Iron Man ရုပ်ရှင်တွေထဲက Audi R8 ကားများနဲ့ လူသိနည်းသေးတဲ့အချက်တွေ

0

Full article

တိုနီစတာ့ခ် တစ်ဖြစ်လဲ Iron Man ဟာ Marvel Cinematic Universe လို့ခေါ်တဲ့ (MCU) ဇာတ်လမ်းတွဲတွေထဲမှာ လူကြိုက်အများဆုံး စူပါဟီးရိုးဇာတ်ကောင် တစ်ကောင်ဖြစ်ပါတယ်။ ဒါပေမဲ့ တိုနီဟာ ကိုယ်တိုင်တီထွင်ဖန်တီးထားပြီး စွမ်းအားကြီးမားလှတဲ့ သံမဏိဝတ်စုံမရှိရင် Iron Man ဖြစ်မလာနိုင်သလို တံခါး ၂ ပေါက်နဲ့ အလန်းစားပြိုင်ကားတစ်စီးမရှိရင်လည်း ပရိသတ်တွေရဲ့အားကျနှစ်သက်တဲ့ Avenger တစ်ဦးဖြစ်မလာနိုင်ပါဘူး။ ဒါကြောင့် Marvel ပရိသတ်တွေတောင် အစုံအလင်မသိရှိသေးတဲ့ Iron Man ရုပ်ရှင်ဇာတ်ကားတွေထဲက Audi R8 ကားတွေနဲ့ပတ်သက်တဲ့အချက်တွေကို တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။


၁၀။ Iron Man နဲ့အတူ ဆင့်ကဲပြောင်းလဲခြင်း


Marvel ရုပ်ရှင်ကုမ္ပဏီဟာ Iron Man ရုပ်ရှင်စတင်ရိုက်ကူးကတည်းက Audi R8 ကို တိုနီစတာ့ခ်ရဲ့လက်စွဲတော်ကားတစ်စီးအဖြစ် သတ်မှတ်အသုံးပြုစေခဲ့ပါတယ်။ ဒါကြောင့်လည်း ၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ ပထမဆုံး Iron Man ဇာတ်ကားမှာ Audi R8 ကို ခပ်ကြွားကြွားလေးစီးသွားတဲ့ တိုနီစတာ့ခ်ရဲ့ပြကွက်တွေကို မြင်တွေ့ခဲ့ရပါတယ်။ အဲဒီနောက် ဆက်ပြီးထွက်ရှိတဲ့ MCU ဇာတ်ကားတွေမှာတော့ Iron Man ရဲ့နည်းပညာပိုင်း ဆင့်ကဲပြောင်းလဲလာတာနဲ့အမျှ Audi R8 ပြိုင်ကားတွေရဲ့မော်ဒယ်ကလည်း ဆင့်ကဲပြောင်းလဲလာခဲ့ပါတော့တယ်။ ဥပမာအားဖြင့် ပထမဆုံးဇာတ်ကားမှာ Audi R8 မော်ဒယ်ဟောင်းဖြစ်ပေမဲ့ နောက်ထွက်တဲ့ဇာတ်ကားတွေမှာတော့ Audi R8 Spyder ကအစ Audi e-tron လို လျှပ်စစ်ကားတွေအဆုံး ပြောင်းလဲအသုံးပြုတာကို တွေ့ရပါတယ်။


၉။ Iron Man 2 ဇာတ်ကားမှ Audi R8 Spyder


၂၀၁၀ ပြည့်နှစ်၊ မေလမှာတော့ Iron Man 2 ဇာတ်ကားထွက်ရှိလာပါတယ်။ တိုနီစတာ့ခ်နဲ့အတူ Audi R8 ကားလေးလည်းပြန်လည်ပါဝင်လာခဲ့ပါတယ်။ ဒီဇာတ်ကားမှာတော့ ၂၀၁၀ ခုနှစ်မော်ဒယ် Audi R8 Spyder ဖြစ်သွားပါပြီ။ ထူးခြားတာက Audi R8 Spyder ဟာ Iron Man 2 မှာ ပါဝင်အသုံးတော်ခံခဲ့ပေမဲ့ အဓိကဇာတ်ကောင် တိုနီစတာ့ခ်ကိုယ်တိုင် မောင်းနှင်တဲ့ပြကွက်မျိုးတော့ မပါဝင်ခဲ့ပါဘူး။ ကယ်လီဖိုးနီးယားကမ်းခြေမှာတစ်ကြိမ်၊ မိုနာကိုကားမောင်းပြိုင်ပွဲရဲ့ ပတ်လမ်းကြောင်းမှာတစ်ကြိမ် ဇာတ်ဝင်ခန်းတွေရိုက်ခဲ့ပေမဲ့ တိုနီရဲ့ကားသစ်ကို တခြားဇာတ်ကောင်တွေကပဲ မောင်းနှင်ခဲ့တာပါ။ ဒါပေမဲ့ ဒီကားရဲ့လိုင်စင်နံပါတ်ပြားမှာ ရေးထားတဲ့  "STARK 11" ဆိုတဲ့စာလုံးတွေကိုတော့ Iron Man ပရိသတ်တွေ သတိထားမိကြပါလိမ့်မယ်။


၈။ Acura ကို ခေတ္တပြောင်းလဲအသုံးပြုခြင်း


၂၀၁၂ ခုနှစ်မှာ ထွက်ရှိလာတဲ့ပထမဆုံး Avenger ဇာတ်ကားမှာတော့ သူရဲကောင်းကြီးတိုနီစတာ့ခ်ရဲ့စီးတော်ယာဉ်ဟာ Audi ကနေ Acura အမျိုးအစားကိုပြောင်းလဲသွားခဲ့ပါတယ်။ အတိအကျပြောရရင် ၂၀၁၂ မော်ဒယ် Acura အသစ်စက်စက်တစ်စီးပါပဲ။ 2012 Acura ဟာ အင်ဂျင်ပိုင်းအရရော၊ ရုပ်ထွက်ပိုင်းပါ သိပ်ကိုကောင်းမွန်ပေမဲ့ နောက်ထွက်တဲ့ဇာတ်ကားတွေမှာ Audi R8 တွေပဲ ပြန်လည်အသုံးပြုခဲ့ပါတယ်။ ဒါကြောင့် ပထမဆုံး The Avengers ဇာတ်ကားဟာ Audi အမှတ်တံဆိပ်ကို မတွေ့မြင်ရတဲ့ တစ်ခုတည်းသော MCU ဇာတ်ကားအဖြစ်သတ်မှတ်ခံထားရပါတယ်။


၇။ 2016 မော်ဒယ် အဝါရောင် Audi R8


၂၀၁၅ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Avengers: Age of Ultron နဲ့ ၂၀၁၆ မှာထွက်တဲ့ Captain America: Civil War ဇာတ်ကားတွေမှာတော့ တိုနီစတာ့ခ်ကို ၂၀၁၆ မော်ဒယ် အဝါရောင် Audi R8 ကားလေးနဲ့အတူ တွေ့မြင်ရပြန်ပါတယ်။ အဝါရောင်ဆိုပေမဲ့ လိမ္မော်ရောင်ဘက်ပိုကဲပြီး အနက်ရောင်ရောစပ်ထားတဲ့ ကားငယ်လေးကို ဒီဇာတ်ကား ၂ ကားစလုံးရဲ့ဇာတ်ဝင်ခန်းတော်တော်များများမှာ တိုနီက အသုံးပြုခဲ့ပြီး ဘီလျံနာတစ်ဦးအတွက် သိပ်ကိုလိုက်ဖက်ညီတဲ့မြင်ကွင်းလည်းဖြစ်ခဲ့ပါတယ်။


၆။ Tony Stark’s Car


၂၀၁၇ ခုနှစ်မှာ Audi ကုမ္ပဏီဟာ Audi R8 V10 Plus Quattro ဆိုတဲ့မော်ဒယ်သစ်ကို ထုတ်လုပ်မိတ်ဆက်ခဲ့ပါတယ်။ ဒီကားဟာ Iron Man နဲ့ Avengers ရုပ်ရှင်တွေမှာ တစ်ကြိမ်မှပါဝင်ခဲ့ဖူးခြင်းမရှိပေမဲ့ ပရိသတ်တွေကတော့ ဒီကားကို Tony Stark’s Car ဆိုပြီး ညွှန်းဆိုအမည်ပေးထားကြပါတယ်။ ကုမ္ပဏီရဲ့အဆိုအရ Audi R8 V10 Plus Quattro ရဲ့ကိုယ်ထည်ကိုပေါ့ပါးတဲ့အလူမီနီယံသတ္တုနဲ့တည်ဆောက်ထားပြီး မြင်းကောင်ရေ ၆၁၀ အားရှိတယ်လို့ သိရပါတယ်။ ဒီကားအတွက် ကနဦးဈေးနှုန်းက အမေရိကန်ဒေါ်လာ ၁၆၂,၉၀၀ ဖြစ်ပြီး ယခင်ထုတ်လုပ်ခဲ့တဲ့ကားမော်ဒယ်တွေထက်ပိုပြီး မြန်နှုန်းမြင့်တဲ့ကားတစ်စီးပါ။


၅။ ဧည့်သည်သရုပ်ဆောင် Audi R8


MCU ရဲ့ပထမဆုံး Spider-Man ရုပ်ရှင်အဖြစ် ၂၀၁၇၊ ဇူလိုင်လက ထွက်ရှိတဲ့ Spider-Man: Homecoming ဇာတ်ကားမှာ တိုနီ တစ်ဖြစ်လဲ မင်းသားကြီးရောဘတ်ဒေါင်းနေးဂျူနီယာက ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပါတယ်။ သူနဲ့အတူ တွဲဖက်ပါဝင်လာတဲ့ဧည့်သည်သရုပ်ဆောင်ကတော့ Audi R8 တစ်စီးပဲဖြစ်ပါတယ်။ တစ်နည်းပြောရရင် တိုနီစတာ့ခ်နဲ့ Audi R8 ဟာ ခွဲခြားလို့မရတဲ့ အမှတ်သင်္ကေတတွေ ဖြစ်လာခဲ့ပြီလို့ ဆိုရမှာပါ။ ဇာတ်ဝင်ခန်းတစ်ခုမှာလည်း တိုနီဟာ Audi R8 ကားထဲက Bluetooth Speaker ကနေတစ်ဆင့် သူလမ်းညွှန်သင်ပြနေတဲ့ ပီတာပါကားဆိုတဲ့ကျောင်းသားလေးဆီကို လှမ်းပြီးဆက်သွယ်စကားပြောတာကိုလည်း တွေ့ရပါတယ်။


၄။ တိုနီစတာ့ခ်ကိုယ်တိုင် မိတ်ဆက်ပြသခဲ့တဲ့ Audi လျှပ်စစ်ကားသစ်


Audi R8 ပြိုင်ကားတွေဟာ စူပါဟီးရိုးဇာတ်ကားတွေမှာ တိုနီစတာ့ခ်ဆိုတဲ့ နည်းပညာရှင်၊ ဉာဏ်ကြီးရှင်၊ ဘီလျံနာတစ်ဦးရဲ့ဇာတ်ရုပ်နဲ့ လိုက်ဖက်ညီရုံသက်သက် ထည့်သွင်းအသုံးပြုရတဲ့ကားတွေမဟုတ်ပါဘူး။ တိုနီစတာ့ခ်အဖြစ် သရုပ်ဆောင်တဲ့မင်းသားကြီးရောဘတ်ဒေါင်းနေးဂျူနီယာကိုယ်တိုင် ပြင်ပဘဝထဲမှာ စွဲလမ်းနှစ်သက်တဲ့ကားတွေဖြစ်တယ်ဆိုတာ လော့စ်အိန်ဂျလိစ်မှာပြုလုပ်တဲ့ ကားပြပွဲတစ်ခုမှာ တွေ့မြင်ခဲ့ရပါတယ်။ အဲဒါကတော့ ရောဘတ်ဒေါင်းနေးဂျူနီယာဟာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှာပြုလုပ်တဲ့ LA Auto Show မှာ Audi က အသစ်ထုတ်လုပ်လိုက်တဲ့လျှပ်စစ်ကားသစ် Audi E-tron GT ကို မိတ်ဆက်ပြသခဲ့တာကြောင့်ပါပဲ။ ဒီကားဟာ မြင်းကောင်ရေ ၅၉၀ အားရှိပြီး တံခါး ၄ ပေါက်ပြိုင်ကားအမျိုးအစားဖြစ်ပါတယ်။ ရောဘတ်ဒေါင်းနေးဂျူနီယာဟာ Audi E-tron GT ကို မိတ်ဆက်ခဲ့ရုံသာမက နောက်ဆုံးထွက်ရှိခဲ့တဲ့ Avengers: Endgame ဇာတ်ကားမှာလည်း ထည့်သွင်းအသုံးပြုခဲ့ပါသေးတယ်။


၃။ Iron Man အတွက် ပြီးပြည့်စုံတဲ့ Audi E-tron GT


Avengers: Endgame ထဲမှာ ပါဝင်အသုံးတော်ခံခဲ့တဲ့ Audi E-Tron GT လျှပ်စစ်ကားမော်ဒယ်သစ်ဟာ တိုနီစတာ့ခ် (ခေါ်) Iron Man အတွက် အသင့်တော်ဆုံး၊ ပြီးပြည့်စုံမှုအရှိဆုံးစီးတော်ယာဉ်လို့ ပရိသတ်တွေက သတ်မှတ်ခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ Iron Man ဟာ နည်းပညာအသုံးချတဲ့စူပါဟီးရိုးဖြစ်သလို Audi E-tron GT ဟာလည်း နည်းပညာမြင့်မားတဲ့ကားတစ်စီးဖြစ်နေလို့ပါပဲ။ လွန်ခဲ့တဲ့နှစ်က မိတ်ဆက်ခဲ့တဲ့အချက်အလက်တွေအရ Audi E-tron GT ဟာ 90-kilowatt-hour ဘက်ထရီပါဝင်ပြီး မြင်းကောင်ရေ ၅၈၂ အားနဲ့ညီတဲ့စွမ်းအင်ကို ထုတ်လုပ်ပေးနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အမြန်ဓာတ်အားသွင်းစနစ်၊ ကြိုးမဲ့အားသွင်းစနစ်တွေပါဝင်နေပါတယ်။ Audi နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကတော့ တိုနီစတာ့ခ်ဟာ ရုပ်ရှင်ထဲမှာရော၊ ပြင်ဘဝမှာပါ Audi E-tron GT ကို ပထမဆုံးစတင်စီးနင်းအသုံးပြုသူအဖြစ် သတ်မှတ်ထားကြပါတယ်။


၂။ Avengers: Endgame ရုပ်ရှင်မိတ်ဆက်ပွဲက Audi E-tron GT


နောက်ဆုံးထွက်ရှိခဲ့တဲ့ Avengers: Endgame ဇာတ်ကားရဲ့ အကြိုမိတ်ဆက်ပွဲကို လွန်ခဲ့တဲ့ဧပြီလက လော့စ်အိန်ဂျလိစ်မြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ မင်းသားကြီးရောဘတ်ဒေါင်းနေဂျူနီယာဟာ Audi E-tron GT လျှပ်စစ်ကားသစ်ကိုစီးပြီး ဒီပွဲကိုတက်ရောက်လာခဲ့တာကြောင့် ပရိသတ်တွေအတွက် ပိုစိတ်ဝင်စားစရာဖြစ်ခဲ့သလို Audi ကုမ္ပဏီအတွက်လည်း ထိရောက်တဲ့ Promotion အစီအစဉ်တစ်ရပ်ဖြစ်ခဲ့ပါတယ်။ ထွက်ပြီးသမျှ Avengers ဇာတ်ကား ၄ ကားမှာ Avengers: Endgame ဟာ အကောင်းဆုံးလို့ ရုပ်ရှင်သုံးသပ်သူတွေက ဆိုပါတယ်။ ဒါဆိုရင် ဒီဇာတ်ကားမှာပါဝင်အသုံးတော်ခံခဲ့တဲ့ Audi E-Tron GT ဟာလည်း အကောင်းဆုံး Iron Man ကားလို့ သုံးသပ်ရင်လက်ခံနိုင်ကြမယ်ထင်ပါတယ်။


၁။ MCU မှာ ဆက်လက်ရှင်သန်နေမည့် Audi R8


အားလုံးသိတဲ့အတိုင်း Avengers: Endgame ဟာ Iron Man ကို ဇာတ်သိမ်းပေးခဲ့ပါတယ်။ ဒါဆိုရင် နောက်ထပ်ထွက်ရှိလာမည့် MCU စူပါဟီးရိုးဇာတ်ကားတွေထဲမှာ တိုနီစတာ့ခ်မပါဝင်တော့သလို လက်စွဲတော် Audi R8 ကားတွေလည်း အဆုံးသတ်သွားပြီလားလို့ မေးစရာရှိနေပါတယ်။ ဇာတ်ညွှန်းဇာတ်အိမ်တည်ဆောက်ပုံအရ တိုနီစတာ့ခ်ဟာ စူပါဟီးရိုးတစ်ဦးဖြစ်သလို အရည်အချင်းရှိတဲ့စီးပွားရေးသမားတစ်ဦးလည်းဖြစ်ပါတယ်။ ဒါကြောင့် သူသေဆုံးသွားပေမဲ့ Stark  စက်မှုကုမ္ပဏီကိုတော့ ကမ္ဘာကြီးအတွက် ဆက်လက်ရှင်သန်စေပါလိမ့်မယ်။ သူလေ့ကျင့်ပျိုးထောင်ခဲ့တဲ့ Spiderman တစ်ဖြစ်လဲ ပီတာပါကားဆိုတဲ့ကောင်လေးကိုလည်း စွမ်းအားမြင့်ဝတ်စုံသစ်နဲ့အတူ Avenger တစ်ဦးအဖြစ် ဆက်လက်ရှင်သန်စေပါလိမ့်မယ်။ ဒီလိုပဲ သူ့ရဲ့ Audi R8 နဲ့ Audi E-tron GT ကားတွေဟာလည်း နောင်ထွက်ရှိလာမဲ့ MCU ဇာတ်ကားသစ်တွေမှာ တခြားစူပါဟီးရိုးတွေနဲ့အတူ အသစ်အသစ်တွေအဖြစ် ဆက်လက်ရှင်သန်သွားပါလိမ့်မယ်။

Ref: 10 Things You Didn't Know About Iron Man's Audi R8 by ERICA GARCIA

Author

Comments