ဟောလိဝုဒ်အိမ်နိမ့်စံမင်းသားကြီး Nicolas Cage ရဲ့ စီးတော်ယာဉ်များ

0

Full article

Nicolas Cage ဆိုတာ တစ်ချိန်က ကမ္ဘာ့နာမည်အကြီးဆုံးရုပ်ရှင်ကြယ်ပွင့်ဖြစ်ခဲ့သူပါ။ ဟောလိဝုဒ်မှာ သူ့ရဲ့အောင်မြင်မှုနဲ့ အရှိန်အဝါကိုလိုက်မီနိုင်တဲ့သူ မရှိသလောက်ရှားခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ နစ်ခ်တစ်ယောက် အိမ်နိမ့်စံဘဝကိုရောက်ရှိနေပါပြီ။ ရုပ်ရှင်သရုပ်ဆောင်ဘဝကို ရပ်နားလိုက်ရုံသာမက ငွေကြေးအရှုပ်အထွေးကိစ္စတွေကြောင့် တရားတဘောင်တွေလည်း ရင်ဆိုင်ခဲ့ရတဲ့ Nicolas Cage ကို ဟောလိဝုဒ်ရဲ့အိမ်နိမ့်စံလို့ပြောရင် သင့်တော်မယ်ထင်ပါတယ်။ ကဲ ..ဝင့်ကြွားစရာကောင်းလှတဲ့ သူ့ရဲ့ရွှေရောင်နေ့ရက်တွေကို ပြန်သွားကြည့်လိုက်ရအောင်။

၁၉၉၆ ကနေ ၂၀၁၁ ခုနှစ်အတောအတွင်း နစ်ခ်ဟာ သရုပ်ဆောင်ကြေးဒေါ်လာသန်း ၁၅၀ ‌ကျော်ရရှိခဲ့ပါတယ်။ အထူးသဖြင့် Gone in Sixty Seconds ၊ National Treasure ၊ Snake Eyes နဲ့ Windtalkers တို့လိုဇာတ်ကား‌တွေနဲ့အတူ အောင်မြင်ခဲ့ပြီး ဝင်ငွေအကောင်းဆုံးဖြစ်ခဲ့တာပါ။ ၂၀၀၉ ခုနှစ်တစ်နှစ်တည်းမှာတင် နစ်ရဲ့ဝင်ငွေက ဒေါ်လာသန်း ၄၀ အထိ စံချိန်တင်ရရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ နစ်ခ်ဟာ မြောက်မြားလှတဲ့သူ့ရဲ့ဝင်ငွေကို စနစ်တကျစီမံခန့်ခွဲနိုင်ခြင်းမရှိခဲ့တာကြောင့် သူ့ရဲ့စည်းစိမ်ဥစ္စာတွေကလည်း မတည်မြဲခဲ့ပါဘူး။ ၂၀၀၉ ခုနှစ်မှာ အစိုးရဝင်ငွေခွန်ဌာန (IRS) က ‌ဒေါ်လာ ၆ ဒသမ ၂ သန်းဒဏ်ရိုက်ခဲ့သလို နစ်ခ်ကိုယ်တိုင်ကလည်း သူ့ရဲ့ဘဏ္ဍာထိန်းကို ငွေကြေးကိစ္စနဲ့တရားပြန်စွဲခဲ့ပါတယ်။ အဲဒီအချိန်တုန်းက နစ်ရဲ့ပိုင်ဆိုင်မှုတွေထဲမှာ ဒေါ်လာ ၇ သန်းတန်တဲ့ ဘာဟီးမီးယန်းကျွန်း ၂ ကျွန်း၊ Rolls-Royce Phantoms ကား ၉ စီး (Rolls-Royce ချည်းပဲ ၉ စီးပိုင်တဲ့သူ ဘယ်သူများရှိပါသေးလဲ) ၊ တခြားကားတွေက အစီးပေါင်း ၅၀ ကျော်၊ မော်တော်ဆိုင်ကယ်အစီး ၃၀၊ ‌စုစုပေါင်းဒေါ်လာသန်း၂၀ တန်တဲ့ ဇိမ်ခံရွက်လှေ ၄ စင်း၊ နယူးအော်လင်းပြည်နယ်က ဒေါလာ ၃ ဒသမ ၄၅ သန်းတန်တဲ့ စံအိမ်ကြီးတစ်လုံး၊ ပထမဆုံးထွက်ရှိခဲ့တဲ့ Superman ကာတွန်းစာအုပ်တစ်အုပ် စတာတွေပါဝင်ခဲ့ပါတယ်။

ဒီအကြောင်းတွေ စကားပလ္လင်ခံနေရတာက Nicolas Cage  ရဲ့ကားဂိုထောင်ထဲမှာ လက်ရှိပိုင်ဆိုင်ထားတဲ့စီးတော်ယာဉ် ၁၅ စီးကို ရွေးထုတ်ဖော်ပြဖို့ပဲဖြစ်ပါတယ်။ တစ်ချိန်က နစ်ခ်ပိုင်ခဲ့တဲ့ကားတွေ‌တော်တော်များများဟာ အခုမရှိတော့ပါဘူး။ IRS ကို အခွန်ကြွေးဆပ်ဖို့၊ ရှေ့နေစရိတ်တွေပေးဖို့နဲ့ တခြားအကြွေးရှင်တွေကို အကြွေးဆပ်ဖို့အတွက် ထုတ်ရောင်းလိုက်ရပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ပိုင်ဆိုင်မှုတွေထဲမှာ အလန်းဆုံးနဲ့ တန်ဖိုးအကြီးဆုံးလို့ဆိုရမယ့်ကားတွေကျန်နေပါသေးတယ်။ ပထမဆုံးဖော်ပြမယ့်တစ်စီးကတော့ Cruiser မော်‌တော်ဆိုင်ကယ်တစ်စီးပါ။

၁။ Yamaha VMAX

ဒီဆိုင်ကယ်အမျိုးအစားဟာ Ghost Rider 2 လို့ လူသိများတဲ့ Ghost Rider : Spirit of Vengeance ဇာတ်ကားမှာ Nicolas Cage စီးနင်းအသုံးပြုခဲ့တဲ့ဆိုင်ကယ်ပါ။ ဒါပေမဲ့ နစ်ခ်ဟာ ပြင်ပလက်တွေ့ဘ၀မှာလည်း Yamaha VMAX တစ်စီးပိုင်ဆိုင်ထားပါတယ်။ VMAX ဆိုင်ကယ်တွေဟာ ၁၉၈၅ ကနေ ၂၀၀၇ ခုနှစ်အတွင်း Yamaha က ထုတ်လုပ်ခဲ့တဲ့ Cruiser Motorcycle အမျိုးအစားတွေဖြစ်ပြီး ၁,၆၇၉ စီစီ အင်ဂျင်တပ်ဆင်ထားတာကြောင့် မြင်းကောင်ရေ 197 hp အထိ ထုတ်လုပ်နိုင်စွမ်းရှိပါတယ်။

၂။ 1935 Rolls-Royce Phantom II

နစ်ခ်ပိုင်ဆိုင်ခဲ့တယ်ဆိုတဲ့ Rolls-Royce Phantom ၉ စီးထဲက တစ်စီးအပါအဝင်ဖြစ်ပါတယ်။ ဒီ Phantom ကတော့ ၁၉၂၉ ကနေ ၁၉၃၆ ခုနှစ်အတောအတွင်းထုတ်လုပ်ခဲ့တဲ့ Series II အမျိုးအစားပါ။ နစ်ခ်ပါဝင်တဲ့ The Sorcerer’s Apprentice ဇာတ်ကားနဲ့ Indiana Jones and The Last Crusade ဇာတ်ကားတွေမှာလည်း ဒီကားဟာ ပါဝင်အသုံးတော်ခံခဲ့ဖူးပါတယ်။

၃။ 2001 Lamborghini Diablo

Nicolas Cage လို နာမည်ကြီးကြယ်ပွင့်တစ်ဦးရဲ့နှလုံးသားထဲမှာ Lamborghini ၊ Ferrari နဲ့ Porsche တို့လို အကောင်းစားကားအမှတ်တံဆိပ်တွေအတွက် နေရာတစ်ခုရှိနေပါတယ်။ ပုံမှန်အားဖြင့် Classic ကားတွေကို လောဘတကြီးစုဆောင်းတတ်သူဖြစ်ပေမဲ့ နစ်ခ်စုဆောင်းခဲ့တဲ့ကား‌တွေထဲမှာ ၂၀၀၀ ပြည့်လွန်နှစ်တွေမှာထုတ်လုပ်တဲ့ လိမ္မော်ရောင် Lamborghini တစ်စီးလည်းပါဝင်နေပါတယ်။ ဒီကားဟာ အမြင့်ဆုံးမြန်နှုန်း တစ်နာရီမိုင် ၂၀၀ ကျော်တဲ့ ပထမဆုံး Lamborghini အဖြစ်လည်း မှတ်တမ်းဝင်ထားပါတယ်။

၄။ 2007 Ferrari 599 GTB Fiorano

ရုပ်ရှင်နယ်ပယ်မှာ ဇာတာစန်းလဘ်တွေကျဆင်းလာခါနီးမှာပဲ နစ်ခ်ဝယ်ယူခဲ့တဲ့ Ferrari တစ်စီးဖြစ်ပါတယ်။ ၂ ယောက်စီးပြိုင်ကားအမျိုးအစားဖြစ်ပြီး ကိုယ်ထည်ရှေ့ပိုင်းမှာ အင်ဂျင်တပ်ဆင်ထားတဲ့ Ferrari ပြိုင်ကားလည်းဖြစ်ပါတယ်။ အရွယ်အစားသေးငယ်သလောက် တပ်ဆင်ထားတဲ့အင်ဂျင်က V12 အင်ဂျင်ဖြစ်ပြီး မြင်းကောင်ရေ 612 hp ထုတ်ပေးနိုင်ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ Ferrari GTB Fiorano ထုတ်လုပ်မှုကိုရပ်ဆိုင်းခဲ့ပြီး F12 berlinetta အမျိုးအစားကို ပြောင်းလဲထုတ်လုပ်ခဲ့ပါတယ်။

၅။ 1989 Porsche 911 Speedster

Porsche ကုမ္ပဏီက ထုတ်လုပ်တဲ့ကားတွေထဲမှာ Porsche 911 အမျိုးအစားတွေက ရေပန်းအစားဆုံးဖြစ်ခဲ့ပါတယ်။ ရုပ်ရှင်အနုပညာနဲ့ အားကစားနယ်ပယ်မှာနာမည်ကြီးတဲ့ကြယ်ပွင့်တော်တော်များများမှာ Porsche 911 ပိုင်ဆိုင်လေ့ရှိကြပြီး အဲဒီအထဲမှာ နစ်ခ်လည်း ပါဝင်နေပါတယ်။ နစ်ခ်ရဲ့ 911 ကတော့ ၁၉၈၉ ခုနှစ်ထုတ်အမျိုးအစားဖြစ်ပြီး ခေတ်ဟောင်းမော်ဒယ်လို့မဆိုနိုင်ရင်တောင် Classic စာရင်းဝင်နေပြီလို့ ဆိုနိုင်ပါတယ်။ နစ်ခ်ဟာ ဒီကားကို ငွေကြေးအကျပ်အတည်းကြောင့် ဒေါ်လာ ၅၇,၀၀၀ နဲ့ ထုတ်ရောင်းလိုက်ပြီလို့ မီဒီယာတွေက ဖော်ပြထားပါတယ်။

၆။ 1973 Triumph Spitfire Mark IV

Triumph Spitfire ဆိုတာ ဗြိတိန်ထုတ် ၂ ယောက်စီးကားငယ်အမျိုးအစားဖြစ်ပြီး ၁၉၈၀ ပြည့်နှစ်မှာ ထုတ်လုပ်မှုရပ်ဆိုင်းခဲ့ပါတယ်။ အခု နစ်ခ်ပိုင်ဆိုင်ထားတဲ့ Mark IV အမျိုးအစားကတော့ ၁၉၆၀ ကနေ ၁၉၇၄ ခုနှစ်အတွင်းထုတ်လုပ်ခဲ့တဲ့ ၄ ဆက်မြောက်မျိုးဆက်ဖြစ်ပါတယ်။ အသုံးပြုထားတဲ့အင်ဂျင်ကတော့ ၁,၂၉၆ စီစီ inline-4 အင်ဂျင်ဖြစ်ပြီး အမြင့်ဆုံးမြန်နှုန်းက တစ်နာရီမိုင် ၉၀ နှုန်းဖြစ်ပါတယ်။

၇။ 1963 Aston Martin DB5

Nicolas Cage ဟာ ဂျိမ်းစ်ဘွန်းမင်းသားမဟုတ်သလို ဂျိမ်းစ်ဘွန်းဇာတ်ကားတွေထဲမှာလည်း မပါဝင်ခဲ့ဖူးပါဘူး။ ဒါပေမဲ့ သူဟာ Aston Martin ပရိသတ်ဖြစ်နေပါတယ်။ Aston Martin DB5 ဆိုတာ နှယ်နှယ်ရရကားတော့မဟုတ်ပါဘူး။ ဂျိမ်းစ်ဘွန်းဇာတ်ကောင်နဲ့အတူ နာမည်ကြီးခဲ့တဲ့ကားဖြစ်ပြီး သူ့ခေတ်သူ့အခါက ဒီဇိုင်းအသွင်အပြင်နဲ့အရွယ်အစားအရ သိပ်ကိုလှပတဲ့ကားတစ်စီးဖြစ်ခဲ့ပါတယ်။ ၁၉၆၃ ကနေ ၁၉၆၅ ခုနှစ်အတွင်း အစီးရေ ၁,၀၅၉ စီးသာထုတ်ခဲ့တဲ့ Aston Martin DB5 ဆိုတဲ့နာမည်ဟာ ကုမ္ပဏီပိုင်ရှင်ဖြစ်ခဲ့ဖူးတဲ့ Sir David Brown ကိုရည်ညွှန်းဂုဏ်ပြုတဲ့အနေနဲ့ မှည့်ခေါ်ခဲ့တာဖြစ်ပါတယ်။

၈။ 1955 Jaguar D-Type

ကာတွန်းရုပ်ရှင်တွေထဲက ကားလေးတွေနဲ့တူတဲ့ ၁၉၅၅ ခုနှစ်ထုတ် Jaguar D-Type ကို ၂၀၀၂ ခုနှစ်က ‌ဒေါ်လာ ၈ သိန်းခွဲနဲ့ နစ်ခ်ဝယ်ယူခဲ့တာပါ။ D-Type ကားတွေဟာ ၁၉၅၀ ပြည့်လွန်နှစ်တွေမှာထုတ်လုပ်ခဲ့တဲ့ ပြိုင်ကားအမျိုးအစားဖြစ်ပေမဲ့ နစ်ခ်တစ်ယောက် ဒီကားနဲ့ပြိုင်ပွဲဝင်ခဲ့ဖူးသလားဆိုတာတော့ မသေချာပါဘူး။ D-Type နောက်မှာ ဆက်လက်ထွက်ရှိလာတဲ့မျိုးဆက်ကတော့ Jaguar E-Type ပဲဖြစ်ပါတယ်။

၉။ 1954 Bugatti T101

၁၉၅၁ ကနေ ၁၉၅၅ ခုနှစ်အတွင်းထုတ်လုပ်ခဲ့တဲ့ Bugatti Type 101 မော်ဒယ်တွေဟာ ယနေ့အချိန်မှာ ရှားပါးစာရင်းဝင်ဖြစ်နေတဲ့ Classic ကားတွေပါ။ အသုံးပြုထားတဲ့အင်ဂျင်က 3.3 Liter အင်ဂျင်ဖြစ်ပြီး မြင်းကောင်ရေ 135 hp ထုတ်လုပ်ပေးနိုင်ပါတယ်။ လတ်တလော လေလံပွဲတွေမှာ ဒီကားမျိုးကို ဒေါ်လာ ၂ သန်းနဲ့ရောင်းချခဲ့တာကြောင့် နစ်ခ်အနေနဲ့ ငွေကြေးဥစ္စာနည်းနေပြီဆိုရင်တောင် ‌ဒေါ်လာသန်းချီတန်တဲ့ရှေးဟောင်းကားတွေကျန်နေသေးတယ်လို့ ဆိုနိုင်ပါတယ်။

၁၀။ 1971 Lamborghini Miura SVJ

Lamborghini Miura မော်ဒယ်တွေကို ၁၉၆၆ ကနေ ၁၉၇၃ ခုနှစ်အတွင်း အစီးရေ ၇၆၄ စီးသာထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ပြိုင်ကားတွေရဲ့ခေတ်ဦးပိုင်းမှာ မြန်နှုန်းမြင့်သလို ကိုယ်ထည်ဒီဇိုင်းလည်း ဆွဲဆောင်မှုရှိတဲ့ကားအဖြစ် လူကြိုက်များခဲ့ပါတယ်။ နစ်ခ်ဟာ ဒီကားကို ၁၉၉၇ ခုနှစ်က လေလံပွဲတစ်ခုကနေ ဒေါ်လာ ၄၉၀,၀၀၀ ပေးပြီးဝယ်ယူခဲ့တာကြောင့် အဲဒီအချိန်က အမြင့်ဆုံးလေလံစျေးနှုန်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

၁၁။ 1959 Ferrari 250 GT LWB California Spyder

Ferrari ပြိုင်ကားမျိုးဆိုရင် နစ်ခ်အနေနဲ့ ခေတ်ဟောင်းကားဖြစ်စေ၊ မော်ဒယ်သစ်ဖြစ်စေ ကြိုက်နှစ်သက်ပုံရပါတယ်။ ‌ရှေ့နောက်အလျား‌ရှည်တဲ့ 250 GT California Spyder မော်ဒယ်မှာ ကားစက်ဖုံး၊ ကိုယ်ထည်နဲ့ တံခါးတွေကို အလူမီနီယံနဲ့ ပြုလုပ်ထားပြီး အင်ဂျင်ကတော့ မြင်းကောင်ရေ 237 hp ထုတ်ပေးနိုင်တဲ့အမျိုးအစားပါ။ ကုမ္ပဏီမှတ်တမ်းအရ အစီးရေ ၅၀ သာထုတ်လုပ်ခဲ့ပြီး ၂၀၀၇ ခုနှစ်က လေလံပွဲတစ်ခုမှာ ဒါမျိုးတစ်စီးကို ဒေါ်လာ ၄ ဒသမ ၉ သန်းနဲ့ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။

၁၂။ 1938 Bugatti Type 57C Atalante

ဒီကားကတော့ Nicolas Cage ပိုင်ဆိုင်သမျှထဲမှာ ရှေးအကျဆုံးကားလို့ ဆိုရမှာပါ။ ဒါပေမဲ့ ကိုယ်ထည်က လှပဆွဲဆောင်နိုင်ဆဲဖြစ်သလို 3.3 Liter အင်ဂျင်ကလည်း မြင်းကောင်ရေ 160 hp အထိ ထုတ်လုပ်ပေးနိုင်ပါတယ်။ Type 57C အမျိုးအစားတွေကို ၁၉၃၆ ကနေ ၁၉၄၀ ခုနှစ်အတွင်း အစီးရေ ၉၆ စီးသာထုတ်လုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

၁၃။ 1970 Plymouth Barracuda Hemi

ဒီကားကတော့ Classic ကားစာရင်းမဝင်သေးပေမဲ့ လူကြိုက်များတဲ့ Muscle ကားတစ်စီးတော့ ဖြစ်နေပါပြီ။ တပ်ဆင်ထားတဲ့အင်ဂျင်က Plymouth ရဲ့ Hemi အင်ဂျင်အမျိုးအစားဖြစ်ပြီး မျိုးဆက်နဲ့အရွယ်အစားအလိုက် မြင်းကောင်ရေအပြောင်းအလဲနည်းနည်းရှိပါတယ်။ တစ်နည်းအားဖြင့်လည်း 1970 Plymouth Barracuda Hemi ဟာ တစ်ချိန်ကနာမည်ကြီးခဲ့တဲ့ Plymouth Valiant မော်ဒယ်ကို ပြန်လည်ဒီဇိုင်းဆွဲထုတ်လုပ်ထားတဲ့မျိုးဆက်သစ်ကားဖြစ်ပါတယ်။

၁၄။ 1963 Jaguar E-Type Semi-Lightweight Competition

တစ်ချိန်တုန်းက ကမ္ဘာပေါ်မှာ အလှပဆုံးပြိုင်ကားလို့ သတ်မှတ်ခံခဲ့ရဖူးတဲ့အမျိုးအစားက Jaguar E-Type ပဲဖြစ်ပါတယ်။ ပြိုင်ကားလောကရဲ့ ဆရာတစ်ဆူဖြစ်ခဲ့တဲ့ Ferrari ကုမ္ပဏီတည်ထောင်သူ Enzo Ferrari ကိုယ်တိုင်က ချီးကျူးခဲ့ရတဲ့အထိ Jaguar E-Type ရဲ့‌လှပသေသပ်မှုက ထင်ပေါ်ခဲ့ပါတယ်။ အခု နစ်ခ်ပိုင်ဆိုင်ထားတဲ့ကားကတော့ Semi-Lightweight Competition ဗားရှင်းဖြစ်ပြီး စုစုပေါင်း ၁၂ စီးသာထုတ်လုပ်ခဲ့တယ်လို့ သိရပါတယ်။

၁၅။ 1967 Shelby GT500 (Eleanor)

ဒါကတော့ နစ်ခ်ပိုင်ဆိုင်ထားတဲ့ကားတွေထဲက အလှပဆုံးနဲ့ အရှားပါးဆုံး Muscle ကားတစ်စီးဖြစ်ပါတယ်။ ၁၉၆၇ ခုနှစ်ထုတ် Shelby GT500 မော်ဒယ်ဟာ နစ်ခ်ပါဝင်သရုပ်ဆောင်ပြီး အောင်မြင်မှုရခဲ့တဲ့ Gone in Sixty Seconds ဇာတ်ကားမှာလည်း ပါဝင်အသုံးတော်ခံခဲ့ပါသေးတယ်။ ဒီမော်ဒယ်ကို Eleanor လို့လည်း ခေါ်ကြပြီး 7.0 Liter V8 အင်ဂျင်တပ်ဆင်ထားတဲ့ကားတစ်စီးဖြစ်ပါတယ်။

Ref : 19 Cars In Nicolas Cage's Garage (And 1 Motorcycle) by CORY BARCLAY

Author