ကမ္ဘာကျော်ကားအမှတ်တံဆိပ်များနှင့် ဘောလုံးအသင်းများ၏ ဆက်စပ်မှု (၂)

0

Full article

ပြီးခဲ့တဲ့ အပိုင်း (၁) မှာတုန်းက ဘောလုံးအသင်းတွေရဲ့ ဂျာစီအရှေ့ဘက်မှာ နေရာယူထားတဲ့ ကားအမှတ်တံဆိပ်တွေနဲ့ ဘောလုံးအသင်းတွေဖြစ်တဲ့ Mercedes-Benz နဲ့ Stuttgart F.C ၊ Jeep နဲ့ Juventus ၊ Hyundai နဲ့ Lyon ၊ Volkswagen နဲ့ Wolfsburg ၊ Chevrolet နဲ့ Manchester United တို့ကို ဖော်ပြပေးခဲ့တာပါ။ အခုတစ်ခါအပိုင်း (၂) မှာတော့ ဘောလုံးအသင်းဂျာစီရဲ့ အရှေ့ဘက်တွေမှာ နေရာမယူထားပေမဲ့ ဘောလုံးအသင်းတွေနဲ့ ပတ်သက်ခဲ့တဲ့ ကားအမှတ်တံဆိပ်တွေအကြောင်းကို ဖော်ပြပေးသွားချင်ပါတယ်။

Citroen နဲ့ Arsenal

ပြင်သစ်နိုင်ငံရဲ့ သက်တမ်းရင့် ကားအမှတ်တံဆိပ်ဖြစ်တဲ့ Citroen ဟာ အာဆင်နယ်ဘောလုံးအသင်းတဲ့ လက်တွဲခဲ့ဖူးပါတယ်။ တစ်ချိန်တုန်းက အာဆင်နယ်အသင်းဟာ အာဆင်ဝင်းဂါးရဲ့ လက်ထက်မှာ ပြင်သစ်နိုင်ငံသားဘောလုံးသမားတော်တော်များများကို အသင်းမှာ ခေါ်ယူကစားစေခဲ့သလို စပွန်ဆာကိစ္စတွေမှာလည်း ပြင်သစ်ထုတ်ကုန်ဖြစ်တဲ့ Citroen နဲ့ လက်တွဲခဲ့တာတော့ ထူးခြားတဲ့ တိုက်ဆိုင်မှုလို့ ဆိုရမှာပါ။ Citroen နဲ့ Arsenal ဟာ ၂၀၀၈ ခုနှစ်ကတည်းက လက်တွဲခဲ့ကြတာဖြစ်ပြီး ၂၀၁၄ မှာ တစ်ခါ သက်တမ်းတိုးလိုက်သေးတယ်။ ၂၀၁၈ နောက်ပိုင်းမှာတော့ Citroen နဲ့ Arsenal ဟာ လမ်းခွဲလိုက်ကြပုံရပြီး ပိုပြီးထူးခြားတိုက်ဆိုင်တာက အာဆင်နယ်အသင်းရဲ့ နည်းပြအာဆင်ဝင်းဂါးကလည်း ၂၀၁၈ မှာ အာဆင်နယ်အသင်းကနေ နုတ်ထွက်သွားတာဖြစ်လို့ ပြင်သစ်ကားအမှတ်တံဆပ် Citroen နဲ့ အင်္ဂလန်ဘောလုံးကလပ်အသင်း Arsenal တို့ရဲ့ ပေါင်းစည်းမှုမှာ အာဆင်ဝင်းဂါးက အခရာကျခဲ့သလားဆိုတာ စိတ်ဝင်စားစရာပဟေဠိတစ်ပုဒ်ပါပဲ။

Opel နဲ့ FSV Mainz

လက်ရှိ ချန်ပီယံလိဂ်ချန်ပီယံ ဘိုင်ယန်မြူးနစ်ရဲ့ ဂျာစီအရှေ့ဘက်မှာ တစ်ချိန်တုန်းက အချိန်အတော်ကြာ နေရာယူခဲ့တဲ့ ကားအမှတ်တံဆိပ်တစ်ခုရှိပါတယ်။ အဲဒါကတော့ Opel ပါပဲ။ တိတိကျကျဆိုရရင် ၁၉၈၉ ခုနှစ်ကနေ ၂၀၀၂ ခုနှစ်အထိ ဘိုင်ယန်မြူးနစ်ရဲ့ ဂျာစီအရှေ့ဘက်မှာ Opel ကားအမှတ်တံဆိပ်က ရှိနေခဲ့တာပါ။ Opel ဟာ ဂျာမနီအခြေစိုက် ကားထုတ်လုပ်ရေးအမှတ်တံဆိပ်တစ်ခုဖြစ်ပြီး ၁၈၆၂ခုနှစ်ကတည်းက စတင်ခဲ့တဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်တာကြောင့် သက်တမ်းရင့် ကားထုတ်လုပ်ရေးအမှတ်တံဆိပ်တစ်ခုဆိုရင်လည်း မမှားပါဘူး။ လက်ရှိအချိန်မှာတော့ ဂျာမနီဘွန်ဒက်လီဂါကလပ်အသင်းတစ်သင်းဖြစ်တဲ့ FSV Mainz အသင်းနဲ့ လက်တွဲထားတာပဲ ဖြစ်ပါတယ်။ နောက်ပြီးတော့ FSV Mainz အသင်းရဲ့ အိမ်ကွင်းနာမည်ကိုလည်း Opel Arena ဆိုပြီး ၂၀၁၉ခုနှစ် အစောပိုင်းလောက်မှာ ပြောင်းလဲခဲ့ပါသေးတယ်။ Opel ဟာ FSV Mainz အပြင် Borussia Dortmund ၊ Bayer Leverkusen ၊ SC Freiburg တို့နဲ့လည်း ပတ်သက်ခဲ့ဖူးပါသေးတယ်။

Audi နှင့် Bayern Munich

ဂျာမနီနိုင်ငံ၊ ဘွန်ဒက်လီဂါရဲ့ အအောင်မြင်ဆုံးနဲ့ အင်အားအကြီးဆုံး ဘိုင်ယန်မြူးနစ်အသင်းဟာ ကားလောကမှာ နာမည်ကြီး Audi နဲ့ လက်တွဲထားတာဟာ နေနဲ့လ၊ ရွှေနဲ့မြ လို လိုက်ဖက်လွန်းပါတယ်။ Audi နှင့် Bayern Munich တို့ဟာ ၂၀၀၂ ခုနှစ်ကတည်းက လက်တွဲလာခဲ့ကြတာဖြစ်ပြီး အခုချိန်ထိ Main Partner အဖြစ်ရှိနေခဲ့တာပါ။ Audi နှင့် Bayern Munich တို့ဟာ ၂၀၂၅ ထိ သက်တမ်းရှိတဲ့စာချုပ်ကို ချုပ်ဆိုထားကြတာဖြစ်တာကြောင့် သူတို့ရဲ့လက်တွဲမှုဟာ ၂၃ ထိ ကြာမြင့်နေမှာပဲ ဖြစ်ပါတယ်။ Audi ဟာ ဂျာမနီနိုင်ငံ၊ အင်ဂို့စတက်မြို့မှာ အခြေစိုက်ထုတ်လုပ်တာပါ။ Audi ဟာ ၂၀၀၉ ခုနှစ်က စတင်ကာ ဘိုင်ယန်မြူးနစ်ရဲ့ အိမ်ကွင်း အလိုင်ရီးယန့်အရီနာကွင်းကြီးထဲမှာ ရာသီကြိုခြေစမ်းပွဲအဖြစ် Audi Cup ကိုလည်း နှစ်နှစ်တစ်ကြိမ်ကျင်းပပေးခဲ့ပြီး လက်ရှိ ၂၀၁၉အထိ ခြောက်ကြိမ်တိတိကျင်းပခဲ့ပြီးပြီပဲ ဖြစ်ပါတယ်။ အဆိုပါ ခြောက်ကြိမ်မှာ Bayern Munich က သုံးကြိမ်ဗိုလ်စွဲခဲ့ပြီး Barcelona၊ Atletico၊ Spur တို့က တစ်ကြိမ်စီဗိုလ်စွဲခဲ့တာပဲ ဖြစ်ပါတယ်။ Audi ဟာ Bayern Munich တင်မကဘဲ စပိန်ရဲ့ တော်ဝင်အသင်းတစ်သင်းဖြစ်တဲ့ Real Madrid အသင်းကို စပွန်ဆာပေးထားသေးတာပဲ ဖြစ်ပါတယ်။

MG (Morris Garages)  နဲ့ Liverpool

လက်ရှိပရီးမီးယားလိဂ်ချန်ပီယံလီဗာပူးလ်ရဲ့ Official Partner အဖြစ် MG (Morris Garages)  က ရှိနေတာပါ။ MG (Morris Garages) ဟာ အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂမ်မြို့မှာ အခြေစိုက်ထုတ်လုပ်တဲ့ ကမ္ဘာကျော်အမှတ်တံဆိပ်ဖြစ်သလို တကျော့ပြန်အောင်မြင်မှုတွေရရှိနေတဲ့ လီဗာပူးလ်အသင်းဟာ လက်ရှိမှာ အင်္ဂလန်ရဲ့ အအောင်မြင်ဆုံးအသင်းစာရင်းဝင်တဲ့ အသင်းပါ။ MG (Morris Garages)  နဲ့ Liverpool တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က စတင်လက်တွဲခဲ့တာဖြစ်လို့ သိပ်မကြာသေးဘူးလို့တော့ ဆိုလို့ရတယ်။ ဒီဘက်နှစ်တွေမှာ လီဗာပူးလ်အသင်းက လျင်လျင်မြန်မြန်တိုးတက်လာတဲ့ ဘောလုံးအသင်းတစ်သင်းဖြစ်သလို၊ MG (Morris  Garages) ကလည်း ဈေးကွက်ထဲမှာ အားကောင်းလာတဲ့ အမှတ်တံဆိပ်တစ်ခုပါပဲ။ လက်ရှိမြန်မာနိုင်ငံမှာလည်း MG (Morris Garages) ရဲ့ အရောင်းပြခန်းတွေဖွင့်လှစ်ထားတာကို တွေ့ရမှာပါ။

Volvo နှင့် Inter Milan

ဆွီဒင်နိုင်ငံ၊ ဂေါသန်ဘတ်မှာ အခြေစိုက်ထုတ်လုပ်တဲ့ Volvo နဲ့ အီတလီနိုင်ငံ၊ မီလန်မြို့မှာ အခြေစိုက်တဲ့ Inter Milan ဘောလုံးအသင်းတို့ရဲ့ ပူးပေါင်းမှုကလည်း အံ့အားသင့်စရာပါ။ Volvo နှင့် Inter Milan တို့ဟာ ၂၀၀၇ခုနှစ်ကတည်းက လက်တွဲလာတာဖြစ်လို့ အခုဆိုရင် ၁၃နှစ်တောင် ကြာမြင့်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ၂၀၀၆ အီတလီစီးရီးအေ လုပ်ပွဲအရှုပ်တော်ပုံဖြစ်ပြီးနောက်ပိုင်း အီတလီစီးရီးအေရဲ့ ပုံရိပ်ဆိုးဆိုးရွားရွားကျဆင်းသွားခဲ့သလို အီတလီကလပ်အသင်းတွေလည်း ချန်ပီယံလိဂ်မှာ အောင်မြင်ဖို့ ပိုမိုခက်ခဲလာခဲ့တယ်။ အီတလီကလပ်အသင်းတွေအတွက် နောက်ဆုံးချန်ပီယံလိဂ်ဖလားကို ရယူပေးနိုင်ခဲ့တာ အင်တာမီလန်အသင်းဖြစ်ပြီး ၂၀၁၀ ခုနှစ်တုန်းက ရယူပေးခဲ့တာပါ။ Volvo နှင့် Inter Milan တို့ရဲ့ ပေါင်းစည်းမှုဟာ လူတွေသိပ်သတိမထားမိတဲ့ ပေါင်းစည်းမှုမျိုးလို့ ဆိုလို့ရပါတယ်။ လက်ရှိမှာ Volvo အမှတ်တံဆိပ်ဟာ မြန်မာနိုင်ငံအတွင်း အရောင်းပြခန်းတွေဖွင့်လှစ်ထားတာကိုလည်း တွေ့ရမှာပါ။

ဒီဘက်ခေတ်မှာ ဘောလုံးကလပ်အသင်းတွေဟာ လူတန်းစားမရွေးတဲ့ သည်းခြေကြိုက်အားကစားနည်းဖြစ်လာတာရယ်၊ ဘောလုံးအသင်းတွေရဲ့ ပရိသတ်အင်အားအခြေအနေတွေကြောင့် ကားကုမ္မဏီတွေဟာ ဘောလုံးအသင်းတွေနဲ့ လက်တွဲဖို့ ကြိုးစားလာကြတာကို တွေ့ရမှာပါ။ အခုဖော်ပြပေးခဲ့တဲ့ အပိုင်း (၂) မှာတော့ ကမ္ဘာကျော်ကားအမှတ်တံဆိပ်တွေနဲ့ ကမ္ဘာကျော်ဘောလုံးကလပ်အသင်းတွေရဲ့ ဆက်စပ်မှုတွေကို ဖော်ပြပေးခဲ့တာပါ။ သူတို့တွေဟာ ဘောလုံးဂျာစီအကျီတွေပေါ်မှာ တပ်ဆင်ထားခြင်းမရှိပေမဲ့ ဘောလုံးကလပ်အသင်းတွေအတွက် အရေးပါတဲ့ စပွန်ဆာတွေအဖြစ်တဲ့ တည်ရှိနေတာပါ။

နောက်လာမယ့် အပိုင်း (၃) မှာလည်း ဘယ်ကမ္ဘာကျော်ကားအမှတ်တံဆိပ်တွေနဲ့  ဘယ်ကမ္ဘာကျော်ဘောလုံးကလပ်အသင်းတွေရဲ့ ဆက်စပ်မှုတွေကို မြင်တွေ့ရမလဲဆိုတာ စောင့်မျှော်ဖတ်ရှုပေးပါဦးလို့ ပြောကြားရင်း .. ကမ္ဘာကျော်ကားအမှတ်တံဆိပ်များနှင့် ဘောလုံးအသင်းများ၏ ဆက်စပ်မှု (၂) ကို အဆုံးသတ်လိုက်ပါရစေ။

Author