ကမ္ဘာကျော် UFC ဖိုက်တာများရဲ့ အမိုက်စားကားများ …

0

Full article

ကမ္ဘာ့နယ်ပယ်အသီးသီးက အောင်မြင်ကျော်ကြားတဲ့ ဆယ်လီ တွေအတွက် ကား ဆိုတာဟာ ကြွားဝါဖို့အတွက်ပဲဖြစ်ဖြစ်၊ ဇိမ်ခံဖို့အတွက်ပဲဖြစ်ဖြစ်၊ ဝါသနာအရပဲဖြစ်ဖြစ် မဖြစ်မနေ ပိုင်ဆိုင်ထားကြလေ့ရှိကြတယ်။ အချို့ကတော့ နေ့စဉ်အသုံးပြုဖို့အတွက်လောက်ပဲ သာမန်ကားတစ်စီးလောက်ဝယ်ယူထားတတ်ကြပေမဲ့ အချို့ကတော့ ကမ္ဘာ့ထိပ်တန်းဖြစ်တဲ့ ကောင်းပေ့၊ ညွှန့်ပေ့ ဆိုတဲ့ ကားတွေကိုပဲ ဝယ်ယူစုဆောင်းကြလေ့ရှိတယ်။ ဒီအထဲမှာ ကမ္ဘာကျော်ဖိုက်တာတွေအတွက်လည်း ကား ဆိုတာဟာ သူတို့ကို ပိုမိုတောက်ပသွားစေမယ့် အရာတစ်ခုပါပဲ။

အခုတစ်ခါမှာတော့ UFC ဖိုက်တာတွေရဲ့ အမိုက်စားကားတွေအကြောင်းကို ပြောပြသွားချင်တယ်။ အားလုံးသိတဲ့အတိုင်းပဲ ဘက်စုံသုံးတိုက်ခိုက်ရေးပြိုင်ပွဲ(MMA) မှာ UFC ပြိုင်ပွဲဟာ အကျော်ကြားဆုံးနဲ့ ဝင်ငွေအကောင်းဆုံးပြိုင်ပွဲတစ်ခုလို့တောင် ဆိုလို့ရတယ်။ ဒီလိုမျိုးဝင်ငွေကောင်းတဲ့ ဖိုက်တာတွေဆီမှာ ကားကတော့ တစ်စီးထက်မက ရှိကြမှာပါ။ ဒီအထဲကမှ UFC ဖိုက်တာဆယ်ယောက်ရဲ့ အမိုက်စားကားတွေကို  hotcars ကားက‌နေ စာရင်းပြုစုထားတာပါ။  ဒါကြောင့် UFC ရဲ့ ကမ္ဘာကျော်ရွှေခါးပတ်ချန်ပီယံတွေရဲ့ အမိုက်စားကားတွေက ဘာတွေဖြစ်မလဲဆိုတာ ကြည့်ကြည့်ရအောင်။

၁၀။ Dominick Cruz & Toyota Tundra 2019

ဘင်တန်ဝိတ် ချန်ပီယံဆုကို နှစ်ကြိမ်ရရှိခဲ့ဖူးတဲ့ Dominick Cruz ဟာ ကစားသမားဘဝတလျှောက် ၂၅ ပွဲ ကစားခဲ့ရာမှာ ၂၂ပွဲအထိ အနိုင်ရရှိခဲ့ပြီး ၃ကြိမ်သာ ရှုံးနိမ့်ခဲ့တဲ့ ဖိုက်တာတစ်ယောက်ပါ။ သူဟာ အမေရိကန်နိုင်ငံသားဖြစ်ပေမဲ့ သူ ပိုင်ဆိုင်တဲ့ အမိုက်စားကားကတော့ Toyota Tundra 2019 ပဲ ဖြစ်ပါတယ်။ သူ့လို ဖိုက်တာမျိုးအတွက်  Full-size pickup truck ကားဖြစ်တဲ့ Toyota Tundra 2019 ကို ကြိုက်နှစ်သက်တာဟာ ထူးဆန်းတဲ့အရာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အမေရိကန်နိုင်ငံသားတစ်ယောက်အနေနဲ့  Full-size pickup truck တွေမှာ နာမည်ကျော်ကြားတဲ့ အမေရိကန်နိုင်ငံထုတ် Ford ကားတွေထက် Toyota အမှတ်တံဆိပ်ကိုကြိုက်နှစ်သက်တာကတော့ နည်းနည်းအံ့ဩစရာကောင်းပါတယ်။

၉။ Jon Jones & Bentley Continental GT

တကယ်လို့များ Jon Jones ဟာ  ၂၀၀၉ခုနှစ်က Matt Hamill နဲ့ ထိုးသတ်ခဲ့တဲ့ပွဲမှာ စည်းကမ်းဖောက်ဖျက်မှုသာ မလုပ်ခဲ့ဘူးဆိုရင် အခုချိန်ထိ လိုက်ဟဲဗီးဝိတ်တန်းမှာ ရှုံးပွဲမရှိစံချိန်ကို စိုက်ထူထားနိုင်မှာပါ။ အခုမှ အသက် ၃၃ နှစ်သာရှိသေးတဲ့ Jon Jones ဟာ ၂၈ပွဲထိုးသတ်လို့အပြီးမှာ ရှံးပွဲတစ်ပွဲသာ ကြုံတွေ့ထားရသေးတာကို တွေ့ရတယ်။ သူလည်း လိုက်ဟဲဗီးဝိတ်ချန်ပီယံခါးပတ်ကို နှစ်ကြိမ်တိုင်တိုင်ရရှိထားတဲ့ အမေရိကန်နိုင်ငံသားတစ်ယောက်ပါ။ သူ့ရဲ့ အမိုက်စားကားကတော့ Bentley Continental GT ပဲ ဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံရဲ့ ဂုဏ်သိက္ခာကြီးမြင့်တဲ့ Bentley အမှတ်တံဆိပ်နဲ့ UFC ရဲ့ လိုက်ဟဲဗီးဝိတ်ချန်ပီယံတို့ရဲ့ လိုက်ဖက်မှုကိုတော့ အထူးညွှန်းဆိုစရာလိုမယ်မထင်ပါဘူး။ ကြွားရွားလှပတဲ့ Bentley Continental GT ကားကြီးနဲ့ အရပ် ခြောက်ပေလေးလက်မထိ မြင့်မားတဲ့ Jon Jones ကို တွဲဖက်မြင်ရတာကလည်း တကယ့်အမိုက်စားပါပဲ။

၈။ Conor McGregor & Rolls-Royce

UFC သမိုင်းတလျှောက်မှာ ပွဲအဆူဆုံးနဲ့ ဝင်ငွေအကောင်းဆုံး၊ အကျော်ကြားဆုံးဖိုက်တာကို ပြပါဆိုရင် Conor McGregor ကိုပဲ ပြရလိမ့်မယ်ထင်တယ်။ သူ့ရဲ့ အောင်ပွဲခံပုံတွေ၊ ပွဲကြိုစကားဝိုင်းတွေမှာ တော်ကီကောင်းကောင်းနဲ့ ပြိုင်ဘက်ကို ပုတ်ခတ်တာတွေကြောင့် ကြိုးဝိုင်းထဲက စွမ်းဆောင်ရည်ထက်တောင် လူတွေက ပိုသတိထားမိပါသေးတယ်။ ဖယ်သာဝိတ်ချန်ပီယံနှစ်ကြိမ်နဲ့ လိုက်ဝိတ်ချန်ပီယံတစ်ကြိမ်ရရှိခဲ့တဲ့ Conor McGregor ပိုင်ဆိုင်တဲ့ Rolls-Royce ကားကလည်း သူ့လိုပဲ ကားလောကမှာ ကျော်ကြားမှုကြီးမားတဲ့ ကားတစ်စီးပါ။ ဈေးနှုန်းအားဖြင့်လည်း မသေးလှတဲ့ Rolls-Royce ကားကို ပိုင်ဆိုင်ထားတဲ့ Conor McGregor အတွက်တော့ ဒီကားကို ဝယ်ယူဖို့အတွက် သူပိုင်ဆိုင်တဲ့ ငွေကြေးအပေါ် ကြီးကြီးမားမား သက်ရောက်မှုတောင် မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် Conor McGregor နဲ့ Rolls-Royce တို့ရဲ့ ပေါင်းစပ်မှုကလည်း မြင်သူတိုင်း အားကျစရာကောင်းတဲ့ အမိုက်စားပေါင်းဖက်မှုတစ်ခုဆိုတာ အသေအချာပါပဲ။

၇။ Isreal Adesanya &  McLaren 720s spider 2019

လက်ရှိ မစ်ဒယ်ဝိတ်နှစ်ထပ်ကွမ်းချန်ပီယံ Isreal Adesanya ဟာ အခုချိန်ထိ ရှုံးပွဲ လုံးဝမရှိသေးပါဘူး။ သူဟာ UFC ပြိုင်ပွဲမှာ  ပွဲ ၂၀တိတိထိုးသတ်ခဲ့တာြဖစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလက မဲဘုန်းမှာ Paulo Costa ကို အနိုင်ယူထားခဲ့ပါသေးတယ်။ သူပိုင်ဆိုင်တဲ့ ကားကတော့ မြန်နှုန်းမြင့် McLaren 720s spider 2019 ပဲ ဖြစ်ပါတယ်။ ကြိုးဝိုင်းထဲမှာ လျင်မြန်တဲ့လက်သီးချက်တွေနဲ့ ပြိုင်ဘက်တွေကို အနိုင်ယူတိုက်ခိုက်သလို ပြင်ပဘဝမှာလည်း မြန်နှုန်းမြင့်တဲ့ McLaren 720s spider 2019 လို ကားမျိုးကို ပိုင်ဆိုင်ထားက Isreal Adesanya ပြီးပြည့်စုံတဲ့ တွဲဖက်မှုပါပဲ။

၆။ Tito Ortiz & Rolls-Royce Phantom

ကြိုးဝိုင်းထဲမှာ ပြိုင်ဘက်တွေကို မညှာမတာ အနိုင်ယူတိုက်ခိုက်တတ်တဲ့ Tito Ortiz ဟာ UFC လိုက်ဟဲဗီးဝိတ် ချန်ပီယံဟောင်းတစ်ဦးပါ။ လွန်ခဲ့တဲ့ ၂၀၀၀ပြည့်နှစ်တွေတုန်းက Tito Ortiz ရဲ့ ရွှေရောင်လွှမ်းခဲ့တဲ့ အချိန်တွေလို့ သတ်မှတ်လို့ရတယ်။ ဒါပေမဲ့ Tito Ortiz ဟာ ၃၄ပွဲ ယှဉ်ပြိုင်ထိုးသတ်ရာမှာ ၁၂ပွဲထိ ရှုံးနိမ့်ဖူးတာက‌တော့ ကောင်းမွန်တဲ့ မှတ်တမ်းမျိုးမဟုတ်ပါဘူး။ သူဟာ အမေရိကန်နိုင်ငံသားဖြစ်ပြီး အခုချိန်မှာ အသက် ၄၅ နှစ်အရွယ်ကို ရောက်ရှိနေတာပဲ ဖြစ်တယ်။ သူပိုင်ဆိုင်တဲ့ ကားကတော့ Rolls-Royce Phantom ဖြစ်ပြီး ကားလောကမှာတော့ Rolls-Royce Phantom ဟာ လူကြိုက်များတဲ့ ကားတစ်စီးပဲ ဖြစ်ပါတယ်။ သူ့လို လိုက်ဟဲဗီးဝိတ် ချန်ပီယံဟောင်းတစ်ဦးအနေနဲ့ Rolls-Royce Phantom ပိုင်ဆိုင်ထားတာကတော့ ထွေထွေထူးထူးပြောစရာမရှိပါဘူး။

၅။ Derrick Lewis &  Twin Turbo Lamborghini Huracan

မှတ်တမ်းတွေအရတော့ Derrick Lewis ကို UFC မှာ ချန်ပီယံဖြစ်ဖူးတာမျိုး မတွေ့ခဲ့ရဘူး။ ဟဲဗီးဝိတ်တန်းမှာ ထိုးနေတဲ့ Derrick Lewis ရဲ့ မှတ်တမ်းကလည်း လျှော့တွက်လို့တော့ မရပါဘူး။ ၃၂ပွဲထိုးသတ်ရာမှာ ၂၄ပွဲထိ အနိုင်ရထားတဲ့ Derrick Lewis ဟာ အလဲထိုးပွဲတွေနဲ့ နိုင်ပွဲတွေများပြားခဲ့သလို ရှုံးပွဲတွေလည်း များပြားခဲ့တာကို တွေ့ရတယ်။ သူပိုင်ဆိုင်တဲ့ ကားကတော့ Twin Turbo Lamborghini Huracan ပဲ ဖြစ်ပါတယ်။ Lamborghini အမှတ်တံဆိပ်တွေဆိုတာ ကမ္ဘာကျော်ဆယ်လီတော်တော်များများ ပိုင်ဆိုင်ထားလေ့ရှိတဲ့ ကားအမှတ်တံဆိပ်ဖြစ်တာကြောင့် Derrick Lewis ပိုင်ဆိုင်ထားတာ မထူးဆန်းဘူးလို့တော့ ဆိုရလိမ့်မယ်။ တစ်ခုပဲ ဘဝင်မကျတာက ကားက အမိုက်စားဖြစ်သလို Derrick Lewis ကလည်း ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ ဖိုက်တာဖြစ်ပေမဲ့ သူတို့နှစ်ယောက်ရဲ့ ပေါင်းစပ်မှုသိပ်ပြီးတော့ လိုက်ဖက်တယ်လို့တော့ မခံစားမိဘူး။

၄။ Mairbek Taisumov & Mercedes-Benz CLS Class

သူ့ကိုလည်း မှတ်တမ်းတွေအရ UFC မှာ ချန်ပီယံဖြစ်ဖူးတာမျိုး မတွေ့ရဘူး။ လိုက်ဝိတ်တန်းမှာ ထိုးသတ်နေတဲ့သူ့အတွက် ချန်ပီယံဖြစ်ဖို့ဆိုတာ ခက်ခဲမှာတော့ အမှန်ပါပဲ။ ပွဲပေါင်း ၃၃ပွဲ ထိုးသတ်ခဲ့ပြီး ၂၇ပွဲထိ အနိုင်ရခဲ့တဲ့ Mairbek Taisumov ဟာ ကြိုးဝိုင်းထဲမှာ သွက်လက်အားပါပြင်းထန်တဲ့ လက်သီးချက်တွေနဲ့ ပြိုင်ဘက်တွေကို အမှောက်သိပ်လေ့ရှိတဲ့ ရုရှားနိုင်ငံသား ဖိုက်တာ တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ သူပိုင်ဆိုင်ထားတဲ့ကားကတော့ Mercedes-Benz CLS Class ဖြစ်တာကတော့ နည်းနည်းလေး ထူးဆန်းချင်စရာကောင်းနေတယ်။ ဘာဖြစ်လို့လည်းဆိုတော့ များသောအားဖြင့် UFC ဖိုက်တာတွေက ဆီဒင် ကားမျိုးတွေကို စိတ်ဝင်စားလေ့မရှိပေမဲ့ Mairbek Taisumov ကတော့ ဆီဒင်ကားအမျိုးအစားဖြစ်တဲ့ Mercedes-Benz CLS Class ကို ပိုင်ဆိုင်ထားတာကြောင့်ပါပဲ။ ဒါဟာ Mairbek Taisumov အနေနဲ့ ပြင်ပဘဝမှာ ရိုးရိုးရှင်းရှင်းနေတတ်တဲ့ လူတစ်ယောက်ဆိုတာကို ဖော်ပြနေပြီး သူနဲ့လည်း လိုက်ဖက်မှုရှိတဲ့ ကားဆိုတာတော့ အသေအချာပါပဲ။

၃။ Max Hollowat & Dodge Charger Daytona

ဖယ်သာဝိတ်တန်းမှာ နှစ်ကြိမ်တောင် ချန်ပီယံဖြစ်ခဲ့ဖူးတဲ့ Max Hollowat ဟာ တိုက်ကွက်စုံတဲ့ ဖိုက်တာတစ်ယောက်လို့ ဆိုလို့ရတယ်။ ၂၇ပွဲထိုးသတ်ရာမှာ ၂၁ပွဲအနိုင်ရရှိခဲ့တဲ့ Max Hollowat ပိုင်ဆိုင်တဲ့ကားကတော့ Dodge Charger Daytona ပဲ ဖြစ်ပါတယ်။ Max Hollowat အနေနဲ့ ရိုးရှင်းပြီး ဂန္တဝင်ဆန်တဲ့ Dodge Charger Daytona ကားကို  ဝယ်ယူထားတာဟာ သိပ်ပြီးတော့ အံ့ဩစရာတော့ ရှိမယ်မထင်ပါဘူး။

၂။ Khabib Nurmagomerdov & Mercedes-AMG GT

ပြီးခဲ့တဲ့ လ ကမှ Justin Gaethje ကို အနိုင်ထိုးပြီး MMA လောကကို ကျောခိုင်းသွားခဲ့တဲ့ Khabib ဟာ UFC ပြိုင်ပွဲတလျှောက်မှာ ရှုံးပွဲလုံးဝမရှိခဲ့တဲ့ ဖိုက်တာတစ်ယောက်ပါ။ ပြိုင်ဘက်တွေကို ချုပ်ကွက်တွေနဲ့ အသာစီးယူလေ့ရှိတဲ့ Khabib ဟာ မိသားစုကိုတန်ဖိုးထားလွန်းတဲ့ ဖိုက်တာတစ်ယောက်ဖြစ်ပြီး သူဟာ ပွဲပေါင်း ၂၉ပွဲထိုးသတ်ခဲ့ပြီး အားလုံးကို အနိုင်ရရှိခဲ့တယ်။ သူဟာ အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်နေတတ်သူပီပီ သူပိုင်ဆိုင်ထားတဲ့ ကားကလည်း Mercedes-AMG GT လို တည်ကြည်ခန့်ငြားတဲ့ ကားဖြစ်နေတာက မထူးဆန်းတဲ့ အရာပါပဲ။ Khabib ဟာ ကြိုးဝိုင်းထဲမှာလည်း သွေးအေးတဲ့အမူအရာတွေရှိသလို ပြင်ပလူနေမှုဘဝမှာလည်း အေးဆေးတဲ့ပုံစံမျိုးတွေ့ရပြီး Mercedes-AMG GT ကားမျိုးနဲ့ တွဲဖက်မြင်ရတာကတော့ လိုက်ဖက်လွန်းတယ်လို့ကို ခံစားမိစေတယ်။

၁။ Henry Cejudo &  GMC Sierra 1500 Denali

ဘင်တန်ဝိတ်တန်းရော၊ ဖလိုင်းဝိတ်တန်းရော ဝိတ်တန်းနှစ်ခုစလုံးမှာ ချန်ပီယံဖြစ်ခဲ့တဲ့ Henry Cejudo ဟာ အရပ်က ငါးပေလေးလက်မသာ ရှိပါတယ်။ သူပိုင်ဆိုင်တဲ့ GMC Sierra 1500 Denali က သူ့ထက်တောင် မြင့်နေပါသေးတယ်။ လူကောင်သေးသေး လက်သီးထိုးချက်သွက်လက်တဲ့ Henry Cejudo နဲ့ GMC Sierra 1500 Denali ကားဟာ ဘယ်နေရာက ကြည့်ကြည့် လိုက်ဖက်မှုရှိတယ်လို့တော့ မခံစားရပါဘူး။ ဒါပေမဲ့ တစ်ခါတရံမှာ ဆန့်ကျင်ဘက်တွေ ပေါင်းစပ်မှုကလည်း လိုက်ဖက်ညီလေ့ရှိတယ်မဟုတ်လား။ မြင့်မြင့်မားမားနဲ့  GMC Sierra 1500 Denali ကားဟာ တကယ့်ကို အကြမ်းပတမ်းခံလွန်းတဲ့ ကားဖြစ်ပြီး ဒါကြောင့်လည်း Henry Cejudo အနေနဲ့ နှစ်သက်မှုရှိတာလို့ပဲ မြင်မိတယ်။ ဘာပဲဖြစ်ဖြစ် ဝိတ်တန်းနှစ်ခု ချန်ပီယံတစ်ယောက်အနေနဲ့ GMC Sierra 1500 Denali ကားကို ပိုင်ဆိုင်ထားတာ အပြစ်ဆိုလို့တော့ မရပါဘူး။

Ref :: hotcars

Photo Credit :: hotcars

Author