Xiaomi Redmi Car, Bestune T77 2019 Review

0

Full article

နာမည်ကျော် smartphone ကုမ္ပဏီဖြစ်တဲ့ Xiaomi နဲ့ တရုတ်မော်တော်ကားထုတ်လုပ်ရေး FAW group တို့ပူးပေါင်းထုတ်လုပ်လိုက်တဲ့ကားပါ။ Xiaomi Redimi ကား ဒါမှမဟုတ် Bestune T77 လို့နာမည်ပေးထားပြီး compact SUV အမျိုးအစားဖြစ်ပါတယ်။ အခုသုံးသပ်ပေးမယ့်ကားမှာတော့ trim ကွာခြားချက်ကြောင့် Xiaomi ရဲ့ Holographic Intelligent Control မပါဝင်တဲ့အတွက် Bestune T77 အမည်နဲ့သာ ပိုပြီးလိုက်ဖက်မှာပါ။

ဈေးနှုန်း : 45,000,000 ကျပ်


အားသာချက်

  • 7-speed automatic dual-clutch transmission
  • Digital driver display နဲ့ infotainment
  • ကားရဲ့ ရှေ့/နောက် မီးလုံးတွေရဲ့ဒီဇိုင်း

အားနည်းချက်

  • လက်ရှိကားတွင် Holographic Intelligent Control မပါဝင်မှု
  • A နဲ့ D pillars တွေကြီးမားတဲ့အပြင် blind spot detection system စနစ်လည်းမပါဝင်ခြင်း
  • ထိုင်ခုံ၊ နောက်ဖုံး electric motor စနစ်မပါဝင်ခြင်း

သုံးသပ်ချက်

အပြင်ပိုင်းပုံစံကို ခပ်တိုတိုဖေါ်ပြရမယ်ဆိုရင် နာမည်ကျော် Jaguar ၊ BMW ၊ Range Rover တို့ရဲ့ ဒီဇိုင်းတွေကို ပေါင်းစပ်ထားတဲ့ပုံစံလို့ ပြောလို့ရတယ်။ ရှေ့ grille က ကြီးမားတယ်။ နည်းနည်းထူးခြားတာက ရှေ့မီးတွေရဲ့ဒီဇိုင်းပါ။ ရုတ်တရက်ကြည့်မယ်ဆိုရင် projector lamp လေးလုံးတွဲ နှစ်စုံ၊ စုစုပေါင်း ရှစ်လုံးတောင်မှ ပါတဲ့ပုံစံမျိုး။ ဒါပေမဲ့ တကယ်တမ်းက အပေါ်နှစ်လုံးတွဲစီသာပါတဲ့အတွက် စုစုပေါင်း လေးလုံးပဲပါတယ်။ ဘာပဲဖြစ်ဖြစ် projector lamp နှစ်လုံးစီကို ထောင့်ချိုးပတ်ထားတဲ့ DRL (Daytime Running Lamp) စတိုင် LED မီးနှစ်တန်းနဲ့ဆိုတော့ ထူးခြားတယ်လို့ပြောနိုင်ပါတယ်။ အချက်ပြမီးတွေကတော့ ရိုးရိုး halogen တွေနဲ့ပါ။

19-inch အလွိုင်းခွေတွေနဲ့ဖြစ်ပြီး ground clearance က 9-inch လောက်အထိမြင့်တဲ့အတွက် compact SUV တစ်စီးအတွက် မဆိုးလှပါဘူး။ နံဘေးကိုယ်ထည်အောက်မှာ အရောင်ကွဲ (အနက်ရောင်) ပလတ်စတစ်သားကာဗာနဲ့မို့လို့ ကတ္တရာစေးကပ်တာတွေဘာတွေကို အကာအကွယ်ပေးနိုင်တယ်။

နောက်မီးတွေမှာလည်း LED တွေသုံးထားတာတွေ့ရပြီး စတိုင်လည်းကျပါတယ်။ ဒါပေမဲ့ နောက် halogen အချက်ပြမီးက ကားရဲ့အောက်ပိုင်းကိုတော်တော်ကျနေတဲ့အပြင်ကိုမှ သေးလည်းသေးပါသေးတယ်။

“Exterior ဒီဇိုင်းက အနောက်တိုင်း နာမည်ကျော် အမှတ်တံဆိပ်တော်တော်များရဲ့ စတိုင်တွေကို ပေါင်းစပ်ထားတဲ့ပုံစံဖြစ်တဲ့အတွက်ရယ်၊ သူ့ရဲ့အရောင်ကြောင့်ရယ်ကြောင့် ကြည့်လိုက်တာနဲ့ ထင်ရှားတဲ့ ဒီဇိုင်းမျိုးကိုပိုင်ဆိုင်ထားတယ်။ ကိုယ်ထည်ရဲ့တချို့နေရာတွေမှာ သံ/သတ္တုကိုလျော့ချထားပုံရပြီး ဥပမာပေးရရင် ဆီတိုင်ကီအဖုံးလိုမျိုးနေရာတွေမှာ ဖိုင်ဘာသားကိုအသုံးပြုထားတာပါ။ ဒီအချက်က အဖွင့်အပိတ်များတဲ့အချိန်မျိုးမှာ ဒါမှမဟုတ် တစ်ခုခုနဲ့ထိခိုက်မိတဲ့အချိန်မျိုးမှာ ပိန်ချိုင့်တာထက်စာရင် ကွဲ သွားနိုင်ဖို့ပိုများပါတယ်။”

အတွင်းခန်း

အတွင်းခန်းကလည်း သိပ်မဆိုးလှပါဘူး။ စီးနင်းမယ့်သူ ထိတွေ့မှုများနိုင်မယ့် နေရာတိုင်းလိုလိုမှာ soft touch ဖြစ်အောင် artificial leather ဒါမှမဟုတ် plastic အကောင်းစားကိုအသုံးပြုထားတယ်။ ထိုင်ခုံတွေကလည်း artificial leather နဲ့ပါပဲ။ နံဘေးအစပ်တွေမှာ အပေါက်ငယ်ကလေးတွေပါပေမဲ့ ထိုင်ခုံ အပူ/အအေးစနစ်တော့မရပါဘူး။ ပုံစံကတော့ မိုက်တယ်။ Sporty ဆန်ပြီး gaming chair တွေနဲ့ပိုတူတယ်လို့ ပြောလို့ရတယ်။ သိပ်သဘောမကျမိတာကတော့ တံခါးအောက်ပိုင်းတွေမှာ ခပ်ကြမ်းကြမ်း plastic တွေအသုံးပြုထားပြီး headroom က နည်းနည်းနိမ့်တယ်ခံစားရတာပါ။ နောက်တစ်ချက်၊ အခု trim မှာက ထိုင်ခုံတွေအားလုံးဟာ electric motor adjustment တပ်ဆင်ထားခြင်းလည်းမရှိပါဘူး။

Steering က D ပုံစံ artificial leather အုပ်ထားတယ်။ Mounted controls တွေပါသလို အသုံးပြုထားတဲ့ သတ္တုသားရဲ့ အရည်အသွေးကလည်းကောင်းတယ်။ Paddle shifters တော့ မပါဝင်ပါဘူး။

Air conditioning က digital ဖြစ်ပေမဲ့ dual zone မရဘူး။ ဒါပေမဲ့ ရှေ့/နောက် ရတယ်။

“ထူးခြားတာက driver display နဲ့ infotainment ပါ။ 11-inch ဝန်းကျင်ရှိတဲ့ digital displays တွေနဲ့ဖြစ်ပါတယ်။​ Driver display က touch မရဘူး။ Infotainment ကတော့ touchscreen ပါ။ Mercedes-Benz တွေရဲ့ driver display+infotainment စတိုင်မျိုး၊ အတွဲလိုက်ဖြစ်ပါတယ်။ Driver display ရဲ့ UI ကတော့ သိပ်သဘောကျဖို့မကောင်းဘူး။ စစခြင်းကြည့်မယ်ဆိုရင် ရှုပ်ထွေးနေမှာဖြစ်ပေမဲ့ theme သုံးမျိုးတော့ပြောင်းလို့ရတာတွေ့ရတယ်။ Infotainment ရဲ့ UI ကတော့မဆိုးဘူး။ တုံ့ပြန်မှုတွေဘာတွေက ကောင်းတယ်။ ဒါပေမဲ့ နောက်ကင်မရာမြင်ကွင်းကို ပြသတာကတော့ ရုပ်ထွက်သိပ်မကောင်းလှဘူး။ Apple CarPlay တို့ Android Auto တို့လည်းသုံးလို့မရဘူး။ Navigation လည်းသုံးလို့မရဘူး။ ဒါပေမဲ့ function တော်တော်များများကို ထိန်းချုပ်လုပ်ဆောင်နိုင်သလို bluetooth နဲ့ဖုန်း ချိတ်ဆက်ရာမှာလည်း ကောင်းမွန်မှုရှိတာတွေ့ရတယ်။ Audio ပိုင်းလည်း အကောင်းဆုံးမဟုတ်ပေမဲ့ တော်တော်လေးကောင်းတဲ့ အနေအထားမှာရှိတယ်။ Xiaomi ရဲ့ Holographic Intelligent Control နည်းပညာမပါတာကတော့ တော်တော်လေးကို စိတ်မကျေမနပ်ဖြစ်စရာပါ။ တစ်ခုရှိတာက Infotainment ရဲ့ နည်းစနစ်အားလုံးကို အသုံးပြုဖို့အတွက် Bestune account လိုအပ်ပါတယ်။ အဲဒီ account ကို register လုပ်ဖို့အတွက်ကတော့ တရုတ်နိင်ငံသားတစ်ဦးလိုအပ်တယ်လို့ဆိုတယ်။ Bestune account နဲ့ဆိုရင်တော့ SIM card ထည့်သွင်းနိုင်တဲ့စနစ်ပါဝင်တာရ​ယ်၊ Wi-Fi စနစ်ပါဝင်တာရယ်ကြောင့် တော်တော်လေးအဆင်ပြေသွားနိုင်ပါတယ်။”

ကျန်တဲ့အချက်တွေကတော့ center console box အကျယ်အဝန်းမဆိုးဘူး။ Gear knob ရဲ့ရှေ့မှာ ဖုန်းထားစရာနေရာက အလော်တော်ပဲ။ Wireless charging စနစ်မရပေမဲ့ USB တစ်ပေါက်၊ 12V socket တစ်ပေါက်ပါတယ်။ အဲဒီဝန်းကျင်မှာအသုံးပြုထားတဲ့ plastic အသားကတော့ လက်အဆီပြန်တတ်တဲ့သူတွေအတွက် သိပ်မကောင်းလှဘူး။ လက်ကအဆီတွေ စွဲထင်ကျန်နေတာမျိုးဖြစ်နေတာတွေ့ရတယ်။

လက်တွေ့ဆိုရင်

ရှေ့ထိုင်ခုံတွေဟာ headroom အတွက် နိမ့်တယ်ဆိုနိုင်ပေမဲ့ နောက်ခုံတန်းကတော့ headroom က OK ပါတယ်။ Legroom လည်း OK တယ်။ နောက်ခုံတွေအတွက် လေပေါက်ပါဝင်သလို USB တစ်ပေါက်လည်းပါဝင်တဲ့အတွက် လူအပြည့်တင်ဆောင်ပြီး ခရီးဝေးတွေသွားဖို့အတွက်လည်း အဆင်ပြေမှာပါ။ နောက်ထပ် နှစ်သက်မိတာက ကြမ်းပြင်ဟာ လုံးဝနီးပါး flat ဖြစ်နေတာပါပဲ။ လူသုံးယောက်လိုက်ပါမယ်ဆိုရင်တောင်မှ သက်သောင့်သက်သာကြီးမဟုတ်တောင် အေးအေးဆေးဆေးလိုက်ပါနိုင်တာမျိုးဖြစ်ပါတယ်။ နောက်ထိုင်ခုံတွေက 40:60 ခေါက်လို့ရတယ်။ ထိုင်လို့လည်းတော်တော်လေးကောင်းတယ်။ နောက်ထိုင်ခုံတွေရဲ့အလယ်မှာ armrest ပုံစံမျိုးပြုလုပ်ထားပေမဲ့ တကယ်က ပုံစံသက်သက်ပဲဖြစ်ပြီး ဆွဲချလို့မရပါဘူး။ Electric motor adjustment နဲ့ panoramic sunroof ကလည်း ခပ်ကျယ်ကျယ်ပါဝင်ပါတယ်။ ဒီအချက်ကလေးကတော့ နှစ်သက်စရာပါ။

နောက်ပစ္စည်းထားခန်း ဝင်ဆံ့မှုကတော့ ကောင်းတယ်ပဲပြောရမယ်။ 12V socket တွေ lamp တွေပါတပ်ဆင်ပေးထားတဲ့အတွက် ဖုန်စုပ်စက်အသုံးပြုလိုတာမျိုးတွေ၊ ညဘက် ပစ္စည်းပစ္စယရှာဖွေတာမျိုးတွေအတွက် သေချာပေါက်အသုံးဝင်ပါလိမ့်မယ်။ အပိုဘီး ပါဝင်ပြီး ဆိုဒ်သေး၊ သံခွေနဲ့ဖြစ်ပါတယ်။

မောင်းနှင်မှု

1.2-litre turbocharged အင်ဂျင်ကိုအသုံးပြုထားတယ်။ အမြင့်ဆုံးပါဝါ 141hp (143ps) အထိထုတ်လွှတ်ပေးနိုင်စွမ်းရှိပြီး အမြင့်ဆုံး torque ကတော့ 204Nm ဖြစ်ပါတယ်။ အချက်အလက်တွေအရ မောင်းနှင်မှုနဲ့ပတ်သက်ပြီး အကြိုက်ဆုံးက 7-speed automatic dual-clutch transmission ပါ။ စွမ်းဆောင်ရည်ဦးစားပေး transmission ဖြစ်တဲ့အတွက် ဂီယာအကူးအပြောင်းညက်ညောကာ စွမ်းဆောင်ရည်ပိုင်းကောင်းမွန်မှာဖြစ်ပေမဲ့ ဆီစားနှုန်းသက်သာဖို့ကိုတော့ အထောက်အကူပေးဖို့သိပ်မရှိပါဘူး။ ဆီစားနှုန်းက သိပ်မမောင်းထားရသေးလို့ မမှန်သေးပေမဲ့ ဖေါ်ပြချက်မှာတော့ 20 l/100km ကိုပြသနေတဲ့အတွက် 5kpl အထိရှိနေတာကိုတွေ့ရပါတယ်။

A pillars တွေနဲ့ D pillars တွေဟာ ပုံမှန်ထက် ပိုမိုကျယ်ပြန့်နေသလိုခံစားရပြီး blind spot detection system မပါတဲ့အတွက် blind spot ဖြစ်နိုင်ခြေပိုများနိုင်ပါတယ်။ ဒါပေမဲ့ ရှေ့/နောက် sensors တွေပါတဲ့အတွက် parking ထိုးတဲ့အချိန်မျိုးမှာ အထောက်အကူတော့ရရှိစေနိုင်မှာပါ။

အောက်ပိုင်းအနေနဲ့က MacPherson suspensions တွေကိုအသုံးပြုထားတာဖြစ်တဲ့အတွက် မဆိုးလှပါဘူးလို့ ပြောလို့ရတယ်။ Cruise control ပါတဲ့အတွက် အဝေးပြေးလမ်းပေါ်မှာ သက်သာရာရစေမှာဖြစ်သလို tranction control ပါတဲ့အတွက် လမ်းချော်မှုတွေကနေ အတိုင်းအတာတစ်ခုအထိ အကာအကွယ်ပေးနိုင်မှာပါ။ Auto-hold ပါတဲ့အတွက် မီးပွိုင့်နဲ့ ကားပိတ်ချိန်တွေမှာ ဘရိတ်နင်းထားရတဲ့ ဒုက္ခကကင်းဝေးစေနိုင်ပြီး စုစုပေါင်း လေအိတ် ခြောက်လုံးပါဝင်တာကတော့ တအားကြီးမနည်းလှသလို ကားပေါ်မှာစီးနင်းသူအားလုံးအတွက် လုံလောက်လှပြီလို့လည်း မဆိုသာပါဘူး။

“ခြုံငုံအဆုံးသတ်ရမယ်ဆိုရင်တော့ Xiaomi ရဲ့ Holographic Intelligent Control စနစ်ကလေးသာပါဝင်မယ်ဆိုရင်တော့ဖြင့် Bestune T77 ဟာ သေချာပေါက် သွားရောက်လေ့လာစမ်းသပ်ကြည့်သင့်တဲ့ ကားတစ်စီးဖြစ်ပါတယ်လို့သာ သုံးသပ်ပါရစေဗျာ။”

စမ်းသပ်မောင်းနှင်ရန်နှင့် ဓါတ်ပုံရိုက်ကူးရန်အတွက် အကူအညီပေးပါသော PSA General Services အားအထူးပင် ကျေးဇူးတင်လျက်......

Photo : Kaung Tint

Author