ဟောလိဝုဒ်ကြယ်ပွင့် The Rock (သို့) Dwayne Johnson ရဲ့ ဘဝထဲက ကားများ

0

Full article

ပရော်ဖက်ရှင်နယ်ဘဝကို WWE နပမ်းပြိုင်ပွဲတွေနဲ့စတင်ခဲ့ပေမယ့် လက်ရှိအချိန်မှာ ဟောလိဝုဒ်ထိပ်တန်းမင်းသားတစ်လက်အဖြစ်အောင်မြင်နေတဲ့ The Rock ခေါ် Dwayne Johnson ဟာ မော်တော်ကားတွေနဲ့ ထဲထဲဝင်ဝင်ရင်းနှီးသူတော့မဟုတ်ပါဘူး။ ဒါပေမဲ့ HBO ရဲ့ Ballers ရုပ်သံဇာတ်လမ်းတွဲ၊ Fast and Furious ဇာတ်ကားတွေမှာပါဝင်ခဲ့ပြီးနောက် The Rock ကြီးရဲ့ ကားတွေအပေါ်ထားတဲ့ခံစားမှုကို တစ်စွန်းတစ်စမြင်တွေ့ခွင့်ရလာခဲ့ပါတယ်။ ဘယ်လိုကားအမျိုးအစားတွေကို သူကြိုက်သလဲ၊ ဘယ်ကားအမှတ်တံဆိပ်တွေကို စီးနင်းလေ့ရှိသလဲဆိုတာကိုလည်း ပရိသတ်တွေ သတိထားမိလာကြပါတယ်။

၂၀၁၆ ခုနှစ်ကခန့်မှန်းချက်အရ The Rock ရဲ့ ချမ်းသာကြွယ်ဝမှုဟာ ဒေါ်လာ ၁၈၅ သန်းအထိရှိလာခဲ့ပြီး အဲဒီနှစ်က ဝင်ငွေအကောင်းဆုံးဟောလိဝုဒ်သရုပ်ဆောင်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ တောက်ပတဲ့ရုပ်ရှင်ကြယ်ပွင့်ဖြစ်လာတာနဲ့အမျှ The Rock ရဲ့ ကားဂိုထောင်ဟာလည်း မီဒီယာနဲ့ပရိသတ်တွေစိတ်ဝင်စားတဲ့နေရာတစ်ခုဖြစ်လာခဲ့ပါတော့တယ်။ သူ့ဘဝထဲမှာ ဘယ်လိုကားတွေ ဖြတ်သန်းဝင်ရောက်ခဲ့သလဲ။ သူ တကယ်တမ်းကြွေတဲ့ကားတွေက သူ့ခန္ဓာကိုယ်လို တောင့်တောင့်တင်းတင်း မြင့်မားတဲ့ကားကြီးတွေလား၊ ဒါမှမဟုတ် ပေါ့ပါးသွက်လက်တဲ့ပြိုင်ကားငယ်လေးတွေလား ...။

Pagani Huayra

အီတလီပြို်ငကားထုတ်လုပ်ရေးကုမ္ပဏီ Pagani Huayra ကနေ ထုတ်လုပ်တဲ့ အရွယ်အစားခပ်နိမ့်နိမ့် Huayra ဆိုတာ The Rock ကြီးနဲ့မလိုက်ဖက်တာတော့ အမှန်ပါပဲ။ ဒီကားထဲကို ဝင်ဖို့ထွက်ဖို့ဆိုတာက သူ့ရဲ့ကြီးမားထွားကြိုင်းလှတဲ့ခန္ဓာကိုယ်ကြီးအတွက် တကယ့်ကိုစိန်ခေါ်မှုဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ၂၀၁၅ ခုနှစ်က Ballers ရုပ်သံစီးရီးမိတ်ဆက်ပွဲမှာ The Rock ဟာ ဒေါ်လာ ၁ ဒသမ ၃ သန်းတန် Pagani Huayra ပြိုင်ကားနဲ့ ပွဲတက်ခဲ့တာတွေ့ရပါတယ်။

Ford F-150 Pickup Custom-Built

ဟောလိဝုဒ်ရဲ့ဝင်ငွေအကောင်းဆုံးမင်းသားတစ်လက်ဖြစ်ခဲ့တဲ့ Dwayne Johnson အနေနဲ့ Bugatti Veyron တို့လို စူပါပြိုင်ကားမျိုးပိုင်ဆိုင်ထားလိမ့်မယ်လို့ မျှော်လင့်ထားကြမှာသေချာပါတယ်။ ဒါပေမဲ့ သူ တကယ်တမ်းစွဲစွဲမြဲမြဲစီးတဲ့ကားက အထူးအော်ဒါမှာယူထားတဲ့ Ford F-150 Pickup တစ်စီးပဲဖြစ်ပါတယ်။ တစ်နည်းပြောရရင် The Rock ဟာ သာမန်အရွယ်အစားကားတွေထက် Truck ကားတွေကို ပိုနှစ်သက်တယ်လို့ အကြမ်းဖျင်းကောက်ချက်ချနိုင်ပါတယ်။ သူ့ရဲ့ Ford F-150 Pickup ကားကြီးနဲ့တွဲရိုက်ထားတဲ့ဓာတ်ပုံတော်တော်များများကိုလည်း The Rock ရဲ့ Instagram စာမျက်နှာပေါ်မှာ တွေ့နိုင်ကြပါလိမ့်မယ်။

Ferrari Laferrari Matte White

Laferrari မော်ဒယ်ဆိုတာ နာမည်ကျော် အီတလီပြိုင်ကားထုတ်လုပ်ရေးကုမ္ပဏီ Ferrari က ထုတ်လုပ်တဲ့ မြန်နှုန်းမြင့် Hybrid အမျိုးအစားပြိုင်ကားတစ်စီးပဲဖြစ်ပါတယ်။ 6.3 Litre V12 အင်ဂျင်ကို လျှပ်စစ်မော်တာရဲ့အထောက်အပံ့နဲ့မောင်းနှင်လိုက်တဲ့အခါ မြင်းကောင်ရေ 950 hp ထုတ်လုပ်ပေးနိုင်တာ Laferrari ရဲ့ စွဲမက်ဖွယ်ရာအကောင်းဆုံးအားသာချက်ပဲဖြစ်ပါတယ်။ The Rock ဟာ အစောပိုင်းက ဒီကားကို ရက်ရှည်အငှားစာချုပ်နဲ့ အသုံးပြုစီးနင်းခဲ့ပေမယ့် သူ့ကိုယ်ခန္ဓာအရွယ်အစားအရ သက်တောင့်သက်သာမဖြစ်တာကြောင့် ပြန်အပ်ခဲ့တယ်လို့ သိရပါတယ်။ The Rock လို ကိုယ်ခန္ဓာအရွယ်အစားတွေအတွက် လိုက်ဖက်ညီတဲ့ပြိုင်ကားမျိုးမထုတ်နိုင်သေးတာကတော့ Ferrari ရဲ့အားနည်းချက်လို့ပဲ ဆိုရပါလိမ့်မယ်။ ဒါပေမဲ့လည်း အလန်းစားဒီပြိုင်ကားလေးနဲ့အတူတွဲရိုက်ခဲ့တဲ့ဓာတ်ပုံတွေတော့ The Rock က အမြတ်တနိုးသိမ်းဆည်းထားခဲ့ပါတယ်။

Rolls-Royce Wraith

နာမည်ကျော်ကြားပြီး ငွေ‌ကြေးချမ်းသာတဲ့ စူပါစတားတိုင်းလိုလိုဟာ အနည်းဆုံး Rolls-Royce တစ်စီးတော့ ပိုင်ဆိုင်ထားကြတာချည်းပါပဲ။ ဒါကြောင့် The Rock ကြီးမှာလည်း Rolls-Royce Wraith တစ်စီးရှိထားပါတယ်။ နှစ်ယောက်စီး Coupe အမျိုးအစားဖြစ်ပေမယ့် Rolls-Royce ဒီဇိုင်းအရ သူ့အတွက် သက်တောင့်သက်သာရှိလောက်အောင် ကျယ်ဝန်းပါတယ်။ ဒါပေမဲ့ 6.5 Litre တာဘိုနှစ်လုံးတွဲ V12 အင်ဂျင်အသုံးပြုထားတာကြောင့် စွမ်းဆောင်ရည်ပိုင်းကတော့ မနိမ့်ပါဘူး။

1999 Plymouth Prowler

ဒီဇိုင်းဆန်းဆန်းနဲ့ ခရမ်းရောင်ပြောင်လက်နေတဲ့ ၁၉၉၉ ခုနှစ်ထုတ် Plymouth Prowler အမျိုးအစားအမိုးပွင့်ကားလေးတစ်စီးကိုလည်း Dwayne Johnson စီးခဲ့ဖူးပါတယ်။ ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ Pain and Gain ဆိုတဲ့ဇာတ်ကားကို ရိုက်ကူးနေချိန်မှာ The Rock ဟာ ဒီကားလေးကို စွဲစွဲမြဲမြဲစီးနင်းအသုံးပြုခဲ့တာတွေ့ရပါတယ်။ ပုံမှန်အားဖြင့် Plymouth Prowler မော်ဒယ်ရဲ့ အမြင့်ဆုံးအမြန်နှုန်းဟာ တစ်နာရီကို ၁၁၈ မိုင်နှုန်းဖြစ်ပြီး အချိန် ၅ ဒသမ ၉ စက္ကန့်အတွင်း တစ်နာရီ ၆၂ မိုင်နှုန်းအထိ အရှိန်မြှင့်တင်နိုင်စွမ်းရှိပါတယ်။ ဒီကားကို ဘယ်အချိန်လောက်အထိ The Rock အသုံးပြုခဲ့လဲဆိုတာ အတိအကျမသိရပေမယ့် ထူးခြားတဲ့ကိုယ်ထည်ဒီဇိုင်းကြောင့် ပရိသတ်တွေရဲ့အာရုံစိုက်စရာဖြစ်ခဲ့ပါတယ်။

2017 Ford GT

ဒီကားကတော့ The Rock ကြီးပိုင်ဆိုင်သမျှတွေထဲမှာ အလန်းဆုံးလို့ပြောနိုင်တဲ့ကားပါပဲ။ ၂၀၁၇ မော်ဒယ်ဖြစ်တဲ့အတွက် တန်ဖိုးကလည်း သိပ်ကိုမြင့်မားလွန်းပါတယ်။ ဒါပေမဲ့ လူသိနည်းနေသေးတဲ့အချက်က The Rock ဟာ Ford မော်တော်ကားကုမ္ပဏီရဲ့ Brand Ambassador ဖြစ်နေတယ်ဆိုတာပါပဲ။ ဒါ့ကြောင့် Ford ရဲ့ စီးပွားရေးဆိုင်ရာလှုပ်ရှားမှုတွေ၊ ကားမော်ဒယ်သစ်မိတ်ဆက်ပွဲတွေမှာ တက်ရောက်ရလေ့ရှိပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာတော့ သူဟာ Ford ကုမ္ပဏီရဲ့ ကားထုတ်လုပ်ရေးလုပ်ငန်းစဉ်တွေကို ပိုမိုနားလည်သဘောပေါက်နိုင်ဖို့ ဌာနခွဲပေါင်းစုံကို သွားရောက်လေ့လာခဲ့ပါတယ်။ ဒီလိုလေ့လာရာမှာ The Rock ကြီး စီးနင်းအသုံးပြုခဲ့တာကတော့ အသစ်စက်စက် ၂၀၁၇ မော်ဒယ် Ford GT ပြိုင်ကားပဲဖြစ်ပါတယ်။ Ford GT ဆိုတာ တခြားတော့မဟုတ်ပါဘူး။ ရှေးယခင်ကတည်းက ၂၄ နာရီပြိုင်ပွဲဝင်ရတဲ့ ပြင်သစ် Le Mans ကားပြိုင်ပွဲတွေမှာ အကြိမ်ကြိမ်ဗိုလ်စွဲခဲ့ဖူးတဲ့ ပြိုင်ကားဖြစ်ပြီး အနီးစပ်ဆုံးအနေနဲ့ ၂၀၁၆ ခုနှစ်က ဗိုလ်စွဲခဲ့တဲ့ Ford GT ရဲ့ မျိုးဆက်သစ်ပဲဖြစ်ပါတယ်။

Ford Mustang 2018

ဒါကလည်း Ford Ambassador ကြီး Dwayne Johnson နဲ့ပတ်သက်ခဲ့တဲ့အမှတ်ရဖွယ်ရာ Ford ရဲ့ တန်ဖိုးကြီးကားတစ်စီးပါ။ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်ဇန်နဝါရီလပိုင်းက Ford ရဲ့ Mustang ကားမော်ဒယ်သစ်ကို တရားဝင်မိတ်ဆက်ပြသတဲ့အခမ်းအနားကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားမှာ Dwayne Johnson  ရဲ့လုပ်ရပ်တစ်ခုက ရွှေပွဲလာပရိသတ်တွေကို အံ့အားအသင့်ကြီးသင့်စေခဲ့ပါတယ်။ အဲဒါကတော့ အမေရိကန်စစ်တပ်က အမျိုးသမီးစစ်မှုထမ်းတစ်ဦးဖြစ်တဲ့ Marlene Rodriguez ကို လက်ငင်းမိတ်ဆက်ပြသနေတဲ့ အသစ်စက်စက် ၂၀၁၈ မော်ဒယ် Ford Mustang ကားတစ်စီးကို လက်ဆောင်ပေးအပ်ခဲ့တာပဲဖြစ်ပါတယ်။ Marlene Rodriguez ဆိုတာက သူမရဲ့စွန့်လွှတ်စွန့်စားတဲ့အရည်အသွေးတွေကြောင့် Ford Motor Company က ပေးအပ်တဲ့ Go Further ဆုတံဆိပ်ကို ဆွတ်ခူးရရှိခဲ့သူဖြစ်ပြီး Mustang ကားသစ်တစ်စီးကိုပါ အပိုဆုအနေနဲ့ ရရှိခဲ့တာပဲဖြစ်ပါတယ်။ ဒီကားကို The Rock ဆိုတဲ့မင်းသားကြီး မပိုင်ဆိုင်ခဲ့ပေမယ့် သူ့ဘဝထဲမှာ အမှတ်ထင်ထင်ဖြစ်ခဲ့တဲ့ကားတစ်စီးလို့ ဆိုနိုင်ပါလိမ့်မယ်။

REF : DWAYNE JOHNSON’S CARS: WHAT DOES THE ROCK OWN? by drivetribe

Author