ရှေးဟောင်းဂန္ထဝင်ကားများမှ လျှပ်စစ်ကားများအဖြစ်သို့ …

0

Full article

၁၉၅၀  နဲ့ ၁၉၆၀ ပြည့်လွန်နှစ်တွေက ထုတ်လုပ်ခဲ့တဲ့ဇိမ်ခံကားတွေဟာ အခုချိန်မှာ တန်ဖိုးမြင့်မားတဲ့ရှေးဟောင်းဂန္ထဝင်ကားတွေဖြစ်လာခဲ့ပါပြီ။ ဒီကားတွေကို လျှပ်စစ်စွမ်းအင်အသုံးပြုနိုင်တဲ့ Electric Vehicle (EV) တွေအဖြစ် ပြောင်းလဲပေးနေတဲ့ကုမ္ပဏီတစ်ခုရှိပါတယ်။ အဲဒါကတော့ Lunaz လို့ခေါ်တဲ့ဗြိတိန်အင်ဂျင်နီယာကုမ္ပဏီတစ်ခုပါပဲ။ Lunaz ဆိုတဲ့နာမည်ကတော့ ကုမ္ပဏီတည်ထောင်သူ David Lorenz ရဲ့သမီးဖြစ်သူ Luna ကို အစွဲပြုပြီးပေးထားတာပဲဖြစ်ပါတယ်။

ကုမ္ပဏီနာမည်နဲ့ပတ်သက်ပြီး David Lorenz က ‘’ကျွန်တော့်သမီးလေး ကားမောင်းနိုင်တဲ့အရွယ်ရောက်လာရင် Mercedes-Benz 190SL လို ဂန္ထဝင်ကားမျိုးတွေရှိမှာမဟုတ်တော့ဘူး။ ဒါက တော်တော်ကိုကြေကွဲစရာဖြစ်လာတော့မှာလေ’’ လို့ ဆိုပါတယ်။

ဒီအကြောင်းပြချက်နဲ့အတူ လာမယ့်အနာဂတ်မှာ ရှေးဟောင်းဂန္ထဝင်ကားတွေ ဆက်လက်တည်တံ့နေစေဖို့ ရည်ရွယ်ချက်နဲ့ လျှပ်စစ်စွမ်းအင်စနစ်ကို ပြောင်းလဲပေးနေခြင်းပဲဖြစ်ပါတယ်။
Lorenz ဟာ ပထမဆုံးအနေနဲ့ လျှပ်စစ်စွမ်းအင်စနစ်ကိုပြောင်းလဲဖို့အတွက် မောင်းလို့မရတော့အောင် စက်ချို့ယွင်းနေပြီး ထိုးရပ်ထားရတဲ့ရှေးဟောင်းဂန္ထဝင်ကားတွေကို ရွေးချယ်လေ့ရှိပါတယ်။

ကားရွေးချယ်မှုနဲ့ပတ်သက်ပြီး မစ္စတာ Lorenz က ‘’နေ့စဉ်မောင်းဖို့အတွက် ၁၉၅၃ မော်ဒယ် Jaguar တစ်စီးလောက်တော့ လိုချင်တယ်ဗျာ’’ လို့ ဖွင့်ဟခဲ့ပါတယ်။

တကယ်တမ်းမှာလည်း သူ့ရဲ့ကုမ္ပဏီကနေ ပထမဆုံးအကြိမ် EV အဖြစ်ပြောင်းလဲပေးလိုက်တဲ့ ဂန္ထဝင်ကားတစ်စီးက ၁၉၅၃ ခုနှစ်ထုတ် Jaguar XK 120 ပဲဖြစ်ပါတယ်။


လျှပ်စစ်စွမ်းအင်ပြောင်းလဲခြင်း


Lunaz ကုမ္ပဏီအနေနဲ့ လျှပ်စစ်စွမ်းအင်စနစ်ပြောင်းလဲမယ့်ကားတစ်စီးကို အလုံးစုံစစ်ဆေးပြီး အလေးချိန်မှတ်သားရပါတယ်။ ပြီးတော့ အင်ဂျင်နဲ့ ဆက်စပ်တဲ့ဂီယာအုံတွေ၊ ဝင်ရိုးတွေအားလုံးဖြုတ်ပစ်လိုက်ပါတယ်။ အဲဒီနောက်မှာတော့ အဆိုပါကားမှာ လျှပ်စစ်စွမ်းအင်စနစ်ကို အံဝင်ဂွင်ကျတပ်ဆင်နိုင်ဖို့အတွက် ကားတစ်စီးလုံးကို 3D နည်းပညာနဲ့ Scan ဖတ်ပြီး တစ်စစီဖြုတ်ချလိုက်တာပါ။ ကိုယ်ထည်ချို့ယွင်းချက်တွေကို ပြင်ဆင်ပြီး အသစ်ပြန်လည်တပ်ဆင်ပါတယ်။ ဒီတစ်ခါမှာတော့ ခေတ်မီအသုံးအဆောင်ပစ္စည်းတွေဖြစ်တဲ့ ဂြိုဟ်တုအချက်ပြလမ်းကြောင်းရှာစနစ်တွေ၊ Infotainment စနစ်တွေပါဝင်လာခဲ့ပါပြီ။


Lunaz က ပြောင်းလဲပေးလိုက်တဲ့ 1953 Jaguar ရှေးဟောင်းကားဟာ လျှပ်စစ်ဓာတ်အား ၈၀ ကီလိုဝပ်နာရီထုတ်ပေးနိုင်တဲ့ဘက်ထရီတပ်ဆင်ထားပြီး မော်တာ ၂ လုံးတွဲပါရှိပါတယ်။ ဒါ့ကြောင့် မြင်းကောင်ရေ 375 hp ထုတ်လုပ်နိုင်တဲ့အင်ဂျင်စက်တစ်လုံးစာနဲ့ညီမျှတယ်လို့ ဆိုရမှာပါ။ အမြန်အားသွင်းနိုင်တဲ့ Fast Charge စနစ်၊ Cruise Control နဲ့ Traction Control စနစ်တွေလည်း ထည့်သွင်းပေးထားတယ်လို့သိရပါတယ်။


ဒါ့အပြင် Lunaz ကုမ္ပဏီဟာ ၁၉၆၁ ခုနှစ်ထုတ် Rolls-Royce Phantom V အမျိုးအစားဂန္ထဝင်ကားတစ်စီးကိုလည်း လျှပ်စစ်စွမ်းအင်စနစ်ပြောင်းလဲပေးဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ ဒီကားကိုတော့ ဓာတ်အားကီလိုဝပ်နာရီ ၁၂၀ ထုတ်ပေးနိုင်တဲ့ဘက်ထရီအမျိုးအစားတပ်ဆင်မယ်လို့ ဆိုပါတယ်။ ဘယ်ကားကို ဘယ်လောက်စွမ်းအင်ပေးနိုင်တဲ့ဘက်ထရီတပ်ဆင်မလဲဆိုတာကတော့ ရွေးချယ်ထားတဲ့ကားရဲ့သွင်ပြင်လက္ခဏာနဲ့ လိုက်ဖက်ညီမှုရှိ/မရှိဆိုတဲ့အချက်အပေါ် မူတည်တယ်လို့ Lunaz ကုမ္ပဏီရဲ့နည်းပညာပိုင်းဆိုင်ရာအကြီးအကဲ Jon Hilton က ပြောကြားခဲ့ပါတယ်။ Jon Hilton ဆိုတာကတော့ တခြားမဟုတ်ပါဘူး။ ဖော်မြူလာဝမ်းကားမောင်းပြိုင်ပွဲမှာ Fernando Alonso ကို ချန်ပီယံ ၂ ကြိမ်တိုင်ဖြစ်အောင် ကူညီပေးခဲ့တဲ့ Renault F1 ဌာနခွဲရဲ့ဒါရိုက်တာဟောင်းပဲဖြစ်ပါတယ်။


Classic လျှပ်စစ်ကားယဉ်ကျေးမှု


လျှပ်စစ်စွမ်းအင်စနစ်ပြောင်းလဲလိုက်တဲ့ကားမှာ လေအေးပေးစနစ်၊ အအေးပိုင်းဒေသတွေအတွက် အပူစနစ်၊ အဆင့်မြှင့်တင်ထားတဲ့ဘရိတ်တွေနဲ့ စတီယာရင်စနစ်တွေလည်း ပါဝင်လာမှာပါ။ ရှေးမူမပျက်ကိုယ်ထည်အနေအထားအတိုင်း လိုက်လျောညီထွေဖြစ်အောင် EV အဖြစ်ပြောင်းလဲထားတဲ့ဂန္ထဝင်ကားတွေရဲ့တန်ဖိုးဟာလည်း ဒေါ်လာ ၃ သိန်းခွဲကနေ စတင်မှာဖြစ်လို့ အဆင့်အတန်းတစ်ခုမှာရှိနေတာကတော့ သေချာပါတယ်။ လက်ရှိအချိန်မှာ ရှေးဟောင်းကားတွေကို လျှပ်စစ်စွမ်းအင်စနစ်ပြောင်းလဲပေးနေတာဟာ ဗြိတိန်မှာ Lunaz ကုမ္ပဏီတစ်ခုတည်းမဟုတ်တော့ပါဘူး။ Jaguar ကုမ္ပဏီကိုယ်တိုင်က ၎င်းတို့ရဲ့ကားမော်ဒယ်တွေကို လျှပ်စစ်စွမ်းအင်စနစ်ပြောင်းလဲနေသလို Aston Martin ကုမ္ပဏီကလည်း လူကြိုက်များတဲ့ DB6 ကားတွေကို လျှပ်စစ်ကားအဖြစ်ပြောင်းလဲနေပြီလို့ သိရပါတယ်။

လျှပ်စစ်စွမ်းအင်ပြောင်းတဲ့ကားကုမ္ပဏီတွေ ပိုမိုများပြားလာတာနဲ့ပတ်သက်ပြီး Lunaz ရဲ့နည်းပညာရှင် Jon Hilton က ‘’အခုပြောင်းလဲလိုက်တဲ့ EV ဂန္ထဝင်ကားတွေဟာ စွမ်းဆောင်ရည်ပိုင်းအရ အပြစ်ပြောစရာမရှိသလို လှပတင့်တယ်မှုမှာလည်း နဂိုမူလအတိုင်း ကျန်ရှိနေတာကို တွေ့ရမှာပါ’’ လို့ ဆိုပါတယ်။

ခမ်းနားလှပတဲ့ ဂန္ထဝင်ကားတွေကို လျှပ်စစ်စွမ်းအင်နဲ့ အသက်ပြန်သွင်းဖို့တစ်ခုတည်းသောလိုအပ်ချက်ကတော့ အဆင့်မီတဲ့အင်ဂျင်နီယာနည်းပညာပဲဖြစ်ပါတယ်။


လျှပ်စစ်စွမ်းအင်သုံးကားကို ဂန္ထဝင်ကားလို့ ခေါ်နိုင်သေးရဲ့လား


ရှေးဟောင်းကားတွေကို ပုံစံမပျက်စေဘဲ လျှပ်စစ်ကားအဖြစ်ပြောင်းလဲလိုက်တာကို နည်းပညာရှင်တွေက ကြိုဆိုလက်ခံကြပေမယ့် လက်မခံနိုင်တဲ့အဖွဲ့အစည်းတွေ၊ အသိုင်းအဝိုင်းတွေလည်းရှိနေပါတယ်။ ၎င်းတို့ရဲ့အဆိုအရ ရှေးဟောင်းကားတွေကို ဘက်ထရီတပ်ပြီးမောင်းနှင်တာဟာ တော်တော်ကိုဆိုးရွားတဲ့ကျင့်ဝတ်ဖောက်ဖျက်မှုလို့ သတ်မှတ်ထားကြပါတယ်။ စာဖတ်သူရော သဘောတူပါရဲ့လား …။


အထူးသဖြင့် FIVA လို့အတိုကောက်ခေါ်တဲ့ နိုင်ငံတကာရှေးဟောင်းဂန္ထဝင်ကားများအဖွဲ့အစည်းဟာ အထက်ကဖော်ပြခဲ့တဲ့ Lunaz လို ကုမ္ပဏီမျိုးရဲ့လုပ်ရပ်ကို ပြင်းပြင်းထန်ထန်ဝေဖန်တိုက်ခိုက်နေတာ တွေ့ရပါတယ်။ Aston Martin နဲ့ Jaguar ကုမ္ပဏီတွေရဲ့ကြိုးပမ်းမှုတွေကိုလည်း FIVA အဖွဲ့ကြီးက လုံးဝကို လက်မခံနိုင်တဲ့အနေအထားမှာ ရှိနေပါတယ်။

FIVA ရဲ့တရားဝင်ထုတ်ပြန်ကြေညာချက်မှာတော့ ‘’ရှေးဟောင်းကားတွေကို လျှပ်စစ်ကားအဖြစ်ပြောင်းလဲမှုတွေ ပိုမိုများပြားလာနေပါတယ်။ မူလတပ်ဆင်ထားတဲ့အင်ဂျင်နေရာမှာ ဘက်ထရီပါဝင်တဲ့ လျှပ်စစ်ယူနစ်တစ်ခုလုံးပြောင်းလဲတပ်ဆင်လိုက်တာက ရှေးဟောင်းဂန္ထဝင်ကားတွေအပေါ် FIVA ရဲ့အဓိပ္ပာယ်ဖွင့်ဆိုမှုနဲ့ မကိုက်ညီပါဘူး။ ရှေးဟောင်းကားတွေကို ထိန်းသိမ်းစောင့်ရှောက်ရမယ့်ဦးတည်ချက်နဲ့လည်း မကိုက်ညီပါဘူး’’ လို့ ဖော်ပြထားပါတယ်။

FIVA ရဲ့စံနှုန်းအရ သက်တမ်းနှစ်ပေါင်း ၃၀ ကျော်လာတဲ့ဘယ်လိုကားမျိုးကိုမဆို ရှေးဟောင်းကားအဖြစ်သတ်မှတ်ပြီး ထိန်းသိမ်းစောင့်ရှောက်ကြဖို့ တိုက်တွန်းထားတာပဲဖြစ်ပါတယ်။


ဒါပေမဲ့ အကြောင်းပြချက်အမျိုးမျိုးနဲ့ EV ပြောင်းလဲလိုသူတွေအတွက် ပိုပြီးသင့်တော်တဲ့နည်းလမ်းကိုလည်း FIVA အဖွဲ့ကြီးကညွှန်ပြတိုက်တွန်းထားပါသေးတယ်။ အဲဒါကတော့ အပြန်အလှန်ပြောင်းလဲလို့ရနိုင်တဲ့နည်းလမ်းပါပဲ။ တချို့ကားပိုင်ရှင်တွေအနေနဲ့ အင်ဂျင်ပိုင်းစွမ်းဆောင်မှုကျဆင်းလို့ပဲဖြစ်ဖြစ်၊ စက်သုံးဆီစရိတ်ကို ချွေတာလိုတာကြောင့်ပဲဖြစ်ဖြစ်၊ ၎င်းတို့ရဲ့ရှေးဟောင်းကားတွေကို EV အဖြစ်ပြောင်းလဲဖို့ ဆန္ဒရှိတတ်ကြပါတယ်။ ဒီလိုအခါမျိုးမှာ ဘယ်ပြောင်းလဲမှုကိုဖြစ်စေ နောက်ကြောင်းပြန်လှည့်နိုင်တဲ့ ‘’အရှင်ပြောင်းလဲမှု’’ ပုံစံမျိုးလုပ်သင့်တယ်လို့ FIVA က တိုက်တွန်းထားတာပါ။ ဆန္ဒရှိတဲ့အချိန်မှာ မူလအင်ဂျင်စနစ်ကိုပြန်ပြောင်းနိုင်ဖို့အတွက် လျှပ်စစ်စနစ်ပြောင်းလဲမှုတိုင်းကို အမှတ်အသားလုပ်ထားပြီး မူလအင်ဂျင်အစိတ်အပိုင်းတွေကိုလည်း သေသေချာချာသိမ်းဆည်းထားသင့်တယ်လို့ FIVA က ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ ဘက်ထရီစွမ်းအင်နဲ့မောင်းနိုင်တဲ့ ရှေးဟောင်း Classic ကားအရေအတွက်က တဖြည်းဖြည်းပိုမိုများပြားလို့လာနေပါပြီ။ နည်းပညာနဲ့ခေတ်ရေစီးကြောင်းရဲ့အရှိန်ကို FIVA လို ရှေးရိုးဆန်တဲ့အဖွဲ့အစည်းတွေက ဘယ်လောက်အထိ အံတုနိုင်မလဲဆိုတာကတော့ …။

Ref:

A company is converting super-luxury classic cars into EVs by Vijay Pattni

Is a classic car still ‘classic’ if it’s converted to electric? by Ollie Kew

Author