ပြီးခဲ့တဲ့ ဇွန်လတုန်းက TopSpeed က ကမ္ဘာ့အမြန်ဆုံးကားဆယ်စီးကို ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါထုတ်ပြန်မှုမှာ ကားချစ်သူတွေအတွက်တော့ သိပ်ပြီးထူးဆန်းအံ့ဩစရာကောင်းတာမျိုးတော့ ပါမလာပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ထုတ်ပြန်ခဲ့တဲ့ ကားအမှတ်တံဆိပ်တွေဟာ ကျနော်တို့ထင်မှတ်ထားတဲ့ ကားအမျိုးအစားတွေဖြစ်နေတာကြောင့်ပါပဲ။ ဒီကားတွေရဲ့ လက်ရှိထုတ်ပြန်ထားတဲ့ အမြန်နှုန်းကိုကြည့်ပြီး နောက်ဆယ်နှစ်လောက်ဆိုရင် 0-60 mph ကို စက္ကန့်ဝက်လောက်နဲ့ရောက်အောင်တောင် ထုတ်လုပ်လာနိုင်မလားမလို့တောင် တွေးမိသွားတယ်။ အခုထုတ်ပြန်ထားတဲ့ ကားဆယ်စီးရဲ့ အမြန်နှုန်းကွာခြားချက်ကလည်း ကျဉ်းမြောင်းလွန်းလှတာကြောင့် စိတ်ဝင်စားစရာကောင်းပါတယ်။ ဒီထဲမှာ အချို့ကားတွေဟာ အကန့်အသတ်နဲ့ ထုတ်လုပ်တာဖြစ်လို့ တန်ဖိုးအားဖြင့်လည်း တော်တော်လေးကြီးမြင့်တဲ့ ကားတွေ ပါဝင်တာကို တွေ့ရတယ်။ ၂၀၂၀အတွက် TopSpeed က ထုတ်ပြန်ထားတဲ့ ကမ္ဘာ့အမြန်ဆုံးကားတွေက ဘာတွေလည်းဆိုတာကို ကြည့်ကြည့်ရအောင် … ။
၁၀။ Saleen S7


အမေရိကန်နိုင်ငံထုတ် Saleen S7 ဟာ မြင်ကောင်ရေပါဝါအား ၁,၀၀၀ ထိ ရှိတဲ့ မြန်နှုန်းမြင့်ကားတစ်စီးဖြစ်သလို ပေါင် ၈၅၀ထိ တင်ဆောင်နိုင်တဲ့ ရုန်းအားမျိုးကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ သူ့ရဲ့ အင်ဂျင်က twin-turbo, 7.0-liter V-8 ဖြစ်ပြီး Top Speed က 248 mph ရှိပါတယ်။ 0-60 mph ကိုရောက်ဖို့ 2.7 စက္ကန့်သာ ကြာမြင့်မှာပါ။ ဒီကားဟာ တစ်နာရီကို ၂၄၈မိုင်နှုန်းအထိ အရှိန်မြှင့်တင်မောင်းနှင်နိုင်တဲ့ ဒီလိုကားမျိုးတောင် အဆင့် ၁၀ မှာပဲ ရှိနေတာက နောက်ထပ်လာမယ့် ကားတွေရဲ့ မြန်နှုန်းက တော်တော်လေးကို ကြောက်စရာကောင်းလာမှာပါ။ ဒီ Saleen S7 ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ငါးသိန်းငါးသောင်းဖြစ်ပြီး ထုတ်လုပ်တဲ့အစီးအရေကတော့ ဖော်ပြထားတာမျိုးမရှိပါဘူး။
၉။ McLaren Speedtail


အင်္ဂလန်နိုင်ငံထုတ် McLaren Speedtail ရဲ့ အမြန်နှုန်းကတော့ တစ်နာရီကို မိုင် ၂၅၀ ထိ သွားနိုင်တဲ့ မြန်နှုန်းမြင့် ကားတစ်စီးပဲ ဖြစ်ပါတယ်။ သူ့ရဲ့ မြင်းကောင်ရေပါဝါက ၁,၀၃၅ ထိရှိပြီး ၈၄၈ပေါင်ထိ တင်ဆောင်နိုင်တဲ့ ရုန်းအားမျိုးရှိပါတယ်။ ထူးခြားချက်အနေနဲ့ သူ့ရဲ့ အင်ဂျင်က twin-turbo, 4.0-liter V-8 hybrid ဖြစ်ပြီး သူတို့ ထုတ်လုပ်သူတွေဘက်ကတော့ တစ်နာရီကို မိုင် ၂၅၀ထိ သွားနိုင်တယ်ဆိုတာကို အခိုင်အမာဆိုထားတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ 0-60 mph ကိုတော့ 2.5 စက္ကန့်နဲ့ရောက်တယ်ဆိုတာကိုတော့ ခန့်မှန်းခြေသဘောသာပြောထားတာကို တွေ့ရတယ်။ သူ့ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၂.၂ မီလျံ ရှိပြီး အစီးရေအားဖြင့်လည်း ၁၀၆ စီးသာ ထုတ်လုပ်တဲ့ ကားဖြစ်ပါတယ်။
၈။ Bugatti Veyron


TopSpeed ရဲ့ အဆိုအရ Bugatti Veyron ဟာ တစ်နာရီကို မိုင် ၂၅၀ ကျော် ထိမောင်းနှင်နိုင်တဲ့ ကားကို ပထမဆုံး ထုတ်လုပ်တာလို့ဆိုထားတယ်။ ပြင်သစ်နိုင်ငံထုတ် Bugatti Veyron ဟာ သူ့ရဲ့ မြင်းကောင်ရေပါဝါက ၉၈၇ သာ ရှိတယ်။ ဒါပေမဲ့ ၉၂၂ ပေါင်ထိ တင်ဆောင်နိုင်တဲ့ ရုန်းအားရှိတာကတော့ အားသာချက်တစ်ခုပါပဲ။ သူ့ရဲ့ အင်ဂျင်ကတော့ quad-turbo, 8.0-liter W-16 ပဲ ဖြစ်ပါတယ်။ 0-60 mph ကို 2.8 ထိ ကြာမြင့်မှာဖြစ်ပြီး ဒီစာရင်းမှာ ဘာကြောင့် နံပတ် ရှစ်နေရာကို ပို့ထားသလည်းဆိုရင်တော့ တစ်နာရီကို ၂၅၄ မိုင်ထိ သွားနိုင်တဲ့ အားသာချက်ကြောင့်လို့ ထင်တယ်။ သူလည်း အကန့်အသတ်နဲ့ ထုတ်လုပ်တဲ့ ကားဖြစ်ပြီး အစီးရေ ၁၇၈ စီးသာ ထုတ်လုပ်တာကို တွေ့ရတယ်။ သူ့ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၁.၇ မီလျံ ရှိတယ်။
၇။ SSC Ultimate Aero


၂၀၁၃ခုနှစ်မှာ ထုတ်လုပ်မှုရပ်ဆိုင်းခဲ့တဲ့ SSC Ultimate Aero ဟာ ဒီစာရင်းမှာ နံပတ် ၇ နေရာမှာ ရှိနေတယ်။ မြင်းကောင်ရေပါဝါ ၁,၁၈၃ အထိရှိပြီး ပေါင် ၁.၀၉၀ အထိ တင်ဆောင်ပြီး ရုန်းနိုင်တဲ့ SSC Ultimate Aero ဟာ တစ်နာရီကို ၂၅၆မိုင်အထိ သွားနိုင်တဲ့ ကားတစ်စီးပါ။ 0-60 mph ကို 2.7 စက္ကန့်ကြာမြင့်တာဖြစ်လို့ ကောင်းမွန်တဲ့ စံချိန်တစ်ခုဖြစ်ပြီး အင်ဂျင်ကတော့ twin-turbo, 6.3-liter V-8 ပါ။ သူ့ရဲ့ ဈေးနှုန်းက ဒေါ်လာ ခြောက်သိန်း ဖြစ်ကာ အခုချိန် ဈေးကွက်ထဲမှာ ရှားပါးနေတဲ့ ကားပဲ ဖြစ်ပါတယ်။
၆။ Koenigsegg Agera R


တစ်နာရီကို မိုင် ၂၆၀ အထိ သွားနိုင်တဲ့ Koenigsegg Agera R ဆွီဒင်နိုင်ငံထုတ်အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး အစီးရေ ၁၈ စီးသာ ထုတ်လုပ်တာလို့ ဆိုထားတယ်။ မြင်းကောင်ရေ ၁.၁၂၄ အထိ ရှိပြီး အင်ဂျင် win-turbo, 5.0-liter V-8 ရှိတဲ့ ဒီကားဟာ ၈၈၅ ပေါင်အထိ တင်ဆောင်နိုင်တဲ့ ရုန်းအားကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ 0-60 mph ကိုတော့ 2.7 စက္ကန့်ကြာမြင့်တာဖြစ်လို့ ဒီအပိုင်းမှာတော့ သိပ်ပြီး ကွာခြားမှုမရှိပါဘူး။ ဈေးနှုန်းအားဖြင့် ဒေါ်လာ ၂ မီလျံ ရှိတဲ့ ဒီကားဟာ ၁၈စီးသာ ထုတ်လုပ်ခဲ့တာဖြစ်လို့ ပိုင်ဆိုင်ထားတဲ့သူတွေအတွက်တော့ ဂုဏ်ယူစရာကောင်းမှာ အမှန်ပါပဲ။
၅။ Bugatti Chiron


ကမ္ဘာကျော်ဆယ်လီတော်တော်များများ Bugatti Chiron ကို ပိုင်ဆိုင်ထားကြလေ့ ရှိတယ်။ ဒီမှာ သူ့ရဲ့ အင်ဂျင်ပါပဲ။ quad-turbo, 8.0-liter W-16 အထိ ရှိတဲ့ သူ့ရဲ့ အင်ဂျင်ပါဝါက မြင်ကောင်ရေအား ၁,၄၇၉ အထိရှိတာကလည်း တော်တော်လေးမြင့်မားတဲ့စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်မှာပါ။ တစ်နာရီကို ၂၆၁မိုင်အထိ သွားနိုင်တဲ့ ဒီကားဟာ 0-60 mph ကိုလည်း 2.6 စက္ကန့်သာ ကြာမြင့်တာဖြစ်ပြီး ၁,၁၈၀ ပေါင်အထိ တင်ဆောင်ကာ ရုန်းနိုင်တဲ့ ကားတစ်စီးပါ။ ဈေးနှုန်းကလည်း ဒေါ်လာ ၃ မီလျံအထိ ရှိတာဖြစ်ပြီး အစီးရေ ၅၀၀ အထိသာ ထုတ်လုပ်တဲ့ ကားတစ်စီးပဲ ဖြစ်ပါတယ်။
၄။ Bugatti Veyron Super Sport


နံပတ် ၈ နေရာက Bugatti Veyron လောက်နဲ့ အားမရသေးသူတွေအတွက် နောက်ထပ် ပိုမိုမြန်နှုန်းမြင့်တဲ့ ကားကတော့ Bugatti Veyron Super Sport ပါပဲ။ အင်ဂျင်ပါဝါ quad-turbo, 8.0-liter W-16 ရှိတဲ့ ဒီကားဟာ မြင်းကောင်ရေ ၁,၁၈၄ အထိရှိပြီး ၁,၁၀၆ပေါင်အထိ တင်ဆောင်နိုင်တဲ့ ရုန်းအားရှိပါတယ်။ Bugatti Chiron အတိုင်းပဲ 0-60 mph ကို 2.6 စက္ကန့်သာ ကြာမြင့်တာဖြစ်ပြီး တစ်နာရီကို ၂၆၈ မိုင်အထိ သွားနိုင်တဲ့ ကားတစ်စီးပါ။ အစီးရေ ၃၀ သာ ထုတ်လုပ်တာဖြစ်သလို သူ့ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၂.၇ မီလျံ ပဲ ဖြစ်ပါတယ်။
၃။ Hennessey Venom GT


အင်္ဂလန်နိုင်ငံထုတ် Hennessey Venom GT ဟာ Lotus ကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ ကားတစ်စီးလို့ ဆိုထားတယ်။ သူဟာ တစ်နာရီကို မိုင် ၂၇၀ အထိ သွားနိုင်သလို 0-60 mph ကို 2.7 ကြာမြင့်တဲ့ ကားတစ်စီးပါ။ မြင်းကောင်ရေပါဝါ ၁,၂၄၄ အထိ ရှိသလို ဝန်တင်နိုင်တဲ့ရုန်းအားကလည်း ၁,၁၅၅ ပေါင်အထိရှိတာကြောင့် စွမ်းဆောင်ရည်မြင့်မားတဲ့ ကားတစ်စီးဆိုတာ အသေအချာပါပဲ။ သူ့ရဲ့ အင်ဂျင်ကတော့ win-turbo, 7.0-liter V-8 ဖြစ်ကာ ရုပ်ထွက်ပိုင်းအရလည်း တော်တော်လေးကို သေသပ်လှပတဲ့ ကားတစ်စီးလို့ ဆိုရမယ်။ သူကလည်း အကန့်အသတ်နဲ့ ထုတ်တဲ့ကားတစ်စီးဖြစ်ပြီး ၁၃ စီးသာ ထုတ်လုပ်တာပါ။ သူ့ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၁.၂ မီလျံပဲ ဖြစ်ပါတယ်။
၂။ Koenigsegg Agera RS


အင်ဂျင် twin-turbo, 5.0-liter V-8 ရှိတဲ့ Koenigsegg Agera RS ရဲ့ မြင်းကောင်ရေပါဝါကတော့ ၁,၃၄၁အထိ ရှိပြီး ၁,၁၆၀ ပေါင်အထိ တင်ဆောင်နိုင်တဲ့ ရုန်းအားမျိုးကို ပိုင်ဆိုင်ထားတာပါ။ ဒီစာရင်းမှာ နံပတ် ၂ နေရာကို ရောက်ရှိနေတဲ့ အကြောင်းပြချက်တွေကို ပေးဖို့တောင် လိုမယ်မထင်ပါဘူး။ 0-60 mph ကို 2.6 စက္ကန့်နဲ့ရသလို တစ်နာရီကို ၂၇၈ မိုင်အထိ မြန်နှုန်းမြင့်တာကတော့ လက်ဖျားခါလောက်စရာပါပဲ။ သူလည်း အကန့်အသတ်နဲ့ ထုတ်တဲ့ကားဖြစ်ပြီး ၂၅ စီးသာ ထုတ်လုပ်ခဲ့တာပါ။ သူ့ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၂.၅ မီလျံ ပဲ ဖြစ်ပါတယ်။
၁။ Bugatti Veyron Super Sport 300+


ဒါကတော့ ကမ္ဘာ့အမြန်ဆုံးကားလို့ ဆိုထားတဲ့ ကားပါ။ သူက တစ်နာရီကို မိုင်ပေါင်း ၃၀၄မိုင်အထိ သွားနိုင်ပြီး သူ့ရဲ့ အင်ဂျင်ကတော့ quad-turbo, 8.0-liter W-16 ပဲ ဖြစ်ပါတယ်။ 0-60 mph ကို 2.6 စက္ကန့်သာ ကြာမြင့်တာဖြစ်ပေမဲ့ ဝန်တင်ဆောင်နိုင်တဲ့ ရုန်းအားကတော့ သာမန်ပါပဲ။ ၁,၁၈၀ ပေါင်သာ တင်ဆောင်နိုင်တာဖြစ်ပြီး သူ့ရဲ့ အကြီးမားဆုံးအားသာချက်က မြန်နှုန်းမြင့်လွန်းတာလို့ပဲ ဆိုရမယ်။ တစ်နာရီကို ၃၀၄မိုင်အထိ မောင်းလို့ရတယ်ဆိုတာ ရူးလောက်စရာဖြစ်ပြီး သူကလည်း အကန့်အသတ်နဲ့ ထုတ်တဲ့ ကားတစ်စီးပါပဲ။ အစီးရေ ၃၀ သာ ထုတ်လုပ်တာဖြစ်ပြီး သူ့ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၃.၈ မီလျံ အထိ ကျသင့်မှာပဲ ဖြစ်ပါတယ်။
အခု ဖော်ပြပေးခဲ့တာကတော့ TopSpeed ကနေ ရွေးချယ်ပေးခဲ့တဲ့ ကမ္ဘာ့အမြန်ဆုံး ကားဆယ်စီးပဲ ဖြစ်ပါတယ်။ မြန်နှုန်းကလည်း မြင့်လွန်းသလို ဈေးနှုန်းကလည်းမြင့်လွန်းတာကြောင့် တော်ရုံတန်ရုံ ပိုက်ဆံရှိယုံလောက်နဲ့ ဝယ်စီးဖို့ မလွယ်ကူနိုင်တဲ့ ကားတွေပါပဲ။ ဒီစာရင်းမှာတော့ အဓိက အားပြိုင်ခဲ့ကြတာကတော့ Bugatti နဲ့ Koenigsegg တို့ပဲ ဖြစ်ပါတယ်။ ။
Ref :: TopSpeed
Photo Credit :: TopSpeed