Fast and Furious ဇာတ်ကားတွေထဲက အလန်းဆုံးကား (၁၀) စီး

0

Full article

ဒီဆောင်းပါးမှာဖော်ပြမယ့်ကားတွေကို မမြင်ဖူး၊ မကြားဖူးဘူးဆိုရင်တောင်မှ စာဖတ်သူအနေနဲ့ Fast and Furious ဇာတ်ကားတွေအကြောင်းကိုတော့ ကြားဖူးမှာသေချာပါတယ်။ တရားမဝင်ကားပြိုင်ပွဲတွေအကြောင်း၊ တစ်ယောက်လက်ကနေ တစ်ယောက်ကကြားဖြတ်အလစ်သုတ်တဲ့စွန့်စားခန်းတွေအကြောင်း ရိုက်ကူးထားတဲ့ Fast and Furious ဟာ ၂၀၀၁ ခုနှစ်က စတင်ထွက်ရှိခဲ့ပြီး ၁၈ နှစ်အတောအတွင်း ဇာတ်ကားပေါင်း ၉ ကားအထိထွက်ရှိထားခဲ့ပါတယ်။ လက်ကျန်ဇာတ်ကား ၂ ကားလည်း ထွက်လာဖို့ရှိပါသေးတယ်။ ဒီဇာတ်ကားတွေ နာမည်ကြီးရတဲ့အကြောင်းရင်းက ပြိုင်ကားတွေအများအပြားအသုံးပြုထားပြီး ကားမောင်းခြင်းနဲ့ပတ်သက်တဲ့စတန့်ပြကွက်တွေ ပါဝင်လေ့ရှိတာကြောင့်ပါပဲ။ Fast and Furious ဇာတ်ကားတွေကို တာဝန်ယူရိုက်ကူးခဲ့တဲ့ဒါရိုက်တာ Rob Cohen အနေနဲ့ ရိုက်ကွင်းမှာအဆင်ပြေဖို့အတွက် သရုပ်ဆောင်တော်တော်များများကို လော့စ်အိန်ဂျလိစ်က ကားမောင်းသင်တန်းကို စေလွှတ်ခဲ့ရတယ်လို့လည်း သိရပါတယ်။

Fast and Furious ရုပ်ရှင်ဇာတ်ကားတွေအောင်မြင်ခဲ့သလို ပိတ်ကားပေါ်မှာပါဝင်အသုံးတော်ခံခဲ့တဲ့ ပြိုင်ကားတွေကလည်း ပရိသတ်ရဲ့စိတ်ဝင်စားမှုကို ရယူနိုင်ခဲ့ပါတယ်။ Fast and Furious ဇာတ်ကားတွေနဲ့အတူ ကားဝါသနာရှင်တွေကို ဆွဲဆောင်နိုင်ခဲ့တာက ဘယ်ကားတွေလဲ…? ကိုယ်ထည်ဒီဇိုင်းအရရော၊ အင်ဂျင်ပါဝါအရပါ အလန်းဆုံးဖြစ်ခဲ့တာက ဘယ်ကားတွေလဲဆိုတာ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

(၁) 1970 Dodge Charger

Fast and Furious ဇာတ်ကားတွေထဲမှာ နံပါတ်တစ်အလန်းဆုံးအဖြစ် သတ်မှတ်ခံထားရတဲ့ကားက Lamborghini မဟုတ်သလို Bugatti လည်း မဟုတ်ပါဘူး။ ဂန္ထဝင် Muscle Car တစ်စီးဖြစ်တဲ့ ၁၉၇၀ မော်ဒယ် Dodge Charger ပါပဲ။ ဒီကားကို Fast and Furious ဇာတ်ကားတွေမှာ အဓိကဇာတ်ကောင်ဖြစ်တဲ့ ဒိုမီနစ်တိုရက်တိုက စီးနင်းအသုံးပြုခဲ့တာပါ။ Dodge Charger ရဲ့ဒုတိယမျိုးဆက်ဟာ ၁၉၆၈ ခုနှစ်မှာစတင်ခဲ့ပြီး ၆၉ နဲ့ ၇၀ မော်ဒယ်တွေကြားမှာ ကွာခြားချက်အနည်းအကျဉ်းပဲရှိခဲ့တာပါ။ 1970 Dodge Charger ဟာ အမေရိကန်ကားပြိုင်ပွဲ NASCAR ရဲ့  ၁၉၇၀ ခုနှစ်ပြိုင်ပွဲရာသီမှာ နိုင်ပွဲ ၁၀ ပွဲအထိ ရခဲ့ဖူးတဲ့မှတ်တမ်းရှိထားပါတယ်။

(၂) Nissan R34 Skyline GT-R

ဒုတိယမြောက်ဇာတ်ကားဖြစ်တဲ့ 2 Fast 2 Furious မှာ Nissan R34 Skyline GT-R ပါဝင်အသုံးတော်ခံခဲ့ပါတယ်။ Nissan ရဲ့ စူပါပြိုင်ကားတစ်စီးဖြစ်တဲ့ Silvia S15 လိုပဲ Skyline GT-R ဟာ အင်ဂျင်စွမ်းဆောင်ရည်မြင့်မားပြီး ချောမွေ့လှပတဲ့ကိုယ်ထည်ကို ပိုင်ဆိုင်ထားတာပါ။ ဒါပေမဲ့ မြန်နှုန်းမြင့်လွန်းသလို ကမ္ဘာပေါ်မှာ Drift ဆွဲလို့အကောင်းဆုံးကားတွေဖြစ်နေတာကြောင့် ဒီအမျိုးအစား ၂ စီးစလုံးဟာ အမေရိကမှာ မောင်းနှင်ခွင့်အပိတ်ခံထားရပါတယ်။ Nissan R34 Skyline GT-R ရဲ့ အင်ဂျင်ဟာ မြင်းကောင်ရေ 1000 hp အထိ ထုတ်လုပ်ပေးနိုင်တာကြောင့် မြင်းကောင်ရေ ၂၉၀ ကျော်သာရှိတဲ့ အမေရိကန်ရဲကားတွေ အမီမလိုက်နိုင်တာကလည်း နောက်ထပ်အကြောင်းရင်းတစ်ခုပါပဲ။

(၃) Toyota Supra Turbo MKIV

၁၉၉၃ ခုနှစ်မော်ဒယ် Toyota Supra Turbo MKIV ဟာဆိုရင်လည်း 2 Fast 2 Furious ဇာတ်ကားမှာပါဝင်ပြီး ပရိသတ်အာရုံကိုဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒီကားဟာ Toyota ကားတွေထဲမှာ ပထမဆုံးအကြိမ်အဖြစ် လေအိတ်တွေထည့်သွင်းတပ်ဆင်ပေးခဲ့တဲ့ကားအဖြစ်လည်း မှတ်တမ်းဝင်ထားပါတယ်။ ၉၃ မော်ဒယ် Turbo MKIV ဟာ Supra ကားထုတ်လုပ်မှုရဲ့ စတုတ္ထမြောက်မျိုးဆက်လည်းဖြစ်နေပါတယ်။ တပ်ဆင်ထားတဲ့အင်ဂျင်ကတော့ Toyota ရဲ့ 2JE-GE အင်ဂျင်အမျိုးအစားဖြစ်ပါတယ်။

(၄) Mitsubishi Eclipse

ပထမဆုံးဇာတ်ကားဖြစ်တဲ့ The Fast and The Furious မှာ ပါဝင်ခဲ့တဲ့ Mitsubishi Eclipse ဟာ ၁၉၉၅ မော်ဒယ်ပြိုင်ကားတစ်စီးဖြစ်ပါတယ်။ သက်တမ်းအားဖြင့် ကြာမြင့်နေပြီဖြစ်ပေမယ့် တပ်ဆင်ထားတဲ့ ၂.၀ လီတာ ဆလင်ဒါ ၄ လုံးအင်ဂျင်က မြင်းကောင်ရေ 210 hp ထုတ်လုပ်ပေးနိုင်သလို ဆီတစ်ဂါလံကို ၃၂ မိုင်နှုန်းအထိမောင်းနှင်နိုင်တာကြောင့်လည်း အားသာချက်တွေရှိထားတဲ့ကားတစ်စီးဖြစ်ပါတယ်။ Mitsubishi ကုမ္ပဏီအနေနဲ့ လက်ရှိအချိန်မှာ Eclipse ပြိုင်ကားတွေမထုတ်လုပ်တော့ပေမယ့် ဖောက်သည်တွေရဲ့တောင်းဆိုမှုကြောင့် ၂၀၁၉ မော်ဒယ် Eclipse Cross ဆိုတဲ့ SUV အမျိုးအစားကိုတော့ အလွမ်းပြေထုတ်လုပ်ခဲ့ပါသေးတယ်။

(၅) Mazda RX-7

ချစ်စရာကောင်းပြီး လှပကျော့ရှင်းတဲ့ ၁၉၉၃ မော်ဒယ် Mazda RX-7 ကားလေးကို ပထမဆုံးပွဲဦးထွက်ဇာတ်ကား The Fast and The Furious မှာ ဒိုမီနစ်တိုရက်တို က စီးနင်းခဲ့ပါတယ်။ Mazda ကုမ္ပဏီဟာ RX-7 ကားတွေကို ၁၉၇၈ ကနေ ၂၀၀၂ ခုနှစ်အထိ မျိုးဆက် ၃ ဆက်တိုင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ လူ ၂ ယောက်သာစီးနိုင်တဲ့ Mazda RX-7 ရဲ့ ကားရှေ့ဦးပိုင်းမှာ ၁.၃ လီတာ R2 အင်ဂျင်တပ်ဆင်ထားပြီး မြင်းကောင်ရေ 255 hp အထိ ထုတ်လုပ်ပေးနိုင်စွမ်းရှိပါတယ်။ ဂါလံ ၂၀ ဆံ့တဲ့ဆီတိုင်ကီ၊ ဆီတစ်ဂါလံကို ၂၄ မိုင်နှုန်းမောင်းနှင်နိုင်တဲ့ Mazda RX-7 ဟာ ၂၀ ရာစုနှစ်ရဲ့ အကောင်းဆုံးအင်ဂျင်နီယာလက်ရာတစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။

(၆) Acura NSX

Honda ကုမ္ပဏီဟာ မြောက်အမေရိကဈေးကွက်မှာ Acura ဆိုတဲ့နာမည်နဲ့ Luxury ပြိုင်ကားအမျိုးအစားကို ဈေးကွက်တင်ဖြန့်ချိခဲ့ပါတယ်။ ၂၀၀၃ မော်ဒယ် Acura NSX ပြိုင်ကားလေးကို ၂၀၀၉ ခုနှစ်မှာ ထွက်ရှိတဲ့ Fast and Furious နဲ့ ၂၀၁၁ ခုနှစ်က Fast Five ဇာတ်ကားတွေမှာ ဒိုမီနစ်တိုရက်တိုရဲ့ညီမ မီယာတိုရက်တိုက စီးနင်းအသုံးပြုခဲ့တာပါ။ Acura NSX ရဲ့ ၃.၀ လီတာ V6 အင်ဂျင်ဟာ မြင်းကောင်ရေ 252 hp ကနေ 290 hp အထိ ထုတ်လုပ်ပေးနိုင်ပါတယ်။

(၇) W Motors Lykan Hypersport

လူကြိုက်များခဲ့တဲ့ Furious 7 ဇာတ်ကားမှာ ဒူဘိုင်းမျှော်စင်အဆောက်အဦးပေါ်က ပြုတ်ကျပျက်စီးသွားခဲ့တဲ့ စူပါပြိုင်ကားတစ်စီးကို မှတ်မိကြဦးမယ်ထင်ပါတယ်။ အဲဒီကားဟာ ဒူဘိုင်းအခြေစိုက် လက်ဘနွန်ကားကုမ္ပဏီ W Motors ကနေ ထုတ်လုပ်တဲ့ ဒေါ်လာ ၃ ဒသမ ၄ သန်းတန် Lykan Hypersport ပြိုင်ကားပဲဖြစ်ပါတယ်။ အသုံးပြုတပ်ဆင်ထားတဲ့ ၃.၇ လီတာ တာဘိုနှစ်လုံးတွဲအင်ဂျင်ဟာ မြင်းကောင်ရေ 780 hp အထိ ထုတ်လုပ်ပေးနိုင်ပြီး အာရပ်ဒေသရဲ့ ရတနာတစ်ပါးအဖြစ်တောင် သတ်မှတ်ခံထားရတဲ့ကားတစ်စီးပါ။

(၈) Nissan Silvia S15 Spec-R

The Fast and The Furious ၊ Tokyo Drift ဇာတ်ကားတွေမှာ ပါဝင်အသုံးတော်ခံခဲ့တဲ့ Nissan Silvia S15 Spec-R ဟာ ဂျပန်လုပ် Mustang တစ်စီးအဖြစ်တောင် တင်စားခံရပြီး အမေရိကမှာ မောင်းနှင်ခွင့်အပိတ်ခံထားရတဲ့ပြိုင်ကားလည်းဖြစ်ပါတယ်။ အမေရိကရဲ့လမ်းမတွေပေါ်မှာ ဘေးကင်းလုံခြုံမှုကို ထိခိုက်နိုင်သလို ကာဘွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုစံနှုန်းနဲ့လည်း မကိုက်ညီတာကြောင့် ပိတ်ပင်ခြင်းဖြစ်တယ်လို့ အမေရိကန်အစိုးရက ကြေညာထားပါတယ်။ ဒါပေမဲ့ ဒီကားရဲ့ Drift ဆွဲနိုင်တဲ့စွမ်းရည်မြင့်မားလွန်းတာကလည်း ကားဝါသနာရှင်တွေကြားမှာ မပြောဘဲသိကြတဲ့ အကြောင်းရင်းတစ်ခုဖြစ်နေပါတယ်။

(၉) Koenigsegg CCXR

ဆွီဒင်ပြိုင်ကားကုမ္ပဏီ Koenigsegg ကနေ ထုတ်လုပ်လိုက်တဲ့ Koenigsegg CCXR ဟာ အင်ဂျင်ပါဝါမြင့်မားလှသလို ကိုယ်ထည်ဒီဇိုင်းကလည်း လှပလွန်းတာကြောင့် Fast Five ဇာတ်ကားမှာ ပထမဆုံးအကြိမ် ပါဝင်အသုံးတော်ခံခွင့်ရခဲ့ပါတယ်။ ပိုပြီးထူးခြားတာက ဒီကားမျိုးဟာ အကန့်အသတ်နဲ့ထုတ်လုပ်ထားခြင်းဖြစ်ပြီး ကမ္ဘာပေါ်မှာ ၄ စီးသာရှိထားတယ်လို့လည်း သိရပါတယ်။ အသုံးပြုထားတဲ့အင်ဂျင်ကတော့ ၄.၇ နဲ့ ၄.၈ လီတာပူးတွဲ V8 အင်ဂျင်ဖြစ်ပြီး မြင်းကောင်ရေ 1004 hp ထုတ်လုပ်နိုင်တယ်လို့ ဆိုပါတယ်။

(၁၀) Mitsubishi Lancer Evolution VII

ဒုတိယမြောက်ဇာတ်ကားဖြစ်တဲ့ 2 Fast 2 Furious ဇာတ်ကားမှာ ဘရိုင်ယန်အိုကော်နာအဖြစ် သရုပ်ဆောင်တဲ့ ကွယ်လွန်သူမင်းသားကြီး Paul Walker စီးနင်းခဲ့တဲ့ Mitsubishi Lancer ဟာ ၂၀၀၂ ခုနှစ်ထုတ် ပြိုင်ကားတစ်စီးဖြစ်ပြီး ၂.၀ လီတာ ဆလင်ဒါ ၄ လုံးအင်ဂျင်ကို အသုံးပြုထားပါတယ်။ ထူးခြားတာက ဒီကားကို အော်တိုဂီယာနဲ့ထုတ်လုပ်သလို မန်နျူရယ်ဂီယာနဲ့လည်း ထုတ်လုပ်ထားတဲ့အချက်ပါပဲ။ Mitsubishi Lancer Evolution VII ဟာ Luxury ပြိုင်ကားအမျိုးအစားဖြစ်ပြီး အင်ဂျင်ပါဝါက မြင်းကောင်ရေ 120 hp ထုတ်လုပ်ပေးနိုင်ပါတယ်။ ဆီတစ်ဂါလံကို ၃၃ မိုင်အထိမောင်းနှင်နိုင်တာကလည်း ကျေနပ်စရာအချက်တစ်ချက်လို့ ဆိုရမှာပါ။

Ref : 10 Dream Cars From Fast And The Furious Movies by BIPASHA BHATIA

Author