တွမ်ခရုစ်ရဲ့ လက်တွေ့ဘ၀ထဲက တန်ဖိုးကြီးကားများ

0

Full article

လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုကျော်ကနေ လက်ရှိအချိန်အထိ ဟောလိဝုဒ်ကိုလွှမ်းမိုးခဲ့တဲ့ မင်းသားတွေထဲမှာ တွမ်ခရုစ်က ထိပ်ဆုံးက ပါဝင်နေပါတယ်။ သူဟာလည်း နာမည်ကြီးကြယ်ပွင့်တစ်ဦးပီပီမော်တော်ကားတွေကို စိတ်ဝင်စားတဲ့သူပါ။ တွမ်ခရုစ်ရဲ့ စုဆောင်းမှုတွေထဲမှာလည်း ခေတ်မီတန်ဖိုးကြီးပြိုင်ကားတွေအပြင် ရှားပါးပြီး ရှေးကျတဲ့ဇိမ်ခံကားတွေ၊ Muscle ကားတွေလည်း ပါဝင်နေတာတွေ့ရပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေထဲမှာ အသုံးပြုခဲ့တဲ့ကားတွေမဟုတ်ဘဲ တွမ်ခရုစ်ရဲ့ လက်တွေ့ဘဝထဲမှာ ဘယ်လိုပြိုင်ကားတွေများရှိနေမလဲ...။

၁။ BMW 7-Series

တွမ်ခရုစ်အနေနဲ့ သာမန်အားဖြင့် အကောင်းစားပြိုင်ကားတွေကိုနှစ်သက်တတ်ပေမဲ့ မိသားစုလိုက်စီးနင်းနိုင်ဖို့ အကောင်းစားဇိမ်ခံကားတွေကိုလည်း ဝယ်ယူ‌လေ့ရှိပါတယ်။ အဲဒီဇိမ်ခံကားတွေထဲက တစ်စီးကတော့ BMW 7-Series အမျိုးအစားပဲဖြစ်ပါတယ်။BMW 7-Series ဆိုတာက အတွင်းပိုင်းကျယ်ဝန်းသလောက် V-12 အင်ဂျင်နဲ့ စွမ်းဆောင်မှုမြင့်မားတဲ့ဇိမ်ခံကားတစ်စီးဖြစ်ပြီး မိသားစုလိုက် စီးနင်းဖို့အဆင်ပြေသလို မြန်နှုန်းမြင့်တာကြိုက်တဲ့တွမ်ခရုစ်အတွက်လည်း လိုက်ဖက်ညီတဲ့ကားတစ်စီးဖြစ်ပါတယ်။

၂။ Ford Mustang Saleen S281

၁၉၉၀ ခုနှစ်က ထွက်ရှိတဲ့ Days of Thunder လို မော်တော်ကားစွန့်စားခန်းလိုဇာတ်ကားမျိုးမှာ သဘာဝကျကျသရုပ်ဆောင်နိုင်ခဲ့တဲ့ တွမ်ခရုစ်လို မင်းသားမျိုးအတွက် မြန်နှုန်းမြင့်ပြီး စတိုင်ကျတဲ့ကားတစ်စီးတော့ရှိဖို့လိုအပ်တာ အမှန်ပါပဲ။ ဒါကြောင့်လည်း သူဟာ Mustang တစ်စီးကို ရွေးချယ်ခဲ့တာပါ။ Ford Mustang Saleen S281 ဆိုတာ ဒီနေ့ခေတ်မှာ အရှားပါးဆုံး Mustang မော်ဒယ်တစ်စီးဖြစ်ပြီး Ford ကုမ္ပဏီရဲ့နာမည်ခံပြီး Saleen Automotive ကုမ္ပဏီကနေ တာဝန်ယူထုတ်လုပ်ခဲ့တဲ့ကားပါ။

၃။ Bugatti Veyron

လက်ရှိအချိန်မှာ ကမ္ဘာ့အမြန်ဆုံးပြိုင်ကားမဟုတ်တော့ပေမဲ့ ကမ္ဘာ့စျေးအကြီးဆုံးပြိုင်ကားအဖြစ် နေရာယူထားဆဲဖြစ်တဲ့ Bugatti Veyron အမျိုးအစားတစ်စီးကိုလည်း တွမ်ခရုစ်ပိုင်ဆိုင်ထားပါသေးတယ်။ သူရဲ့ချမ်းသာကြွယ်ဝမှုနဲ့ဆိုရင် Bugatti Veyron  တစ်စီးရဲ့တန်ဖိုးဟာ အသေးအဖွဲသာဖြစ်သလို တစ်ဖက်ကလည်း မြန်နှုန်းမြင့်သလောက် ဇိမ်ခံကားအသွင်အပြင်အပြည့်ရှိနေတဲ့ဆွဲဆောင်မှုကို တွမ်ခရုစ်မငြင်းဆန်နိုင်ခဲ့တဲ့အချက်လည်း ပါဝင်မှာပါ။ ပြီးတော့ နယ်ပယ်သီးသီးက နာမည်ကြီးကြယ်ပွင့်တိုင်းနီးပါး Bugatti တစ်စီးလောက်တော့ အနည်းဆုံးပိုင်ဆိုင်ကြတာကြောင့် တွမ်ခရုစ်ရဲ့ စုဆောင်းမှုထဲမှာ ဒီကားပါဝင်နေတာ အံ့ဩစရာတော့မဟုတ်ပါဘူး။

၄။ Ford Excursion

SUV အမျိုးအစားကားတွေ စတင်ခေတ်စားလာတဲ့အချိန်မှာ Ford ကုမ္ပဏီကနေ Ford Excursion မော်ဒယ်ကို ထုတ်လုပ်မိတ်ဆက်ခဲ့ပါတယ်။ နာမည်ကျော် Chevrolet Suburban ‌မော်ဒယ်တွေရဲ့ပြိုင်ဘက်အဖြစ် သတ်မှတ်ခံထားရတဲ့ Ford Excursion ဟာ အရွယ်အစားသိပ်ကိုကြီးမားတဲ့ SUV တစ်စီးဖြစ်ပြီး လူငယ်တွေအကြိုက်နည်းပါတယ်။ ဒါပေမဲ့ မင်းသားကြီးတွမ်ခရုစ်ကတော့ အသက်အရွယ်ရလာတာနဲ့အမျှ ကြီးမားခန့်ညားတဲ့ SUV တွေကို နှစ်သက်လာပုံရပြီး သူ့ရဲ့စုဆောင်းမှုထဲမှာ Ford Excursion လည်း ပါဝင်နေတာကို တွေ့ရပါတယ်။

၅။ Ford Mustang Saleen (Silver)

မူလရှိပြီးသား Ford Mustang Saleen S281 မော်ဒယ်အပြင် အထူးထုတ်အမျိုးအစားဖြစ်တဲ့ Saleen ငွေရောင်မော်ဒယ်တစ်စီးကိုလည်း တွမ်ခရုစ် ပိုင်ဆိုင်ထားပါသေးတယ်။ တစ်နည်းအားဖြင့်တော့ တွမ်ခရုစ်ဟာ Mustang မော်ဒယ်တွေကို ရူးသွပ်သူဖြစ်ပြီး သူပိုင်ဆိုင်ထားတဲ့ Mustang တွေဟာလည်း အကောင်းဆုံးနဲ့ တန်ဖိုးအကြီးဆုံးကားတွေဖြစ်နေတာကို တွေ့ရပါတယ်။ လမ်းမတွေပေါ်မှာလည်းMustang Saleen ကားတွေကို တစ်လှည့်စီမောင်းလေ့ရှိတဲ့ တွမ်ခရုစ်ရဲ့ပုံရိပ်တွေကို မီဒီယာတွေ ဖော်ပြလေ့ရှိကြပါတယ်။

၆။ Chevrolet Chevelle SS

Mustang လို ကားကောင်းတွေကို နှစ်သက်တဲ့တွမ်ခရုစ်အနေနဲ့ တခြားအမေရိကန် Muscle ကားတွေကိုလည်း နှစ်သက်မယ်ဆိုတာ အထူးပြောစရာမလိုပါဘူး။ ဒါကြောင့် Muscle ကားတွေရဲ့ခေတ်ဦးပိုင်းမှာ နာမည်ကြီးခဲ့တဲ့ Chevrolet Chevelle SSမော်ဒယ်တစ်စီးကိုလည်း တွမ်ခရုစ်ရဲ့ ကားဂိုထောင်အတွင်းမှာ တွေ့မြင်ကြရမှာပါ။ နှစ်ယောက်စီးပြိုင်ကားပုံစံနဲ့ထုတ်လုပ်တဲ့ Chevrolet Chevelle SS အမျိုးအစားဟာ Pontiac GTO မော်ဒယ်နဲ့ခေတ်ပြိုင်ဖြစ်ပြီး ရှေ့ဦးပိုင်းမှာတော့ SS တံဆိပ်တပ်ဆင်ထားတဲ့ သိသားထင်ရှားတဲ့စက်ဖုံးလည်း ပါဝင်ပါတယ်။

၇။ Chevrolet Corvette C1

အတိတ်တစ်ချိန်က တန်ဖိုးမြင့်မားပြီး ရတနာတစ်ပါးလိုတင်စားခံခဲ့ရတဲ့ Chevrolet Corvette C1 မော်ဒယ်တစ်စီးကိုလည်း တွမ်ခရုစ်ပိုင်ဆိုင်ထားပါသေးတယ်။ သာမန် Chevrolet Corvette မော်ဒယ်တွေဟာ စစ်မှန်တဲ့ပြိုင်ကားတွေအဖြစ် စျေးကွက်အတွင်းဝင်ရောက်လာချိန်မှာ Corvette C1 မော်ဒယ်ကတော့ ပိုမိုမြင့်မားတဲ့တန်ကြေးတစ်ရပ်နဲ့အတူ နာမည်ကျော်အနုပညာရှင်တွေ၊ သန်းကြွယ်သူဌေးတွေလက်ထဲကို ရောက်လာခဲ့ပါတယ်။

၈။ Porsche 911

စတိုင်ကျလှပမှုနဲ့အတူ အဆင့်အတန်းမြင့်မားမှုကို ကိုယ်စားပြုနိုင်စွမ်းရှိတဲ့ Porsche 911 မော်ဒယ်ကိုလည်း ကမ္ဘာကျော်ရုပ်ရှင်ကြယ်ပွင့်တွေ၊ အားကစားကြယ်ပွင့်တွေ မျက်စိကျကြလေ့ရှိပါတယ်။ အဲဒီအထဲမှာ တွမ်ခရုစ်လည်း အပါအဝင်ဖြစ်ပါတယ်။ သေးငယ်ပေါ့ပါးတာနဲ့အမျှ အင်ဂျင်စွမ်းဆောင်ရည်မြင့်မားတဲ့ Porsche 911 မော်ဒယ်ဟာ ပြိုင်ကားတစ်စီးဖြစ်ပေမဲ့ ဇိမ်ခံကားအ‌ဆောင်အယောင်တွေ ပါရှိတဲ့ပြိုင်ကားတစ်စီးပဲဖြစ်ပါတယ်။

၉။ Cadillac Escalade

အသက်အရွယ်ရလာတဲ့ တွမ်ခရုစ်အနေနဲ့ ပြိုင်ကားတွေကိုသာမက ခံ့ခံ့ညားညားရှိတဲ့ SUV အမျိုးအစားတွေကိုပါ နှစ်သက်တဲ့အကြောင်း ဖော်ပြခဲ့ပြီးပါပြီ။ ဒါကြောင့် သူ့ရဲ့စုဆောင်းမှုတွေထဲမှာ Cadillac Escalade အမျိုးအစားကားတစ်စီးလည်း ပါဝင်နေတယ်ဆိုရင် အံ့ဩစရာမရှိပါဘူး။ General Motor ကုမ္ပဏီဟာ ပြည်ပကတင်သွင်းလာတဲ့ အကောင်းစား SUV တွေကို ယှဉ်နိုင်ဖို့အတွက် Cadillac Escalade ကို ထုတ်လုပ်ခဲ့ပါတယ်။ ဒီကားဟာ လူ ၇ ဦးအထိသက်သောင့်သက်သာလိုက်ပါစီးနင်းနိုင်ပြီး ဟိုက်ဝေးခရီးစဉ်မျိုးအတွက်လည်း သင့်တော်ပါတယ်။

၁၀။ Mercedes-Benz S Class

တွမ်ခရုစ်ရဲ့စုဆောင်းမှုထဲမှာ နောက်ထပ်တွေ့မြင်ရမယ့်ဇိမ်ခံကားအမျိုးအစားက Mercedes-Benz S Class ပဲဖြစ်ပါတယ်။ မီဒီယာတွေရဲ့အဆိုအရ တွမ်ခရုစ်ဟာ လော့စ်အိန်ဂျလိစ်မြို့တွင်း ဟိုဟိုဒီဒီသွားပြီဆိုရင် Mercedes-Benz S Class ကို စီးလေ့ရှိပြီး ကမ္ဘာကျော်ရုပ်ရှင်ကြယ်ပွင့်တစ်ဦးရဲ့ ပုံရိပ်ကို အဝင့်ကြွားဆုံးဖော်ပြလေ့ရှိတယ်လို့ သိရပါတယ်။ ဆီဒင်အမျိုးအစားဖြစ်တဲ့ Mercedes-Benz S Class ဟာ စွမ်းဆောင်ရည်မြင့်မားတဲ့ V-12 အင်ဂျင်ကိုသုံးထားပြီး ဇိမ်ခံကားတွေထဲမှာ အဆင့်အမြင့်ဆုံးအမျိုးအစားဖြစ်ပါတယ်။

၁၁။ Mercedes CLK W209

နောက်ထပ်ဖော်ပြမယ့်တွမ်ခရုစ်ရဲ့ကားတစ်စီးကလည်း Mercedes အမျိုးအစားပါပဲ။ ဆီဒင်ကားချင်းတူပေမဲ့ အခုဖော်ပြမယ့် Mercedes CLK W209 ဆိုတာက တံခါး ၂ ပေါက်ပုံစံနဲ့ ထုတ်လုပ်ထားတဲ့ အသေးစားဇိမ်ခံကားအမျိုးအစားပဲဖြစ်ပါတယ်။ တွမ်ခရုစ်အနေနဲ့ နေအိမ်နဲ့အနီးအနား စျေးဝယ်ထွက်တာမျိုးအတွက် ပေါ့ပါးသွက်လက်မှုအပြည့်ရှိတဲ့ ဒီကားကိုသုံးလေ့ရှိပါတယ်။ Mercedes CLK W209 မှာ V8 အင်ဂျင်အသုံးပြုထားပြီး ငြိမ့်ညောင်းမှုရှိသလောက် စွမ်းဆောင်ရည်မြင့်မားတဲ့ Driving ခံစားမှုကိုလည်း ရရှိစေနိုင်ပါတယ်။

၁၂။ Dodge Colt

မင်းသားကြီးတွမ်ခရုစ်အနေနဲ့ ဟောလိဝုဒ်မှာ စပြီးအောင်မြင်ခါစအချိန်၊ တက်သစ်စမင်းသားဘဝကတည်းက ပိုင်ဆိုင်ခဲ့တဲ့ Classic ကားတစ်စီးလည်းရှိပါသေးတယ်။ အဲဒါကတော့ ၁၉၇၀ ကျော်၊ ၁၉၈၀ ပြည့်လွန်နှစ်တွေက ထုတ်ခဲ့တဲ့ Dodge Colt အမျိုးအစား ၂ ယောက်စီးကားတစ်စီးပါ။ တွမ်ခရုစ်အနေနဲ့ Days of Thunder ဇာတ်ကားနဲ့ အောင်မြင်ခဲ့ပြီး ဝင်ငွေကောင်းလာချိန်မှာတော့ ဒီလိုရှားပါးတဲ့ Dodge Colt ကားကို ငွေကြေးအကုန်အကျခံပြီး အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

၁၃။ 1949 Buick Roadmaster

တွမ်ခရုစ်ရဲ့ကားစုဆောင်းမှုတွေထဲမှာ အခုဖော်ပြမယ့်ကားကိုတွေ့မြင်လိုက်ရတဲ့အခါ ဒီမင်းသားကြီးဟာ တကယ့်ကားဝါသနာအိုးစစ်စစ်ကြီးဆိုတာ လက်ခံမိကြမယ်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီခေတ်အခါမှာ တကယ့်ကို တန်ဖိုးကြီး ရှေးဟောင်း Classic ကားစာရင်းဝင်နေပြီဖြစ်တဲ့ ၁၉၄၉ ခုနှစ်ထုတ် Buick Roadmaster ကားတစ်စီးကို ပိုင်ဆိုင်ထားလို့ပဲဖြစ်ပါတယ်။ ဒီကားဟာ သူ့ခေတ်အခါက အရှိန်အဝါကြီးခဲ့တဲ့ ဇိမ်ခံကားတစ်စီးဖြစ်ပြီး လက်ရှိအချိန်အထိလည်း တွမ်ခရုစ်တစ်ယောက် ရံဖန်ရံခါစီးနင်းနေသေးတယ်လို့ သိရပါတယ်။

၁၄။ BMW 3-Series

ဟောလိဝုဒ်မှာ အောင်မြင်ခါစအချိန်တုန်းက တွမ်ခရုစ် အမြတ်တနိုးဝယ်ယူစီးနင်းခဲ့တဲ့ ကားတစ်စီးရှိပါတယ်။ အဲဒါကတော့ BMW 3-Series ပဲဖြစ်ပါတယ်။ 3-Series မော်ဒယ်တွေဟာ အင်ဂျင်ပါဝါမြင့်မားပြီး အရွယ်အစားကျစ်လစ်တဲ့ ဇိမ်ခံဆီဒင်ကားတွေဖြစ်ကြပြီး လွန်ခဲ့တဲ့နှစ်ပေါင်းတော်တော်ကြာကတည်းက ရေပန်းစားခဲ့တဲ့ကားတွေလို့လည်း ဆိုနိုင်ပါတယ်။ ဒီကားတစ်စီးရဲ့တန်ဖိုးဟာ အသင့်အတင့်မြင့်မားပေမဲ့ တွမ်ခရုစ်အတွက်တော့ စျေးနှုန်းဆိုတာ ဂရုစိုက်စရာမဟုတ်ပါဘူး။

၁၅။ 1979 Porsche 928

၁၉၈၀ ပြည့်လွန်နှစ်တွေက ခေတ်စားခဲ့တဲ့စူပါပြိုင်ကားတွေထဲမှာ Porsche ကုမ္ပဏီက ထုတ်လုပ်တဲ့ကားတွေလည်း ပါဝင်ပါတယ်။ အထူးသဖြင့် ၁၉၇၉ ခုနှစ်က ထုတ်လုပ်ခဲ့တဲ့ Porsche 928 မော်ဒယ်ဟာ ဒီနေ့ခေတ်မှာ လူကြိုက်အများဆုံးကားတစ်စီးဖြစ်ပြီး Porsche အမှတ်တံဆိပ်ရဲ့စစ်မှန်တဲ့အငွေ့အသက်တွေလည်း ပါဝင်နေတာကို တွေ့ရပါတယ်။ အသုံးပြုထားတဲ့ V8 အင်ဂျင်ရဲ့စွမ်းဆောင်မှုကလည်း ကျေနပ်အားရစရာပါ။

Ref: 15 Rides Tom Cruise Keeps In His Garage (And 10 From His Movies) by CAMERON EITTREIM

Author