ကမ္ဘာကျော် ကားအမှတ်တံဆိပ်များနှင့် ဘောလုံးအသင်းများ၏ ဆက်စပ်မှု (၁)

0

Full article

ယနေ့ ကမ္ဘာပေါ်မှာ ဘောလုံးကစားနည်းဆိုတာဟာ လူတိုင်းရဲ့ သည်းခြေကြိုက်ကစားနည်းလို့တောင်ဆိုလို့ ရတယ်။ အခုလို ကိုဗစ်ကာလမျိုးမှာတောင် ကမ္ဘာကျော်ဘောလုံးပြိုင်ပွဲတွေဟာ မဖြစ်ဖြစ်တဲ့နည်းနဲ့ ကျင်းပနေတာကို တွေ့ရမှာပါ။ ဘောလုံးဟာ ဖျော်ဖြေမှုကောင်းတဲ့ အားကစားနည်းဖြစ်တာနဲ့အညီ ဘောလုံးအသင်းတွေရဲ့ ပုံရိပ်တွေ၊ ကြော်ငြာဝင်ငွေတွေကလည်း  ဒေါ်လာသန်းနဲ့ချီတဲ့ ဝင်ငွေမျိုးတွေကိုရရှိကြသလို ကမ္ဘာကျော်ဘောလုံးသမားတွေရဲ့ ဝင်ငွေတွေကလည်း ကြောက်ခမန်းလိလိကို များပြားတာတွေ့ရမှာပါ။ ကုန်ပစ္စည်းအမှတ်တံဆိပ်မျိုးစုံဟာ ဘောလုံးအသင်းတွေ၊ ဘောလုံးသမားတွေနဲ့ ကြော်ငြာလေ့ရှိကြပြီး ဒီအထဲမှာမှ ကားကုမ္ပဏီတွေကလည်း ဘောလုံးအသင်းတွေ၊ ဘောလုံးသမားတွေနဲ့ သူတို့ရဲ့ ကားအမှတ်တံဆိပ်တွေကို လူတွေပိုသိအောင် ကြော်ငြာတာကို တွေ့ရမှာပါ။

အခုဒီဆောင်းပါးမှာတော့ ဘောလုံးသမားတွေနဲ့မဟုတ်ဘဲ ဘောလုံးအသင်းတွေနဲ့ ကမ္ဘာကျော်ကားအမှတ်တံဆိပ်တွေရဲ့ ပူးပေါင်းမှုတွေကို ဖော်ပြပေးချင်ပါတယ်။ အဓိက က တော့ ကမ္ဘာကျော်ဘောလုံးအသင်းတွေရဲ့ ဂျာစီအရှေ့ဘက်မှာ နေရာယူထားတဲ့ ကမ္ဘာကျော်ကားအမှတ်တံဆိပ်တွေကို ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

၁။ Mercedes-Benz နှင့် Stuttgart F.C

Mercedes-Benz ဆိုတာကတော့ ကျွန်တော်တို့ မြန်မာပြည်ပရိသတ်တွေနဲ့ မစိမ်းတဲ့ ကမ္ဘာကျော် ကားအမှတ်တံဆိပ်တစ်ခုပါ။ Mercedes-Benz ရဲ့ ရုံးချုပ်ဟာ ဂျာမနီနိုင်ငံ Stuttgart မြို့မှာ အခြေစိုက်ထားတာဖြစ်ပြီး သူတို့အနေနဲ့ သူတို့မြို့ရဲ့ အခြေစိုက်ဘောလုံးအသင်းဖြစ်တဲ့ Stuttgart FC ကို ၂၀၁၂ကနေ စတင်ပြီး  ၇ နှစ်တိုင်တိုင် စပွန်ဆာပေးခဲ့တာတာပဲ ဖြစ်ပါတယ်။ Stuttgart FC အသင်းဟာ ဂျာမနီဘွန်ဒက်လီဂါဖလားကို ငါးကြိမ်တိတိရရှိခဲ့ဖူးတဲ့ အသင်းဖြစ်ပေမဲ့ Mercedes-Benz နဲ့ ပူးပေါင်းခဲ့တဲ့ ၇နှစ်တာကာလအတွင်းမှာတော့ တန်းဆင်းဇုန်နားတစ်ဝိုက်မှာ ရုန်းကန်ခဲ့ရသလို ၂၀၁၅-၂၀၁၆ဘောလုံးရာသီတုန်းကတစ်ခါ ပြီးခဲ့တဲ့ ၂၀၁၈-၂၀၁၉တုန်းက တစ်ခါ တန်းဆင်းခဲ့ရဖူးသေးတာပါပဲ။ လာမယ့်ရာသီမှာတော့ Stuttgart FC ဟာ တန်းပြန်တက်လာခဲ့ပြီပဲ ဖြစ်တယ်။ နောက်ပြီးတော့ Stuttgart FC အသင်းဟာ သူတို့ရဲ့ အိမ်ကွင်းအမည်ကို ၂၀၀၈ခုနှစ်မှာ Mercedes-Benz ဆိုတဲ့ အမည်ပြောင်းလဲခဲ့တာ ယနေ့အချိန်ထိပဲ ဖြစ်ပါတယ်။

၂။ Jeep နှင့် Juventus F.C

အမေရိကန်နိုင်ငံ၊ မီချီကန်မြို့ အခြေစိုက် Jeep အမှတ်တံဆိပ်ဟာ  အီတလီထိပ်သီးကလပ် Juventus အသင်းနဲ့ ၂၀၀၉လောက် မှာ စတင်လက်တွဲခဲ့တာပါ။ Juventus အသင်းရဲ့ ဂျာစီအရှေ့ဘက်မှာ  Jeep အမှတ်တံဆိပ်ဟာ နေရာယူတာကတော့ ၂၀၁၂ ရောက်မှ နေရာယူခဲ့တာကို တွေ့ရတယ်။ Jeep နှင့် Juventus  တို့ရဲ့ လက်တွဲမှုမှာ ဂျူဗင်တပ် ဥက္ကဋ္ဌ Andrea Agnelli ဟာ အဓိက အခန်းဂဏ္ဍကနေ ပါဝင်ခဲ့တာလို့ ဆိုလို့ရမယ်။ Jeep အမှတ်တံဆိပ်ကို ၂၀၀၉ ခုနှစ်မှာ  Fiat Chrysler လုပ်ငန်းစုက ဝယ်ယူခဲ့တာပါ။ Fiat Chrysler လုပ်ငန်းစုဟာ Juventus ဥက္ကဋ္ဌ Andrea Agnelli ပိုင်ဆိုင်တဲ့ လုပ်ငန်းစုဖြစ်သလို သူဟာ Jeep အမှတ်တံဆိပ်ကို ဝယ်ယူပြီးနောက်ပိုင်း ၂၀၁၀မှာ Juventus ရဲ့  ဥက္ကဋ္ဌ ဖြစ်လာခဲ့တာပါ။  Andrea Agnelli ဟာ  သူပိုင်ဆိုင်တဲ့ Juventus အသင်းမှာ Jeep အမှတ်တံဆိပ်ကို Juventus ရဲ့ဂျာစီအရှေ့မှာ  စပွန်ဆာအဖြစ်ပေးအပ်ခဲ့တာဖြစ်လို့ မထူးဆန်းဘူးလို့တော့ ဆိုလို့ရပါတယ်။

၃။ Hyundai နှင့် Lyon F.C

ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ မန်စီးတီးလို အင်အားကြီးအသင်းကို အနိုင်ယူကျော်ဖြတ်အနိုင်ယူခဲ့တဲ့ Lyon အသင်းရဲ့ ဂျာစီအရှေ့မှာတော့ ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ အခြေစိုက် Automotive ထုတ်လုပ်ရေးဖြစ်တဲ့  Hyundai အမှတ်တံဆိပ်က နေရာယူထားတာပါ။ မြန်မာပြည်က လူတွေနဲ့ မစိမ်းတဲ့ Hyundai အမှတ်တံဆိပ်ဟာ ပြင်သစ်လီဂူးဝမ်းရဲ့ ထိပ်သီးအသင်း Lyon နဲ့ လက်တွဲခဲ့တာ ၂၀၁၂ ကနေ စတင်ပြီးတော့ ယနေ့အချိန်ထိ လက်တွဲထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ လာမယ့် ၂၀၂၁ ကနေ စတင်ပြီးတော့ Lyon အသင်းဟာ Fly Emirates နဲ့ လက်တွဲသွားတော့မှာဖြစ်ပြီး Hyundai နဲ့ Lyon အသင်းတို့ဟာ လမ်းခွဲသွားပြီလို့ သတ်မှတ်ရမှာပါ။

၄။ Volkswagen နှင့် Wolfsburg F.C

ဂျာမနီနိုင်ငံရဲ့ Wolfsburg မြို့မှာ အခြေစိုက်တည်ထောင်ထားတဲ့ Volkswagen ဟာ ကားချစ်သူတွေ အထူးနှစ်သက်မှုရှိတဲ့ ကားအမှတ်တံဆိပ်ပါပဲ။ ကမ္ဘာကျော်အမှတ်တံဆိပ်တော်တော်များများဟာ ဂျာမနီနိုင်ငံထုတ်တွေ ဖြစ်လေ့ရှိပြီး ဂျာမနီနိုင်ငံရဲ့ ဘောလုံးကလပ်အသင်းတွေကလည်း လက်ရှိ ကမ္ဘာ့ဘောလုံးစင်မြင့်ထက်ပေါ်မှာ ထိပ်တန်းအဆင့်မှာ နေရာယူထားတာကို တွေ့ရမှာပါ။ တကယ်တမ်းတော့ Volkswagen ဟာ  Wolfsburg  ဘောလုံးအသင်းကို စပွန်ဆာပေးထားတာမျိုးမဟုတ်ဘဲ Wolfsburg ဘောလုံးအသင်းဟာ Volkswagen ပိုင်ဆိုင်တဲ့ ဘောလုံးအသင်းဖြစ်ပြီး Wolfsburg  ရဲ့ အိမ်ကွင်းအမည်ကလည်း Volkswagen Arena လို့ ခေါ်ဆိုတာပါ။ ဆိုရရင် Wolfsburg ဘောလုံးအသင်းဟာ  Volkswagen တည်ထောင်ခဲ့တဲ့အသင်းလို့ သတ်မှတ်လို့ရသလိုWolfsburg ဘောလုံးအသင်း စတင်တည်ထောင်တဲ့ ၁၉၄၅ခုနှစ်ကတည်းက Wolfsburg  ဂျာစီရဲ့ အရှေ့မှာ Volkswagen အမှတ်တံဆိပ်ဟာ နေရာယူထားတာဖြစ်ပြီး အခုဆိုရင် ၇၅နှစ်ထိတောင် ရှိခဲ့ပြီပဲ ဖြစ်ပါတယ်။

၅။ Chevrolet နှင့် Manchester United F.C

အင်္ဂလန်ပရီးမီးယားလိဂ် ကို အကြိမ်အများဆုံးရရှိကာ အအောင်မြင်ဆုံး ဘောလုံးကလပ်အသင်းဖြစ်တဲ့ Manchester United ရဲ့ ဂျာစီအရှေ့မှာတော့ အမေရိကန်နိုင်ငံ၊ မီချီဂန်မြို့ အခြေစိုက်ထုတ်လုပ်တဲ့ Chevrolet အမှတ်တံဆိပ်ရှိနေတာပဲ ဖြစ်ပါတယ်။ သူတို့ဟာ ၂၀၁၂ က စတင်လက်တွဲခဲ့ပြီး လာမယ့် ၂၀၂၁ ထိ လက်တွဲသွားဖို့ စာချုပ်ချုပ်ထားကြတာပါ။ လက်ရှိမှာ Manchester United အသင်းဟာ အောင်မြင်မှုတွေနဲ့ ဝေးကွာနေတယ်ဆိုပေမဲ့ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံးစာရင်းဝင်တဲ့ Manchester United အသင်းရဲ့ ဂျာစီအရှေ့မှာ Chevrolet အမှတ်တံဆိပ်ရှိနေဖို့အတွက် Chevrolet နဲ့  Manchester United တို့ဟာ တစ်နှစ်ကိုဒေါ်လာ ၉၂သန်းနီးပါးတန်ကြေးရှိတဲ့ စာချုပ်ချုပ်ဆိုခဲ့တာပါ။

ကမ္ဘာကျော် ကားအမှတ်တံဆိပ်တွေနဲ့ ကမ္ဘာကျော်ဘောလုံးအသင်းတွေထဲမှာ ဂျာစီအရှေ့မှာ နာမည်မထိုးပေမဲ့ ပတ်သက်ဆက်စပ်နေတဲ့အသင်းတွေလည်း အများအပြားရှိနေပါသေးတယ်။ နောက်ပိုင်းဆောင်းပါးတွေမှာ ထပ်မံဖော်ပြသွားမှာဖြစ်ပြီး ဒီဆောင်းပါးမှာတော့ ကမ္ဘာကျော်ကားအမှတ်တံဆိပ်တွေဖြစ်တဲ့ Mercedes-BenzChevroletVolkswagen ၊ Jeep ၊ Hyundai တို့နဲ့ အထင်ကရလက်တွဲခဲ့ကြတဲ့ Manchester United F.C၊  Juventus F.C၊ Lyon F.C၊ Stuttgart F.C၊ Wolfsburg F.C တို့ကို ဖော်ပြပေးခဲ့တာပဲ ဖြစ်ပါတယ်။        ။

Author