ပြိုင်ကားမောင်းသမားဖြစ်ခဲ့တဲ့ နာမည်ကျော်ရုပ်ရှင်သရုပ်ဆောင်များ

0

Full article

ပုံမှန်အားဖြင့် လူသားတွေမှာ တစ်ခုထက်ပိုတဲ့ဝါသနာတွေကိုယ်စီ ပိုင်ဆိုင်ထားကြပါတယ်။ အသက်မွေးဝမ်းကျောင်းတစ်စုံတရာကို အဓိကထားလုပ်ဆောင်နေကြပေမဲ့ တစ်ဖက်မှာလည်း ဝါသနာအလိုက် စိတ်အားထက်သန်ရာကို လေ့လာလိုက်စားကြသူတွေအများအပြားပါ။ ဘဝမှာ အသက်မွေးဝမ်းကျောင်းအလုပ်နဲ့ ဝါသနာအလုပ် နှစ်မျိုးစလုံးကိုတွဲဖက်ပြီးလုပ်ဆောင်နိုင်ကြသူတွေကိုတော့ ကံကောင်းသူတွေလို့ဆိုရင် မှားမယ်မထင်ပါဘူး။ အဲဒီကံကောင်းသူတွေထဲမှာ ဟောလိဝုဒ်ကြယ်ပွင့်တွေနဲ့ နာမည်ကြီးရုပ်ရှင်သရုပ်ဆောင်တွေပါဝင်နေတာကိုလည်း တွေ့ရပါတယ်။ ရုပ်ရှင်ကြယ်ပွင့်တွေဟာ ဝင်ငွေတနင့်တပိုးရရှိသူတွေပီပီ အကောင်းစားပြိုင်ကားတွေကို နှစ်သက်တတ်ကြပြီး တချို့ဆိုရင် ကားမောင်းပြိုင်ပွဲတွေမှာပါ ဝင်ရောက်ယှဉ်ပြိုင်လေ့ရှိကြတာကို တွေ့ရပါတယ်။ တချို့ကတော့ ရုပ်ရှင်နယ်ပယ်မှာ နာမည်မကြီးခင်ကတည်းက ကားပြိုင်ပွဲလမ်းကြောင်းတွေနဲ့ ရင်းနှီးခဲ့ပြီးသားဖြစ်ပါတယ်။ ကဲ .. မျက်နာနှစ်ဖက်နဲ့ ရှင်သန်ခဲ့ကြသူတွေ၊ လက်ရှိအချိန်အထိလည်း ရှင်သန်နေဆဲ ရုပ်ရှင်ကြယ်ပွင့် ၈ ဦးနှင့် ကြွေလွင့်သွားသော ကြယ်ပွင့် ၂ ဦးအကြောင်းကို လေ့လာကြည့်လိုက်ကြရအောင်...

၁။ Patrick Dempsey

Grey’s Anatomy ဆိုတဲ့ရုပ်သံဇာတ်လမ်းတွဲကို လူကြိုက်များအောင်မြင်စေခဲ့တဲ့ မင်းသားကြီး Patrick Dempsey ဟာ ပြိုင်ပွဲပေါင်းအလီလီနွှဲပြီး အောင်ပွဲခံခဲ့တဲ့ဝါရင့်ပြိုင်ကားမောင်းသမားတစ်ဦးအဖြစ် လူသိများပါတယ်။ အထူးသဖြင့် ၂၀၁၅ ခုနှစ်က ကျင်းပခဲ့တဲ့ Le Mans ၂၄ နာရီကားမောင်းပြိုင်ပွဲမှာ ဒုတိယချိတ်ခဲ့တဲ့ Dempsey ဟာ ကိုယ်ပိုင်ကားမောင်းအသင်းဖြစ်တဲ့ Dempsey-Proton ပြိုင်ကားမောင်းအသင်းကိုတည်ထောင်ထားပြီး နာမည်ကြီးပြိုင်ကားမောင်းပြိုင်ပွဲတွေဖြစ်တဲ့ Rolex Sports Car Series နဲ့ Porsche Supercup Series တွေမှာ ပါဝင်ယှဉ်ပြိုင်ခဲ့သူဖြစ်ကာ ရုပ်ရှင်အနုပညာနယ်ပယ်နဲ့ ပြိုင်ကားမောင်းအားကစားနယ်ပယ် နှစ်ခုစလုံးမှာ အောင်မြင်မှုတွေ ဟန်ချက်ညီညီရယူနိုင်ခဲ့သူဖြစ်ပါတယ်။

၂။ James Dean

မော်ဒန်ရုပ်ရှင်ခေတ်ဦးပိုင်းမှာ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ မင်းသား James Dean ဟာဆိုရင်လည်း ကားမောင်းပြိုင်ပွဲတွေမှာ အောင်မြင်သူတစ်ဦးဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် ၁၉၅၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ A Rebel without a cause ဇာတ်ကားမှာ အကောင်းဆုံးသရုပ်‌ဆောင်နိုင်ခဲ့တဲ့ James Dean ဟာ အဲဒီနှစ်မှာပဲ ပြိုင်ပွဲဝင်ရင်း ကားမတော်တဆမှုဖြစ်ပွားပြီး သေဆုံးခဲ့ပါတယ်။ ရင်းနှီးတဲ့မိတ်ဆွေတွေက ကားမောင်းသမားဘ၀ကိုစွန့်လွှတ်ပြီး ရုပ်ရှင်သရုပ်ဆောင်အလုပ်ကိုပဲ အာရုံစိုက်ဖို့တိုက်တွန်းခဲ့ပေမဲ့ James Dean က‌တော့ လက်မခံခဲ့ပါဘူး။ အထူးသဖြင့် Warner Brothers ရုပ်ရှင်ကုမ္ပဏီကဆိုရင် သူတို့နဲ့ဇာတ်ကားရိုက်နေချိန်မှာ ကားမောင်းပြိုင်ပွဲမဝင်ရဘူးလို့ တားမြစ်ထားရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ကယ်လီဖိုးနီယားမှာကျင်းပတဲ့ကားမောင်းပြိုင်ပွဲတစ်ခုမှာ James Dean မောင်းနှင်လာတဲ့ Porsche 550 Spyder ပြိုင်ကားဟာ Ford ပြိုင်ကားတစ်စီးနဲ့ဝင်တိုက်မိပြီး တိမ်းမှောက်သွားခဲ့ပါတယ်။ ကားပြိုင်ပွဲတွေကိုချစ်မြတ်နိုးတဲ့ James Dean ဟာ ငယ်ရွယ်စဉ်မှာကွယ်လွန်သွားတဲ့အတွက် ရုပ်ရှင်လောကတစ်ခုလုံးလည်း ဝမ်းနည်းကြေကွဲခဲ့ရပါတယ်။

၃။ Paul Newman

နောက်ဖော်ပြမယ့်ရုပ်ရှင်သရုပ်ဆောင်တစ်ဖြစ်လဲ ပြိုင်ကားမောင်းသမားတစ်ဦးကတော့ မိမိရောက်ရှိနေတဲ့အသက်အရွယ်အတိုင်း နံပါတ်စဉ်ယူပြီး ယှဉ်ပြိုင်လေ့ရှိတဲ့ Paul Newman ပဲဖြစ်ပါတယ်။ ကားပြိုင်ပွဲအပေါ် Paul Newman စိတ်ဝင်စားခဲ့ပုံကလည်း နည်းနည်းထူးဆန်းပါတယ်။ ဘာကြောင့်လဲဆိုတော့ Winning ဆိုတဲ့ရုပ်ရှင်ဇာတ်ကားမှာ ပြိုင်ကားမောင်းသမားအဖြစ်သရုပ်ဆောင်ခဲ့ချိန်ကစပြီး ပြိုင်ကား‌မောင်းဖို့ တကယ်စိတ်အားထက်သန်သွားခဲ့လို့ပဲဖြစ်ပါတယ်။ Paul Newman ဟာ Newman Haas Lanigan Racing ဆိုတဲ့ပြိုင်ကားမောင်းအသင်းကိုတည်ထောင်ခဲ့သလို အသက် ၇၀ ရောက်တဲ့အထိ ပြိုင်ပွဲဝင်နံပါတ်အမျိုးမျိုးပြောင်းလဲပြီး ပါဝင်ယှဉ်ပြိုင်ခဲ့သူဖြစ်ပါတယ်။

၄။ Tim Allen

Home Improvement နဲ့ Last Man Standing ဆိုတဲ့ဇာတ်ကားတွေမှာ လူသိများအောင်မြင်ခဲ့တဲ့ ဟာသသရုပ်ဆောင် Tim Allen ဟာလည်း ကားမောင်းပြိုင်ပွဲတချို့မှာ တွေ့မြင်ခဲ့ရတဲ့ ကားမောင်းသမားတစ်ဦးဖြစ်ပါတယ်။ သူဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေက ကျင်းပခဲ့တဲ့ပြိုင်ပွဲတချို့မှာ ရှားပါးပြီးတန်ဖိုးကြီးတဲ့ Ford Saleen Mustang အမျိုးအစားကားတစ်စီးနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့တာကိုတွေ့ရပြီး ထူးခြားတဲ့အောင်မြင်မှုမှတ်တမ်းတော့ မရှိခဲ့ပါဘူး။ ၁၉၉၇ ခုနှစ်က ကျင်းပခဲ့တဲ့ Daytona ၂၄ နာရီကားမောင်းပြိုင်ပွဲမှာ ကားအစီးရေ ၈၀ ယှဉ်ပြိုင်ခဲ့တဲ့အနက် Tim Allen ရဲ့ကားဟာ အဆင့် ၅၈ နေရာကနေ ပန်းဝင်ခဲ့တယ်လို့သိရပါတယ်။

၅။ Steve McQueen

ပြိုင်ကားမောင်းတဲ့ရုပ်ရှင်သရုပ်ဆောင်ဖြစ်သလို ရုပ်ရှင်သရုပ်ဆောင်လည်းလုပ်တဲ့ ပြိုင်ကားမောင်းသမားတွေထဲမှာ မင်းသားကြီး Steve McQueen လည်း အပါအဝင်ဖြစ်ပါတယ်။ သူစိတ်ကြိုက်အသုံးပြုတဲ့ကားကတော Bullitt Mustang အမျိုးအစားတွေဖြစ်ပြီး မြန်နှုန်းမြင့်မောင်းနှင်ရတဲ့ခံစားမှုကို နှစ်သက်သူဖြစ်ပါတယ်။ ဒါကြောင့်လည်း McQueen ဟာ ကားပြိုင်ပွဲတွေကို ဝါသနာအလျောက် ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ဒါအပြင် Steve McQueen ဟာ ၁၉၆၄ ခုနှစ်က ကျင်းပတဲ့ International Motorcycle Enduro ပြိုင်ပွဲကိုလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ပါသေးတယ်။ ဒီပြိုင်ပွဲဟာ ၆ ရက်ကြာ ယှဉ်ပြိုင်ရတဲ့ခရီးရှည်ပြိုင်ပွဲဖြစ်တာကြောင့် McQueen ရဲ့ဝါသနာကြီးပုံကတော့ ချီးကျူးစရာပဲဖြစ်ပါတယ်။

၆။ Paul Walker

Fast and Furious ဇာတ်ကားတွေနဲ့အတူ အောင်မြင်ခဲ့တဲ့မင်းသား Paul Walker ကို အထူးမိတ်ဆက်ပေးစရာလိုမယ်မထင်သလို သူဟာ တကယ့်ပြိုင်ကားဝါသနာရှင်တစ်ဦးဆိုတာကိုလည်း တော်တော်များများသိကြမယ်ထင်ပါတယ်။ Paul Walker ရဲ့ ကားဂိုထောင်ထဲမှာ Toyota Supra ၊ Toyota Celica ၊ Nissan GT-R စတဲ့ပြိုင်ကားတွေ၊ Porsche ၊ Audi နဲ့ BMW တို့လို တန်ဖိုးကြီးကားတွေအပါအဝင် ကားအစီးရေ ၃၀ အထိရှိတယ်လို့ သူနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကတစ်ဆင့် သိရပါတယ်။ ဒါပေမဲ့ Paul Walker ဟာ ကားစုဆောင်းရုံသက်သက်တော့မဟုတ်ပါဘူး။ Redline Time Attack နဲ့ Pirelli World Challenge ကားပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်လေ့ရှိသူဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ Paul Walker ဟာ ကားမတော်တဆမှုနဲ့ပဲ ကွယ်လွန်သွားခဲ့ပါတယ်။

၇။ Matt LeBlanc

မော်တော်ကားတွေအကြောင်း လက်တွေ့ကျတဲ့သုံးသပ်ချက်တွေတင်ဆက်ပေးနေတဲ့ Top Gear ရုပ်သံအစီအစဉ်မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့မင်းသားကြီး Matt LeBlanc ကိုလည်း တကယ့်ပြိုင်ကားမောင်းသမားတစ်ဦးအဖြစ် သတ်မှတ်ရမှာပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရုပ်သံအစီအစဉ်ဖြစ်ပေမဲ့ တကယ့်ပြိုင်ကွင်းပတ်လမ်းကြောင်းတွေမှာ ကိုယ်တိုင်မောင်းနှင်လေ့ရှိပြီး အမြန်ဆုံးစံချိန်ကိုတောင် ရယူဖူးတဲ့ LeBlanc ဟာ တကယ့်ဝါရင့်ကားမောင်းသမားဖြစ်နေလို့ပါပဲ။ သူဟာ ခရီးရှည်ထွက်ဖို့နဲ့ အချိန်မ‌ပေးနိုင်မှုကိုအကြောင်းပြပြီး ၂၀၁၉ ခုနှစ်မှာ Top Gear အစီအစဉ်ကနေ နုတ်ထွက်ခဲ့ပြီလို့ သိရပါတယ်။

၈။ Gene Hackman

၁၉၇၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ The French Connection ဆိုတဲ့ဇာတ်ကားမှာ သရုပ်ဆောင်ဖို့အတွက် မင်းသားကြီး Gene Hackman ဟာ ပြိုင်ကားမောင်းသင်ခဲ့ရပါတယ်။ Hackman ကို ကားမောင်းသင်ပေးတဲ့ နည်းပြဆရာ Bob Bondurant ကိုယ်တိုင်ကလည်း သူသင်ကြားပေးခဲ့တဲ့ Celebrity တွေထဲမှာ Hackman ဟာ ပါရမီအကောင်းဆုံးလို့ ချီးကျူးခဲ့ရတဲ့အထိပါပဲ။ နည်းပြဆရာ Bob ပြောတဲ့စကားက အမှန်ပါပဲ။ ဘာကြောင့်လဲဆိုတော့ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ ကျင်းပခဲ့တဲ့ Formula Ford နဲ့ ၁၉၈၃ ခုနှစ်တွေမှာ ပြုလုပ်တဲ့ Daytona ပြိုင်ပွဲတွေမှာ Hackman ရဲ့ ကားမောင်းစွမ်းရည်တွေကို တွေ့မြင်ခဲ့ရလို့ပဲဖြစ်ပါတယ်။

၉။ Rowan Atkinson

Mr.Bean လို့ လူသိများတဲ့ ဗြိတိန်ဟာသသရုပ်ဆောင် Rowan Atkinson ဟာလည်း ကားဝါသနာရှင်ဖြစ်သလို ပြိုင်ကားမောင်းသမားတစ်ဦးဖြစ်လို့နေပြန်ပါတယ်။ ပရိသတ်တွေကတော့ Mr.Bean ဇာတ်လမ်းတွဲတွေမှာကတည်းက Mini 1000 Mark 4 ကားလေးနဲ့အတူပြသခဲ့တဲ့ Atkinson ရဲ့ကားမောင်းစွမ်းရည်တွေကို တွေ့မြင်ခဲ့ဖူးကြမှာဖြစ်သလို နောက်ပိုင်းရိုက်ကူးတဲ့ Johnny English ဇာတ်ကားတွေမှာဆိုရင်လည်း Aston Martin ကားတစ်စီးနဲ့အတူ Atkinson ရဲ့စွန်းစားခန်းတွေ ပါဝင်ခဲ့ပါသေးတယ်။ ပြင်ပဘဝမှာတော့ Atkinson ဟာ Renault Turbo 5 အပါအဝင် မြန်နှုန်းမြင့်ပြိုင်ကားတွေကိုမောင်းပြီးပြိုင်ပွဲဝင်လေ့ရှိသလို တစ်ကြိမ်ကဆိုရင် မတော်တဆမှုတောင် ဖြစ်ခဲ့ဖူးတယ်လို့သိရပါတယ်။

၁၀။ Eric Bana

ဩစတေးလျနိုင်ငံသားတစ်ဦးပီပီ ကားပြိုင်ပွဲပတ်လမ်းကြောင်းတွေကို ချစ်တဲ့စိတ်က မင်းသား Eric Bana ရဲ့ သွေးသားထဲမှာ ပါဝင်လာခဲ့ပြီးသားပါ။ ၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ Hulk ဇာတ်ကားနဲ့ ပရိသတ်တွေပိုပြီးလက်ခံအားပေးလာခဲ့တဲ့ Eric Bana ဟာ Porsche Up ကားမောင်းပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးတယ်လို့သိရပါတယ်။ သူအဓိကမောင်းနှင်လေ့ရှိတဲ့ကားက ၁၉၇၄ ခုနှစ်ထုတ် Ford XB Falcon အမျိုးအစားဖြစ်ပြီး ကားပြိုင်ကွင်းတွေထဲမှာ မကြာခဏတွေ့မြင်ရလေ့ရှိပါတယ်။

Ref; 10 Actors Who Are Also Race Car Drivers by ARUN SINGH PUNDIR

ကိုဆွဲ(မုံရွာ)

Author