DJ တစ်ယောက်ရဲ့ဘဝထဲက ကားများ (ဗြိတိန် DJ Sigala)

0

Full article

နာမည်ကြီး DJ ဖြစ်သူ Sigala သည် အင်္ဂလန်၏ရောင်းအားအကောင်းဆုံး DJ စာရင်းဝင်ဖြစ်ပြီး ၎င်း၏အမည်ရင်းမှာ Bruce Fielder ဖြစ်သည်။

ငယ်ငယ်တုန်းကတော့  ကားတွေနဲ့အမြဲတမ်းရင်းနှီးခဲ့တာတော့မဟုတ်ဘူးပေါ့ဗျာ။ ဒါပေမဲ့ စက်ပစ္စည်းတွေနဲ့တော့ ပတ်သက်ခဲ့ဖူးတယ်။ အင်္ဂလန်ရဲ့တောကျတဲ့ Norfolk ဒေသမှာ ကြီးပြင်းခဲ့ရတာဆိုတော့ ငယ်ဘဝမှာ လုပ်စရာတွေသိပ်များများစားစားမရှိခဲ့ဘူးပေါ့။ အဖေက စက်တော်တော်ကျနေတဲ့တစ်ပတ်ရစ်မော်တော်ဆိုင်ကယ် ၂ စီးဝယ်လာပေးတယ်။ ကျွန်တော်တို့ညီအစ်ကိုတွေ တက်စီးကြတာပေါ့ဗျာ။ လမ်းကျဉ်းလေးတွေထဲ ပြိုင်မောင်းကြတယ်။ ကွင်းပြင်တွေမှာ ပတ်စီးကြတယ်။ ခုန်ကျော်ကြတယ်။ စတန့်တွေအမျိုးမျိုးလုပ်ခဲ့ကြတယ်။
အိမ်နီးချင်းခြံမှာလည်း ဥယျာဉ်ကျယ်ကြီးရယ်၊ Fiat Panda ကားတစ်စီးရယ်လည်းရှိသေးတယ်။ ကျွန်တော်တို့က အဲဒီကားကြီးယူပြီး လယ်ကွင်းတွေထဲ ပတ်မောင်းကြတာပေါ့။ ပြန်တွေးကြည့်ရင် တော်တော်လေးကို အဆော့သန်ခဲ့ကြတာပါ။ အခု လန်ဒန်မှာနေထိုင်ရတဲ့ဘဝက ငယ်ငယ်တုန်းကနဲ့ သိပ်ကိုကွာခြားသွားပြီလေ။ ဒါပေမဲ့ ကျွန်တော်ကတော့ ငယ်ဘဝမှာ ကိုယ်ဆော့ချင်သလိုဆော့ခွင့်ရခဲ့တာကိုပဲ ပြန်တွေးပြီးပျော်နေမိတယ်။
ကားစမောင်းဖြစ်တာတော့ အသက် ၁၇ နှစ်မှာပါ။ အရမ်းလန်းတဲ့ကားတွေတော့ မဟုတ်ခဲ့ဘူးပေါ့ဗျာ။ ကျွန်တော်ပိုင်ဆိုင်ခွင့်ရတဲ့ ပထမဆုံးကားကတော့ MK2 Volkswagen Polo အမျိုးအစား၊ ပုံစံခပ်ရိုးရိုးပါပဲ။ 1 liter အင်ဂျင်၊ ဂီယာ ၄ ချက်ထိုးအမျိုးအစားပေါ့။ အမြင့်ဆုံးမြန်နှုန်းက တစ်နာရီကို မိုင် ၅၀ ပဲ …။ အဲဒီလောက်မြန်နှုန်းရောက်လာရင် တစ်စီးလုံးကိုသွက်သွက်ခါနေတော့တာပဲ။ ကျွန်တော်ကောလိပ်တက်နေချိန်ဖြစ်သလို၊ လုပ်ငန်းခွင်စဝင်တဲ့အချိန်မှာပဲ ဒီကားလေးကို ပိုင်ဆိုင်ခွင့်ရခဲ့တာပါ။ ဒါပေမဲ့ ယာဉ်မောင်းလိုင်စင်ကတော့ ၃ ခါလား၊ ၄ ခါလား ဖြေမှအောင်သွားတယ်။ ဘယ်လိုပဲဖြစ်ဖြစ်လေ … ကျောင်းကဘော်ဒါတွေထဲမှာတော့ အစောဆုံးကားစီးနိုင်တဲ့သူတွေထဲမှာ ကျွန်တော်ပါဝင်ခဲ့ပါတယ်။ ဆယ်ကျော်သက်ဘဝမှာ လွတ်လွတ်လပ်လပ်နဲ့ လုပ်ချင်တာလုပ်နိုင်တဲ့ခံစားမှုမျိုးက တော်တော်ကိုမိုက်တာဗျ။ ကားတစ်စီးရှိပြီဆိုတာနဲ့ ဘာကိစ္စမှမရှိလည်း လျှောက်မောင်းနေတော့တာပဲ။ ဘော်ဒါတွေနဲ့ အပြင်ခဏဆိုပြီးထွက်သွားတာ ..တစ်နာရီလောက်ကြာချင်လည်း ကြာတာပဲ။ တစ်ညလုံးအိမ်ပြန်မရောက်တာမျိုးလည်း ရှိတာပဲ။
ကျွန်တော့်ရဲ့ငယ်ဘဝအိပ်မက်ထဲက ကားကတော့ Honda Civic Type R အမျိုးအစားပေါ့ဗျာ။ နည်းနည်းတော့ ကလေးကလားဆန်တာပေါ့။ ဒီကားကိုလိုချင်တာကြောင့်ပဲ ကျွန်တော့်ရဲ့ပထမဆုံးအလုပ်ခွင်ကို ဝင်ခဲ့တာပဲ။ နောက်ဆုံးတော့ ၁၂၅ ပေါင်နဲ့ ကားတစ်စီးရအောင် စီမံနိုင်ခဲ့တယ်။ Type R တော့မဟုတ်ဘူး။ ရိုးရိုး Civic ပဲ ..။ 1.4 liter အင်ဂျင်နဲ့ ..။ ဘာပဲဖြစ်ဖြစ် အရင်စီးနေတဲ့ကားထက်တော့ အပုံကြီးသာတာပဲမဟုတ်လား ..။ ဝယ်သာဝယ်လိုက်ရတယ် ..ကားက ဘန်ပါတွေ ခြေနင်းပြားတွေအပြည့်အစုံမပါတော့ လိုင်စင်မရဘူး။ ကျွန်တော်နဲ့ အဖေနဲ့ နှစ်ယောက်သား ပြင်ကြတာပေါ့လေ ..။ စက်ပိုင်းပြင်တာထက် ကားအတွင်း Sound System အတွက် ငွေပိုကုန်သွားတယ်ထင်တာပဲ။
ဒီ Civic ကားလေးကို ၄ နှစ်လောက်စီးလိုက်ရတယ်ဗျ။ လန်ဒန်ကိုပြောင်းကာနီးတော့မှ ဒေါ်လာ ၁၀၀၀ နဲ့ ရောင်းပစ်ခဲ့တာ။ ကျွန်တော်ပြန်ရောင်းတဲ့အချိန်မှာ အဲဒီကောင်က မူရင်းဝယ်ခဲ့တုန်းကထက် အများကြီး ပိုကောင်းနေပြီ။
Civic ပြီးတော့ နောက်ထပ် ၅ နှစ်လောက် ကားမဝယ်ဖြစ်ဘူး။ ဘာ့ကြောင့်ဆိုတော့ လန်ဒန်လိုမြို့ကြီးပြကြီးမှာ အခြေချနေပြီကိုး ..။ တက္ကသိုလ်တော့တက်နိုင်ပါရဲ့.. ပိုက်ဆံတော့အများကြီးမရှိဘူး။ နေတာကလည်း ဈေးပေါပေါတိုက်ခန်းလေးမှာဆိုတော့ ကားရပ်စရာနေရာကလည်း မရှိဘူးလေ ..။
နောက်တော့ ဘတ်စ်ကားစီးရတဲ့ဘဝက လွတ်ဖို့အတွက် တစ်ပတ်ရစ်မော်တော်ဆိုင်ကယ်တစ်စီးဝယ်လိုက်တယ်။ တစ်နှစ်လောက်စီးလိုက်ရပြီး စက်က ချုံးချုံးကျသွားလို့ပစ်လိုက်ရတယ်ဗျာ။ အဲဒီအချိန်က စတူဒီယိုတစ်ခုမှာ အချိန်ပိုင်းနဲ့ ကျွန်တော်သီချင်းတွေစရေးနေပြီလေ။ လန်ဒန်မှာ ၆ နှစ်၊ ၇ နှစ်လောက်နေပြီးတော့ နာမည်ကြီးကလပ်တစ်ခုဖြစ်တဲ့ Ministry of Sound နဲ့ စာချုပ်ချုပ်လိုက်နိုင်တယ်…။ ဒီတော့ ဝင်ငွေနည်းနည်းရလာပြီပေါ့။ ငွေရပြီဆိုတာနဲ့ ကျွန်တော်ပထမဆုံးလုပ်မိတာက ကားတစ်စီး အငှားနဲ့ယူစီးခဲ့တာပဲ။ ကျွန်တော့်ရဲ့ဖျော်ဖြေရေးခရီးစဉ်မန်နေဂျာဆီမှာ မာစီဒီးတစ်စီးရှိတယ်လေ ..။ ပြီးတော့ သူကပဲ အငှားဝန်ဆောင်မှုအဖွဲ့နဲ့မိတ်ဆက်ပေးခဲ့တာဗျ။ သူ့ကျေးဇူးကြောင့်ပဲ E Class မာစီဒီးအမျိုးအစားတစ်စီးရခဲ့တယ်။
ဒါကတော့ ကျွန်တော့်ဘဝမှာ ပထမဆုံးပိုင်ဆိုင်ခွင့်ရခဲ့တဲ့ကားသစ်တစ်စီးပေါ့ဗျာ။ သိပ်တော့မမြန်ဘူးပေါ့။ ဒါပေမဲ့ အရင်က ကားဟောင်းတွေစီးလာရတဲ့ကျွန်တော့်အတွက်ကတော့ သိပ်ကိုမြတ်နိုးစရာကောင်းတဲ့ကားပေါ့ဗျာ ..။ နောက် ၂ နှစ်လောက်ကြာတော့ Mercedes-AMG C63 အမျိုးအစားကိုပြောင်းစီးဖြစ်တယ်။ သိပ်ကိုအသံမြည်တဲ့ကားမျိုးဗျ …။ ဝန်ခံရရင် ဒီအသံတွေကြောင့်ပဲ ဒီကားကို ရောင်းထုတ်ပစ်ခဲ့တာပါ။
ကျွန်တော့်စိတ်ထဲမှာ အမြဲတမ်းလိုချင်နေတဲ့ကားတစ်စီးကတော့ Audi R8 ပါပဲ။ ဘာ့ကြောင့်လဲတော့မသိဘူး။ ဒီကားမျိုးကို လမ်းမှာမြင်လိုက်တိုင်း လိုချင်နေမိတယ်လေ။ Lamborghinis ၊ Ferraris ၊ Jaguar F-Type ၊ Nissan GT-R ၊ AMG GT နဲ့ AMG GT R တို့လိုအလန်းစားပြိုင်ကားမျိုးတွေလည်း စမ်းပြီးမောင်းကြည့်ဖူးပါတယ်။ ဒါပေမဲ့ စိတ်ထဲမှာ ကြွေနေတာကတော့ R8 မှ R8 ပဲဗျာ။ ဒါ့ကြောင့် R8 ကို ၃ ခါတောင် ငှားမောင်းပြီး အပျော်ခရီးတိုတွေထွက်ခဲ့တယ်လေ။ တစ်နေ့မှာ ဒီကားကို အပိုင်ဝယ်စီးနိုင်မယ်လို့လည်း ယုံကြည်နေမိတယ်။
တစ်ရက်တော့ Audi ကုမ္ပဏီကို ဆက်သွယ်ပြီး R8 အမျိုးအစားကို Special Edition နဲ့ ထုတ်ပေးနိုင်မလားလို့ မေးပစ်လိုက်တယ်။ ဒီလိုနဲ့ တစ်နှစ်လောက်ကြာတော့ Audi Sport Performance Version ထုတ်တော့မှာဖြစ်ကြောင်း ဓာတ်ပုံတစ်ပုံပို့ပြီး ဆက်သွယ်လာတယ်။ ဓါတ်ပုံတစ်ပုံတည်းနဲ့ ပုံစံကတော့ဒီလို၊ ဈေးနှုန်းကတော့ ဒီလောက်ဆိုပြီးတော့ပေါ့ဗျာ။ တစ်ကမ္ဘာလုံးဈေးကွက်အတွက် ကား ၄၅ စီးအထူးထုတ်ဖို့ရှိတယ်ဆိုတဲ့အကြောင်းနဲ့ ဗြိတိန်ဈေးကွက်ရဲ့ခွဲတမ်းက ၅ စီးပဲရှိတယ်ဆိုတဲ့အကြောင်းအပါအဝင်ပေါ့။
အဲဒီအချိန် ကျွန်တော်ဖြစ်နေခဲ့တဲ့ပုံက အဲဒါကို ကျွန်တော်အရမ်းလိုချင်ခဲ့တယ်။ ဒါပေမယ့် တိုတိုပြောရရင်တော့ဗျာ ..ကျွန်တော်က Audi အထူးထုတ်ရဲ့ ၄၆ ယောက်မြောက် Customer ဖြစ်သွားတယ်။ သဘောကတော့ မရနိုင်တော့ဘူးပေါ့။ ကံကောင်းသွားတာတစ်ခုက သီတင်းပတ်နည်းနည်းကြာတော့ အရင်မှာထားတဲ့ Customer တစ်ယောက်က အမှာစာဖျက်သိမ်းခဲ့တာကြောင့် တစ်စီးတော့ ကျွန်တော်ဝယ်လိုက်နိုင်တယ်။ Audi အထူးထုတ်အတွက် ၄၅ ယောက်မြောက်ပိုင်ဆိုင်သူဖြစ်သွားတာပေါ့လေ။ အခုဆိုရင် ဒီကားကိုစီးနေတာ ၁ နှစ်လောက်ရှိပြီ။ ကျွန်တော်နေတဲ့ လန်ဒန်မြောက်ပိုင်းကနေ King’s Cross ဘူတာရုံဘက်ကို နေ့တိုင်းကားမောင်းသွားတာဗျ။
Audi အပြင် လမ်းကြမ်းမောင်းပြိုင်ကားတစ်စီးလည်း ဝယ်ထားသေးတယ်လေ။ အဲဒါက Subaru Impreza WRX STI ပေါ့။ လမ်းကြမ်းမောင်းတဲ့ပြိုင်ပွဲတွေအကြောင်း၊ ပြိုင်ကားတွေအကြောင်းနဲ့ပတ်သက်လို့ လွန်ခဲ့တဲ့ ၃ နှစ်လောက်က အဆိုတော် John Newman နဲ့တွဲပြီး သီချင်းတစ်ပုဒ်ရေးခဲ့ဖူးတယ်။ အခုတော့ ကျွန်တော်တို့နှစ်ယောက် လမ်းကြမ်းမောင်းပြိင်ပွဲတွေကို ဝင်ပြိုင်နေပြီလေ။ အထူးသဖြင့် ဝေးလ်မှာ ၃၊ ၄ ခါလောက် ကိုယ့်ကားနဲ့ကိုယ် ဝင်ပြိုင်ခဲ့ဖူးတယ်။ သာမန်ပတ်လမ်းတွေနဲ့ ပြိုင်ပွဲဝင်တာက တစ်မျိုး၊ လမ်းကြမ်းမောင်းတာက မတူညီတဲ့အဆင့်တစ်ခုမှာရှိတယ်ဗျ။ ပျော်စရာတော့ သိပ်ကောင်းတာပေါ့ဗျာ …။
ကဲ … နောက်ဆုံးအနေနဲ့ ကျွန်တော့်ကားဂိုထောင်ထဲက အကြိုက်ဆုံးကား ၃ စီးအကြောင်း ပြောပြချင်တယ်ဗျာ ..။ ပထမဆုံးတစ်စီးက ကျွန်တော်ပြောပြောနေတဲ့ Audi R8 …။ ကျွန်တော့်အိပ်မက်ထဲကကား ..။ ဘယ်သွားသွားအမြဲမောင်းသွားလေ့ရှိတဲ့ကားပေါ့။ နောက်တစ်စီးကတော့ Ferrari 458 လေ…။ ခရီးတိုတွေသွားရင်း သုံးဖြစ်တယ်။ နောက်ဆုံးတစ်စီးကတော့ Audi RS6 Estate အမျိုးအစားပဲ။ ကျွန်တော့အကြိုက်ဆုံးတွေထဲမှာ တစ်စီးအပါအဝင်ပဲ။ အတွင်းခန်းကျယ်ကျယ်ဝန်းဝန်းရှိလို့ ခွေးတွေပါခေါ်သွားနိုင်တယ်။ ဈေးဝယ်ထွက်ရင်လည်း အဆင်ပြေတယ်လေ …။

မြန်မာပြန် : ကိုဆွဲ (မုံရွာ)

Ref: My life in cars: Sigala by Greg Potts

Author

Comments