari အမျိုးအစား တစ်စီးတလေမှမရှိရင် သဘာဝမကျနိုင်ပါဘူး။ စီရော်နယ်ဒိုထံမှာ တကယ်လည်း Ferrari တစ်စီးရှိပါတယ်။ ရှိမယ့်ရှိတော့လည်း အင်ဂျင်ပါဝါသိပ်ကောင်းပြီး မြန်နှုန်းအမြင့်ဆုံးကားတွေထဲမှာ ပါဝင်တဲ့ Ferrari 599 GTO အမျိုးအစားပဲဖြစ်ပါတယ်။ ဒီကားရဲ့ အင်ဂျင်က 6.0-Liter V-12 အင်ဂျင်ဖြစ်ပြီး မြင်းကောင်ရေ 661 hp အထိ ထုတ်လုပ်ပေးနိုင်တယ်လို့ သိရပါတယ်။ စီရော်နယ်ဒိုနဲ့ နီးစပ်သူတွေပြောစကားအရ ပြိုင်ဘက်ဖြစ်တဲ့မက်ဆီက Ferrari F430 Spider အမျိုးအစားဝယ်လိုက်ချိန်မှာ သူက နှာတဖျားသာလိုတဲ့ရည်ရွယ်ချက်နဲ့ ပိုကောင်းတဲ့ 599 GTO ကို ဝယ်ယူလိုက်တာလို့ သိရပါတယ်။

(၁၀) Ferrari F12

အခုနောက်ဆုံးဖော်ပြမယ့်ကားကတော့ စီရော်နယ်ဒိုပိုင်ဆိုင်တဲ့ကားတွေထဲမှာ အင်ဂျင်ပါဝင်အကောင်းဆုံးဖြစ်ပြီး တန်ဖိုးလည်းတော်တော်ကြီးတဲ့ကားပဲဖြစ်ပါတယ်။ တစ်နည်းအားဖြင့်တော့ ခေတ်ပြိုင်ဘောလုံးကြယ်ပွင့်ဖြစ်တဲ့ လီယွန်နယ်မက်ဆီကို ဂုဏ်တုဂုဏ်ပြိုင်လုပ်ပြီးဝယ်ထားတဲ့ပြိုင်ကားတစ်စီးလည်း ဖြစ်နေပြန်ပါတယ်။ အဲဒီကားကတော့ အီတလီအခြေစိုက် Ferrari ပြိုင်ကားကုမ္ပဏီကနေ အကန့်အသတ်နဲ့ထုတ်လုပ်ရောင်းချပေးတဲ့ Ferrari F12 အမျိုးအစားပြိုင်ကားပါပဲ။ 6.3-Liter အင်ဂျင်ကနေ မြင်းကောင်ရေ 770 hp အထိ ထုတ်လုပ်ပေးနိုင်တဲ့ F12 အမျိုးအစားဟာ စီရော်နယ်ဒို သိပ်ကိုနှစ်သက်တဲ့ကားတစ်စီးဖြစ်ပြီး တန်ဖိုးအားဖြင့်လည်း ‌ဒေါ်လာ ၅ သိန်းအထိ ပေးခဲ့ရတယ်လို့ သိရပါတယ်။

Ref: 10 Cars In Cristiano Ronaldo's Garage (And 10 In Messi's Garage) by ELIAS ROBERTS

Author