Keanu Reeves နဲ့ မော်တော်ဆိုင်ကယ်ထုတ်လုပ်ခြင်း အနုပညာ

0

Full article

မော်တော်ကားတွေ၊ မော်တော်ဆိုင်ကယ်တွေအပေါ်မှာထားတဲ့ ခံယူချက်ခြင်းက တစ်ယောက်နဲ့တစ်ယောက် မတူညီတတ်ကြပါဘူး။ ဒီစက်ပစ္စည်းတွေကို တချို့က လိုရာခရီးရောက်ဖို့ အသုံးချခံပစ္စည်းတစ်ခုအနေနဲ့သာ သဘောထားကြပြီး တချို့ကတော့ အနုပညာလက်ရာတစ်ခုလို အမြတ်တနိုးတန်ဖိုးထားကြလေ့ရှိပါတယ်။ မော်တော်ဆိုင်ကယ်တွေကို ချစ်မြတ်နိုးပြီး စွဲစွဲလမ်းလမ်းစီးနင်းတဲ့သူတွေထဲမှာ ဟောလီးဝုဒ်နာမည်ကျော်မင်းသားကြီး Keanu Reeves က ထိပ်ဆုံးက ပါဝင်နေပါတယ်။ Keanu Reeves ဆိုတာကတော့ The Matrix ၊ John Wick ဇာတ်ကားတွေနဲ့ အောင်မြင်မှုရခဲ့ပြီး တခြားရုပ်ရှင်နဲ့ ရုပ်သံဇာတ်လမ်းတွဲပေါင်း ၅၀ ကျော်ရိုက်ကူးခဲ့တဲ့ ကမ္ဘာကျော်မင်းသားတစ်လက်ပဲဖြစ်ပါတယ်။

Keanu Reeves ရဲ့လူသိများတဲ့ဝါသနာတစ်ခုကတော့ မော်တော်ဆိုင်ကယ်တွေအပေါ် ရူးသွပ်မှုဖြစ်ပြီး ဒီဝါသနာ‌ကြောင့်ပဲ ARCH ဆိုတဲ့ မော်တော်ဆိုင်ကယ်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုကို ပူးတွဲတည်ထောင်ခဲ့ပါတယ်။ သူနဲ့ Gard Hollinger ဆိုသူတို့ ပူးတွဲပိုင်ဆိုင်တဲ့ ARCH ကုမ္ပဏီဟာ ဆိုင်ကယ်ချစ်သူတွေစိတ်ကြိုက်မှာယူတဲ့ ဘီးအလှတွေကို အထူးသီးသန့်ဒီဇိုင်းဆွဲထုတ်လုပ်ပေးတဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။ ARCH ကုမ္ပဏီအကြောင်းကို ထဲထဲဝင်ဝင်လေ့လာလိုက်တဲ့အခါမှာတော့ စိတ်ဝင်စားဖွယ်ရာအချက် (၁၅) ချက်ကို တွေ့ရပြီး အဲဒီအချက်တွေဟာ ဆိုင်ကယ်ဝါသနာအိုးကြီး Keanu Reeves ရဲ့ ရည်ရွယ်ချက်နဲ့လမ်းစဉ်တွေဖြစ်နေတာကိုလည်း တွေ့ရပါတယ်။

၁။ ဆိုင်ကယ်စီးရခြင်းရဲ့ အဓိပ္ပာယ်နဲ့ ခံစားမှု

ဆိုင်ကယ်ချစ်သူ၊ ဆိုင်ကယ်ခရေဇီဆိုပြီး ခံယူထားသူတွေအများကြီးရှိပေမဲ့ သူတို့ရဲ့အဓိပ္ပာယ်နဲ့ ခံယူချက်တွေကတော့ တစ်ယောက်နဲ့တစ်ယောက်မတူညီကြပါဘူး။ Keanu Reeves ကတော့

“ကျွန်တော့်အတွက်တော့ ဆိုင်ကယ်စီးတယ်ဆိုတာ လွတ်လပ်တဲ့ feeling တစ်ခုပါပဲ” လို့ ဖွင့်ဟခဲ့ဖူးပါတယ်။

ဒါကြောင့် သူဟာ ARCH ကုမ္ပဏီကို တည်ထောင်တဲ့အခါမှာလည်း ဖောက်သည်တစ်ဦးချင်းစီရဲ့ စိတ်လွတ်လပ်မှုကို ရရှိခံစားနိုင်စေဖို့ ဆိုင်ကယ်တွေကို အထူးသီးသန့်အဖြစ် ဖန်တီးထုတ်လုပ်ပေးခဲ့တာဖြစ်မှာပါ။

၂။ အသက် ၂၂ နှစ်မှ ဆိုင်ကယ်စီးသင်ရတဲ့ Keanu Reeves

ဆိုင်ကယ်တွေကို သိပ်ချစ်သလို ဆိုင်ကယ်ထုတ်လုပ်‌ရေးကုမ္ပဏီထောင်ထားတဲ့ Keanu Reeves ဟာ ငယ်စဉ်ကတည်းက ဆိုင်ကယ်နဲ့ရင်းနှီးခဲ့တာတော့မဟုတ်ပါဘူး။ သူဟာ အသက် ၂၂ နှစ်ရောက်မှ ဆိုင်ကယ်စီးသင်ခွင့်ရခဲ့တာပါ။ ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာရုပ်ရှင်လာရိုက်တဲ့ Keanu Reeves ဟာ ရိုက်ကွင်းအနီးက ဆိုင်ကယ်စီးသွားတဲ့ကောင်မလေးတစ်ယောက်ကို မြင်တွေ့ခဲ့ရာကနေ ဆိုင်ကယ်တွေကို စိတ်ဝင်စားခဲ့တာပါ။ နီးစပ်တဲ့မိတ်ဆွေတွေရဲ့အဆိုအရ Keanu Reeves ဟာ အဲဒီကောင်မလေးမောင်းလာတဲ့ Enduro ဆိုင်ကယ်ကိုသိပ်ကြိုက်သွားပြီး သူ့ကိုအစီးသင်ပေးဖို့တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

၃။ လူငယ်ဆိုင်ကယ်သမားတွေအတွက် Keanu Reeves ရဲ့ စပွန်ဆာ

ARCH ကုမ္ပဏီအနေနဲ့ ဆိုင်ကယ်တစ်စီးကို ငွေကြေးအမြောက်အများနဲ့ရောင်းချနေပေမဲ့ ဆိုင်ကယ်ပြိုင်ပွဲက အလားအလာရှိတဲ့ လူငယ်ဆိုင်ကယ်သမားတွေကိုတော့ စပွန်ဆာပေးထောက်ပံ့တာမျိုး ရှိထားပါတယ်။ ဒါဟာ ပူးတွဲတည်ထောင်သူ Keanu Reeves ရဲ့ ဆန္ဒလည်းဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်ကဆိုရင် အသက် ၁၃ နှစ်သာရှိသေးတဲ့ ဆိုင်ကယ်သမား Damian Jigalov ကို အီတလီမှာ ကျင်းပတဲ့ CIV Championship ပြိုင်ပွဲဝင်ဖို့အတွက် ARCH က ဆိုင်ကယ်စပွန်ဆာပေးခဲ့တယ်လို့သိရပါတယ်။

၄။ ပရဟိတအတွက် ARCH ရဲ့ အစီအစဉ်

ARCH တည်ထောင်သူ Keanu နဲ့ Gard တို့ သတ်မှတ်ထားတဲ့ ပရိုမိုးရှင်းအစီအစဉ်တစ်ခုကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ အဲဒါကတော့ ကံထူးတဲ့ဆိုင်ကယ်ဝယ်သူ ဖောက်သည်တစ်ဦးနဲ့အတူ ကယ်လီဖိုးနီးယားကမ်းခြေတစ်လျောက်မှာ ၂ ရက်ကြာ ဆိုင်ကယ်စီးခရီးစဉ်ထွက်မှာဖြစ်ပြီး အဲဒီဖောက်သည်က စိတ်ကြိုက်ရွေးချယ်ပေးတဲ့ ပရဟိတအဖွဲ့အစည်းကို ငွေကြေးပြန်လှူဒါန်းမယ့်အစီအစဉ်ပဲဖြစ်ပါတယ်။

၅။ စွမ်းဆောင်ရည်ပိုင်းပြောစရာမလိုတဲ့ ARCH ဆိုင်ကယ်များ

အနုပညာလက်ရာတစ်ခုဟာ လှပရုံသာမဟုတ်ဘဲ အပေါ်ယံမှာမမြင်ရတဲ့ စွမ်းဆောင်မှု၊ အရည်အသွေးပိုင်းနဲ့လည်း ပြည့်စုံနေဖို့အထူးလိုအပ်ပါတယ်။ ဒီအချက်ဟာ ARCH ကုမ္ပဏီနဲ့ပတ်သက်ပြီး Keanu Reeves ဖြစ်စေချင်တဲ့အနေအထားပါပဲ။ ARCHမော်တော်ဆိုင်ကယ်တွေဟာ လှပပြီး ဆွဲဆောင်မှုရှိတဲ့ကိုယ်ထည်ဒီဇိုင်းကို ပိုင်ဆိုင်ထားရုံသာမက အင်ဂျင်အရည်အသွေးပိုင်းမှာလည်း ထိပ်တန်းက ရှိနေတာပါ။ Los Angeles Times သတင်းစာရဲ့ ညွှန်းဆိုဖော်ပြချက်အရ ARCHရဲ့ KRGT-1 ဆိုင်ကယ်ဟာ အလေးချိန် ၅၃၈ ပေါင်ရှိပြီး တစ်နာရီကို ၁၃၈ မိုင်နှုန်းနဲ့ မောင်းနှင်နိုင်တယ်လို့ သိရပါတယ်။

၆။ စိတ်ဝင်စားဖွယ်ရာ ARCH Owner’s Case

ARCH ရဲ့ထုတ်ကုန်မော်တော်ဆိုင်ကယ်တွေဟာ စျေးကြီးလွန်းတာနဲ့အမျှ ဖောက်သည်တွေအပေါ် ဂရုစိုက်ဝန်ဆောင်မှုပေးနိုင်စွမ်းကလည်း မြင့်မားပါတယ်။ ARCH ဝက်ဘ်ဆိုက်ရဲ့ဖော်ပြချက်အရ ဆိုင်ကယ်ဝယ်ယူသူတိုင်းအတွက် Owner’s Case တစ်ခုစီပေးအပ်မှာဖြစ်ပြီး အဲဒီအထဲမှာ Master Key ၊ ဝယ်သူနာမည်ရေးထိုးထားတဲ့ ID ကတ်ပြား၊ ထုတ်လုပ်တဲ့အမှတ်စဉ်နံပါတ်တွေအပြင် ကုမ္ပဏီက အခါအားလျော်စွာပြုလုပ်တဲ့ အခမ်းအနားတွေကို တက်ရောက်ခွင့်လက်မှတ်တွေပါရှိကြောင်း သိရပါတယ်။

၇။ ARCH ရဲ့ ဆိုင်ကယ်မော်ဒယ် ၃ မျိုး

ARCH ကုမ္ပဏီက အဓိကထုတ်လုပ်တဲ့ဆိုင်ကယ်မော်ဒယ် ၃ မျိုးရှိထားပါတယ်။ အဲဒါတွေကတော့ မူလ KRGT-1 ၊ KRGT-1s နဲ့ ပိုပြီးအင်ဂျင်ပါဝါပိုကောင်းတဲ့ Method 143 မော်ဒယ်တွေပဲဖြစ်ပါတယ်။ KGRT-1 မော်ဒယ်ကတော့ အင်ဂျင်ရုန်းအားကောင်းကောင်းနဲ့ ခရီးသွားလိုသူတွေအတွက် ရည်ရွယ်ပြီး KGRT-1s နဲ့ Method 143 မော်ဒယ်တွေကတော့ စွမ်းဆောင်ရည်မြင့်ပြီး Street Sport ဆန်တဲ့အမျိုးအစားတွေဖြစ်ပါတယ်။

၈။ ARCH အထူးအင်ဂျင်များ

ARCH က ထုတ်လုပ်တဲ့ KRGT-1 နဲ့ 1s ဆိုင်ကယ်တွေမှာ သီးသန့်ဖန်တီးထားတဲ့ ARCH/SS 124ci V-Twin အင်ဂျင်၂ လုံးတွဲကိုအသုံးပြုထားပြီး ဂီယာ ၆ ချက်ထိုးစနစ် ပါဝင်ပါတယ်။ ဆိုင်ကယ်တစ်စီးနဲ့တစ်စီး အသုံးပြုတဲ့အင်ဂျင်၊ ဂီယာစနစ်ချင်းမတူတဲ့ အရွယ်အစား၊ ဒီဇိုင်းနဲ့လိုက်ဖက်အောင် တည်ဆောက်ထားတာပဲဖြစ်ပါတယ်။ ARCH ရဲ့Method 143 မော်ဒယ်မှာတော့ ၁၄၃ ကုဗလက်မရှိတဲ့အင်ဂျင်ကို ဂီယာ ၆ ချက်ထိုးစနစ်အသုံးပြုထားတာပါ။ ဆိုင်ကယ်ကိုယ်ထည်ကိုတော့ ကာဗွန်ဖိုက်ဘာ၊ အလူမီနီယံတွေနဲ့ ပေါင်းစပ်တည်ဆောက်ထားပါတယ်။

၉။ လွှတ်စျေးကြီးတဲ့ ဆိုင်ကယ်ကုမ္ပဏီ

ARCH က ထုတ်လုပ်တဲ့ဆိုင်ကယ်တစ်စီးရဲ့ အနည်းဆုံးတန်ဖိုးဟာ ဒေါ်လာ ၇၈,၀၀၀ ရှိပါတယ်။ ဟုတ်ပါတယ် ... သိပ်ကိုစျေးကြီးနေပါတယ်။ ဒါကို Keanu က သိသလို Gard ကလည်း ကောင်းကောင်းသိပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ထုတ်ကုန်တွေက စီးနင်းအသုံးပြုစရာဆိုင်ကယ်ဆိုတာထက်ပိုတဲ့ သီးသန့်ဖန်တီးမှုအနုပညာလက်ရာတွေအဖြစ် သတ်မှတ်ခံထားရတာပါ။ မြင်သာအောင်ပြောရရင် အကောင်းဆုံးပြိုင်ကားတွေကို ဒေါ်လာသန်းချီပေးပြီး အမြတ်တနိုးဝယ်ယူကြတဲ့ ကားဝါသနာအိုးတွေလိုပါပဲ။

၁၀။ အရေအတွက်ထက် အရည်အသွေးကို ဦးစားပေးတဲ့ကုမ္ပဏီ

တကယ်လို့ ဆိုင်ကယ်ချစ်သူတစ်ဦးဟာ ARCH ဆိုင်ကယ်အ‌ရောင်းပြခန်းထဲကိုဝင်လိုက်တာနဲ့ ပထမဆုံးမြင်လိုက်တဲ့ ဆိုင်ကယ်တစ်စီးနဲ့တင် သိပ်ကိုနှစ်သက်သွားပြီး နောက်တစ်စီးထပ်ကြည့်ဖို့တောင် မစဉ်းစားတော့ဘူးလို့ Keanu Reeves နဲ့ ပူးတွဲတည်ထောင်သူ Gard တို့က ဆိုပါတယ်။ တကယ်တမ်းမှာလည်း ARCH ကုမ္ပဏီဟာ ဆိုင်ကယ်တွေပေါချင်းသောချင်းထုတ်နေတာမဟုတ်ဘဲ တစ်နှစ်လုံးနေမှ အစီး ၅၀ နဲ့ ၁၀၀ သာ ထုတ်လုပ်လေ့ရှိပါတယ်။ ဒါပေမဲ့ ထုတ်သမျှဆိုင်ကယ်တိုင်းဟာ ဖောက်သည်တွေကို ဆွဲဆောင်နိုင်စွမ်းအပြည့်ရှိနေပါတယ်။

၁၁။ ကိုယ်ပိုင်စိတ်ကူးများကို အကောင်အထည်ဖော်ခဲ့သူ

ARCH ကုမ္ပဏီက ထုတ်လုပ်တဲ့ KRGT-1 အပါအဝင် အထူးထုတ်လုပ်ထားတဲ့မော်ဒယ် ၃ မျိုးဟာ Keanu Reeves သိပ်ကြိုက်တဲ့ Harley-Davidson ဆိုင်ကယ်ရဲ့ ပုံစံအငွေ့အသက်တွေ ထည့်သွင်းတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့အင်တာဗျူးတစ်ခုမှာ Keanu Reeves က ARCH ဆိုင်ကယ်တွေရဲ့မူလဒီဇိုင်းဟာ မိမိရဲ့စိတ်ကူးစိတ်သန်းတွေကို အခြေခံခဲ့ပြီး ခက်ခဲစွာတည်ဆောက်ခဲ့ရကြောင်း ဖွင့်ဟပြောကြားခဲ့ဖူးပါတယ်။

၁၂။ ဆိုင်ကယ်ကို ကိုယ်တိုင်တပ်ဆင်ထုတ်လုပ်တဲ့ Keanu Reeves

ယနေ့ခေတ်မှာ ကုန်ပစ္စည်းတချို့ကို ကိုယ်ပိုင်အမှတ်တံဆိပ်တပ်ပြီးရောင်းချနေတဲ့ အနုပညာရှင်တွေတော်တော်များများရှိပါတယ်။ ကုန်ပစ္စည်းအကြောင်း ဘာမှနားမလည်ပေမဲ့ လုပ်ပြီးသားအသင့်ကိုဝယ်ယူပြီး ကိုယ့်အမှတ်တံဆိပ်နဲ့ပြန်လည်ရောင်းချကြတာပါ။ Keanu Reeves ရဲ့ ARCH ကုမ္ပဏီကတော့ဒီလိုမဟုတ်ပါဘူး။ ဖောက်သည်တစ်ဦးမှာယူတဲ့ ဆိုင်ကယ်ကို Keanu Reeves ကိုယ်တိုင်ထုတ်လုပ်တပ်ဆင်လေ့ရှိတယ်လို့ သိရပါတယ်။ နာမည်ကြီးရုပ်ရှင်မင်းသားတစ်လက်အနေနဲ့ ငွေကြေးကြောင့်မဟုတ်ဘဲ ဝါသနာအရ ARCH ကို တည်ထောင်ခဲ့တယ်လို့ ဆိုရမှာပါ။

၁၃။ ဆိုင်ကယ်အခိုးခံခဲ့ရတဲ့ Keanu Reeves

ကံမကောင်း၊ အကြောင်းမလှမှုဆိုတာ လူတိုင်းကြုံတွေ့ရတဲ့ကိစ္စဖြစ်တာကြောင့် Keanu Reeves လည်း ပြေးမလွတ်နိုင်ခဲ့ပါဘူး။ ဂျာမနီကိုသွားပြီး ရုပ်ရှင်ရိုက်ချိန်မှ Keanu Reeves တစ်ယောက် ဆိုင်ကယ်စီးစသင်ဖြစ်ခဲ့တာပါ။ အဲဒီမှာ သူတွေးလိုက်မိတာက နိုင်ငံခြားရောက်တုန်း ဆိုင်ကယ်တစ်စီးဝယ်လိုက်မယ်ဆိုရင် အစီးလေ့ကျင့်ဖို့အဆင်ပြေမယ်ဆိုတာပါပဲ။ ဒါကြောင့်ပဲ သူဟာ Kawasaki KLR600 အမျိုးအစားဆိုင်ကယ်တစ်စီးဝယ်ခဲ့ပါသတဲ့။ ဒါပေမဲ့ ကံဆိုးချင်တော့ ဝယ်ပြီးပြီးချင်းပဲ ဒီဆိုင်ကယ်ဟာ အခိုးခံခဲ့ရပါတယ်။ Keanu Reeves ကတော့ ဆိုင်ကယ်လူခိုးသွားလို့ စိတ်မပျက်ခဲ့တဲ့အပြင် ဆိုင်ကယ်တွေအပေါ် စွဲလမ်းရူးသွပ်မှုက ပိုလို့တောင်ပြင်းထန်လာခဲ့ပြီး လော့စ်အိန်ဂျလိစ်ပြန်ရောက်တဲ့အထိတောင် မစောင့်နိုင်တော့ဘဲ နောက်တစ်စီးထပ်ဝယ်ခဲ့တယ်လို့ သိရပါတယ်။

၁၄။ ဆိုင်ကယ်တွေအပေါ် Keanu Reeves ရဲ့ ရူးသွပ်စွဲလမ်းမှု

Keanu Reeves အနေနဲ့ ဆိုင်ကယ်စီးတတ်ချိန်ကစပြီး ဆိုင်ကယ်အမျိုးမျိုးကို ရူးသွပ်စွဲလမ်းစွာနဲ့ စုဆောင်းခဲ့ပါတယ်။ ၁၉၇၃ ခုနှစ်ထုတ် Norton Commando 850 MKA2 နဲ့ Suzuki အမျိုးအစားဆိုင်ကယ်မျိုးစုံကနေ Harley-Davidson လိုအကောင်းစားမော်တော်ဆိုင်ကယ်တွေအထိ Keanu Reeves ရဲ့စုဆောင်းမှုတွေထဲမှာ ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် The Matrix Reloaded ဇာတ်ကားမှာ ပါဝင်ခဲ့တဲ့ 2004 Ducati 998 အမျိုးအစားဆိုင်ကယ်ကိုလည်း Keanu Reeves ပိုင်ဆိုင်ထားပါသေးတယ်။ ဒီလိုစုဆောင်းမှုတွေကနေတစ်ဆင့် ARCH ကုမ္ပဏီက ဖြစ်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။

၁၅။ တစ်မူထူးခြားမှုကို ပေးစွမ်းနိုင်ရေး

တချို့လူတွေဟာ သာမန်ထက်ပိုပြီးထူးခြားတာ၊ ထင်ရှားတာမျိုးကို လိုလားနှစ်သက်ကြပါတယ်။ မော်တော်ကားမှာဆိုရင် Bugatti လို၊ Rolls-Royce လို အမှတ်တံဆိပ်မျိုးတွေကို သာမန်ထက်ထူးခြားတဲ့ဒီဇိုင်းမျိုးနဲ့ သီးသန့်မှာယူလေ့ရှိကြပါတယ်။ ဒီလိုပဲ ဆိုင်ကယ်ရူးသွပ်သူတွေမှာလည်း အလားတူစိတ်ခံစားချက်မျိုးရှိကြပါတယ်။ ကိုယ်စီးမယ့်ဆိုင်ကယ်ဟာ အင်ဂျင်သံပဲဖြစ်ဖြစ်၊ ဒီဇိုင်းပိုင်းပဲဖြစ်ဖြစ် အများနဲ့မတူ တစ်မူထူးခြားနေတာမျိုးကို လိုချင်ကြတာပါ။ Keanu Reeves ရဲ့ ARCH ကုမ္ပဏီဟာ ဒီလိုဖောက်သည်မျိုးတွေအတွက် ဝန်ဆောင်မှုတွေပေးနေတာပါ။ ARCH က ထုတ်လုပ်လိုက်တဲ့ဆိုင်ကယ်ကို စီးရတဲ့ခံစားမှုဟာ ဘယ်သူတစ်ဦးတစ်ယောက်နဲ့မှ တူညီမှုမရှိဘဲ တစ်မူထူးခြားနေမယ်လို့ ဆိုပါတယ်။

Ref: 15 Surprising Facts About Keanu Reeves' ARCH Motorcycle Company by ARCHIE SMITH

ကိုဆွဲ (မုံရွာ)

Author