Volvo XC40 Review (International)

0

Full article

Small SUVs တွေထဲကမှ ကြည့်လို့အကောင်းဆုံးပုံစံနဲ့ မောင်းလို့အသာယာဆုံးကားတစ်စီး ကိုရွေးချယ်ပေးရမယ်ဆိုရင်တော့ Volvo XC40 ကိုပဲရွေးပေးရမှာပါ။ အတွင်းခန်းက အရမ်းကို smart ဖြစ်တယ်။ ကျယ်ဝန်းတယ်။ စေ့စေ့စပ်စပ်ကြည့်မယ်ဆိုရင် တချို့ trim တွေမှာ နည်းနည်းလေး ဈေးပေါတဲ့ ထိတွေ့ခံစားမှုအချို့ ရရှိစေတာကလွဲလို့ပေါ့။

အားသာချက်

  • Small SUVs တွေထဲမှာမှ ပုံစံအရမ်းကျတဲ့ ကားတစ်စီး
  • သက်သောင့်သက်သာအဖြစ်ဆုံး ကားတစ်စီး
  • နေရာလွတ်ကျယ်ကျယ်ဝန်းဝန်းရရှိနိုင်တဲ့ ကားတစ်စီး

အားနည်းချက်
– Manual gearbox
– အတွင်းခန်းမှာအသုံးပြုထားတဲ့ တချို့အစိတ်အပိုင်းနည်းနည်းဟာ ပေါပေါပဲပဲလို့ခံစားရခြင်း
– ကောင်းမွန်သော်လည်း အစပိုင်း အသုံးပြုရာမှာ ရှုပ်ထွေးနေနိုင်သော infotainment စနစ်ပါရှိခြင်း

သုံးသပ်ချက်

လမ်းမတွေပေါ်မှာ အမြင့်နေရာကနေ မောင်းချင်တယ်။ သာသာယာသာမောင်းချင်တယ်။ ခရီးထွက်မယ့်အဖေါ်တွေအတွက်လည်း နေရာကျယ်ကျယ်ဝန်းဝန်းလိုချင်သေးတယ်။ ကားရဲ့ပုံစံကလည်း ပြီးပြည့်စုံစေချင်သေးတယ်။ လိုအပ်ချက်တွေ အရမ်းကြီးများ များနေမလား?
ဒီအချက်တွေ အားလုံးနဲ့ ပြီးပြည့်စုံတဲ့ကားကတော့ Volvo ရဲ့ XC40 အသစ်ပါပဲ။
Safety နဲ့ပတ်သက်ရင်လည်း XC40 ဟာ လုံခြုံစိတ်ချရဖွယ်ရာအကောင်းဆုံး ကားအသစ်တစ်စီးပါပဲ။ ဒါပေမယ့် ပိုမိုတဲ့ ဘေးအန္တရယ်ကင်းရှင်းရေးအတွက် blind sport အချက်ပေးစနစ်ပါဝင်တာမျိုးကို ရွေးချယ်သင့်ပါတယ်။ Cruise control စနစ်ကလည်း advacnced ဖြစ်ပြီး ကိုယ့်ရှေ့ကကားနဲ့ စိတ်ချရတဲ့ အကွာအဝေးကနေ လိုက်ပါမောင်းနှင်ပေးမယ့် စနစ်မျိုးပါ။ Traction control ကလည်းပိုမိုကောင်းမွန်တဲ့ DSTC (Dynamic Stability and Traction Control) စနစ်ပါ။ ABS (Anti-lock Brake System) ကိုလည်း Electronic Brakeforce Distribution ပေါင်းထည့်ပေးထားပါသေးတယ်။ ထုံးစံအတိုင်း လေအိတ်ပတ်လည်ပါဝင်သလို ခါးပတ်ချောင်နေရင်တောင်မှ အချက်ပေးစနစ်ပါဝင်ပါသေးတယ်။ အခြားအခြားသော safety ပိုင်းဆိုင်ရာတွေကလည်း ခေတ်မီရုံသာမက ခေတ်ရှေ့ပြေးနေအောင် တပ်ဆင်ပေးထားတာတွေ့ရပါတယ်။
မောင်းနှင်မှုအပိုင်းကို အကြမ်းဖျင်းပြောရရင်တော့ manual gearbox နဲ့ကယနေ့ခေတ်မှာတော့ သက်သောင့်သက်သာဖြစ်မှုကို လျော့ပါးစေပါတယ်။ Automatic gearbox ကိုသာ ရွေးချယ်ဖို့အကြံပြုချင်ပါတယ်။

ပုံစံ

XC40 ရဲ့ ပုံစံက တကယ့်ကို လည်ပြန်ငေးရလောက်စရာ ပုံစံပါ။ ငယ်ရွယ်သူတွေပဲဖြစ်ဖြစ်၊ ရင့်ကျက်သူတွေအတွက်ပဲဆိုဆို ဘယ်လိုလူမျိုးအတွက်ကိုမဆို လိုချင်တပ်မက်ဖွယ်ရာပုံစံကိုပိုင်ဆိုင်ထားတာဟာ ထူးခြားလှတယ်လို့ ဆိုရမှာပါပဲ။
BMW ရဲ့ X1 တို့ Audiရဲ့ Q3 တို့နဲ့မတူတဲ့အချက်က X1 တို့ Q3 တို့က X3 တို့ Q5 တို့နဲ့ ပုံစံပိုင်း ကွာခြားမှု သိပ်မရှိပေမယ့် Volvo XC40 ကတော့ သူထက်ပိုအကောင်ကြီးတဲ့ XC60 တို့ ခုနှစ်ယောက်စီး XC90 နဲ့ ပုံစံခြင်း သိသိသာသာကွာခြားတာပါ။ ပြောရမယ်ဆိုရင်တော့ XC40 နဲ့တူတဲ့ပုံစံဟာ Volvo ထဲမှာတောင်မှ ရှာလို့မရဘူးလို့ ဆိုနိုင်ပါတယ်။

အတွင်းခန်း

Volvo ရဲ့ ဂန္ထဝင် အတွင်းခန်းပုံစံကို အရိုးရှင်းဆုံးဖေါ်ကြူးထားတဲ့ XC40 ဟာ အပြင်ပုံစံရဲ့ သပ်ရပ်လှပမှုကိုပါ အတွင်းခန်းထဲကို ယူလာသလိုပါပဲ။ နည်းနည်းလေးတော့ modern ပိုဆန်တဲ့အတွက် အသက်အရွယ်ကြီးရင့်သူတွေမောင်းနှင်မယ်ဆိုရင်တော့ အစပိုင်းမှာ ရှုပ်ထွေးမှု အနည်းငယ်ကြုံတွေ့ရနိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ ပိုမိုလွယ်ကူအဆင်ပြေအောင် စီမံထားတာဖြစ်လို့ အသားကျသွားတဲ့အချိန်ကျရင်တော့ ခေတ်မီစနစ်တွေကို အသုံးပြုရင်း အခြားကားတွေထက် ပိုပြီး သွက်သွက်လက်လက်မောင်းနှင်နိုင်မှာပါ။ အတွင်းခန်းရဲ့ ဆန်းသစ်မှုကို ဥပမာပေးရရင် တံခါးရဲ့ ပုံစံမှာကိုက Volvo ရဲ့ XC40 မှာ အဆန်းတကြယ်လေးတွေပါဝင်နေတာတွေ့ရပါတယ်။ လှတပတနိုင်ပြီး အတွင်းခန်းကျယ်ဝန်းမှုကိုပါ အထောက်အပံ့ပေးနိုင်တဲ့ပုံစံမျိုး ထွင်ထားလို့ပါ။ ဒီလိုမျိုး အတွေးအခေါ်ကောင်းကောင်းတွေနဲ့ ဒီဇိုင်းကျကျတည်ဆောက်ထားမှုမျိုးကို XC40 တစ်စီးလုံးလိုလိုမှာ တွေ့မြင်ရနိုင်ပါတယ်။
ဒါကြောင့် Volvo ရဲ့ XC40 မှာ အရွယ်ခြင်းတူပေမယ့် ပိုမိုကျယ်ဝန်းတဲ့နေရာလွတ်ရရှိနိုင်တယ်။ ထိုင်ခုံရဲ့ စနစ်ကြောင့် အရပ်ရှည်တဲ့သူရော ပုတဲ့သူအတွက်ပါ ပိုမိုအဆင်ပြေအောင် ချိန်ညှိနိုင်တာတွေ့ရတယ်။ နောက်ခန်းက လိုက်ပါစီးနင်းသူတွေအတွက်လည်း ၆ ပေကျော်တဲ့သူတွေဖြစ်တောင်မှ ကျယ်ကျယ်ဝန်းဝန်း လိုက်ပါစီးနင်းနိုင်တယ်။
Boot ကလည်း အကြီးဆုံးမဟုတ်ပေမယ့် လုံလုံလောက်လောက် ကျယ်ဝန်းပြန်ပါတယ်။ တော်တော်ကြီးကို လက်တွေ့ကျတဲ့ ကားတစ်စီးလို့ဆိုရမှာပါ။
အတွင်းခန်းအပိုင်းကို ဒီလိုကြီးညွှန်းလိုက်တော့ ကားကြော်ငြာနဲ့တောင်တူသွားနိုင်ပေမယ့် တွေ့ရမြင်ရတဲ့အတိုင်းပြောရဖို့က တာဝန်ရှိပါတယ်။ ဒီလိုပြောရတယ်ဆိုတာလည်း ပြစ်ချက်ကင်းတဲ့ကားတစ်စီးဖြစ်နေတဲ့ အတွက်ကြောင့်ပါ။ Audi ရဲ့ Q3 လိုမျိုးပေါ့။ XC40 ရဲ့ infotainment စနစ်မှာက portrait-style နဲ့ပါ။ Smartphones တွေကို ထောင်သုံးတာ အကျင့်ဖြစ်နေသူတွေအတွက် လိုက်လျောညီထွေဖြစ်အောင် ဆန်းသစ်တပ်ဆင်ပေးထားပုံရပါတယ်။
Volvo ရဲ့ XC40 အတွင်းခန်းဟာ ခမ်းနားပါတယ်။ အကောင်းဆုံး တည်ဆောက်ထားတယ်လို့ ခံစားရတယ်။ Mercedes GLA ၊ Audi Q2 နဲ့ BMW X1 တို့ဆန်ဆန်လို့ အနီးစပ်ဆုံး ဥပမာပြလို့ရတယ်။ ဒါပေမယ့် portrait-style ၉ လက်မ infotainment မျက်နှာပြင်ကတော့ ဘယ်မှာမှမတွေ့ရသေးပါဘူး။
ခြုံငုံပြောရမယ်ဆိုရင်တော့ XC40 ဟာ small SUVs တွေကြားထဲမှာတော့ ကြယ်တစ်ပွင့်ပါပဲ။ ကိုယ်ပိုင်ပုံစံ အပြည့်ရှိတဲ့အပြင် ကျင့်သားရသွားမယ်ဆိုရင် ဘယ်ဟာထက်မဆို ပိုမိုလွယ်ကူအဆင်ပြေစွာ မောင်းနှင်စီးနင်းမှုကို ပေးနိုင်မယ့် ကားမျိုးပါပဲ။

လက်တွေ့ကျကျ

လူလေးယောက်ပဲစီးမယ်။ ပစ္စည်းပစ္စယ များများစားစားထည့်မယ်။ ဒါမျိုးဆိုရင်တော့ XC40 ကို အကောင်းဆုံးလို့ သုံးသပ်လိုပါတယ်။ ပျမ်းမျှအားဖြင့် လူကောင်သေးတဲ့ မြန်မာနိုင်ငံလို နေရာမျိုးကသူတွေ မောင်းနှင်စီးနင်းမယ်ဆိုရင်တော့ နေရာက အကျယ်ကြီးဖြစ်နေမှာပါ။
ကိန်းဂဏန်းတွေအတိုင်းပြောရမယ်ဆိုရင် boot ဝင်ဆံ့မှုဟာ ထိုင်ခုံတွေနဲ့ဆိုရင် 586 litres ရှိပြီး ထိုင်ခုံတွေ ခေါက်လိုက်မယ်ဆိုရင် 1,336 litres အထိရှိပါတယ်။ (1 litre = 1,000 Cubic centimetre)
လောင်စာဆီစားသုံးမှုအပိုင်းတွေကိုတော့ ပါဝင်သောအချက်များ ခေါင်းစဉ်အောက်က trim တွေနဲ့ အင်ဂျင်တွေအကြောင်းမှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

မောင်းနှင်မှု

မောင်းနှင်မှုနဲ့ပတ်သက်ရင်လည်း XC40 ဟာ အခြားသော small SUVs တွေထက် ပိုပြီး သက်သောင့်သက်သာရှိပါတယ်။ ဒါပေမယ့် အမြန်ဆုံး ဓါတ်ဆီအင်ဂျင်ကိုရွေးချယ်မောင်းနှင်မယ်ဆိုရင်တော့ ဆီစားနှုန်းများပါလိမ့်မယ်။
မောင်းနှင် စီးနင်းရတာ သက်သောင့်သက်သာရှိတယ်ဆိုတဲ့နေရာမှာ Volvo ရဲ့ XC40 ဟာ အဲဒီအတွက်ကိုပဲ အထူးဒီဇိုင်းရေးဆွဲထားပုံမျိုး။ ထောင့်ချိုးအကွေ့တွေကို ချိုးကွေ့တဲ့နေရာမှာတောင်မှ ကျောက်ကျောတစ်တုံးလို လှုပ်ခါမှုမျိုး မတွေ့ရဘူး။ Suspension ပိုင်းကလည်း တော်တော်လေးကောင်းမွန်ပြီး ချိုင့်တချို့နဲ့ ကမူတွေအသေးလေးတွေအတွက်ဆိုရင် ဘာမှန်းတောင်မှ သိလိုက်မှာမဟုတ်ပါဘူး။
Suspensions တွေရဲ့ လုပ်ဆောင်မှုကို လိုက်လျောညီထွေ အလိုအလျောက်ချိန်ညှိပေးနိုင်တဲ့ adaptive dampers တွေပေါင်းထည့်တပ်ဆင်ပေးထားမှု၊ throttle နဲ့ gearbox တို့ရဲ့ ညက်ညောမှု၊ steering ရဲ့ အလောတော် အချိန်အဆတို့ဟာ တကယ့်ကို မယုံနိုင်စရာပါပဲ။ SUVs တွေထဲက အကောင်းဆုံးမောင်းနှင်မှု အတွေ့အကြုံကို ပေးစွမ်းနိုင်တဲ့ကားတစ်စီးပါလို့ ထပ်လောင်းပြောပါရစေတော့။

ပါဝင်သောအချက်များ

Volvo XC40 မှာက Momentum ၊ Momentum Pro ၊ R Design ၊ Inscription ၊ Inscription Pro နဲ့ R Design Pro ဆိုပြီး trim ၆ မျိုးရှိပါတယ်။

Momentum

XC40 ထဲမှာတော့ Momentum ဟာ ကုန်ကျစာရိတ်အသက်သာဆုံး trim ပါ။ ဒါပေမယ့် ဂြိုဟ်တုလမ်းညွှန်ပါတဲ့ ၉ လက်မ touchscreen မျက်နှာပြင်နဲ့၊ 250W stereo အသံပိုင်းစနစ်နဲ့၊ ၁၈ လက်မ အလွိုင်းခွေနဲ့၊ အရှေ့နဲ့အနောက် electric စနစ်နဲ့ အတင်အချလုပ်နိုင်မယ့် မှန်တံခါးနဲ့၊ climate control နဲ့၊ အနောက် parking sensors တွေနဲ့၊ သားရေတစ်ဝက် ထိုင်ခုံတွေနဲ့၊ သမားရိုးကျ ဒိုင်ခွက်တွေနေရာမှာ ၁၂.၃ လက်မရှိတဲ့ ဒစ်ဂျစ်တယ် ဒိုင်ခွက်နဲ့ ဆိုတော့ .......
အခြေခံအဆင့်အနေနဲ့ ရွေးချယ်စရာ အင်ဂျင် ၇ မျိုးရှိပါတယ်။ ဓါတ်ဆီ ၄ ဒီဇယ် ၃ ပါ။ Manual gearbox နဲ့က 163hp ထွက်ရှိတဲ့ 1.5-litre ဓါတ်ဆီအင်ဂျင်ရယ်၊ 150hp ထွက်ရှိပြီး 2.0-litre ဒီဇယ်အင်ဂျင်ရယ် ရှိပါတယ်။ Automatic gearbox နဲ့ဆိုရင်တော့ 163hp ထွက်ရှိတဲ့ 1.5-litre ဓါတ်ဆီအင်ဂျင်၊ 190hp ထွက်ရှိတဲ့ 2.0-litre ဓါတ်ဆီအင်ဂျင်၊ 150hp ထွက်ရှိတဲ့ 2.0-litre ဒီဇယ်အင်ဂျင်၊ 190hp ထွက်ရှိတဲ့ 2.0-litre ဓါတ်ဆီအင်ဂျင် 4WD၊ 150hp ထွက်ရှိတဲ့ 2.0-litre ဒီဇယ်အင်ဂျင် 4WD ဆိုပြီးတော့ပါ။ ဆီစားနှုန်းအနေနဲ့ကတော့ ပျမ်းမျှ 50mpg လောက်ရှိတယ်လို့ ဆိုထားပါတယ်။

Momentum Pro

Pro ကတော့ Momentum ကိုမှ အဆင့်မြှင့်တင်ထားတာပါ။ ကွာခြားသွားမှာက အပူပေးစနစ်နဲ့အရှေ့ထိုင်ခုံတွေပါဝင်မှု၊ လမ်းအကွေ့တွေမှာပါ လိုက်ပါလင်းစေနိုင်တဲ့ အရှေ့မီးကြီးတပ်ဆင်ပေးမှု၊ အရှေ့မီးကြီး သန့်ရှင်းရေးစနစ်နဲ့ အပူပေး လေကာမှန်စနစ်တွေပါပဲ။
အင်ဂျင်ပိုင်းရွေးချယ်နိုင်မှုကတော့ Momentum နဲ့ အတူတူပါပဲ။

R Design

R Design trim အရဆိုရင်တော့ အပြင်ပိုင်း ပိုပြီး sport type ဆန်မှုနဲ့ အတွင်းပိုင်း ပိုပြီးဇိမ်ခံကားဆန်မှုကို ရရှိမှာပါ။ ပါဝင်တဲ့ ၁၈ လက်မ အလွိုင်းခွေရဲ့ ပုံစံဟာ sporty ပိုဖြစ်တဲ့ ကိုယ်ထည်နဲ့ လိုက်ဖက်ညီအောင် ထုတ်လုပ်ထားတာတွေ့ရပါတယ်။ သားရေအပြည့်ထိုင်ခုံတွေဖြစ်သွားပါပြီ။ အတွင်းခန်းမှာလည်း သတ္ထုအဆင်တန်ဆာတွေနဲ့ရရှိမှာပါ။
ရွေးချယ်စရာ အင်ဂျင်အနေနဲ့က ၉ မျိုးဖြစ်သွားမှာဖြစ်ပြီး 190hp အထိထွက်ရှိတဲ့ 2.0-litre ဒီဇယ်အင်ဂျင် 4WD ရယ်၊ 247hp အထိထွက်ရှိတဲ့ 2.0-litre ဓါတ်ဆီအင်ဂျင် 4WD ရယ် တိုးလာတာဖြစ်ပါတယ်။ ဆီစားနှုန်းများပါတယ်။

Inscription

Inscription trim ကတော့ sporty ဖြစ်တာထက်စာရင် ပိုပြီး ဇိမ်ကျတဲ့ဘက်ကို ဦးစားပေးထားတာပါ။ သားရေအပြည့်နဲ့ အတွင်းခန်း ဒါမှမဟုတ် Volvo ရဲ့ driftwood ဒီဇိုင်းနဲ့ ရရှိနိုင်ပါတယ်။ ကြည့်ရတာတော့ တန်ဖိုးရှိမယ့်ပုံပါပဲ။ Ambient lighting ကလည်း အရောင်တွေရွေးချယ်နိုင်တယ်။ ကျန်တာတွေကတော့ Momentum လိုပါပဲ။
အင်ဂျင်ရွေးချယ်မှုအပိုင်းကတော့ R Design နဲ့အတူတူ ၉ မျိုးပါ။

Inscription Pro

Pro ကတော့ Inscription ထက် ပိုပြီး luxurious ဖြစ်သွားပါပြီ။ ကွာခြားသွားမှာကတော့ Momentum နဲ့ Momentum Pro တို့ကွာခြားသွားသလိုမျိုးပါပဲ။ အပူးပေးစနစ်နဲ့အရှေ့ထိုင်ခုံတွေပါဝင်မှု၊ လမ်းအကွေ့တွေမှာပါ လိုက်ပါလင်းစေနိုင်တဲ့ အရှေ့မီးကြီးတပ်ဆင်ပေးမှု၊ အရှေ့မီးကြီး သန့်ရှင်းရေးစနစ်နဲ့ အပူပေး လေကာမှန်စနစ်တွေပါပဲ။
အင်ဂျင်ရွေးချယ်မှုအပိုင်းကတော့ R Design နဲ့အတူတူ ၉ မျိုးပါ။

R Design Pro

R Design Pro ကတော့ XC40 မှာ တန်ဖိုးအကြီးဆုံး trim ပါ။ ပြောရမယ်ဆိုရင် Inscription Pro နဲ့ ရိုးရိုး R Design တို့ပေါင်းစပ်ထားမှုလို့ ဆိုနိုင်ပါတယ်။ Sporty အဖြစ်ဆုံးနဲ့ ဇိမ်အကျဆုံးဖြစ်စေမယ့် version ပေါ့။
အင်ဂျင်ရွေးချယ်မှုကလည်း သူတို့အတိုင်း ၉ မျိုးပါပဲ။

စာရေးသူ : စိုင်းဆိုင်(ရန်ကုန်)
Ref: Volvo XC40 Review by Mat Watson

Author