Billie Eilish နဲ့ Dodge Challenger

0

Full article

Billie Eilish


ခင်ဗျားတို့သိကြတဲ့အတိုင်းပဲ။ ရာဇဝင်တွေထဲက ဂန္ထဝင်ကြီးတွေနဲ့ပဲထုတ်တိုင်းတိုင်း၊ king of ဘာညာ၊ queen of ဘယ်သူတွေနဲ့ပဲ နှိုင်းနှိုင်း သူ့အသက်သူ့အရွယ်မှာ သူ့လောက်အောင်မြင်မှုရထားသူတွေက ရှိတော့ရှိတယ်။ ဒါပေမဲ့ တော်တော်တော့ရှားပါလိမ့်မယ်။

အသက် ၁၅ နှစ်အရွယ်မှာ Ocean Eyes ဆိုတဲ့ သီချင်းတစ်ပုဒ်ကို SoundCloud မှာတင်ခဲ့ပြီး နောက်ထပ်သုံးနှစ် အသက် ၁၈ နှစ်မှာ Grammy ဆိုကြီး ၅ ဆုတောင် ဆွတ်ခူးနိုင်ခဲ့သူ။

Followers များမှ ဆယ်လီဖြစ်တယ်ဆိုတဲ့ ခေတ်ကြီးမှာ ဂီတသက်သက်ကို အလေးထားဖျော်ဖြေရုံမျှနဲ့ Instagram မှာ followers ပေါင်း သန်း ၆၁.၂ သန်း (ဒီစာရေးနေတဲ့အချိန်အထိ) ရရှိထားသူ။

ဖန်ပြွန်သန္ဓေသမီးတစ်ဦးအနေနဲ့မွေးဖွားလာပြီး homeschool ကနေကြီးပြင်းလာကာ ဆယ်ကျော်သက် အမျိုးသမီးထုတစ်ရပ်လုံးရဲ့ ရင်တွင်းအသံတွေကို ထုတ်ဖေါ်သီကြူးနိုင်ခဲ့သူလို့ နာမည်ကျော်နေတာကတော့ အမေရိကရဲ့ နောက်ဆုံးပေါ်ကြယ်ပွင့် Billie Eilish ပါပဲ။

Billie Eilish ဟာ အသက် ၈ နှစ်အရွယ်မှာ ဖခင်ဖြစ်သူ Patrick O’Connell နဲ့ အတူကားပြပွဲတွေရောက်ရှိဖူးခဲ့ကတည်းက ကားနဲ့ပတ်သက်ပြီး ဝါသနာပါသူ၊ ကားချစ်သူတစ်ယောက်ဖြစ်လာခဲ့သူပါ။ သူဟာ အနာဂတ်မှာ Lamborghini တစ်စီးကို ဝယ်ယူဖို့စီစဉ်ထားပြီး လက်ရှိပိုင်ဆိုင်ထားတဲ့ Dodge Challenger ကတော့ Billie အတွက် ငယ်ဘဝအိပ်မက်ထဲက ကားပါပဲ။ အသက် ၁၇ နှစ်အရွယ်ကတည်းက ပိုင်ဆိုင်ထားပေမဲ့ ယာဉ်မောင်းလိုင်စင်ရတာကတော့ သိပ်မကြာသေးဘူးလို့ဆိုပါတယ်။ ကဲ  Billie Eilish ရဲ့ matte black Dodge Challenger လေးကို တစ်ချက်လောက်လေ့လာကြည့်ကြရအောင်လား။

Dodge Challenger

Dodge Challenger တွေကတော့ အချိန်တိုင်းမှာ စွမ်းဆောင်ရည်မြင့်တဲ့ muscle ကားတွေဖြစ်ပြီး ဒီလိုမျိုးကားတွေကိုနှစ်သက်သူဆိုတာက ကားကို ဇိမ်ကျကျမောင်းချင်တာထက် မြန်နှုန်းမြင့်မောင်းဖို့ ပိုပြီးအားသန်သူတွေချည်းပါပဲ။ ဒီလိုပြောလိုက်လို့ Dodge Challenger ဟာ ဇိမ်မကျဘူးလို့တော့ မထင်စေချင်ပါဘူး။ ခေတ်မီနည်းပညာတွေနဲ့ပြည့်စုံတဲ့အပြင် muscle ကားတစ်စီးအနေနဲ့ ကျယ်ဝန်းတဲ့ အတွင်းခန်းကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ ပြောရမယ်ဆိုရင် ပြိုင်ဘက်တွေဖြစ်ကြတဲ့ Ford Mustang ၊ Chevy Camaro တို့ဟာ muscle-bound sport ကားတွေအဖြစ် ရုပ်က နည်းနည်း နည်းနည်းစီပြောင်းလာနေပေမဲ့ Challenger ကတော့ လက်ဟောင်းတွေအတိုင်း ကားကြီးကြီး အင်ဂျင်ကြီးကြီး အတွေးအခေါ်အတိုင်း ဆက်လက်ထုတ်လုပ်ထားတာမျိုးပါ။ ရွေးချယ်စရာတွေထဲက အမြင့်ဆုံးဖြစ်တဲ့ Supercharged 6.2L Hellcat HEMI® Redeye အင်ဂျင်ဆိုရင် အမြင့်ဆုံးပါဝါ 797hp နဲ့ torque က 959Nm အထိတောင်မှ ထုတ်လုပ်နိုင်တာပါ။ 0-60mph နှုန်းကိုရဖို့ 3.4-sec ပဲကြာမြင့်မှာဖြစ်ပြီး အမြင့်ဆုံးမြန်နှုန်းအနေနဲ့ကတော့ 203mph နှုန်းအထိတင်မောင်းလို့ရတယ်လို့ဆိုပါတယ်။

Dodge Challenger ရဲ့နိုင်ငံတကာ မူရင်း အခြေခံဈေးနှုန်းကတော့ $28,095 ဖြစ်ပြီး အဲဒီဈေးနဲ့ဆိုရင်တော့ 0-60mph အရှိန်နှုန်းအတွက် 3.5-sec အချိန်ကြာမြင့်မှာဖြစ်တဲ့ မြင်းကောင်ရေ 707 ၊ torque 881Nm ထွက်ရှိမယ့်  အင်ဂျင်နဲ့ SXT trim ကိုရရှိမှာဖြစ်ပါတယ်။​ ဒါဟာ ကားတန်ဖိုးသက်သက် နိုင်ငံတကာဈေးနှုန်း ဖြစ်တာကို သတိပြုဖို့တော့လိုပါလိမ့်မယ်။ အမြင့်ဆုံးအနေနဲ့  အမြင့်ဆုံး trim (CHALLENGER SRT® HELLCAT REDEYE WIDEBODY) ကိုမှ အကောင်းဆုံးဆိုတာတွေချည်းရွေးချယ်တပ်ဆင်မယ်ဆိုရင်တော့ ကားတန်ဖိုးသက်သက်တင် $90,021 လောက်အထိကျသင့်မှာပါ။ အမြင့်ဆုံးနဲ့ အနိမ့်ဆုံးအကြား 0-60mph ကွာခြားချက်က 0.1-sec ဆိုပေမဲ့ အခြေခံရုပ်ထွက်ကလွဲရင် ဆေး၊ ဘော်ဒီ၊ ဘီး၊ အတွင်းခန်း၊ အင်ဂျင်၊ အောက်ပိုင်း အားလုံးဟာ ဘာမှဆိုင်တော့မှမဟုတ်ပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ဒေါ်လာ သုံးသောင်းဝန်းကျင်နဲ့  Dodge Challenger တစ်စီးကိုဝယ်ယူနိုင်မှာဖြစ်တဲ့အတွက် matte black အရောင်နဲ့ Dodge Challenger ဟာ Billie Eilish ကြောင့်  ဆယ်ကျော်သက်တွေအကြား ပိုပြီးရေပန်းစားလာတော့မယ့်ကားတစ်စီးဖြစ်လာပါလိမ့်မယ်။ Muscle ကားချစ်သူတွေအတွက်ကတော့ Dodge Challenger ဟာ Billie Eilish စီးသည်ဖြစ်စေ မစီးသည်ဖြစ်စေ ဆက်လက်ရေပန်းစားနေဦးမှာကတော့ အသေအချာပါပဲ။

Ref:
2019 Dodge Challenger
2020 Dodge Challenger Preview

Author