လူသိနည်းတဲ့ လူးဝစ်ဟာမီတန်ရဲ့စိတ်ဝင်စားဖွယ်ကိုယ်ရေးအချက်အလက်များ

0

Full article

လူးဝစ်ဟာမီတန်ဆိုတာ ဖော်မြူလာဝမ်းကားမောင်းပြိုင်ပွဲရဲ့အအောင်မြင်ဆုံးနဲ့ အကျော်ကြားဆုံးချန်ပီယံတစ်ဦးပါ။ သူ့ရဲ့အောင်မြင်မှုတွေအကြောင်းကို ပြိုင်ကားဝါသနာရှင်တွေ အားလုံးနီးပါးသိထားပြီးဖြစ်ပေမယ့် ပုဂ္ဂိုလ်ရေးနဲ့ပတ်သက်တဲ့ တချို့သောအချက်အလက်တွေကိုတော့ သိရှိသူအင်မတန်နည်းပါသေးတယ်။ မီဒီယာတွေကိုယ်တိုင်ကလည်း များသောအားဖြင့် ဗြိတိန်ကားမောင်းချန်ပီယံလူးဝစ်ဟာမီတန်ရဲ့အားကစားအောင်မြင်မှုနဲ့ သူကိုယ်စားပြုပါဝင်ယှဉ်ပြိုင်တဲ့ မာစီးဒီးကားမောင်းအသင်းရဲ့အကြောင်းတွေကိုသာ ဦးစားပေးဖော်ပြလေ့ရှိကြပါတယ်။ ဒါကြောင့် လူသိနည်းနေသေးတဲ့ လူးဝစ်ဟာမီတန်ရဲ့စိတ်ဝင်စားဖွယ်ကိုယ်ရေးအချက်အလက်တွေကို ဖော်ပြပေးလိုက်ပါတယ်။


(၁) လူမမည်ကားမောင်းချန်ပီယံ


လူးဝစ်ဟာမီတန်အနေနဲ့ အရွယ်ရောက်ပြီးချိန်မှ ကားမောင်းပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တာမဟုတ်ပါဘူး။ အသက် ၅ နှစ်အရွယ်ကတည်းက ပြိုင်ဘက်တွေကိုကျော်ဖြတ်နိုင်ခဲ့သူဖြစ်ပါတယ်။ ဟာမီတန်ဟာ ဗြိတိန်ရုပ်သံအစီအစဉ်တစ်ခုဖြစ်တဲ့ Blue Peter မှာ ပါဝင်ခဲ့ပြီး အဝေးထိန်းခလုပ်နဲ့မောင်းနှင်ရတဲ့ ကားပြိုင်ပွဲမှာ အောင်မြင်ခဲ့တဲ့ကလေးသရုပ်ဆောင်ဖြစ်ခဲ့ဖူးပါတယ်။ တစ်နည်းအားဖြင့် ဒါဟာ ဟာမီတန်ရဲ့ ကားမောင်းလိုတဲ့စိတ်ဆန္ဒ သန္ဓေတည်ခဲ့တဲ့အစီအစဉ်တစ်ခုလို့လည်း ဆိုရမှာဖြစ်ပါတယ်။ လမ်းကြမ်းကားမောင်းပြိုင်ပွဲနဲ့ပတ်သက်ပြီး သူ့ရဲ့အရည်အသွေးနဲ့အစွမ်းအစတွေကတည်း ကလေးဘဝကတည်းက တစ်စွန်းတစထွက်ပေါ်ခဲ့ပြီးသားဖြစ်ပါတယ်။


(၂) အတားအဆီးများ ကျော်ဖြတ်သူ


လူးဝစ်ဟာမီတန်ကို ဖော်မြူလာဝမ်းပြိုင်ပွဲရဲ့သမိုင်းတလျှောက်မှာ ပထမဆုံးလူမည်းကားမောင်းသမားတစ်ဦးအဖြစ် သိထားကြပါတယ်။ ဒါပေမဲ့ ဒီဂုဏ်ပုဒ်အတွက် ဟာမီတန်ထမ်းဆောင်ထားရတဲ့တာဝန်ကတော့ မသေးလှပါဘူး။ သူဟာ အနာဂတ်မျိုးဆက်သစ်တွေရဲ့အမြင်မှာ စံပြုထိုက်တဲ့ချန်ပီယံအဖြစ် ကြိုးစားရပ်တည်ခဲ့ရသလို ဖော်မြူလာဝမ်းပြိုင်ပွဲဟာလည်း လူတန်းစားမရွေး၊ လူဖြူလူမည်းမခွဲခြားဘဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်တဲ့ ပြိုင်ပွဲတစ်ခုဖြစ်ကြောင်း သက်သေပြခဲ့ရပါတယ်။ ဒါကြောင့်လည်း သူဟာ UNICEF ရဲ့သံတမန်အဖြစ် ခန့်အပ်ခံခဲ့ရသလို ပရိသတ်တွေ အမြဲစောင့်ကြည့်နေကြတဲ့ မိမိရဲ့အနာဂတ်ကိုလည်း ပိုကောင်းအောင် တည်ဆောက်ခဲ့ရပါတယ်။


(၃) နောက်ထပ် ဟာမီတန်တစ်ဦး


ဟာမီတန်ဆိုတာနဲ့ ပြိုင်ကားပရိသတ်တွေဟာ လူးဝစ်ဟာမီတန်တစ်ယောက်တည်းကိုပဲ ပြေးမြင်မိကြပါလိမ့်မယ်။ တကယ်တော့ ပြိုင်ကားမောင်းတဲ့ ဟာမီတန်မိသားစုဝင်က လူးဝစ်တစ်ဦးတည်းရှိတာမဟုတ်ပါဘူး။ သူနဲ့ အဖေတူ၊ အမေကွဲညီအစ်ကိုဖြစ်သူ နီကိုလပ်စ်ဟာမီတန်ဆိုတဲ့ ကားမောင်းသမားလည်း ရှိပါသေးတယ်။ နီကိုလပ်စ်ဟာ မွေးရာပါဦးနှောက်ချို့ယွင်းတဲ့ရောဂါကြောင့် ကိုယ်အင်္ဂါမသန်စွမ်းပေမယ့် ငယ်စဉ်ကတည်းက ဗီဒီယိုဂိမ်းကားပြိုင်ပွဲတွေမှာ ထူးချွန်ခဲ့သူဖြစ်ပါတယ်။ အရွယ်ရောက်လာတဲ့ လူးဝစ်ရဲ့လက်တွဲခေါ်ယူမှု၊ လေ့ကျင့်သင်ကြားပေးမှုတွေကြောင့် တကယ့်ကားမောင်းပြိုင်ပွဲတွေကို ဝင်ပြိုင်နိုင်ခဲ့ပါတယ်။ နီကိုလပ်စ်ဟာမီတန်ဟာ လက်ရှိအသက် ၂၇ နှစ်မှာ British Touring Car Championship မှာ ဝင်ရောက်ယှဉ်ပြိုင်နေပြီး သူမောင်းနှင်တဲ့ကားကတော့ မသန်စွမ်းသူတွေမောင်းနှင်လို့ရအောင် နည်းပညာပိုင်းအထောက်အကူတွေတပ်ဆင်ထားတဲ့ အထူးကားတစ်စီးဖြစ်ကြောင်း သိရပါတယ်။


(၄) ဟာမီတန်ရဲ့ ဂီတစွမ်းရည်


ပြိုင်ကွင်းပတ်လမ်းတွေမှာ ပျော်မွေ့တတ်တဲ့လူးဝစ်ဟာမီတန်ဟာ ဂီတစွမ်းရည်မြင့်မားသူလည်း ဖြစ်နေပါသေးတယ်။ သူဟာ အမျိုးအစားစုံလင်တဲ့သီချင်းအပုဒ်ပေါင်း ၈၀ ကျော်ရေးသားဖန်တီးခဲ့သလို အသံကောင်းတဲ့အဆိုရှင်တစ်ဦးလည်းဖြစ်ပါတယ်။ နီးစပ်သူတွေရဲ့အဆိုအရ ဟာမီတန်ဟာ ပြိုင်ပွဲပြီးတဲ့ တနင်္ဂနွေညတွေမှာ စတူဒီယိုသွားပြီး ပင်ပန်းမှုတွေဖြေဖျောက်လေ့ရှိကြောင်း သိရပါတယ်။ ပြိုင်ကားမောင်းသမားဘဝက အနားယူခဲ့ရင် ဟာမီတန်ဆက်လက်လျှောက်လှမ်းမယ့်လမ်းကြောင်းက ဂီတလမ်းကြောင်းဖြစ်မယ်လို့ မိတ်ဆွေအပေါင်းအသင်းတွေက ခန့်မှန်းထားကြတာပါ။


(၅) ဟောလိဝုဒ်ရဲ့အသံသရုပ်ဆောင်


ဂီတဝါသနာကြီးမားတဲ့ လူးဝစ်ဟာမီတန်ဟာ ဟောလိဝုဒ်ရုပ်ရှင်လောကမှာလည်း ခြေလှမ်းတစ်လှမ်း ချထားခဲ့ပြီးပါပြီ။ အဲဒါကတော့ Disney Pixar ရဲ့ကာတွန်းကားတစ်ကားဖြစ်တဲ့ Car 2 မှာ အသံနဲ့ပါဝင်သရုပ်ဆောင်ခဲ့ဖူးတာပဲဖြစ်ပါတယ်။ Disney ကုမ္ပဏီအနေနဲ့ ကားနဲ့ပတ်သက်တဲ့ ကာတွန်းကားအတွက် စစ်မှန်တဲ့ပြိုင်ကားမောင်းသမားတစ်ဦးကို အသံနဲ့ပါဝင်သရုပ်ဆောင်ဖို့ကမ်းလှမ်းခဲ့ရာမှာ ဟာမီတန်က ဝမ်းမြောက်ဝမ်းသာလက်ခံခဲ့တာပါ။ ဟာမီတန်ဟာ Car 2 ဇာတ်ကားမှာ Michael Caine တို့၊ Owen Wilson တို့လို ဝါရင့်သရုပ်ဆောင်ကြီးတွေနဲ့အတူတွဲပြီး အသံနဲ့သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


(၆) စန္ဒယားဝါသနာရှင် ဟာမီတန်


သီချင်းရေးတာတွေ၊ သီချင်းဆိုတာတွေလုပ်လေ့ရှိတဲ့ဟာမီတန်အနေနဲ့ အနှစ်သက်ဆုံးတူရိယာတီးခတ်မှုကတော့ စန္ဒယားတီးတာပဲဖြစ်ပါတယ်။ သူဟာ အားလပ်ချိန်အများစုကို  စန္ဒယားတီးလေ့ကျင့်ပြီး ကုန်ဆုံးလေ့ရှိသလို ဘယ်လိုတီးရမလဲဆိုတာကိုလည်း အပတ်တကုတ်လေ့လာသင်ယူလေ့ရှိကြောင်း သိရပါတယ်။ ဒါ့ကြောင့် သီချင်းဆိုတာက သူ့ရဲ့ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေတယ်ဆိုရင် စန္ဒယားတီးခြင်းက သူ့ရဲ့စိတ်ကို လန်းဆန်းခွန်အားပြည့်စေနိုင်တယ်လို့ ဆိုရမှာပါပဲ။


(၇) ပြိုင်ပွဲကို အချစ်ထက်ဦးစားပေးခဲ့သူ


လူတချို့က ကားပြိုင်ပွဲတွေကြောင့် လူးဝစ်ဟာမီတန်ကို သိကြပေမယ့် တချို့ကတော့ နီကိုးရှာဇင်ဂါဆိုတဲ့ အဆိုတော်မလေးကြောင့် ဟာမီတန်ကို သိလာခဲ့ကြပါတယ်။ ဟာမီတန်နဲ့ Pussycat Dolls အဆိုတော် နီကိုးရှာဇင်ဂါတို့ဟာ ဗြိတိန်ရဲ့ဆယ်လီအသိုင်းအဝိုင်းမှာ နာမည်ကြီးတဲ့စုံတွဲအဖြစ် နှစ်ပေါင်းတော်တော်ကြာရပ်တည်ခဲ့ကြပါတယ်။ သူတို့စုံတွဲဟာ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်ဆိုသလိုဖြစ်နေခဲ့ပြီး ၂၀၁၅ ခုနှစ်မှာတော့ အပြီးတိုင်လမ်းခွဲခဲ့ကြပါတယ်။ အဲဒီမှာ ဟာမီတန်ရဲ့အကြောင်းပြချက်က သူ့ရဲ့ပရော်ဖက်ရှင်နယ်ကားမောင်းသမားဘဝကို ပိုပြီးအာရုံစိုက်နိုင်ဖို့အတွက်လို့ ဆိုပါတယ်။ တစ်ဖက်မှာလည်း နီကိုးရှာဇင်ဂါက ဟာမီတန်ဟာ သူမအပေါ် လုံလောက်တဲ့အချိန်ပေးပြီး ဂရုစိုက်တာမျိုးမရှိတော့ဘူးလို့ ဖွင့်ဟခဲ့ပါတယ်။


(၈) ဟာမီတန်ရဲ့အကြိုက်ဆုံးစားသောက်ဆိုင်


နာမည်ကြီးကားမောင်းသမားဖြစ်စေ၊ ဘောလုံးသမားဖြစ်စေ၊ အဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင်ပဲဖြစ်စေ အစားအသောက်နဲ့ပတ်သက်ပြီး နံပါတ်တစ်အကြိုက်ဆုံးရွေးချယ်မှုတစ်ခုခုတော့ ကိုယ်စီရှိထားကြပါတယ်။ လူးဝစ်ဟာမီတန် အနှစ်သက်ဆုံး၊ အစွဲလန်းဆုံးစားသောက်ဆိုင်ကတော့ လန်ဒန်မြို့က Shanghai Blues ဆိုတဲ့ စားသောက်ဆိုင်ပါပဲ။ သူ့ရဲ့နာမည်အတိုင်း ဒီဆိုင်ဟာ အရှေ့တိုင်းအစားအစာကို ဦးစားပေးရောင်းချတဲ့ဆိုင်ဖြစ်ပြီး ဆိုင်ထဲကိုရောက်ရင် တကယ့်တရုတ်ပြည်မှာသွားရောက်စားသောက်နေရသလိုမျိုး ခံစားမှုကို ရရှိစေနိုင်မယ်လို့ သိရပါတယ်။ ဒါ့အပြင် စနေ၊ တနင်္ဂနွေနေ့တွေမှာဆိုရင် Shanghai Blues မှာ တီးဝိုင်းနဲ့ဖျော်ဖြေမှုလည်း တွဲဖက်ပါရှိတာကြောင့် ဂီတဝါသနာထုံတဲ့ ဟာမီတန်တစ်ယောက် အမြဲတမ်းသွားအားပေးတာဖြစ်ပါလိမ့်မယ်။


(၉) ပီဇာအစားပြိုင်ပွဲဝင်ခဲ့သူ


ဖော်မြူလာဝမ်းကားမောင်းပြိုင်ပွဲတစ်မျိုးတည်းကိုသာ ဟာမီတန်ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်ထဲမှာ ဟာမီတန်ဟာ သူ့လိုပဲ F1 ကားမောင်းသမားတစ်ယောက်ဖြစ်တဲ့ Nico Rosberg နဲ့ ပီဇာမုန့်အစားပြိုင်ပွဲတစ်ခုမှာ ဝင်ပြိုင်ခဲ့ဖူးပါသတဲ့။ အားကစားသမားတစ်ဦးဖြစ်တာကြောင့် ကိုယ်အလေးချိန်ထိန်းပြီး အစားအသောက်ဆင်ခြင်ရမှာဖြစ်ပေမယ့် ပီဇာမုန့်တွေ တနင့်တပိုးစားခဲ့တဲ့ ကားမောင်းသမား ၂ ဦးရဲ့လုပ်ရပ်က အံ့အားသင့်ဖွယ်ဖြစ်ခဲ့ပါတယ်။


(၁၀) ဘာသာရေးကိုင်းရှိုင်းသူ


ပရော်ဖက်ရှင်နယ်အားကစားနယ်ပယ်မှာ အောင်မြင်သူအများစုဟာ ဘာသာရေးကို လျစ်လျူရှုတတ်သူတွေများပါတယ်။ အထူးသဖြင့် လူးဝစ်ဟာမီတန်ဟာ ငယ်စဉ်က ဆိုးသွမ်းပြီး စိတ်ဆတ်တဲ့ကားမောင်းသမားတစ်ယောက်ရဲ့ပုံရိပ်တွေရှိခဲ့ဖူးကာ ဘာသာရေးလိုက်စားတဲ့ပုံစံမရှိခဲ့ပါဘူး။ ဒါပေမဲ့ တကယ်တမ်းမှာတော့ ဟာမီတန်ဟာ သူ့ရဲ့မိသားစုဝင်တွေနဲ့အတူ ခရစ်ယာန်ကက်သလစ်ဘုရားကျောင်းကို ပုံမှန်သွားလေ့ရှိပါတယ်။ ကားမောင်းပြိုင်ပွဲဝင်ချိန်တွေမှာလည်း ဟာမီတန်ရဲ့လည်ပင်းမှာဆွဲထားတဲ့ လက်ဝါးကပ်တိုင်လေးကို တွေ့မြင်ကြရမှာပါ။ ၂၀၀၇ ခုနှစ်က Daily Mail သတင်းစာနဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာဆိုရင် ဟာမီတန်က သူ့ရဲ့ကားမောင်းစွမ်းရည်တွေကို ဘုရားသခင်က ပေးသနားခဲ့တာလို့ ယုံကြည်ကြောင်းဖွင့်ဟပြောကြားခဲ့ဖူးပါတယ်။

Ref: 10 Things You Never Knew About Lewis Hamilton by MATTHEW WILKINSON

Author

Comments