အိုလံပစ်ရဲ့ဖိအားတွေကို ကားမောင်းရင်းနဲ့ ဖြေဖျောက်တယ် Aimee Fuller

0

Full article

ဗြိတိန်နှင်းလျှောစီးမယ် Aimee Fuller သည် ၂၀၁၄ နှင့် ၂၀၁၈ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲများတွင် ဗြိတိန်ကိုယ်စားပြုပါဝင်ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး အားလပ်ချိန်များကို မော်တော်ကား၊ မော်တော်ဆိုင်ကယ်များဖြင့် ကုန်ဆုံးစေတတ်သူဖြစ်သည်။

ကျွန်မငယ်ငယ်တုန်းက အိမ်မှာအရွယ်အစားတော်တော်လေးကြီးတဲ့ ဥယျာဉ်ခြံတစ်ခုရှိတယ်လေ။ ဒီတော့ အဖေက မော်တော်ဆိုင်ကယ်တွေစီးတာပေါ့။ ကျွန်မကိုလည်း အသက် ၄ နှစ်အရွယ်မှာပဲ ဘီး ၄ ဘီးတပ်ဆိုင်ကယ်တစ်စီး ဝယ်ပေးခဲ့တယ်။ လမ်းကြမ်းမောင်းတဲ့ Motocross ဆိုင်ကယ်ပြိုင်ပွဲကို အဖေနဲ့အတူ ရောက်သွားချိန်မှာတော့ မြန်လိုက်တဲ့ဆိုင်ကယ်တွေ … ဘယ်သူ့ကိုအားပေးရမလဲဆိုတာတောင် လိုက်မကြည့်နိုင်ခဲ့ဘူး။ တစ်ချိန်တည်းမှာပဲ ကျွန်မလည်း Motocross ဆိုင်ကယ်တစ်စီးလောက် လိုချင်လာမိတယ်။
ဒီလိုနဲ့ ကျွန်မအသက် ၆နှစ်မှာတော့ အဖေက KTM အမျိုးအစား ၅၀ စီစီဆိုင်ကယ်လေးဝယ်လာခဲ့တယ်။ ကလေးစီးဆိုင်ကယ်လေးပေါ့။ အဲဒီနေ့ဟာ ကျွန်မရဲ့ Motocross စွန့်စားခန်းတွေ စတင်တဲ့နေ့လည်းဖြစ်တယ်။ ယောင်္ကျားလေးတွေနဲ့ရင်ဘောင်တန်းပြီး ပြိုင်ပွဲဝင်ချင်တဲ့ ကျွန်မရဲ့ဆန္ဒကို အကောင်အထည်ဖော်ဖို့ပဲပေါ့။
ဆိုင်ကယ်ပြိုင်ပွဲလမ်းကြောင်းရဲ့ တာထွက်စည်းမျဉ်းမှာနေရာယူခဲ့ရတဲ့ ငယ်ငယ်ကခံစားချက်ကို ခုထိမှတ်မိပါသေးတယ်။ အဲဒီတုန်းက ကျွန်မအဖေနဲ့အဘိုးပါ လာအားပေးခဲ့ကြတာလေ။ မိသားစုတစ်ခုအနေနဲ့ ကြီးကြီးကျယ်ကျယ်လုပ်ပြခဲ့ရတဲ့အောင်မြင်မှုတစ်ခုဆိုရင်လည်း မမှားပါဘူး။ မိန်းကလေးအများစုက အမေတွေနဲ့နီးနီးစပ်စပ်ဖြစ်နေတဲ့အချိန်မှာ ကျွန်မကတော့ ဆိုင်ကယ်မောင်းချင်တဲ့စိတ်ကြောင့် အဖေနဲ့ပဲအတူတူရှိနေဖြစ်ခဲ့တယ်။ ကျွန်မအနေနဲ့အခုချိန်ထိ အမေနဲ့ အနီးစပ်ဆုံးရှိနေဆဲပါ။ ဒါပေမဲ့ ကျွန်မအဖေ၊ ကျွန်မအဘိုးတို့နဲ့ အတူရှိနေခဲ့တဲ့အချိန်လေးတွေကလည်း ဘဝမှာသိပ်ကိုထူးခြားတဲ့အမှတ်တရတွေဖြစ်ခဲ့ပါတယ်။
KTM ပြီးတော့ Kawasaki အမျိုးအစား ၆၀ စီစီလေးတစ်စီးကို ကျွန်မပြောင်းစီးခဲ့တယ်။ အသက်ကတော့ ၈ နှစ်ပဲရှိသေးတာပါ။ ဆိုင်ကယ်ကောင်းကောင်းလေးရှိပြီဆိုတော့ ဗြိတိန်အမျိုးသမီးချန်ပီယံရှစ်မှာ ဝင်ပြိုင်လိုက်တာ ဒုတိယဆုချိတ်ခဲ့တယ်လေ။
အဲဒီနောက် နှစ်နည်းနည်းကြာတဲ့အထိ ဆိုင်ကယ်စီးတာရပ်ထားလိုက်ပြီး Gym ကစားခဲ့တယ်။ အဲဒီတုန်းက အားကစားလုပ်တဲ့မိန်းကလေးတွေထဲမှာ ကျွန်မက အကောင်အကြီးဆုံးဖြစ်ခဲ့တာပေါ့လေ။ အသက် ၁၂ နှစ်ရောက်တော့ Motocross မှာ ထပ်ပြီးပြိုင်ပွဲဝင်လိုက်တာ အသက် ၁၆ နှစ်ရောက်တဲ့အထိပဲ။ ဆိုင်ကယ်အင်ဂျင်ကလည်း ၁၂၅ စီစီအထိ ရှိလာခဲ့ပြီလေ။
အသက် ၁၇ နှစ်ပြည့်ပြည့်ချင်း ကားမောင်းလိုင်စင်စဖြေတော့တာပဲ။ ကားမောင်းသင်ပြီးလိုင်စင်ဖြေရတာ ကျွန်မအတွက်တော့ သိပ်မိုက်တဲ့ခံစားချက်ပဲ။ ဘာကြောင့်လဲဆိုတော့ အဘိုးက တစ်ချိန်လုံးကူညီပေးခဲ့တာလေ။ အသက်ပြည့်ပြီးတာနဲ့ ကျွန်မကို ကားမောင်းသင်ပေးတယ်။ အဲဒီနှစ်နှောင်းပိုင်းမှာပဲ အဘိုးဆုံးသွားတယ်။ ဒါပေမဲ့ ကျွန်မ လိုင်စင်အောင်တာကိုတော့ သူမြင်ခွင့်ရသွားခဲ့ပါတယ်။
ကျွန်မအတွက်ပထမဆုံးကားကတော့ လျှပ်စီးပြာရောင် Mini Cooper ပါပဲ။ အလွိုင်းဘီးခွေခပ်ကြီးကြီးတွေနဲ့ပေါ့။ နောက်တော့ အမိုးအရှင်နဲ့ Mini Cooper S Convertible အမျိုးအစားကိုလည်း စီးခဲ့သေးတယ်။ လမ်းတွေပေါ်မှာတော့ လှစ်လှစ်လှစ်လှစ်နဲ့ သိပ်ကိုမြန်တဲ့ကားလေးတွေရှင့်။ ရိုးရိုးသားသားဝန်ခံရရင် ကျွန်မအတွက်တော့သိပ်ကိုမြန်လွန်းပါတယ်။ အရှိန်လွန်မောင်းလို့ ဒဏ်ရိုက်ခံရတာမျိုးတောင် ဖြစ်ခဲ့ပါသေးတယ်။
နောက်ပိုင်းနာမည်ကြီးလာတော့ Jeep ကုမ္ပဏီကစပွန်ဆာပေးတဲ့  Renegade အမျိုးအစားကား ၂ စီးလား၊ ၃ စီးလားမသိဘူး ပိုင်ခဲ့သေးတယ်။ အရွယ်ခပ်လတ်လတ် SUV အမျိုးအစားတွေဖြစ်တာကြောင့် ကျွန်မ သိပ်ကြိုက်တဲ့ကားတွေပါပဲ။ Mini ကားတွေနဲ့တော့ ဆန့်ကျင်ဘက်ဖြစ်နေတာပေါ့။ ဒါပေမဲ့လည်း ကျွန်မမောင်းနေကျကားတွေထက် ပိုကြီးပြီး ပိုသက်သောင့်သက်သာရှိတဲ့ကားမျိုးကိုမောင်းရတာ တော်တော်ကောင်းပါတယ်။
ပြီးတော့ Jeep Renegade ကားတွေဟာ ကျွန်မရဲ့ကားမောင်းစွမ်းရည်တိုးတက်အောင်လည်း ကူညီပေးနိုင်ခဲ့ပါတယ်။ အခုဆိုရင် နှင်းထဲမှာရော၊ တခြားဘယ်လိုအခြေအနေမျိုးမှာမဆို ကျွန်မကားမောင်းတတ်နေပြီလေ။
ကျွန်မအသက် ၂၂ နှစ်မှာတော့ အိုလံပစ်မှာဝင်ပြိုင်တယ်။ ရုရှားနိုင်ငံ၊ ဆိုချီမြို့မှာကျင်းပတဲ့ ၂၀၁၄ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှာပေါ့။ အဲဒီပြိုင်ပွဲပြီးတာနဲ့ ချက်ချင်းပဲ မြောက်အိုင်ယာလန်ကိုသွားပြီး မော်တော်ဆိုင်ကယ်အစမ်းမောင်းတယ်။ အိုလံပစ်လို သိပ်ကိုဖိအားများတဲ့ပြိုင်ပွဲပြီးပြီးချင်းမှာ တခြားအားကစားနည်းတစ်ခုကို ထပ်လုပ်တယ်ဆိုတာ ရယ်စရာတော့အကောင်းသားနော်။ ကျွန်မအတွက်တော့ဆိုင်ကယ်တွေ၊ ကားတွေမောင်းနေရတာက ဖိအားတွေလျော့ပြီး စိတ်ကိုပြန်လည်လန်းဆန်းစေဖို့အကောင်းဆုံးနည်းလမ်းပဲ။
ဆိုင်ကယ်ဆိုလို့ မြို့ပြလမ်းတွေပေါ်မှာစီးဖို့ ကျွန်မပထမဆုံးဝယ်ခဲ့တာက KTM 690 Duke အမျိုးအစားပဲ။ အခုတော့ Triumph Bobber ဆိုင်ကယ်ကြီးရှိနေပြီလေ။ ဒါပေမဲ့ ခရီးဝေးသွားမှာဆိုရင်တော့   ကားမောင်းသွားရတာကိုပိုကြိုက်တယ်။ လန်ဒန်မြို့ထဲဟိုသွားဒီသွားဆိုရင်တော့ Triumph Bobber ကြီးနဲ့ မိုက်မှမိုက်ပဲ။ တစ်လမ်းဝင်တစ်လမ်းထွက်နဲ့ လမ်းကြိုလမ်းကြားကသွားနိုင်သလို ယာဉ်ကြောပိတ်ဆို့နေတာကိုလည်း ရှောင်ကွင်းသွားနိုင်တယ်လေ။ ဒီကြားထဲ ဆိုင်ကယ်ပြိုင်ပွဲတွေလည်း ဝင်ပြိုင်ခဲ့ဖူးတယ်။ Triumph Bobber နဲ့တော့ မဟုတ်ဘူးပေါ့။ တခြားဆိုင်ကယ်ငှားပြီး ဝင်ပြိုင်ရတာပါ။
ပြောရရင်အဘူဒါဘီမြို့မှာ Fomula 3000 ပြိုင်ကားတစ်စီးကိုလည်း ကျွန်မမောင်းခဲ့ဖူးတယ်။ ပြုံချမ်းမြို့မှာ ကျင်းပတဲ့ ၂၀၁၈ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲအပြီးမှာ အဘူဒါဘီမှာနေတဲ့ ကျွန်မသူငယ်ချင်းတစ်ယောက်စီ အလည်သွားခဲ့တယ်လေ။ သူ့အိမ်က Yas Marina ကားပြိုင်ကွင်းနဲ့ နီးနီးလေး …။
"နင်သွားပြီး ဝင်ပြိုင်ကြည့်ပါလား" လို့ တိုက်တွန်းတာနဲ့ရောက်ဖြစ်ခဲ့တာပဲ။ အဲဒီမှာ Wade Eastwood ဆိုတဲ့ ရုပ်ရှင်စတန့်သမားတစ်ယောက်နဲ့ ပြိုင်ခဲ့ရတယ်။ သူကတခြားကားတစ်စီးကိုမောင်းပြီး ကျွန်မက F3000 အမျိုးအစားကိုမောင်းတာရှင့်။ သိပ်ကိုပျော်စရာကောင်းတာပဲ။ ထပ်ပြီးလည်း ဝင်ပြိုင်လိုက်ချင်ပါသေးတယ်။

ကျွန်မအိပ်မက်ထဲက ကား ၃ စီးလား …။ ကျွန်မကတော့ Audi R8 အနက်ရောင်လေးတွေကို ကြိုက်တယ်။ ဒါပေမဲ့ ကျွန်မမှာ Audi တစ်စီးမှမရှိပါဘူး။ တကယ့်ကိုအိပ်မက်ထဲက ကားတစ်စီးဖြစ်နေမှာပါ။ နောက်တစ်စီးကတော့ BMW Z4 ပဲ။ နောက်ထွက်တဲ့မော်ဒယ်သစ်မဟုတ်ဘူးနော်။ ပထမမျိုးဆက်အဖြစ်ထုတ်ခဲ့တဲ့ Z4 ကိုပဲ ကြိုက်တာရှင့်။ ကိုယ်ထည်အဖြူကိုမှ အနီရောင်သားရေတုထိုင်ခုံတွေနဲ့ဆို သိပ်မိုက်မှာပဲ။ နောက်ဆုံးတစ်စီးအဖြစ် Porsche Cayenne ကို ရွေးချင်တယ်။ ကုန်းတက်ကုန်းဆင်းတွေမောင်းဖို့၊ ခရီးရှည်သွားဖို့ SUV တစ်စီးကိုရွေးပါဆိုရင် ကျွန်မကတော့ Porsche Cayenne ပါပဲ။

Ref: My life in cars: Aimee Fuller by Top Gear

Author

Comments