ပေးသည့်ဈေးနှင့် စီးရတာတန်သည့် Mark II

0

Full article

ဒီတပတ်မှာတော့ မြန်မာနိုင်ငံမှာ အထူးရေပန်းစားလှသည့် Sedan အမျိုးအစားကားတစ်စီးဖြစ်သည့် Toyota Mark II ကားကို သုံးသပ်ရေးသားဖော်ပြသွားမှာဖြစ်ပါသည်။

_ Mark II Car_ ပထမမျိုးဆက်ကို ၁၉၆၈ က စတင်ပြီး ထုတ်လုပ် လာခဲ့ရာ ၂ဝဝဝ ပြည့်နှစ်တွင် ကိုးဆက်မြောက်မျိုးဆက်သို့ ရောက်ရှိလာခဲ့ပြီး ၂ဝဝ၄ အထိ ကားမော်ဒယ်တစ်မျိုးပြီး တစ်မျိုး ဆက်တိုက်ထုတ်လုပ်လာခဲ့ပါသည်။ Mark II ကားများသည် GPS singals အသုံးပြုသည့် Navi-AI-Shift နည်းပညာနှင့် လမ်း၏ မျက်နှာပြင်အနေအထားပေါ်မူတည်ပြီး သင့်လျော်သည့် ဂီယာကို အလိုအလျောက်ပြောင်းပေး သည့် အော်တိုဂီယာနည်းပညာများကို အစောဆုံး တပ်ဆင်ထုတ်လုပ်သည့် ကားများထဲက တစ်ကားဖြစ်ပါသည်။ ၂ဝဝဝ ပြည့်နှစ်ကနေ ၂ဝဝ၇ အထိ နှစ်စဉ်နှစ်တိုင်း ထုတ်လုပ်ခဲ့ခြင်းဖြစ်သော်လည်း မြန်မာနိုင်ငံတွင် အဓိက တင်သွင်း သည့်ကားမော်ဒယ်များမှာ ၂ဝဝဝ၊ ၂ဝဝ၁၊၂ဝဝ၂၊ ၂ဝဝ၃ ခုနှစ်ထုတ် Grande, Regalia နှင့် IR-S တို့ဖြစ်သည်။

အပြင်ပိုင်း

Mark II ကား၏ အပြင်ပိုင်းပုံစံကတော့ အပိုအလိုမရှိ ကျစ်ကျစ်လစ်လစ်လှပသေသပ်လှပါသည်။ ရှေ့မျက်နှာစာတွင် ဘေးတစ်ဖက်တစ်ချက်စီသို့ ကားတက်သွားသည့် ရှေ့မီးကြီးများ၊ စတုဂံပုံစံရှိ ဇံကာ၊ ပါးလွှာလှသည့် လေးနားညီ လေဝင်ပေါက်များ၊ လေးထောင့်ပုံစံ နှင်းခွဲမီးများ၊ အပြင်ကိုကားထွက်နေသော သိသာထင်ရှားလှသည့် bumper များ ပါရှိသဖြင့် ဆွဲဆောင်မှုရှိလှသော ကားအမျိုးအစားတစ်မျိုးဖြစ်ပါသည်။

အတွင်းပိုင်း

Toyota Mark II ကား အတွင်းပိုင်းသည် အမဲရောင်ကားအစိတ်အပိုင်းများနှင့် သစ်သားရောင်အနားကွပ်များပေါင်းစပ် ထားခြင်းမျိုးဖြစ်သည်။ ကား၏ အရှေ့နှင့် အနောက်ထိုင်ခုံများကို ရှမွိုင်းဖြင့် ဖုံးအုပ်ထားပါသည်။ Grande နှင့် IR တို့ တွင် တိမ်းချော်မှုကို ထိန်းချုပ်သည့်စနစ်၊ ပါဝါတံခါးများ၊ ပါဝါ စီတီယာရင်၊ ပါဝါ လော့ခ်တံခါးများ၊ အော်ဒီယိုစနစ်၊ ရေဒီယို၊ အဲယားကွမ်း၊ လေအိပ်နှင့် anti-brake စနစ်တို့ပါဝင်ပါသည်။ Grande-G နှင့် IR-V တို့တွင် လယ်သာထိုင်ခုံ များ၊ လယ်သာစတီယာရင်၊ ဇီနွန်ရှေ့မီးကြီးများ၊ ဒီဇိုင်း ပိုမို စမ်းသစ်သည့် သစ်သားအနားကွပ်များတို့ ထပ်မံထည့်သွင်း ထားပါသည်။ Mark II ၉ ခုမြောက်မျိုးဆက် ကားမော်ဒယ်များသည် အတွင်းခန်းကျယ်ဝယ်ပြီး သက်သောင့်သက်သာ ရှိလှသော ကားများဖြစ်ကြပါသည်။

အင်ဂျင်နှင့် စွမ်းဆောင်ရည်

Mark II car များတွင် မော်ဒယ်အမျိုးအစားအလိုက် ၂.ဝ လီတာ၊ ၂.၅ လီတာနှင့် ၂.၅ လီတာတာဗိုအင်ဂျင်များတပ်ဆင် ထားပြီး ဂီယာ ၅ ကြိမ်ပြောင်းလဲနိုင်သော အော်တိုဂီယာများကို တပ်ဆင်ထားပါသည်။ ၂.ဝ လီတာအင်ဂျင်ဆိုလျှင် မြင်းကောင်ရေအား ၁၆ဝ၊ ၂.၅ လီတာအင်ဂျင်ဆိုလျှင် မြင်းကောင်ရေအား ၂ဝဝ နှင့် ၂.၅ လီတာတာဗိုအင်ဂျင်ဆိုလျှင် မြင်ကောင်ရေအား ၂၈ဝ အထိ ထုတ်ပေးနိုင်ပါသည်။ Mark II မျိုးဆက် ၉ ခုမြောက်ကားများ အားလုံးတွင် ၇ဝ လီတာ ဆန့်သော ဆီကန်ပါဝင်ပြီး ကားအင်ဂျင်နှင့် ခရီးလမ်း (မြို့တွင်းနှင့်မြို့ပြင်) အနေအထားအပေါ်မူတည်ပြီး ဆီစား နှုန်းအပြောင်းအလဲရှိသော်လည်း ပုံမှန်အားဖြင့် ၁ဝဝ ကီလိုမီတာကို ၁၂ လီတာခန့် ကုန်ကျပါသည်။

Mark II ကားများသည် ကောင်းကျိုးများစွာရှိသော်လည်း အင်ဂျင်ပါဝင်မြင့်သောမော်ဒယ်များ (အထူးသဖြင့် ၂.၅ လီတာ တာဗိုအင်ဂျင်တပ် မော်ဒယ်ကားများ)တွင်တော့ ဆီအလွန်စားပါသည်။ မြန်မာနိုင်ငံ၏ ဈေးကွက်အတွင်း Mark II ကား ၏ အတွင်းခန်း သပ်ရပ်လှပမှု၊ အပြင်ပိုင်းဆွဲဆောင်နိုင်မှုတို့ကြောင့် အခြားသော ပြိုင်ဘက် Sedan အမျိုးအစားကားများအနက် အရောင်းအဝယ်လိုက်သောကားဖြစ်ပါကြောင်း။

Author