Volkswagen ရဲ့ စွယ်စုံသုံး လူခုနစ်ယောက်စီး Sharan အသစ်

0

Full article

ဈေးနှုန်း : $38,248 – $44,958 (နိုင်ငံတကာ)

အားသာချက်

  • လိုက်ပါစီးနင်းသူများအတွက် နေရာလွတ် များများစားစားပါရှိခြင်း
  • နောက်ခန်းကြီးမားကျယ်ဝန်းခြင်း
  • အသေအချာ ထုတ်လုပ်ထားတယ်လို့ ခံစားရခြင်း

အားနည်းချက်

– စိတ်လှုပ်ရှားစရာ ပုံစံမဟုတ်ခြင်း
– ဓါတ်ဆီအင်ဂျင်ကို ရွေးချယ်မယ်ဆိုရင် ရွေးချယ်စရာ တစ်ခုသာရှိခြင်း
– ဈေးနှုန်းမြင့်မားခြင်း

ပျမ်းမျှဆီစားနှုန်း : 43.5 – 53.3 MPG
ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု : 138 – 147 g/km
လုံခြုံစိတ်ချရမှု : *****

ခုနစ်ယောက်စီး စွယ်စုံသုံး ကားတွေထဲမှာတော့ VW (Volkswagen) ရဲ့ Sharan က ဈေးကွက်အတွင်းမှာရှိတဲ့ အကောင်းဆုံးကားတွေထဲက တစ်စီးပါပဲ။ ဒါပေမယ့် Citroen ရဲ့ Grand C4 Picasso ဒါမှမဟုတ် Ford ရဲ့ Galaxy တို့ကတော့ အခုလို လူခုနစ်ယောက်စီး စွယ်စုံသုံးကားကောင်းကောင်းဝယ်ယူချင်တဲ့ ခင်ဗျားကို ယောင်ချာချာ ဖြစ်သွားစေမှာ အမှန်ပါ။

သုံးသပ်ချက်

VW ရဲ့ Sharan ကတော့ မိသားစု ခပ်ကြီးကြီး ဒါမှမဟုတ် လူ ခုနစ်ယောက်အတွက် လက်တွေ့ကျကျ အမှန်တကယ် သက်သောင့်သက်သာစီးနင်းနိုင်မယ့် ကားအမျိုးအစားပါ။
Sharan တွေကို VW ကနေ ၂ဝ၁ဝ ခုနှစ်က စတင်ထုတ်လုပ်ရောင်းချခဲ့ပြီး ၂ဝ၁၅ ခုနှစ်မှာတော့ bumpers တွေ၊ အတွင်းခန်းနဲ့ infotainment (သတင်းအချက်အလက်နဲ့ဖျော်ဖြေရေး) စနစ်တွေကို ခေတ်နဲ့လျော်ညီအောင် မွမ်းမံခဲ့ကြတယ်။ ပုံစံအနေနဲ့ကတော့ ထူးထူးခြားခြားကြီးမဟုတ်လှဘူး။ ဒါပေမယ့် ပုံစံက အရေးမကြီးဘူး၊ ကျယ်ကျယ်ဝန်းဝန်းနဲ့ သေသေချာချာ တည်ဆောက်ထားတဲ့ ကားမျိုးကိုပဲလိုချင်တယ်ဆိုရင်တော့ Sharan ဟာ ထိပ်ဆုံးရွေးချယ်စရာတွေထဲက တစ်ခုဆိုတာ သေချာပါတယ်။
အင်ဂျင်ပိုင်းအနေနဲ့ကတော့ ရွေးချယ်စရာ ဓါတ်ဆီအင်ဂျင်တစ်ခုနဲ့ ဒီဇယ်အင်ဂျင်နှစ်ခုရှိပါတယ်။ 150hp 1.4-litre ဓါတ်ဆီအင်ဂျင်ကတော့ မြို့တွင်းသွားလာဖို့အတွက် ပိုမိုသင့်လျော်မှုရှိပြီး ခရီးဝေးမောင်းနှင်မယ့်သူတွေအတွက်တော့ 150hp 2.0-litre ဒီဇယ်အင်ဂျင်က ပိုပြီးသင့်လျော်မှာပါ။
မြို့တွင်းလိုမျိုး ကားပိတ်တာတွေအများကြီးကြားထဲ မောင်းနှင်မယ့်သူတစ်ယောက်အနေနဲ့ seven-speed automatic gearbox ဟာ ထိုက်သင့်တဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ကြောင်းကိုတော့ ဒီနေရာကနေ အသိပေးပါရစေ။
လုံခြုံစိတ်ချရမှုနဲ့ပတ်သက်ရင်တော့ VW ရဲ့ Sharan ဟာ ၂ဝ၁ဝ ခုနှစ်ကထဲက Euro NCAP (The European New Car Assessment Programme) ရဲ့ ကြယ်ငါးပွင့်အဆင့်ကို အစဉ်အဆက် ရရှိခဲ့ပြီးသား။ ဒါတွေကြောင့်မလို့ ပုံစံကိုသိပ်မကြည့်တဲ့သူတွေအဖို့တော့ လူခုနစ်ယောက်ကျယ်ကျယ်ဝန်းဝန်းစီးနင်းနိုင်ပြီး ဆီစားလည်း သိပ်မများဘဲ သေသေချာချာ တည်ဆောက်ထားတဲ့ စွယ်စုံသုံး မော်တော်ယာဉ်ကိုလိုချင်တယ်ဆိုရင် VW ရဲ့ Sharan ကိုသာ နံကြားထောက်ရွေးလို့ရပါပြီ။

ပုံစံ

Sharan 2019 ရဲ့ ပုံစံကတော့ Golf SV ရဲ့ version အကြီးစားဖြစ်တဲ့ Touran ရဲ့ version အကြီးစားပါ။ ပြောရရင် VW Golf ရဲ့ အကြီးဆုံး version လို့ဆိုနိုင်ပါတယ်။
Sharan ရဲ့ ပတ်သက်ရင် ပုံစံက စိတ်လှုပ်ရှားစရာကောင်းတယ်တို့၊ လန်းတယ်တို့ ဒါမှမဟုတ် အရမ်းမိုက်တာပဲတို့ ဆိုတာမျိုးတွေကို ခင်ဗျားအနေနဲ့ ပြောနိုင်မှာမဟုတ်ပါဘူး။ အဲဒီအစား ကျယ်ကျယ်ဝန်းဝန်းရှိတယ်၊ လက်တွေ့ကျတယ် ဒါမှမဟုတ် သေသေချာချာ ခိုင်ခိုင်မာမာ ထုတ်ထားတာဗျ ဆိုတာမျိုးပဲ ပြောနိုင်မှာပါ။ ရှေးရိုးသမားတွေအတွက်တော့ အကောင်းဆုံးဖြစ်မှာ သေချာပါတယ်။

အတွင်းခန်း

အတွင်းခန်းကတော့ မိသားစုစီးကားတစ်စီးအတွက် လိုအပ်ချက်အားလုံးနဲ့ပြည့်စုံတဲ့ ကားတစ်စီးလို့ အကြမ်းဖျင်းပြောလို့ရပါတယ်။ သုံးထားတဲ့ ပစ္စည်းတွေကလည်း ဒူပေနာပေခံနိုင်မယ့်ပုံဖြစ်ပြီး ကားရဲ့ အရှေ့ပိုင်းမှာသုံးထားတဲ့ နူးညံတောက်ပြောင်တဲ့ ပလတ်စတစ် အကောင်းစားတွေကတော့ ခုနစ်ယောက်စီး စွယ်စုံသုံးကားတွေအကြားက အပြေးပြိုင်ပွဲမှာ ခေါင်းတစ်လုံးအသာစီးရနေတယ်လို့ ဆိုပါရစေ။
ပြောရမယ်ဆိုရင် VW Sharan ရဲ့ အတွင်းခန်းဟာ သိပ်ပြီး စတိုင်ကျနေတယ်လို့တော့ မဟုတ်ဘူး။ ဒါပေမယ့် လူဦးရေများပြားတဲ့ မိသားစုအတွက်တော့ နိုင်နိုင်နင်းနင်း အသုံးပြုနိုင်မယ့် ကားအမျိုးအစားပါ။
ဟုတ်ပါတယ်၊ Citroen ရဲ့ Grand C4 SpaceTourer အတွင်းခန်းဟာ ကျယ်ပြန့်သလို ပိုပြီး စိတ်ဝင်စားစရာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမယ့် VW ရဲ့ အတွင်းခန်း အဆင်အပြင်ကတော့ လူတွေရဲ့စိတ်ကို စနစ်တကျလေ့လာပြီး ဖွဲ့စည်းထားသလားလို့ထင်ရလောက်အောင်ကို ရိုးရှင်းလွယ်ကူနေတာပါ။ ကားထဲဝင်ထိုင်ပြီး အချိန်ခဏလေးအတွင်း ပစ္စည်းပစ္စယတွေ၊ ခလုတ်တွေ၊ အဖွင့်အပိတ်တွေအားလုံးနဲ့ အသားကျသွားလောက်အောင်ကို ထူးကဲတယ်လို့ဆိုနိုင်ပါတယ်။ ဒါဟာ ပျင်းရိစရာကောင်းလောက်အောင် ရိုးရှင်းမှုကြောင့်လို့လည်း ဆိုနိုင်တာပေါ့။ လမ်းပေါ်မှာတကယ်တမ်း မောင်းနှင်နေတဲ့အချိန် ရိုးရှင်းမှုက ဆန်းပြားမှုထက်ပိုပြီး လက်တွေ့အသုံးကျတာကိုတော့ အားလုံးလည်းသိကြမှာပါ။
Dashboard နဲ့ steering ပေါ်က သတ္ထုနဲ့လုပ်ထားတဲ့ အနားသတ်တွေကတော့ ခန့်ညားမှုကိုဖြစ်စေပြီး dashboard နဲ့ တံခါးပေါက်တွေကို ပြုလုပ်ထားတဲ့ အကောင်းစား ပလက်စတစ်သားကတော့ တော်တော်လေး နူးညံပါတယ်။ လူကြီးနဲ့ လူလတ်ပိုင်းတွေအတွက်တော့ ရိုးရှင်းတဲ့ ဘဝနေထိုင်မှုပုံစံမှာ အံဝင်ခွင်ကျဖြစ်နေမယ့် Sharan ပါ။
Infotainment စနစ်မှာက ၆ လက်မခွဲ touchscreen နဲ့ပါ။ တောက်တောက်ပပရှိတယ်။ အလွယ်တကူ အသုံးပြုနိုင်အောင် ဖန်တီးထားတယ်။
အနိမ့်ဆုံး models ဖြစ်တဲ့ S မှာတော့ USB အပေါက်၊ Bluetooth နဲ့ချိတ်ဆက်မှု၊ text messages တွေကို လက်ခံဖတ်ရှု၊ ပြန်လည်ပေးပို့နိုင်မှုစနစ် စတာတွေပါဝင်ပါတယ်။ ဒါပေမယ့် ဒီလောက်ပဲ သုံးလို့ရတာပါ။
SE Nav ဒါမှမဟုတ် SEL models တွေမှာဆိုရင်တော့ ပိုမိုကောင်းမွန်တဲ့ စနစ်တွေပါဝင်လာပါပြီ။ ဂြိုဟ်တုလမ်းညွှန်ကလည်း ဒီမှာကျမှ စပါလာတာပါ။ ဒါပေမယ့် Ford Galaxy မှာတပ်ဆင်ပေးထားတဲ့ ၈ လက်မ မျက်နှာပြင်ထက်စာရင်တော့ ၆.၅ လက်မဆိုတာ သေးတယ်လို့ပဲပြောရမှာပါ။
Apple CarPlay နဲ့ Android Auto တွေလည်းရရှိနိုင်ပါသေးတယ်။ ဒါပေမယ့် သိပ်မများလှတဲ့ $130 လောက်တော့ ထပ်မံကုန်ကျမှာပါ။

လက်တွေ့ကျကျ

လက်တွေ့အသုံးကျမှုအတွက်ပြောရမယ်ဆိုရင်တော့ VW ရဲ့ Sharan ဟာ အပေါ်မှာ ပြောခဲ့သလိုပါပဲ။ လူလတ်ပိုင်းတွေအတွက် ခရီးသည်ခပ်များများတင်စီးနိုင်မယ့် အကောင်းဆုံးကားတစ်စီးပါ။ နောက်ခန်းကလည်း တော်တော်လေးကို ကျယ်ဝန်းပြီး ထိုင်ခုံတွေကို ခေါက်လိုက်မယ်ဆိုရင်တော့ ပြောစရာမလိုလောက်အောင် ကျယ်ပြန့်တဲ့ နေရာလွတ်တွေ ရရှိနိုင်ပါလိမ့်မယ်။ ဒါပေမယ့် နေရာသိပ်အကျယ်ကြီးမလိုချင်သူတွေအတွက်တော့ သူ့ထက် စတိုင်ပိုကျတဲ့ ကားတွေ ရွေးချယ်တာ ပိုကောင်းပါလိမ့်မယ်။

မောင်းနှင်မှု

မောင်းနှင်မှုနဲ့ပတ်သက်ပြီး အကြမ်းဖျင်းပြောရရင်တော့ Sharan ဟာ ဘယ်သူမဆို လွယ်လွယ်ကူကူမောင်းနှင်နိုင်တဲ့ပုံမျိုး။ ကုန်ကျစာရိတ်ကလည်း သက်သာမှုရှိမှာဖြစ်ပြီး ပြောရမယ်ဆိုရင် ကမ္ဘာကြီးရဲ့ ရင်းမြစ်စားသုံးမှုကို လျော့နည်းစေနိုင်တယ် ဆိုတဲ့ကားအမျိုးအစားပါပဲ။ ဒါပေမယ့် လူငယ်ပိုင်းတွေအတွက်တော့ သိပ်ပျော်စရာကောင်းမယ်မထင်ဘူးဗျ။
အင်ဂျင်ပိုင်းအနေနဲ့က အပေါ်မှာပြောခဲ့သလိုပဲ။ ရွေးချယ်စရာအဖြစ် ဓါတ်ဆီအင်ဂျင်တစ်မျိုးနဲ့ ဒီဇယ်အင်ဂျင် နှစ်မျိုးရှိပါတယ်။ 1.4-litre 150hp ဓါတ်ဆီအင်ဂျင်ကတော့ ပိုပြီးချော့မွေ့ပေမယ့် ဆီစားနှုန်းမှာတော့ ဒီဇယ်အင်ဂျင်တွေထက်စာရင် နည်းနည်းပိုများပါလိမ့်မယ်။ ဆီစားနှုန်းကို VW ကတော့ 43.5mpg လို့ အခိုင်အမာဆိုထားပေမယ့် လက်တွေ့မှာတော့ 30-40mpg အတွင်း မျှော်လင့်နိုင်ပါတယ်။
ဒီဇယ်အင်ဂျင်မှာက 150hp နဲ့ 184hp ဆိုပြီး model နှစ်မျိုးရှိတယ်။ 150hp model က 184hp model ရဲ့ မြန်နှုန်းကို လိုက်မီချင်မှ မီမှာဖြစ်ပေမယ့် ခန့်မှန်းခြေ ဆီစားနှုန်း 45mpg ရှိတဲ့ အတွက် ပိုပြီးအကျိုးများဖွယ်ရှိပြီး ခရီးဝေးအသွားများသူတွေအတွက် ဦးစားပေးရွေးချယ်ဖို့ အကြံပြုလိုပါတယ်။

အချက်အလက်များ

Trim အနေနဲ့ကတော့ VW Sharan မှာ S ၊ SE ၊ SE Nav နဲ့ SEL ဆိုပြီးရှိတယ်။ S ကတော့ အခြေခံဖြစ်ပြီး လူကြိုက်များမယ့် SE နဲ့ SEL ကွာခြားချက်လေးတွေကို အဓိကထား ပြောသွားပါမယ်။ SE Nav ကတော့  ဂြိုဟ်တုလမ်းညွှန်ပါတဲ့ SE ဒါမှမဟုတ် SE နဲ့ SEL အကြားက trim လို့ပြောလို့ရပါတယ်။

SE trim

SE မှာ ထည့်သွင်းပေးထားတဲ့ ပစ္စည်းပစ္စယတွေဟာ S models တွေထက် အများကြီးပိုဆွဲဆောင်နိုင်တယ်။ ၁၆ လက်မ အလွိုင်းခွေနဲ့ဘီးကို တပ်ဆင်ပေးထားတဲ့တော့ ကြည့်ရတာ smart ဖြစ်တယ်လို့ ခံစားရမှာပါ။ Bluetooth ဆက်သွယ်ရေးစနစ်ပါတယ်။ ထိုင်ခုံတွေဟာ အဆင့်မြှင့်တင်ထားပြီး အရှေ့ခုံတွေမှာ lumbar support လို့ခေါ်တဲ့ ခါးဆစ်ပိုင်းအထောက်အကူပြုစနစ်ပါဝင်တာကြောင့် အချိန်ကြာကြာကားပေါ်မှာနေမယ့်သူတွေအတွက် တော်တော်လေးအဆင်ပြေပါတယ်။ နောက်ပြီး ထိုင်ခုံတွေကို electric စနစ်နဲ့ ချိန်ညှိလို့ရပါသေးတယ်။ အနောက်မှန်တံခါးတွေက နေကာအရောင်ပါဝင်တယ်။ Cruise control လည်းပါဝင်တာကြောင့် ခရီးဝေးသွားရာမှာ အထောက်အကူကောင်းကောင်းပေးနိုင်မှာပါ။ ကားအတွင်း ဟိုဟိုဒီဒီထည့်စရာ cubbies တွေကလည်း အများကြီးပါပါသေးတယ်။

SEL trim

SEL မှာတော့ အလွိုင်းခွေနဲ့ ဘီးတွေက ၁၇ လက်မဖြစ်သွားပြီ။ ထိုင်ခုံတွေကလည်း ပိုကောင်းသွားမှာဖြစ်ပြီး နူးညံတဲ့ သားရေအပျော့စား suede နဲ့တူတဲ့ Alcantara နဲ့ပြုလုပ်ထားပါတယ်။ Infotainment စနစ်ကတော့ SE Nav version မှာလိုပဲ 6.5 လက်မ မျက်နှာပြင်နဲ့၊ ဂြိုဟ်တုလမ်းညွှန်နဲ့။ ဒါပေသိ ဈေးနှုန်းအရဆိုရင်တော့ SE Nav က ပိုပြီး သင့်တင့်တယ်လို့ ယူဆပါတယ်။

စာရေးသူ : စိုင်းဆိုင်(ရန်ကုန်)
Ref : New Volkswagen Sharan Review by Mat Watson

Author