Adele နဲ့ Volkswagen Sharan

0

Full article

Adele

Hello from the other side......
I must've called a thousand times......

ဆိုတဲ့ စာသားလေးကို မြင်ရုံနဲ့ သီချင်းရဲ့သံစဉ်ကိုကြားယောင်မိကြပါလိမ့်မယ်။ သံစဉ်၊ စာသားအပြင် သီဆိုသူ Adele ကိုပါ ပူးတွဲသတိရမိကြမှာပါ။ Adele ဟာ နာမည်ကျော် အင်္ဂလိပ်အဆိုတော် ဖြစ်ပြီး ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့ ၊ အသက် ၃၂ နှစ်ပြည့်မွေးနေ့တုန်းက Instagram မှတင်လိုက်တဲ့ Adele ရဲ့နောက်ဆုံးပုံကြောင့် ပရိတ်သတ်တွေအကြား ပြောစရာတွေဖြစ်ခဲ့ပါသေးတယ်။ ပုံမှန်အားဖြင့် ပြည့်ပြည့်တင်းတင်း ကိုယ်ခန္ဓာရှိတဲ့ Adele ဟာ အဲဒီပုံထဲမှာတော့ ကိုယ်အလေးချိန်မတရားကျနေခဲ့လို့ပါပဲ။

Adele ဟာ အလွန်ကောင်းမွန်တဲ့ အသံနဲ့ဆိုဟန်ကို ပိုင်ဆိုင်ထားသလို ကိုယ်တိုင်လည်း အကောင်းစားသီချင်းတွေကို ရေးစပ်သီကုံးနိုင်တဲ့သူဖြစ်တဲ့အတွက် တစ်ကမ္ဘာလုံးက တန်ဖိုးထားရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။​ ဂရမ်မီတွေအပါအဝင် ဆုပေါင်းများစွာကို ပိုင်ဆိုင်ထားပြီး Instagram မှာဆိုရင် Adele ရဲ့ followers ပေါင်းက ၃၅.၇ သန်းအထိရှိနေတာပါ။ လန်ဒန်သူ Adele ဟာ အောင်မြင်ကျော်ကြားလျက်ရှိတဲ့ ငွေကြယ်ပွင့်ပီပီ ၂၀၁၉ စာရင်းများအရ ခန့်မှန်းခြေ ဒေါ်လာ သန်း ၁၄၀ ကျော်ကြွယ်ဝသူလည်းဖြစ်တယ်။ ဒီလိုကြွယ်ဝသူတစ်ယောက်ဖြစ်ပေမဲ့ ကားတွေဝယ်ယူစီးနင်းရာမှာတော့ sporty ဖြစ်ဖို့၊ ဇိမ်ကျဖို့ ဆိုတာတွေထက် နေ့စဉ်ဘဝလက်တွေ့အသုံးကျဖို့ကို ပိုပြီးဦးစားပေးပုံရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိ Adele အများဆုံး မောင်းနှင်စီးနင်းနေတဲ့ကားတွေက နှစ်စီးသာရှိနေပြီး တစ်စီးက Porsche Cayenne ၊ နောက်တစ်စီးကတော့ Volkswagen Sharan ပါ။ နှစ်စီးစလုံးကတော့ practicality ဦးစားပေး ဂျာမန်ကားတွေချည်းပါပဲ။ အထူးသဖြင့် Volkswagen Sharan ပေါ့။ ဒီတစ်ပတ်မှာတော့ Adele ရဲ့ နေ့စဉ်လှုပ်ရှားမှုဘဝမှာ မရှိမဖြစ်ပါဝင်လျက်ရှိတဲ့ Volkswagen ရဲ့ Sharan အကြောင်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

Volkswagen Sharan

Volkswagen ကတော့ နာမည်ကျော် ဂျာမန်မော်တော်ယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီကြီးဖြစ်ပြီး လိပ်ခုံးကားလို့ခေါ်ကြတဲ့ Volkswagen Beetle တွေဟာ VW ရဲ့အထူးကျော်ကြားတဲ့ထုတ်ကုန်တစ်ခုပါပဲ။ Volkswagen အမှတ်တံဆိပ်အောက်က ထုတ်ကုန်အများစုဟာ အရမ်းမြန်ဖို့၊ အထူးဇိမ်ကျဖို့ စတာတွေထက်စာရင် လူအများစု နေ့စဉ်ဘဝအသုံးဝင်မှုအတွက် ရည်ရွယ်ထုတ်လုပ်ထားတာပိုများပါတယ်။ ဒီလိုပြောလိုက်လို့ မြန်နှုန်းတွေ၊ ဇိမ်ခံစံနှုန်းတွေကရောလို့တော့ မမေးလိုက်ပါနဲ့။ Volkswagen Group ပိုင်ဆိုင်ထားတဲ့ အမှတ်တံဆိပ်တွေကို တစ်ချက်လောက်သာကြည့်လိုက်ပါ။ ဂျာမန်မော်တော်ယာဉ်နည်းပညာကဏ္ဍမှာ ခေတ်ရှေ့အပြေးဆုံးလို့ ဆိုနိုင်တဲ့ Audi ၊ Stuttgart မြို့ကနေပြီး စွမ်းဆောင်ရည်အမြင့်စားကားအမျိုးမျိုးကိုထုတ်လုပ်နေတဲ့ Porsche ၊ ဒီဇိုင်းကိုမြင်တာနဲ့ လူတိုင်းပစ်ကြွေကြရပြီး မြန်နှုန်းအမြင့်ဆုံးကားတွေပဲထုတ်လုပ်နေတဲ့ အီတလီအမှတ်တံဆိပ် Lamborghini ၊ တော်ဝင်ဗြိတိသျှတို့ရဲ့ တော်ဝင်ကားထုတ်လုပ်ရေးကြီး Bentley ၊ ကမ္ဘာ့အမြန်ဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို မကြာခဏဆွတ်ခူးနေတဲ့ ပြင်သစ်အမှတ်တံဆိပ် Bugatti စတာတွေအပြင် Škoda ၊ SEAT ၊ Scania စတဲ့ ကမ္ဘာ့အဆင့် နာမည်ကျော် မော်တော်ကားထုတ်လုပ်ရေးလုပ်ငန်းတွေသာမက Ducati လိုမျိုး စွမ်းဆောင်ရည်မြင့် မော်တော်ဆိုင်ကယ်ထုတ်လုပ်ရေးလုပ်ငန်းတွေကိုပါ ပိုင်ဆိုင်ထားတဲ့ Volkswagen Group ဖြစ်ပါတယ်။

Sharan ကတော့ ထိုင်ခုံ ခုနစ်လုံးအထိတပ်ဆင်နိုင်တဲ့ အကောင်းဆုံး ဘက်စုံသုံး (MPV: Multi-Purpose Vehicle) ကားတစ်စီးလို့ပြောလို့ရတယ်။ ခရီးသည်တွေအတွက် ကျယ်ပြန့်တဲ့နေရာလွတ်တွေ၊ ပစ္စည်းပစ္စယတင်ဆောင်ဖို့အတွက် ဝင်ဆံ့မှုများတဲ့ ပစ္စည်းထားခန်းတွေနဲ့ ဂျာမန်ထုတ်ကုန်ဖြစ်တဲ့အတိုင်း တည်ဆောက်ပုံအရည်အသွေးမြင့်မားတာတွေဟာ Sharan ရဲ့အားသာချက်တွေပါပဲ။ ခပ်ရိုးရိုးပုံစံနဲ့ ဈေးနှုန်းမြင့်တယ်လို့ ထင်ရတာကတော့ အားနည်းချက်ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ရေရှည်ကြံ့ခိုင်နိုင်စွမ်းကတော့ ဘယ်လိုကားမျိုးနဲ့မဆို ယှဉ်လို့ရတာ အသေအချာပါပဲ။

Volkswagen Sharan ကို လန်ဒန်မှာဝယ်ယူမယ်ဆိုရင်တော့ trim နှစ်မျိုးနဲ့ ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ SE နဲ့ SEL ပါ။ SE ကတော့ ပေါင် ၂၆,၀၀၀ ဝန်းကျင်လောက်ကစပြီး SEL ကတော့ ပေါင် ၃၃,၀၀၀ လောက်ကစပါတယ်။ SE နဲ့ SEL ဘာတွေကွာသလဲဆိုရင်တော့ SEL မှာက SE ထက် တစ်လက်မပိုကြီးတဲ့ ၁၇-လက်မ အလွိုင်းခွေနဲ့ရမယ်။ Alcantara သားနဲ့ဖုံးထားတဲ့ ခုံတွေ၊ panoramic sunroof ၊ ၆.၅-လက်မ အကျယ်ရှိတဲ့ infotainment မျက်နှာပြင်အပြင် နောက်ဆုံးကွာခြားချက်အဖြစ်နဲ့က ဂြိုဟ်တုလမ်းညွှန်စနစ် built-in အနေနဲ့ ရရှိမှာပါ။ Trim နှစ်မျိုးစလုံးမှာ အင်ဂျင်ရွေးချယ်စရာတွေရှိပေမဲ့ အားလုံးဟာ 2.0-liter ထက်မပိုပါဘူး။ Volkswagen Sharan တွေမှာ အမြင့်ဆုံးရနိုင်တဲ့ အင်ဂျင်ကတော့ မြင်းကောင်ရေ ၁၇၇ hp အထိထုတ်လွှတ်ပေးနိုင်စွမ်းရှိတဲ့ 2.0-liter ဒီဇယ်အင်ဂျင်ဖြစ်ပါတယ်။ သုံညကနေ တစ်နာရီ မိုင် ၆၀ နှုန်းကို ၉.၃-စက္ကန့်အတွင်း အရှိန်မြှင့်တင်မောင်းနှင်လို့ရတဲ့ အင်ဂျင်ပါ။ Adele ရဲ့ Sharan မှာတပ်ဆင်ထားတဲ့ အင်ဂျင်လည်းဖြစ်ပါတယ်။

ပြောရမယ်ဆိုရင် Volkswagen Sharan ဟာ အရည်အသွေးမြင့်တဲ့ သာမန်ကားတစ်စီးပါ။ ဒါပေမဲ့ Adele လိုမျိုး ငွေကြေးကြွယ်ဝချမ်းသာပြီး စွမ်းဆောင်ရည်မြင့်မော်တော်ကားတွေအပေါ် ရူးသွပ်မှုမရှိသူတွေ၊ နေ့စဉ်ဘဝမှာ အသုံးတည့်ဖို့ကို ပိုပြီးဦးစားပေးသူတွေအတွက်တော့ Volkswagen ကထုတ်တဲ့ မော်တော်ကားတွေဟာ သေချာပေါက် ရွေးချယ်စီးနင်းစရာ ဖြစ်နေဦးမှာ အသေအချာပါပဲ။

Author