Chris Kamara ဟာ အင်္ဂလိပ်ဘောလုံးသမားနဲ့ ဘောလုံးနည်းပြဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိအချိန်မှာတော့ Sky Sports ရုပ်သံလိုင်းရဲ့ အစီအစဉ်တင်ဆက်သူနဲ့ အားကစားသုံးသပ်တင်ဆက်သူအဖြစ် လုပ်ကိုင်နေပါတယ်။ သူဟာ ပို့စ်မောက်၊ စတုတ်စီးတီး၊ လိဒ်ယူနိုက်တက်၊ ရှက်ဖီးယူနိုက်တက်နဲ့ မစ်ဒယ်ဘရော့စတဲ့ အင်္ဂလန်နာမည်ကြီးကလပ်တွေမှာ ကွင်းလယ်လူအဖြစ် ကစားခဲ့ပြီး ဘရန်းဖို့ဒ်နဲ့ စတုတ်စီးတီးအသင်းတွေရဲ့နည်းပြအဖြစ်လည်း တာဝန်ယူခဲ့ဖူးသူပါ။ ဘောလုံးလောကမှာကျင်လည်သူဖြစ်ပေမယ့် Chris Kamara ဟာ မော်တော်ကားတွေကိုလည်း နှစ်သက်မြတ်နိုးသူတစ်ဦးဖြစ်နေပါတယ်။

“ကျွန်တော် ကားမောင်စသင်တော့ ပို့စ်မောက်အသင်းကို ရောက်နေပြီလေ။ အသက် ၁၇ နှစ်အရွယ်၊ တစ်ပတ်ကို ၁၂ ပေါင်သာရသေးတဲ့အလုပ်သင်လူငယ်ကစားသမားတစ်ဦးပေါ့ဗျာ။ ပွဲထွက်ကစားခွင့်ရတဲ့အချိန်မှာတော့ တစ်ပွဲနိုင်ရင် ဆုကြေးပေါင် ၁၂၀ ရလေ့ရှိတယ်။ ဒါပေမဲ့ဗျာ အဲဒီနှစ်ဘောလုံးရာသီတုန်းက ကျွန်တော်တို့အသင်းအနိုင်ရတဲ့ပွဲကလည်း အရှားသားမဟုတ်လား။”
“ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်ကားမောင်းသင်တန်းကြေးအတွက် ပိုက်ဆံကတော့စုနိုင်ခဲ့တယ်ဗျ။ လိုင်စင်ဖြေတာအောင်တော့ ၁၉၆၂ ခုနှစ်ထုတ် Morris 1100 အမျိုးအစားကားဟောင်းလေးတစ်စီး ဝယ်လိုက်တယ်။ ဒီကားနဲ့ပတ်သက်ပြီး လေ့ကျင့်ရေးကွင်းမှာ အသင်းဖော်တွေ လှောင်ပြောင်တာကတော့ ကျွန်တော့်ကို အမဲဖျက်နေသလိုပါပဲဗျာ။ ဒါပေမဲ့ ဘယ်တုန်းကမှ မရှက်ခဲ့ဖူးဘူး။ ဒီကားအတွက် ကျွန်တော်ဂုဏ်ယူသလို ပျော်ရွှင်မှုလည်းရှိတယ်လေ။ အဲဒီအချိန်က ၁၉၇၅ ခုနှစ်ဆိုတော့ ကားကလည်း သိပ်အဟောင်းကြီးတော့ မဟုတ်သေးဘူးပေါ့။”
“အီယန်စိန့်ဂျွန် (ပို့စ်မောက်နည်းပြဟောင်း) ဆီကနေ ပရော်ဖက်ရှင်နယ်စာချုပ်ကမ်းလှမ်းမှုကို စပြီးရတော့ ကျွန်တော့်လုပ်ခငွေက တစ်ပတ်ကို ၇၅ ပေါင်အထိမြင့်တက်သွားတယ်။ ဆုကြေးကတော့ အရင်အတိုင်းပဲပေါ့။ ကျွန်တော်ကလည်း ငွေပိုရပြီဆိုတာနဲ့ ကားပြခန်းကိုတန်းပြေးပြီး Chrysler Alpine အမျိုးအစား အဝါရောင် Hatchback တစ်စီး ဝယ်ပစ်လိုက်တယ်။”
“အဲဒီနောက်မှာတော့ ပို့စ်မောက်နေထွက်ပြီး ဆွင်ဒန်တောင်းအသင်းနဲ့ စာချုပ်ချုပ်လိုက်တယ်။ ငွေနည်းနည်းပိုရပြီး နာမည်လည်း နည်းနည်းပိုကြီးလာတာပေါ့ဗျာ။ ဒီတော့ Mercedes 190E အသစ်စက်စက် တစ်စီးသွားဝယ်လိုက်တယ်။ ဘော်ဒီပိုင်း အလှဆင်တာတွေလည်း လုပ်လိုက်သေးတယ်။ ဒီကားလေးကိုတော့ ကျွန်တော်သိပ်ကြိုက်ခဲ့တာဗျ။ Skirts တွေတပ်လိုက်သလို ဘော်ဒီပိုင်း ရှိုင်းလိုက်တော့ တော်တော်ကိုမိုက်သွားတာပေါ့။”
“နောက်တော့ ကျွန်တော်လက်ထပ်လိုက်တယ်။ မိန်းမနဲ့ ကလေးနဲ့ဖြစ်လာတော့ Mercedes 190E လေးကိုလည်း ရောင်းပစ်လိုက်ရတာပေါ့ဗျာ။ အဖေတစ်ယောက်အတွက် ပိုကြီးတဲ့ကားတစ်စီး လိုအပ်လာပြီကိုး။ ဒါ့ကြောင့် Range Rover တစ်စီး ဝယ်လိုက်တယ်။ ပိုင်ဆိုင်ဖို့အတွက် ကျွန်တော်အမြဲတမ်းအိပ်မက်မက်ခဲ့ရတဲ့ကားမျိုးပေါ့။ အရွယ်အစားက တော်တော်ကြီးပြီး မိသားစုလိုက်စီးဖိ့ု အသင့်တော်ဆုံးကားတစ်စီးလို့လည်း ဆိုနိုင်တယ်လေ။ တစ်နှစ်က နွေရာသီမှာဆိုရင် ကျွန်တော်တို့တစ်မိသားစုလုံး စပိန်ကို Range Rover နဲ့ ခရီးထွက်ကြတာဗျ။ ကားနောက်ခန်းက ထိုင်ခုံတွေမှာ TV တွေပါတော့ ကလေးတွေလည်း ငြိမ်ချက်သားကောင်းခဲ့ကြတာပေါ့။”
“ဘောလုံးသမားဘဝက အနားယူပြီး ၁၉၉၅ ခုနှစ်မှာ ကျွန်တော် ဘရန်းဖို့ဒ်အသင်းနည်းပြဖြစ်လာတယ်။ ဒီအလုပ်မှာ ကျွန်တော်စီးဖို့ဆိုပြီး အသင်းတာဝန်ရှိသူတွေက ကားတစ်စီးပေးထားတယ်။ SUV အမျိုးအစားဆိုတာကလွဲလို့ ကျွန်တော်ဘာမှ မမှတ်မိခဲ့ဘူး။ ဒါပေမဲ့ ကားနံပါတ်ပြားမှာ JCT 600 လို့ရေးထားတာကိုတော့ ခုထိမှတ်မိနေပါသေးတယ်။ အဲဒီစာလုံးက ဘရန်းဖို့ဒ်မြို့ရဲ့ကားအရောင်းကိုယ်စားလှယ်တွေထဲက တစ်ခုရဲ့နာမည်ဖြစ်နေတာကိုး။ ဒါကြောင့်လည်း ကျွန်တော်ဟာ ဘရန်းဖို့ဒ်နည်းပြဖြစ်နေတာတောင်မှ အဲဒီကားကိုမောင်းတိုင်း ရဲတွေတားပြီး စစ်ဆေးတာကို ခဏတိုင်းကြုံရတယ်။ ဒီကားကို ကျွန်တော် အလစ်သုတ်လာတယ်လို့ ထင်ကြသတဲ့ဗျာ။”

“ဘရန်းဖို့ဒ်အသင်းကနေထွက်လာတော့ Jaguar တစ်စီးကို ငှားစီးဖြစ်တယ်။ အဲဒီကတည်း Jaguar တွေ ဆက်တိုက်စီးဖြစ်တော့တာပဲ။ ကျွန်တော့်အသိတစ်ယောက်ရဲ့ ဝမ်းကွဲညီအစ်ကိုတစ်ယောက်ကလည်း Jaguar စက်ရုံမှာ အလုပ်လုပ်နေတော့ အခုလိုစီးဖြစ်တာလည်း ပါမယ်ထင်ပါရဲ့။ သူ့ဆီကနေတစ်ဆင့် Jaguar တစ်စီးစီးလောက် ရနိုင်မယ်ထင်ခဲ့တာ။ နှစ်တော်တော်ကြာတဲ့အထိ Jaguar တွေကို ငှားစီးပြီး တစ်စီးလောက်ကို ကိုယ်ပိုင်ဝယ်မယ်လို့လည်း စဉ်းစားခဲ့ဖူးတယ်။ ကျွန်တော့ကားဂိုထောင်ထဲမှာည်း နှစ်တိုင်းလိုလို ကားအပြောင်းအလဲက ရှိနေတတ်တယ်လေ။”
“မကြာသေးခင်ကတော့ အသစ်ထွက် Jaguar I-Pace တစ်စီးဝယ်လိုက်တယ်။ ဂေါက်ကွင်းထဲမှာမောင်းတဲ့ Buggy ကားလိုလို၊ ဘာလိုလိုနဲ့ မိုက်တော့မိုက်တယ်ဗျ။ အဲ ... မကောင်းတဲ့အချက်ကိုပြောရမယ်ဆိုရင် လျှပ်စစ်ကားဖြစ်နေတာကြောင့် ခရီးရှည်သွားရမယ်ဆိုရင် အကြာကြီးအားသွင်းရတာပါပဲ။ တစ်ဖက်ကကြည့်ရင်လည်း ကျွန်တော်က ကားတစ်စီးနဲ့ ခရီးရှည်သွားခဲတယ်ဗျ။ ကားမောင်းရတဲ့ဖီလင်ကိုတော့ အခုထိကြိုက်တုန်းပဲ။ ဒါပေမဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေက ခြေဖနောင့်ကြောဒဏ်ရာလိုပဲ ကျွန်တော့်ကို စိတ်သွားတိုင်း ကိုယ်မပါစေနိုင်တော့ဘူးလေ။”

“ကဲ .. နောက်ဆုံးအနေနဲ့ ကျွန်တော်အမြဲတမ်းကြိတ်ခိုက်ခဲ့ရတဲ့ အိပ်မက်ထဲက ကား ၃ စီးလောက်ကို ဖွင့်ဟချင်ပါသေးတယ်။ ပထမဆုံးကားကတော့ Tesla Roadster ပဲဗျ။ သိပ္ပံပညာရှင်ကြီး အီလွန်မတ် တီထွင်လိုက်တဲ့ Roadster ဟာ တစ်ခုခုတော့ ထူးခြားမှာ သေချာပါတယ်လေ။ တစ်စီးလောက်ပိုင်ရရင် ဘယ်လောက်ကောင်းမလဲ။ နောက်တစ်စီးကတော့ Bentley Flying Spur ပါ။ အရမ်းမိုက်ပေမယ့် တကယ်တမ်းသွားဝယ်ဖို့တော့ မမျှော်လင့်ရဲတော့ဘူး။ အသက်ကြီးလာတာနဲ့အမျှ လက်တွေ့ကျကျစဉ်းစားရတော့မယ်မဟုတ်လား။ ဒီကားမျိုးကို မောင်းဖြစ်ဖို့ သိပ်မသေချာတော့ဘူးလေ။ ပြီးတော့ ကျွန်တော်အခုဝယ်ထားတဲ့ Jaguar I-Pace အမျိုးအစား လျှပ်စစ်ကားကိုလည်း တော်တော်ကြိုက်တယ်။ ဒီကားမျိုးဝယ်တဲ့အတွက် ကိုယ့်ကိုယ်ကိုလည်း စွန့်ဦးတီထွင်သူတစ်ယောက်လို ခံစားရတယ်။ ဘက်ထရီအားသွင်းတဲ့ Charging Station ကလည်း အနီးအနားမှာရှိနေတယ်။ Jaguar ရဲ့လျှပ်စစ်ကားအရည်အသွေးက Tesla လောက် မကောင်းသေးပေမယ့် တိုးတက်လာမှာကတော့ သေချာတယ်ဗျ။”
မြန်မာပြန် - ကိုဆွဲ (မုံရွာ)
Ref : My Life in Cars : Chris Kamara by TopGear