Fast and Furious ကြောင့် လူကြိုက်များရေပန်းစားလာခဲ့တဲ့ ဂျပန်စူပါကားများ

0

Full article

ပထမဆုံး Fast and Furious ဇာတ်ကားထွက်ရှိခဲ့တာ အခုဆိုနှစ်ပေါင်း ၂၀ လောက်ရှိခဲ့ပါပြီ။ The fast and the Furious လို့ နာမည်ပေးထားတဲ့အဲဒီဇာတ်ကားရဲ့နောက်ဆုံးဇာတ်ဝင်ခန်းကို မှတ်မိကြဦးမယ်ထင်ပါတယ်။ မင်းသားကြီး Vin Diesel က ဂန္ထဝင် Dodge Charger တစ်စီး၊ ကွယ်လွန်သူမင်းသားချော Paul Walker က Toyota Supra တစ်စီးနဲ့ ပြိုင်မောင်းကြပြီး ရထားတစ်စင်းကို ပွတ်ကာသီကာကျော်ဖြတ်သွားတဲ့ဇာတ်ဝင်ခန်းပဲဖြစ်ပါတယ်။

ဒီလိုပြကွက်တွေကြောင့်ပဲ လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်း အမေရိကမှာရှိတဲ့ ဂျပန်စူပါကားစျေးကွက်ဟာ အဆမတန်ခုန်တက်လာခဲ့ပါတယ်။ (Japanese Domestic Market) JDM ကားတွေလို့ အကြမ်းဖျင်းခေါ်ဝေါ်ကြတဲ့ ဂျပန်ထုတ်ပြိုင်ကားတွေဟာ အမေရိကန်ကားဝါသနာရှင်တွေ အကြိုက်တွေ့တဲ့ Old school ထုတ်ကုန်တွေလည်း ဖြစ်လာခဲ့ပါတော့တယ်။

ပြောရရင် အစိတ်အပိုင်းအားလုံးရာနှုန်းပြည့်အော်ရီဂျင်နယ်ရှိနေသေးတဲ့ Generation 4မျိုးဆက် Toyota Supra တစ်စီးရဲ့ပေါက်စျေးဟာ ယနေ့အချိန်မှာ ဒေါ်လာ ၇၀,၀၀၀ ကနေ ဒေါ်လာ ၁၀၀,၀၀၀ အထိရှိလာခဲ့ပါတယ်။ ရှားပါးကားတွေရဲ့စျေးနှုန်းကို အချိန်နဲ့တပြေးညီတင်ပေးနေတဲ့ Hagerty Price Guide ဝက်ဘ်ဆိုက်မှာတော့ ၁၉၉၅ မော်ဒယ် Mitsubishi Eclipse GSXs တစ်စီးရဲ့တန်ဖိုးဟာ လွန်ခဲ့တဲ့နှစ်တွေအတွင်း ၇၃ ဒသမ ၉ ရာခိုင်နှုန်းအထိ ခုန်တက်သွားခဲ့ပြီး ဒေါ်လာ ၂၀,၇၀၀ အထိ ရောက်လာခဲ့တယ်လို့ သိရပါတယ်။ Mitsubishi Eclipse GSXs ဆိုတဲ့ပြိုင်ကားလေးကတော့ The Fast and The Furious ဇာတ်ကားရဲ့ပထမဆုံးဇာတ်ဝင်ခန်းတွေမှာ Paul Walker စီးခဲ့တဲ့ကားအမျိုးအစားပါ။

ဒီဇာတ်ကားမှာ Vin diesel ရဲ့ ကားလှလှလေးတစ်စီးကိုလည်း တွေ့မြင်ရပါသေးတယ်။ အဲဒါကတော့ ၁၉၉၃ မော်ဒယ် Mazda RX-7 ပါပဲ။ သူ့ရဲ့စျေးနှုန်းက ၂၀၀၁ ခုနှစ်မှာ ဒေါ်လာ ၁၃,၉၀၀ ပဲရှိခဲ့ရာက လက်ရှိအချိန်မှာ ဒေါ်လာ ၂၉,၉၀၀ အထိရောက်သွားခဲ့ပါပြီ။ အထူးမွမ်းမံမှုတွေလုပ်ထားတဲ့ Mazda RX-7 ဆိုရင်တော့ ဒေါ်လာ ၄၄,၅၀၀ အထိတောင် ပေါက်စျေးရှိနေပါတယ်။

Hagerty ဝက်ဘ်ဆိုက်မှာတော့

“အံ့ဩဘနန်းစျေးခုန်တက်သွားတဲ့ကားအမျိုးအစားတွေထဲမှာ ၁၉၉၃ မော်ဒယ် Honda Civic ကူပေးအမျိုးအစား ၃ စီးလည်းပါဝင်ပါတယ်။ ဒိုမီနစ်တိုရက်တိုနဲ့ သူ့အဖွဲ့သားတွေ နေ့ခင်းကြောင်တောင် လမ်းဓါးပြတိုက်ဖို့ကြိုးစားရာမှာ အသုံးပြုခဲ့တဲ့ကားလေးတွေပါ”

လို့ ဖော်ပြထားပါတယ်။ ဒီ Honda Civic လေးတွေဟာ ၂၀၀၁ ခုနှစ်တုန်းက လမ်းဘေးစျေးလို့ပြောရမယ့် ဒေါ်လာ ၄,၄၀၀ လောက်သာရှိခဲ့ရာက အခုချိန်မှာတော့ ဒေါ်လာ ၁၃,၈၀၀ အထိ ရှိသွားခဲ့ပါတယ်။ ရာခိုင်နှုန်းအားဖြင့်တော့ ၂၁၃ ဒဿမ ၆ ရာခိုင်နှုန်းအထိ စျေးခုန်တက်သွားခဲ့တာပါ။

အခုလိုစျေးတက်ရတဲ့အကြောင်းရင်းတွေကတော့ Paul Walker တို့လို ရုပ်ရှင်ကြယ်ပွင့်ပုံရိပ်တွေနဲ့အတူ ကားတွေရဲ့စွမ်းဆောင်ရည်ကို ထင်သာမြင်သာအရှိဆုံးချပြနိုင်ခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ ဒါပေမဲ့ ကံဆိုးချင်တော့ Paul Walker ဟာ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ သူ အင်မတန်ချစ်မြတ်နိုးတဲ့ပြိုင်ကားတစ်စီးနဲ့အတူ ကွယ်လွန်သွားခဲ့ပါတယ်။ တိုင်ဖွန်းမုန်တိုင်းဒုက္ခသည်တွေအတွက် ပြုလုပ်တဲ့ပရဟိတပွဲတစ်ခုကနေအပြန် သူငယ်ချင်းတစ်ယောက်မောင်းတဲ့ Porsche Carrera GT ကားလေးထဲမှာ ထိုင်လိုက်လာရင်း လမ်းဘေဓာတ်တိုင်ကို ဝင်တိုက်မိပြီး နှစ်ဦးလုံးသေဆုံးခဲ့တာပါ။ Paul Walker နဲ့ပတ်သက်ပြီး melmagazine.com မှာ “ သေဆုံးချိန်မှာ Paul ဟာ Fast and Furious ဇာတ်လမ်းတွေရဲ့ တတိယ (သို့) စတုတ္ထမြောက်အရေးပါဆုံးအစိတ်အပိုင်းဖြစ်နေပါပြီ” လို့ ဖော်ပြခဲ့ပါတယ်။

Paul Walker ကွယ်လွန်ခဲ့ပေမဲ့ Fast and Furious က သရုပ်ဆောင်ပုံတွေ၊ ဇာတ်ဝင်ခန်းတွေကြောင့် အမေရိကန်ကားဝါသနာရှင်တွေရဲ့အမြင်တွေပြောင်းလဲလာခဲ့ပါတယ်။ ယခင်က ဇိမ်ခံကားကြီးတွေကို ကြိုက်နှစ်သက်ခဲ့ရာကနေ စတိုင်ကျလှပတဲ့ပြိုင်ကားတွေကို ပိုပြီးအကြိုက်တွေ့လာခဲ့ကြပါတယ်။ Paul ရဲ့ဘဝဖြတ်သန်းမှုကို ဂုဏ်ပြုတဲ့ဆောင်းပါးတစ်ပုဒ်မှာတော့ Los Angeles Times သတင်းစာရဲ့အင်တာဗျူးအပိုင်းအစတစ်ခုပါဝင်ခဲ့ပါတယ်။ အဲဒီအင်တာဗျူးဟာ Fast and Furious အမာခံပရိသတ်တစ်ဦးဖြစ်တဲ့ Joel Perez ဆိုသူကို မေးမြန်းတင်ဆက်ထားတာပါ။ Joel ဟာ အသက် ၁၁ နှစ်မှာ The fast and the furious ကို စကြည့်ဖူးပြီး ကားတွေကိုစွဲလမ်းနှစ်သက်လာခဲ့တယ်လို့ ဆိုပါတယ်။ အသက် ၁၈ နှစ်မှာတော့ သူဟာ ဒုတိယမြောက် fast and furious ဇာတ်ကားထဲက Paul Walker စီးခဲ့တဲ့ Mitsubishi Evo 9 အမျိုးအစားကားလေးတစ်စီး ဝယ်ယူခဲ့ပါသတဲ့။ Joel Perez က

“ ဒီကားမျိုးကို တစ်နေ့မှာရအောင်ဝယ်မယ်ဆိုတဲ့ စိတ်ကူးရှိခဲ့ပါတယ်။ လူတွေကတော့ ဒီကားတွေက စျေးကြီးတယ်။ ပြင်ဆင်စရိတ်လည်း မြင့်မားတယ်။ မင်း ဝယ်နိုင်မှာမဟုတ်ပါဘူးကွာဆိုပြီးပြောကြတာပေါ့”

Los Angeles Times ကို ပြောခဲ့တာပါ။

Motor Trend မဂ္ဂဇင်းရဲ့အယ်ဒီတာဖြစ်သူ Edward Loh ကတော့ ကွယ်လွန်သူ Paul Walker ဟာ JDM ပြိုင်ကားတွေကို နှစ်သက်သူတစ်ဦးဖြစ်ကြောင်းဆိုပါတယ်။ ၎င်းက

“Paul ရဲ့ဘဝမှာ ကားတွေထက်ပိုပြီးအရေးကြီးတာ ဘာမှမရှိဘူးဗျ။ ဒါက အဓိပ္ပာယ်မရှိဘူးလို့ ပြောချင်ပြောလို့ရပေမဲ့ သူက ဟောလိဝုဒ်မင်းသားလေဗျာ။ Bentley ကားတွေ စီးနိုင်တယ်။ Rolls-Royce တွေလည်း ဝယ်နိုင်တယ်။ ဒါပေမဲ့ သူချစ်တာ GT-R ပြိုင်ကားတွေဗျ”

လို့ ပြောခဲ့ပါတယ်။

ကမ္ဘာ့ရုပ်ရှင်နယ်ပယ်မှာ အကောင်းဆုံးဇာတ်ကားတွေလို့မပြောနိုင်ပေမဲ့ Fast and Furious ဇာတ်ကားတွေကတော့ သူ့ပရိသတ်နဲ့သူ ဆက်လက်အောင်မြင်နေဆဲပါ။ အစကနဦးမှာ ညဘက်လမ်းမတွေပေါ်မှာ တရားမဝင်ကားပြိုင်ပွဲတွေအကြောင်း အခြေတည်ရိုက်ကူးခဲ့ပေမဲ့ အောင်မြင်လာတာနဲ့အမျှ သိပ္ပံစိတ်ကူးယဉ်အက်ရှင်ဇာတ်လမ်းတွေဘက်ကို ရောက်သွားခဲ့ပါတယ်။ ပထမဆုံး Fast and Furious ဇာတ်ကား ၂ ကားကိုရိုက်ကူးခဲ့တဲ့ နည်းစနစ်ဆိုင်ရာဒါရိုက်တာ Craig Lieberman က

“ Fast and Furious ဇာတ်ကားတွေ စတင်ထွက်ရှိပြီးနောက်ပိုင်း Toyota Supra လို ပြိုင်ကားတွေရဲ့ရောင်းအားက ရာခိုင်နှုန်း ၁,၅၀၀ လောက်အထိ မြင့်တက်ခဲ့ပါတယ်။ ဒီကားတွေအတွက် အိတ်ဇောပိုက်တွေထုတ်လုပ်ပေးရတဲ့ Greddy ကုမ္ပဏီတောင်မှ လက်မလည်တော့ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ကားဝါသနာရှင်တွေက ပြိုင်ကားတွေနဲ့လိုက်ဖက်ညီတဲ့ အစိတ်အပိုင်းမျိုးကိုမှ အတိအကျလိုချင်တာကိုး။ ဒီအတောအတွင်းမှာ IT နည်းပညာကလည်း ထွန်းကားလာခဲ့တယ်လေ။ ကျွန်တော်သိရသလောက်တော့ ကားမွမ်းမံပြင်ဆင်မှုအတွက် လိုအပ်တဲ့နောက်ဆက်တွဲအစိတ်အပိုင်းတွေကို ရောင်းရတဲ့ပမာဏကိုက ဒေါ်လာ ၁၅၀ ဘီလီယံအထက်မှာရှိခဲ့တယ်ဗျ”

လို့ ဆိုခဲ့ပါတယ်။

လက်ရှိအချိန်မှာလည်း နဝမမြောက်ဇာတ်ကားဖြစ်တဲ့ Fast and Furious 9 (F9) ကို လာမယ့်မေလဝန်းကျင်မှာ ရုံတင်ပြသနိုင်ဖွယ်ရှိနေပြီး Fast and Furious 10 ကိုတော့ လာမယ့် ၂၀၂၂ ခုနှစ်မှာ ထွက်ရှိနိုင်ဖို့ ရိုက်ကူးရေးတွေလုပ်ဆောင်နေပြီဖြစ်ကြောင်းသိရပါတယ်။

Author