Volvo XC40 2020 Review

0

Full article

အရည်အသွေးမြင့် SUV တစ်စီးဝယ်ဖို့စိတ်ကူးထားတယ်။ Safety ပိုင်းကိုဦးစားပေးရွေးချယ်ချင်တာဖြစ်ပြီး ဇိမ်ကလည်းကျရဦးမယ်။ ဒါဆိုရင်တော့ Volvo ရဲ့ XC40 ကို ခင်ဗျားရဲ့အဝယ်စာရင်းထိပ်ဆုံးနေရာမှာသာထားလိုက်ပါတော့။

ဈေးနှုန်း

  • R-Design : $80,000 မှစတင် (SKD မဟုတ်ပါ)
  • Momentum : $74,000 မှစတင် (SKD မဟုတ်ပါ)

အားသာချက်

  • Safety features များစုံလင်လှခြင်း
  • နည်းပညာ + အရည်အသွေး ကောင်းမွန်ခြင်း
  • လူတိုင်းနှစ်သက်ဖွယ်ရာ ဒီဇိုင်းမျိုးပိုင်ဆိုင်ထားခြင်း

အားနည်းချက်

  • ထိုင်ခုံ အပူ/အအေးစနစ် မပါဝင်ခြင်း
  • D pillars များကြီးမားလှသဖြင့် blindspot ဖြစ်နိုင်ခြေများခြင်း
  • Glovebox ကျဉ်းခြင်း

သုံးသပ်ချက်

Volvo ရဲ့ XC40 အဆက်ဆက်ဟာ နိုင်ငံတကာက SUV အငယ်စားကြိုက်သူတွေရဲ့ အသည်းနှလုံးကို ဖမ်းစားထားတာ တော်တော်လေးကြာနေပါပြီ။ သူ့ရဲ့ ပုံစံဟာ sporty ဘက်ကို တအားကြီးမသွားသလို elegant ဘက်ကိုလည်း သိပ်မယိုင်ပါဘူး။ တွေ့တဲ့လူတိုင်း (ဘယ်လိုလူမျိုးမဆို) နှစ်သက်ဖွယ်ရာ ပြေပြစ်လှပါတယ်။

ပုံစံတင် ကောင်းမွန်တာလားဆိုတော့ မဟုတ်ပါဘူး။ တပ်ဆင်ထားတဲ့ နည်းပညာနဲ့ ပစ္စည်းတွေရဲ့ အရည်အသွေးကလည်း မြင့်မားပါတယ်။ ရှေ့/နောက် မီးတွေအားလုံးက LED တွေ။ ရှေ့အချက်ပြမီးနဲ့ DRL (Daytime-Running Lamps) က တစ်ခုတည်း။ ရှေ့မီးလုံးတွေနဲ့ အလောတော်ရှိတဲ့ grille ၊ Volvo ရဲ့ ကျက်သရေရှိတဲ့ logo ပေါင်းစပ်မှုဟာ အကောင်းဆုံးဒီဇိုင်းတွေထဲက တစ်ခုကို ရရှိစေပါတယ်။

ဘေးဘက်ခြမ်းကကြည့်မယ်ဆိုရင် XC40 ရဲ့အချိုးဟာ ပိုလို့တောင်မှ ဆွဲဆောင်မှုရှိပါသေးတယ်။​ R-Design မှာက 19-inch အလွိုင်းခွေနဲ့ရရှိမှာဖြစ်ပြီး Momentum မှာတော့ 18-inch အလွိုင်းခွေနဲ့ပါ။ Ground clearance ကလည်း 8.3-inch နဲ့ SUV တစ်စီးအဖြစ် အနေတော်ပါပဲ။

Volvo XC40 2020 ရဲ့ နောက်ဘက်ပုံစံကလည်း elegant ဘက်သွားတဲ့အပြင်ကိုမှ ထောင့်ချိုး LED မီးတန်းကလည်း တော်တော်လှတဲ့ ကောက်ကြောင်းကို ဖေါ်ဆောင်ထားတာတွေ့ရတယ်။​ ဘယ်နေရာကကြည့်ကြည့် လှပဆွဲဆောင်အားရှိတဲ့ အပြင်ဒီဇိုင်းကို ပိုင်ဆိုင်ထားတဲ့ XC40 ပါ။

“အပြင်ဒီဇိုင်းပဲ ကောင်းတာလားဆိုတော့ မဟုတ်သေးပါဘူး။ အတွင်းခန်းရဲ့ အရည်အသွေးနဲ့ နည်းပညာပိုင်းတွေကလည်း ကျေနပ်စရာအတိပါပဲ။ အားလုံးကောင်းတယ်လား ဆိုတော့ မဟုတ်သေးပါဘူး။ Volvo ရဲ့ XC40 မှာလည်း အားနည်းချက်တွေတော့ ရှိပါသေးတယ်။”

အတွင်းခန်း

XC40 မှာ ဝင်ထိုင်ထိုင်ခြင်း သဘောကျစရာအကောင်းဆုံးအချက်က Volvo ရဲ့ ကိုယ်ပိုင်ဟန်ပါ။ ဒါဟာ Volvo တွေမှာပဲ ခံစားလို့ရတာမျိုး။ ထိုင်ခုံအနေအထားတွေက ထိုင်လို့ကောင်းတယ်။ ခြေထောက်အတွက် နေရာလွတ်များများစားစားပါပေမဲ့ ဦးခေါင်းအတွက်ကတော့ နည်းနည်းလေး နိမ့်တယ်လို့ခံစားရတယ်။ သားရေသားထိုင်ခုံတွေဖြစ်တယ်။ ဒါပေမဲ့ ventilated မဖြစ်တာကိုတော့ အားနည်းချက်တစ်ခုလို့မြင်ပါတယ်။ R-Design trim မှာက ရှေ့ထိုင်ခုံနှစ်လုံးစလုံး motor adjustment နဲ့၊ seat memory နဲ့။ ဒါပေမဲ့ Momentum trim မှာဆိုရင်တော့ ယာဉ်မောင်းသူထိုင်ခုံတစ်လုံးတည်းမှာပဲ motor adjustment နဲ့ seat moemory ကရရှိမှာပါ။ နောက်တစ်ချက်။ Lumbar support လည်းပါတဲ့အတွက် အချိန်ကြာကြာမောင်းနှင်ဖို့အတွက် အဆင်ပြေစေတာပေါ့။

Dash တွေ၊ တံခါးတွေမှာ အသုံးပြုထားတာက အဆင့်မြင့် soft touch meterials တွေပါ။ ထူးခြားတာက တံခါးဘောင်က လူထိတွေ့မှုနည်းတဲ့နေရာတွေမှာတောင် ရှန်မွိုင်းတွေအုပ်ပေးထားတယ်။ တော်တော်လေးနှစ်သက်ဖို့ကောင်းတဲ့ အချက်ပါ။ Volvo XC40 အတွင်းခန်းမှာ 3D carbon တွေနဲ့အလှဆင်ထားတာကလည်း လုံးဝအဆင့်မြင့်အတွင်းခန်းပုံစံကို ရရှိစေတယ်။

Steering ကလည်း သားရေသားအုပ်ပါပဲ။ Mounted controls တွေက ရှင်းရှင်းလင်းလင်းရှိပြီး အသုံးပြုလို့လည်း သိပ်ကိုလွယ်တယ်။ လက်ကိုင်ခွေကို အထက်/အောက်၊ ရှေ့/နောက် ချိန်ညှိနိုင်ပြီး အရည်သွေးကောင်း သတ္တုသား paddle shifters တွေလည်း ပါဝင်တယ်။ Momentum trim မှာတော့ paddle shifters တွေမပါဘူးလို့ဆိုပါတယ်။ (Momentum trim မှာတော့ gear အနိမ့်အမြင့်ကို manual ပြောင်းလိုရင်တော့ gear knob ကို ဘယ်/ညာ ရွှေ့ပေးရမှာပါ)။

“360° camera က ထူးထူးခြားခြား တော်တော်လေးကို အရည်အသွေးကောင်းတယ်။ ဒါပေမဲ့ အဲဒီ  360° camera နဲ့ အသံထွက်ပိုင်းကို သိပ်ကောင်းစေတဲ့ harman/kardon စနစ်ကတော့ optional ဖြစ်ပါတယ်တဲ့။ ဆိုလိုတာက လိုချင်တယ်ဆိုရင် $5,000 ခန့် အပိုဆောင်းပေးရမှာပါ။ ရှေ့ လေကာမှန်ရဲ့ဘောင်ပေါ်မှာ air woofer နည်းပညာတပ်ဆင်ပေးထားတာကတော့ တကယ့်ကိုနှစ်သက်စရာပါပဲ။”

Driver display ကလည်းမိုက်တယ်။ Digital နဲ့။ 12-inch အကျယ်အဝန်းရှိပြီး ကြည့်ရရှုရတာ တော်တော်လေးအဆင်ပြေတယ်။ ဈေးကွက်အတွင်း တွေ့နေကျ digital driver displays တွေက ထွင်လွန်းလို့ ဖင်ချွန်းသလိုဖြစ်နေတာများပေမဲ့ အခု Volvo XC40 ရဲ့ driver display ကတော့ ဒီဇိုင်းပိုင်း လုံးဝကို အိုကေတာတွေ့ရတယ်။ ရှင်းတယ်၊ လင်းတယ်၊ လက်တွေ့မှာ လွယ်ကူအဆင်ပြေစေတယ်လို့ပြောရမှာပါ။

“Infotainment ကတော့ 9-inch ရှိတယ်။ UI က ဆန်းသစ်မှုပိုင်းအားနည်းပေမဲ့ ရှင်းရှင်းလင်းလင်းရှိတယ်။ Touch တွေဘာတွေကလည်း ကောင်းတယ်။ Infotaiment နဲ့ပတ်သက်ပြီး အားနည်းချက်ကတော့ navigation ပါ။ Built-in အနေနဲ့ မြန်မာနိုင်ငံမှာ သုံးလို့မရပါဘူး။ ဒါပေမဲ့ Apple CarPlay ၊ Android Auto ရတဲ့အတွက် မှုစရာတော့မဟုတ်ဘူး။ တစ်ခုရှိတာက touchscreen ရဲ့မျက်နှာပြင်။ ဘာကြောင့်လဲတော့မသိဘူး။ Volvo XC40 ရဲ့ infotainment မျက်နှာပြင်က လက်ရာတော်တော်ထင်တယ်။ Power ပိတ်သွားတဲ့အချိန်ဆိုရင် တော်တော်ကြီး သိသိသာသာကို ထင်ကျန်ခဲ့တာမျိုးဗျ။ တစ်ခုကောင်းတာကတော့ saftey features တွေအားလုံးကို infotainment မျက်နှာပြင်ရဲ့ တစ်မျက်နှာမှာ စုပေးထားပြီး လိုသလို ထိန်းချုပ်နိုင်တာပါ။”

XC40 မှာက အဆင့်မြင့် ကားတွေရဲ့ ထုံးစံ၊ dual zone climate control နဲ့။ ရှေ့/နောက် air conditioning နဲ့။​ အပူ/အအေး အတိုးအလျော့ကိုတော့ infotainment စနစ်ကပဲ လုပ်လို့ရပါတယ်။ ဒီအချက်ကိုတော့ ကားမောင်းနေတဲ့အချိန် လုပ်ရတာခက်ခဲတဲ့အတွက် မကြိုက်တဲ့သူတွေလည်းရှိနိုင်ပါတယ်။

သူ့အောက်မှာက USB နှစ်ပေါက်၊ 12-volt socket တစ်ပေါက်အပြင် wireless charging အသုံးပြုနိုင်တဲ့ ဖုန်းထားစရာနေရာ ကျယ်ကျယ်ဝန်းဝန်းရှိတယ်။ အဲဒါရဲ့နောက်မှာက ခပ်သေးသေး gear knob ရှိပြီး gear knob နဲ့ center console box ကြားမှာက cup holder နှစ်ခုရှိတယ်။ Center console box က ပုံစံ/အရွယ်အစား အနေအထားကောင်းပြီး remote key ကို memory လုပ်လို့ရတဲ့နေရာပါရှိတယ်။ Remote သော့ကို ကိုယ်လိုချင်တဲ့ setting အတိုင်း memory ပေးထားမယ်ဆိုရင် ကားပေါ်တက်တာနဲ့ ကိုယ့်အကြိုက် setting အတိုင်း ကားက အလိုအလျောက်ချိန်သွားပေးနိုင်တဲ့ စနစ်မျိုးပေါ့။

အဆင့်မြင့်ကားတစ်စီးအနေနဲ့ panoramic sunroof ပါဝင်ပြီး motor adjustment နဲ့ပါ။ ဒါပေမဲ့ HUD (Head-Up Display) တော့မပါဝင်ပါဘူး။

လက်တွေ့ဆိုရင်

Volvo XC40 ရဲ့သားရေသားနောက်ခုံတွေဟာ ခေါင်းအတွက်ရော၊ ခြေအတွက်ပါ တော်တော်ကျယ်ကျယ်ဝန်းဝန်းရှိတာ တွေ့ရတယ်။ အလယ်မှာ armrest မြှုပ်ထားပြီး ချလိုက်ရင် နောက်ခုံတန်း ထိုင်သူနှစ်ယောက်စလုံး ကောင်းကောင်းတင်နိုင်အောင် တောင့်တင်းသလို ကျယ်ပြန့်မှုလည်းရှိတယ်။ Cup holder လည်းပါတဲ့အတွက် စတိုင်ကျကျနဲ့ လိုက်နိုင်တာပေါ့။ နောက်အတွက် air conditioning ပါပေမဲ့ ရိုးရိုး USB ရော 12-volt socket ရောမပါဘူးဗျ။ ဒါပေမဲ့ USB type C အပေါက်တစ် ပေါက်တော့ပါ ပါတယ်။​

ISO-fix တွေနဲ့ဆိုတော့ ကလေးငယ်ခုံတွေဘာတွေကို စိတ်ချလက်ချ တပ်ဆင်ထားနိုင်ပြီး ထိုင်ခုံတန်းက 40:60 ခေါက်လို့ရပါတယ်။

“နောက် ပစ္စည်းထားခန်းက motor adjustment နဲ့ဖြစ်ပြီး kick sensor လည်းပါတဲ့အတွက် နေ့စဉ်ဘဝအတွက် တော်တော်ကြီးကို အသုံးတည့်မှာပါ။ နောက်တစ်ခုက parcel shelf ကို ကြမ်းပြင်အဖုံးနဲ့ ဘီးအကြားမှာ အံဝင်ခွင်ကျဖြစ်အောင် ပြုလုပ်ထားတာက ချစ်စရာကောင်းလှပါတယ်။ Boot က ပုံမှန်အတိုင်းဆိုရင် 460-litre အထိဝင်ဆံ့ပြီး ခုံတွေခေါက်လိုက်မယ်ဆိုရင်တော့ ဝင်ဆံ့မှုအများကြီးပိုလာမှာပါ။ ခုံတွေခေါက်လိုက်တဲ့အခါ flat လည်းဖြစ်တဲ့အတွက် မွှေ့ရာတွေဘာတွေတင်ပြီး အိပ်လို့တောင်ရတဲ့အနေအထား။ နောက်ပစ္စည်းထားခန်းအတွက် 12-volt socket တစ်ပေါက်ပါပြီး မီးတစ်ပွင့်လည်း တပ်ဆင်ထားတာတွေ့ရတယ်။ ခြုံပြီးပြောရရင် လက်တွေ့အသုံးဝင်မှုအပိုင်း ကောင်းတယ်။”

မောင်းနှင်မှု

Volvo XC40 2020 မောင်းနှင်မှုအပိုင်းကိုတော့ safety features တွေနဲ့စချင်ပါတယ်။ တော်တော်ကြီး ပြည့်စုံပြီး စိတ်ချလုံခြုံမှုအပိုင်းဟာ Volvo ရဲ့အဓိက အားသာချက်တစ်ခုဖြစ်နေလို့ပါ။ ဘရိတ်စနစ်မျိုးစုံပါဝင်ပြီး ဒီမှာဆို ရှားပါးသေးတဲ့ Automatic Emergency Braking (AEB) တောင်မှ ပါသေးတယ်။ Volvo အခေါ်တော့ City Safety ပေါ့။ Adaptive Cruise Control ပါတယ်။ Lane Keeping Assist ပါတယ်။ နှစ်ခုပေါင်းထားတဲ့ အလိုအလျောက်မောင်းနှင်မှုစနစ်လည်း ပါတယ်။ လေအိတ်ပတ်လည် ခြောက်လုံးအထိပါတာကတော့ အနေတော်ပါပဲလောက်တော့ ပြောလို့ရပါတယ်။

“Safety ပိုင်းအနေနဲ့ Volvo XC40 ဟာ ထိုင်ခုံခါးပတ် ပတ်မထားဘူးဆိုရင် electric parking brake ကို ချပေးမှမဟုတ်ပါဘူး။ ထိုင်ခုံခါးပတ် မပတ်ဘဲမောင်းမယ်ဆိုရင်တော့ နောက်ဘီးတွေက လိုက်လည်ပေးမှမဟုတ်ပါဘူး။”

မောင်းနှင်ရာမှာ ရှေ့/ဘေး မြင်ကွင်းကောင်းပါတယ်။ ဒါပေမဲ့ နောက်ပိုင်း D pillars  နှစ်ခု နည်းနည်းကြီးတဲ့အတွက် blind spot အတွက် သတိထားစရာပါ။ တစ်ခုရှိတာက Volvo XC40 မှာက ကောင်းမွန်တဲ့ blind spot အချက်ပြစနစ်ပါတဲ့အတွက် ကြီးမားတဲ့အခက်အခဲတော့ မဟုတ်လှဘူး။​ သူ့ရဲ့ blind spot စနစ်မှာက steering automatic assist ပါတဲ့အတွက် ပိုပြီးစိတ်ချရတယ်လို့ ဆိုနိုင်ပါတယ်။ ဘေးမှန်တွေက နည်းနည်းသေးတယ်လို့ထင်ရပေမဲ့ လုံလောက်မှုရှိတယ်။ နောက်မှန််က frameless ဖြစ်ပေမဲ့ auto dimming တော့မရပါဘူး။

အင်ဂျင်ကတော့ 1.5-litre ဓါတ်ဆီအင်ဂျင်ပါ။ အမြင့်ဆုံးပါဝါ 150hp အထိရရှိနိုင်ပြီး အမြင့်ဆုံး torque ကတော့ 265Nm ပါ။​ 8-speed automatic transmission ကို အသုံးပြုထားပြီး AT gearbox ဖြစ်တဲ့အတွက် စွမ်းဆောင်ရည်ဦးစားပေးပါ။ အဓိပ္ပါယ်က ဆီစားနှုန်းတော့ အနည်းငယ်ပိုများနိုင်တယ်။ နောက်တစ်ချက် SUV တစ်စီးအနေနဲ့ All-Wheel Drive စနစ် မပါဝင်တာကိုလည်း တောင့်တမိနိုင်တဲ့သူတွေရှိနိုင်ပါလိမ့်မယ်။

Volvo ကတော့ XC40 ရဲ့ဆီစားနှုန်းကို 16kpl လောက်အထိရမယ်ဆိုပြီးပြောပါတယ်။ လက်တွေ့ကျကျကတော့ Redline ရဲ့ video reivew ထွက်လာတဲ့အခါ ကြည့်နိုင်မှာပါ။ နောက်တစ်ခုက XC40 ဟာ 0-100kph နှုန်းအထိရဖို့ 10.1-sec ကြာတယ်လို့ဆိုပါတယ်။ အဲဒီအချက်အတွက်လည်း video reivew မှာပဲ စောင့်ကြည့်ပေးပါလို့ ပြောရင်း......။”

စမ်းသပ်မောင်းနှင်ရန်နှင့် ဓါတ်ပုံရိုက်ကူးရန်အတွက် အကူအညီပေးပါသော Volvo Car Myanmar အားအထူးပင် ကျေးဇူးတင်လျက်......

Photo : Kaung Tint

Author