ယနေ့ခေတ် ကားမောင်းသူတိုင်း မလုပ်မဖြစ် လုပ်ရမည့် အချက်ငါးချက်

0

Full article

ခါးပတ်ပတ်ပါ

ရဲအဖမ်းခံရမှာကို စိုးရိမ်ပြီးမပတ်ပါနှင့်။ ကိုယ့်အန္တရာယ်ကိုယ်ကာကွယ်နိုင်ဖို့အသိနဲ့ပတ်ပါ။ လေအိတ်တွေဆိုတာက အပိုဆောင်း (supplemental) safety feature ဖြစ်ပါတယ်။ နာမည်ကိုက SRS Airbags (Supplemental Restraint System) ဖြစ်တာကိုသတိပြုပါ။ သင့်ဘေးအန္တရာယ်ကို အမှန်တကယ်အကာအကွယ်ပေးနိုင်ဆုံးက ခါးပတ်ပဲဖြစ်ပါတယ်။

Push Start Button  ခလုတ်ကိုနှိပ်ပါ

ခါးပတ်ပတ်ပြီး ကားမောင်းဖို့အတွက် ပထမဆုံးလုပ်ဆောင်ရမှာတော့ push Start button ကိုနှိပ်ဖို့ပါပဲ။ ဒါမှလည်း အင်ဂျင်က နိုးသွားမှာဖြစ်ပါတယ်။ တညလုံးရပ်ထားတဲ့ကား ဒါမှမဟုတ် အချိန်ကြာကြာနားထားတဲ့ကားကို စက်နှိုးမယ်ဆိုရင် နှိုးနှိုးချင်း မထွက်ဖို့လိုတာကိုလည်း သတိပြုပါ။ အင်ဂျင်က အေးနေရာကနေ စတင်ပြီး ကောင်းစွာလည်ပတ်ကာ ပါဝါထုတ်လွှတ်ဖို့အတွက် အချိန်တခုလိုအပ်ပါတယ်။

တချိန်က ကားတွေမှာတော့ သော့နဲ့လှည့်ကာ စက်နှိုးဖို့လိုအပ်မှာဖြစ်ပြီး နောက်ဆုံးပေါ် Tesla လို လျှပ်စစ်ကားအချို့မှာတော့ push start button တောင် နှိပ်စရာမလိုတော့မျိုးတွေရှိနိုင်ပါတယ်။

Gear shifter ကို D သို့မဟုတ် R သို့ပြောင်းပေးရန်

အခုခေတ် ကားတော်တော်များများက Automatic Transmission တွေဖြစ်နေကြပါပြီ။ ဒါကြောင့် စက်နှိုးပြီးကားကို စထွက်တော့မယ်ဆိုရင် brake ကိုနင်းပြီး gear ကို D (Drive) ကိုပြောင်းပေးရမှာဖြစ်ပါတယ်။ D ဟာ ပုံမှန်အားဖြင့် P (Park) ၊ R (Reverse) ၊ N (Neutral) တို့ရဲ့နောက်မှာရှိပါတယ်။ ဒါဟာ မြင်ရအများဆုံးဖြစ်ပေမဲ့ Mercedes လိုကားမျိုးတွေမှာတော့ gear ဟာ steering  နောက်မှာရှိနေတတ်ပြီး အလယ်မှာက N (Neutral) ၊ အောက်ကိုဆွဲချလိုက်ရင် D (Drive) နဲ့ အပေါ်ကိုတင်လိုက်ရင် R (Reverse) ပုံစံမျိုးနဲ့တွေ့ရမှာပါ။ သင်လုပ်ရမှာကတော့ ရှေ့ကိုကားထွက်ဖို့ဆိုရင် D (Drive) ကိုရွေးရမှာဖြစ်ပြီး နောက်ဆုတ်ဖို့ရင် R (Reverse) ကိုရွေးချယ်ပေးရမှာပါ။ ဒီလိုမရွေးချယ်ခင်ကလေးမှာ brake ကိုနင်းထားဖို့လည်း မမေ့ပါနဲ့။

လီဗာ သို့်မဟုတ် accelerator ကိုနင်းနိုင်ပါပြီ

အထက်ပါအတိုင်း D သို့မဟုတ် R နှစ်သက်ရာ ရွေးချယ်အပြီး ကားကထွက်ဦးမှာမဟုတ်ပါဘူး။ နင်းထားတဲ့ Brake ကို လွှတ်ရဦးမှာပါ။ အင်ဂျင်ကောင်းသေးတဲ့ ကားတော်တော်များများမှာတော့ Brake လွှတ်လွှတ်ခြင်းမှာပဲ ကားက သင်ရွေးချယ်ထားတဲ့ D သို့မဟုတ် R အပေါ်မူတည်ပြီး ရှေ့ ဒါမှမဟုတ် နောက် ဖြေးဖြေးစရွေ့ပါလိမ့်မယ်။ ဒါပေမဲ့ လိုအပ်တဲ့အရှိန်နဲ့ မြန်နှုန်းကိုရဖို့ကတော့ ဒီကအခေါ် လီဗာ သို့မဟုတ် accelerator သို့မဟုတ် throttle သို့မဟုတ် gas pedal ကိုနင်းပေးမှရပါလိမ့်မယ်။

ကားမောင်းနေစဉ်အတွင်း လေကာမှန်မှတဆင့် ရှေ့မြင်ကွင်းကို အများဆုံးကြည့်ပေးပါ

ကားထွက်ပြီဆိုတာနဲ့ သင်လုပ်ရာမှာ ကားသွားရာဘက်ကို ကြည့်ဖို့ပါပဲ။ R (Reverse) ထိုးပြီး နောက်ဆုတ်နေတဲ့ ကားတစ်စီးဆိုရင်တော့ ကားနောက်ကို နောက်ကြည့်မှန်နဲ့ နံဘေး နောက်ကြည့်မှန်တွေကနေကြည့်ချင်ကြည့် ဒါမှမဟုတ် နောက်ကြည့်ကင်မရာမြင်ကွင်းကိုကြည့်ပြီး နောက်ဆုတ်ရမှာဖြစ်ပါတယ်။ ဒါကလွဲရင် ပုံမှန်မောင်းနှင်မှုအပိုင်းမှာတော့ ရှေ့မြင်ကွင်းကိုပဲ အများဆုံးကြည့်ပေးရမှာဖြစ်ပါတယ်။ ယာဉ်ကြောပြောင်းမယ့်အနေအထားမျိုး၊ ကျော်တက်တော့မယ့်အနေအထားမျိုး၊ နောက်မှ ဟွန်းတီးတဲ့အနေအထားမျိုး စတာတွေနဲ့ တချက်တချက်မှာ နောက်ကြည့်မှန်နဲ့ နောက်ကြည့်ဘေးမှန်တွေကနေပြီး နောက်ကိုကြည့်ပေးရမှာဖြစ်ပေမဲ့ အများစုကတော့ ရှေ့လေကာမှန်ကိုဖြတ်ပြီး ရှေ့တည့်တည့်ကိုသာ ကြည့်ရှုကြဖို့မမေ့ပါနှင့်။

ဒါကတော့ ကားမောင်းမယ်ဆိုရင် လုပ်ကိုလုပ်ရမယ့်အချက်တွေ၊ လူတိုင်းသိတဲ့အချက်တွေကို ဆေးထိုးတယ်ပဲခေါ်ခေါ်၊ ဂျင်းထည့်တယ်ပဲပြောပြော ပျော်စရာသဘောနဲ့ရေးလိုက်တာဖြစ်ပါတယ်။ တကယ်လိုအပ်ပြီး ကားမောင်းသူတော်တော်များများသိချင်နေတဲ့အချက်နှစ်ချက်ကိုတော့ 👉🏻 ဒီနေရာကိုနှိပ် 👈🏻 ပြီးဝင်ရောက်ဖတ်ပေးကြပါခင်ဗျာ။ အချိန်ပေးပြီး ဖတ်ပေးကြသူအားလုံးကို ကျေးဇူးတင်အားနာစွာနဲ့ တန်ဖိုးရှိတဲ့အချက်ကလေးတွေဖြစ်ကြောင်း အာမခံရင်း အခုအပျော်ဆောင်းပါးလေးကို နိဂုံးချုပ်ခဲ့ချင်ပါတယ်ခင်ဗျာ။

Photo Credits

Luxorlimo

nkytribune

ET Auto

Mercedes CLA Forum

rawpixel

Park Insurance

Author