အန်စာတုံးတွေမျိုးဆက်ပြောင်းပါပြီ။ ဆဋ္ဌမမြောက် မျိုးဆက်မှာတော့ Toyota ရဲ့ HIACE အသစ်ဟာ အရင် ပုံဟောင်းရဲ့ အားနည်းချက်တွေအားလုံးကို ပြောင်းလဲပစ်လိုက်ပါတယ်။ အသေးစိတ်ဆိုရင်တော့ ဆက်လက်ဝင်ရောက်ဖတ်ရှုရမှာပါ။ သေချာတာကတော့ လူ ၁၄ ယောက်ကို ဇိမ်ကျကျတင်ဆောင်ပြီး ခရီးသွားလာဖို့အတွက် အသုံးပြုမယ်ဆိုရင် အဝယ်စာရင်းရဲ့ ထိပ်ဆုံးနေရာမှာ ထားကိုထားရမယ့် ကားတစ်စီးဖြစ်ပါတယ်။
ဈေးနှုန်း
Toyota HIACE GL (manual gearbox) : $43,900 (ကားတန်ဖိုးသီးသန့်)
Toyota HIACE GL (Automatic gearbox) : $44,900 (ကားတန်ဖိုးသီးသန့်)
အားသာချက်
- တိုးတက်ပြောင်းလဲလာတဲ့ အသွင်သဏ္ဌာန်
- ခေတ်မီနည်းပညာများ ပိုမိုပါဝင်လာမှု
- ဘရိတ်စနစ်၏ ကောင်းမွန်မှု
အားနည်းချက်
– နံဘေးလေအိတ်များ တပ်ဆင်ပေးမှုမရှိခြင်း
– ပိုမိုသောလူဝင်ဆံ့မှုအား တောင်းဆိုသူများရှိနေနိုင်ခြင်း
– Halogen အရှေ့မီးသာတပ်ဆင်ပေးထားခြင်း
သုံးသပ်ချက်
Toyota ရဲ့ ဆဋ္ဌမမျိုးဆက် HIACE ဟာ လုံးဝကို ပုံစံကွဲထွက်လာတဲ့ ကားတစ်စီးပါ။ ပိုမိုရှည်လျားသွားတဲ့ ဘီးနှစ်ဘီးကြားအကွာအဝေး၊ မြင့်မားတဲ့ခေါင်တွေနဲ့အတူ အထူးခြားဆုံးကတော့ ကားရဲ့အင်ဂျင်ကို ယာဉ်မောင်းသူနဲ့ အရှေ့ဆုံးစီးနင်းသူထိုင်ခုံတွေအောက်မှာ မထားတော့ဘဲ အရှေ့ကိုထုတ်လိုက်တာပါ။ ဒီလိုမျိုးထုတ်လိုက်ခြင်းအားဖြင့် အရှေ့ထိုင်ခုံတွေမှာ စီးနင်းမောင်းနှင်သူတွေအနေနဲ့ အင်ဂျင်ရဲ့အပူရှိန်ကျရောက်မှု လွန်စွာသက်သာသွားခြင်း၊ မောင်းနှင်သူရော လိုက်ပါစီးနင်းသူပါ ပိုပြီးသက်သောင့်သက်သာဖြစ်စေခြင်းအပြင် ယာဉ်မတော်တဆဖြစ်စဉ်များအတွက် ဒူးအောက်ပိုင်းအထူးစိုးရိမ်ရမှုကိုလည်း လျော့ပါးသွားစေမှာဖြစ်တဲ့အတွက် ကျေနပ်ဖွယ်ရာ တိုးတက်ပြောင်းလဲမှုဖြစ်ပါတယ်။
HIACE တွေဟာ အရင်က ၁၆ ယောက်စီးနင်းနိုင်ပြီး အခုအသစ်မှာတော့ ၁၄ ယောက်ပဲ တင်ဆောင်နိုင်မှာဖြစ်တဲ့အတွက် ပိုမိုတဲ့လူဝင်ဆံ့မှုပမာဏကို လိုချင်သူတွေရှိနိုင်ပါတယ်။ ဒါပေမယ့် လူတင်ဆောင်မှုပမာဏကို လျော့ချလိုက်ခြင်းအတွက် ရရှိလာမယ့် အားသာချက်တွေကတော့အများကြီးပါပဲ။ အဲဒီအထဲကမှ လိုက်ပါစီးနင်းသူအားလုံး သက်သောင့်သက်သာဖြစ်စေမှုနဲ့ နေရာလွတ်ပိုမိုရရှိနိုင်မှုကိုတော့ အားလုံးကနှစ်သက်လိမ့်မယ်လို့ ထင်ပါတယ်။ အရင် အန်စာတုံးဘဝကဆိုရင် ယာဉ်မောင်းသူထိုင်ခုံနဲ့ passenger ထိုင်ခုံကြားမှာ ခုံအမြင့်ထားပြီး လူထပ်မံတင်ဆောင်နိုင်အောင် ပြုလုပ်ပေးထားပေမယ့် အခု HIACE အသစ်မှာတော့ လက်တင်တန်းပါလာတာဟာ လူလိုက်ပါစီးနင်းမှုပမာဏကို သုံးယောက်ကနေပြီး နှစ်ယောက်သို့ လျော့ချလိုက်တာဖြစ်ပေမယ့် သက်သောင့်သက်သာဖြစ်မှုနဲ့ ပိုမိုအသုံးတည့်မှုကို ရရှိစေတာကတော့ တန်ဖိုးရှိတဲ့ အပြောင်းအလဲပါပဲ။
ပုံစံကတော့ လူအများလိုက်ပါစီးနင်းဖို့ရည်ရွယ်ပြီးထုတ်လုပ်ထားတဲ့ကားဖြစ်တယ်။ ထူးခြားချက်အနေနဲ့ အင်ဂျင်ကို အရှေ့ဘက်ကိုထုတ်လိုက်ပြီး semi-bonneted ဒီဇိုင်းဖေါ်ထားတယ်။ ၂ဝ၁၉ model ဖြစ်တဲ့အတိုင်း အရှေ့ပိုင်းမှာ frontlamps ၊ fog lamps ၊ daytime running lights တွေနဲ့ အနောက်ပိုင်းမှာ rear combination lamps တွေအပြည့်အစုံပါတယ်။ အရှေ့မီးကြီးကို Halogen ပဲတပ်ဆင်ပေးထားတာကတော့ ၂ဝ၁၉ model နဲ့လိုက်ဖက်မှုသိပ်မရှိဘူးလို့ယူဆပါတယ်။ အနောက်တံခါးပေါက်အဖြစ် ဘေးနှစ်ဘက်မှာ electric စနစ်သုံး slide doors တွေတပ်ဆင်ပေးထားပြီး ဝင်ပေါက်က model ဟောင်းတွေထက် ပိုကျယ်တာကိုတွေ့ရတယ်။ ဒါဟာလည်း သဘောကျစရာအချက်တစ်ခုပါ။
ခြုံငုံသုံးသပ်ရမယ်ဆိုရင်တော့ Toyota HIACE အသစ်ဟာ ခရီးသွားလုပ်ငန်းလိုမျိုး ဒါမှမဟုတ် လူအစုအဖွဲ့နဲ့ ခရီးသွားဖို့လိုအပ်တဲ့လုပ်ငန်းမျိုးတွေမှာ လိုက်ပါစီးနင်းမယ့်သူတွေကို သက်သောင့်သက်သာဖြစ်စေမယ့် အနေအထားပါပဲ။ မိသားစုဝင်များတဲ့ နေအိမ်တွေအတွက် ဟိုဟိုဒီဒီသွားလာရာမှာလည်း တစ်စုတစ်ဝေးထဲ သွားလာနိုင်လို့ ကုန်ကျစာရိတ်ကို လျော့ချနိုင်ပြီး ခရီးဝေးတွေဘာတွေ သွားမယ်ဆိုလည်း စုစုစည်းစည်း သွားလို့၊ လာလို့ သင့်တော်ပါတယ်။
အတွင်းခန်း
အဟောင်းနဲ့ယှဉ်ရင်တော့ HIACE အသစ်မှာက အပြောင်းအလဲတွေအများကြီးပါပဲ။ လူဝင်ဆံ့မှုပမာဏကလည်း ၁၆ ယောက်ကနေ ၁၄ ယောက်ကိုလျော့ချပြောင်းလဲထားတာတွေ့ရပြီး ဒီလိုပြောင်းလဲမှုဟာ လိုက်ပါစီးနင်းတဲ့လူတွေအားလုံးကို သက်သောင့်သက်သာဖြစ်စေတဲ့အပြင် သယ်ဆောင်ရတဲ့အလေးချိန်လည်း လျော့နည်းသွားမှာဖြစ်တဲ့အတွက် ပိုပြီးစိတ်ချလုံခြုံမှုကိုပေးပါတယ်။ Cockpit နေရာချထားပုံက ကျစ်လစ်ပြီး ယာဉ်မောင်းသူ အလွယ်တကူ လက်လှမ်းမီအောင် ဒီဇိုင်းပြုလုပ်ပေးထားတဲ့အတွက် ယာဉ်မောင်းသူဟာ တပ်ဆင်ပေးထားတဲ့ features တွေကို လွယ်လင့်တကူ အသုံးပြုလို့ရပါတယ်။
Infotainment စနစ်အတွက်ဆိုရင်တော့ Toyota HIACE အသစ်မှာက Multimedia system အနေနဲ့ ၇ လက်မ touchscreen နဲ့ပါ။ ရေဒီယိုဆိုရင် AM/FM ဖွင့်လို့ရမယ်။ နောက် CD/DVD ဖွင့်လို့ရမယ်။ USB နဲ့ AUX အပေါက်တွေလည်းတပ်ဆင်ပေးထားတာတွေ့ရပါတယ်။
Semi-bonnet ဖြစ်သွားတဲ့အတွက် ကားအတွင်းပိုင်း အသံဆူညံမှုနည်းပါးသွားတာကလည်း ယာဉ်မောင်းသူအတွက်သာမက လိုက်ပါစီးနင်းမယ့်သူတွေအားလုံးအတွက် စိတ်ချမ်းသာစရာပါ။ လိုက်ပါစီးနင်းမယ့်သူတွေအတွက် စာဖတ်မီးလေးတွေတပ်ဆင်ပေးထားတာကတော့ လုပ်ငန်းလုပ်ဆောင်ဖို့ ခရီးသွားတာပဲဖြစ်ဖြစ်၊ ခရီးသွားရင်း စာဖတ်နိုင်သူတွေအတွက်ပဲဖြစ်ဖြစ် အဆင်ပြေစေပါတယ်။ Air conditioning ကလည်း အရှေ့နဲ့အနောက် ခွဲပေးထားတာဖြစ်တဲ့အတွက် တစ်စီးလုံးအေးအေးချမ်းချမ်းရှိတာ တွေ့ရတယ်။
အကျဉ်းချုပ်သုံးသပ်ရမယ်ဆိုရင်တော့ Toyota HIACE အသစ်ရဲ့ ပြောင်းလဲမှုပုံစံဟာ လူများများ၊ တစ်စုတစ်ဝေးထဲ ခရီးသွားလာဖို့အတွက် တော်တော်လေးကို သင့်လျော်တဲ့ကားတစ်စီးပါလို့ ဆိုချင်ပါတယ်။ လက်ခုပ်တီးကြိုဆိုချင်စရာ အပြောင်းအလဲနဲ့ Toyota HIACE အသစ် ပါပဲ။
လက်တွေ့ဆိုရင်
လက်တွေ့ကျကျ ဝယ်ယူစီးနင်းမယ်ဆိုရင် ပထမဆုံးတွေ့ရမှာက Toyota HIACEရဲ့ သက်သောင့်သက်သာစီးနင်းနိုင်မယ့် ထိုင်ခုံတွေပါ။ ဒါဟာ လူအများနဲ့ခရီးသွားပြီဆိုရင် ကျဉ်းကျဉ်းကျပ်ကျပ် သွားလာနေရတာများတဲ့ ကိုယ်တွေလိုမျိုးလူတွေအတွက်တော့ ကျေနပ်စရာကောင်းပါတယ်။ ထိုင်ခုံတွေကို သားရေနဲ့ ရှန်မွိုင်း ပေါင်းစပ်ဖုံးအုပ်ပေးထားတာက သားရေသားအပြည့်ထိုင်ခုံတွေကိုပဲ နှစ်သက်သူတွေအတွက်တော့ ကြိုက်နှစ်သက်မှု လျော့ကျစေနိုင်ပေမယ့် ရှန်မွိုင်းသားထိုင်နေကျသူတွေအတွက်တော့ ပိုမိုကောင်းမွန်တဲ့ ထိတွေ့ခံစားမှုကို ရရှိစေမှာပါ။
တစ်ခုရှိတာက ထိုင်ခုံလူအပြည့်မှာမှ luggage အကြီးစားလိုမျိုး ပစ္စည်းအပြည့်ကိုယ်စီနဲ့ဆိုရင်တော့ နည်းနည်းကျပ်သွားနိုင်ပါတယ်။ လူတစ်ယောက်၊ သာမန်လက်ဆွဲအိတ်တစ်အိတ်စီနဲ့ဆိုရင်တော့ အကောင်းဆုံးပါပဲ။
အနောက်ခန်းတံခါးပေါက်ရဲ့အကျယ်ဟာ model အဟောင်းထက်ပိုကျယ်ပြီး electric motor တွေနဲ့ အဖွင့်အပိတ်လုပ်နိုင်တာကတော့ တကယ့်ကိုလက်တွေ့ကျလှပါတယ်။ အရင်လိုမျိုး "ဝုန်း" ကနဲဆွဲဖွင့်၊ "ဝုန်း" ကနဲဆွဲပိတ်တာမျိုးတွေ အားသုံးပြီး လုပ်စရာမလိုတော့ဘူးပေါ့။
၂ဝ၁၉ ထုတ် ကားတွေမှာ မပါမနေ တပ်ဆင်ပေးထားတဲ့ parking assist နဲ့ အနောက်ကြည့်ကင်မရာကတော့ ဒီ HIACEလိုမျိုး ကိုယ်ထည်ရှည်လျားတဲ့ကားတွေအတွက် မရှိမဖြစ်ပါပဲ။ Airbags တွေကတော့ အရှေ့ထိုင်ခုံတွေအတွက် နှစ်လုံးပဲပါဝင်ပါတယ်။ ဒါကတော့ ပိုမိုထည့်သွင်းပေးနိုင်ရင် ပိုကောင်းမယ်လို့ ယုံကြည်ပါတယ်။ Toyota ရဲ့ ထုံးစံအတိုင်း VSC (vehicle stability control) တပ်ဆင်ပေးထားတာကတော့ လမ်းပေါ်တွေမှာ ချော်ထွက်သွားနိုင်မှု ရာနှုန်းကိုလျော့ချပေးနိုင်တဲ့အတွက် ဒီစနစ်ဟာလည်း HIACE လိုမျိုး ကိုယ်ထည်မြင့်တဲ့ကားအမျိုးအစားတွေအတွက် မရှိမဖြစ်တပ်ဆင်ပေးမှုပါပဲ။ ကုန်းတက်ရာမှာ နောက်ကို ရုတ်တရက်လိမ့်မဆင်းသွားအောင် အထောက်အပံ့ပေးနိုင်တဲ့ HAC (Hill-start Assist Control) တပ်ဆင်ပေးထားတာလည်း ကုန်းတက်တွေမှာ ဘရိတ်နင်းပြီး စောင့်စောင့်နေကြရတာများတဲ့ ကိုယ်တွေနိုင်ငံအတွက် အသုံးဝင်တဲ့ စနစ်တစ်ခုလို့ပဲမြင်ပါတယ်။
Toyota HIACE အသစ်ဟာ Safety ပိုင်းကောင်းမွန်တဲ့ကားတစ်စီးဖြစ်ပြီး အဲဒီအထဲကမှ အနှစ်သက်ဆုံးကတော့ ထိုင်ခုံတိုင်းမှာထိုင်ခုံခါးပတ်တပ်ဆင်ပေးထားခြင်းပါ။
အားနည်းချက်အနေနဲ့ပြောရမယ်ဆိုရင်တော့ လူဝင်ဆံ့မှုနည်းပါးခြင်းပါပဲ။ တိတိကျကျပြောရမယ်ဆိုရင် ပြဋ္ဌာန်းထားတဲ့ လူအရေအတွက် ၁၄ ယောက်ထက်ပိုမိုတင်ဆောင်ဖို့ဆိုရင် အခက်အခဲရှိမှာပါ။
မောင်းနှင်မှု
တပ်ဆင်ပေးထားတဲ့ အင်ဂျင်က Fortuner ရဲ့ 1GD-FTV turbo intercooler ဒီဇယ် အင်ဂျင်ပါ။ အမြင့်ဆုံး ပါဝါထုတ်လွှတ်မှုအနေနဲ့ 154hp/3,600rpm အထိရှိတာကြောင့် အခုလိုမျိုး MPV တွေအတွက် သိပ်လည်းမများသလို သိပ်လည်း မနည်းပါဘူး။ HIACE model အဟောင်းမှာတုန်းကတပ်ဆင်ပေးထားတဲ့ 5L အင်ဂျင်ဟာ အသံထွက်အရမ်းကျယ်သလို ကားအတွင်းခန်းထဲကိုရောက်နေတဲ့အတွက် အင်ဂျင်သံက ပိုလို့တောင်မှ ကျယ်လောင်နေတတ်တာပါ။ အခု HIACE အသစ်ရဲ့ ပုံစံနဲ့ အင်ဂျင်ကတော့ တော်တော်လေး fine တာတွေ့ရပါတယ်။ နောက်တစ်ခုက Toyota HIACE ဟာ အနောက်ယက်ပါ။ လူအများအပြားတင်ဆောင်မယ့် ကားတွေဟာ အရှေ့ယက်ထက်စာရင် အနောက်ယက်ဖြစ်တာဟာ ပိုမိုတဲ့တည်ငြိမ်မှု၊ တောင်တက်လမ်းတွေမှာ ပိုမိုအဆင်ပြေမှုတွေကို ရရှိစေတတ်တာမျိုးပါ။
အနိမ့်ဆုံး turning radius အနေနဲ့ 6.4m အထိရလာတာဟာလည်း ဂငယ်ကွေ့တွေမှာ ပိုမိုချောမွေ့လာစေပါတယ်။
Automatic gear box အနေနဲ့ 6-speed transmission ရတာကိုလည်း ကြိုက်ပါတယ်။ ဒါကြောင့်လည်း စမ်းသပ်မောင်းနှင်ရာမှာ gear အပြောင်းအလဲပိုမိုညှင်သာပြီး ဆီစားနှုန်းကလည်း ပိုမိုသက်သာလာပုံရပါတယ်။
Suspension ပိုင်းကိုတော့ မဆိုးပါဘူးလို့ပြောရမှာပါ။ အရှေ့ပိုင်းက MacPherson strut နဲ့အနောက်ဘက်ကတော့ leaf spring ပါ။ ကြမ်းကြမ်းတမ်းတမ်းမောင်းနှင်လို့ရမယ့် အောက်ပိုင်းပါပဲ။
မောင်းနှင်မှုအပိုင်းနဲ့ပတ်သက်ပြီး သုံးသပ်ပြရမယ်ဆိုရင်တော့ ဇိမ်ခံကားအကောင်းတွေလိုတော့ မဟုတ်ဘူးပေါ့ဗျာ။ ဒါပေမယ့် ခရီးသည် ၁ဝ ယောက်အထက် တင်ဆောင်နိုင်တဲ့ ကားတွေထဲမှာတော့ Toyota HIACE အသစ်ဟာ ခေတ်နဲ့လျော်ညီအောင်ပြောင်းလဲလာတယ်။ ပြောင်းလဲလာတဲ့ ပြောင်းလဲမှုတွေကလည်း ကြိုဆိုစရာပြောင်းလဲမှုတွေချည်းဖြစ်နေတယ်။ လက်တွေ့မောင်းနှင်ရာမှာလည်း model အဟောင်းထက် အသံဆူညံမှုနည်းပါးခြင်း၊ ပိုမိုတည်ငြိမ်မှုရှိလာခြင်း၊ ယာဉ်မောင်းအတွက် သက်သောင့်သက်သာပိုမိုရှိလာခြင်း၊ လိုက်ပါစီးနင်းသူတွေအတွက်လည်း လေယာဉ်တစ်စီးနဲ့လိုက်ပါသလိုမျိုး ပိုမိုပြီး ဇိမ်ကျကျလိုက်ပါစီးနင်းနိုင်ခြင်း စတဲ့အားသာချက်တွေကိုတွေ့ရပါတယ်။ လူစုလူဝေးနဲ့ ခရီးသွားလာချင်တဲ့လူတွေ ဝယ်ယူအသုံးပြုဖို့ အကောင်းဆုံး ကားတွေထဲက တစ်စီးပါပဲလို့ ထောက်ခံတင်ပြချင်ပါတယ်။
ပါဝင်တဲ့အချက်တွေ
Toyoya HIACE 2019 GL နဲ့ပတ်သက်တဲ့အချက်အလက်တွေကတော့
Dimensions & Weight
Wheelbase : super long
Roof type : high roof
Seating capacity (doors) : 14 (4)
Overall
Length : 5915 mm
Width : 1950 mm
Height : 2280 mm
Wheelbase : 3860 mm
Tread Front : 1675 mm
Rear : 1670 mm
Overhang Front : 950 mm
Rear : 1105 mm
Gross vehicle weight : 8,400 lbs
Fuel tank capacity : 65 litres
Chassis
Transmission type : 6-speed manual transmission
: 6-speed automatic transmission
Brakes Front : Ventilated discs
Rear : Ventilated discs
Suspension Front : MacPherson strut
Rear : Leaf spring, rigid axle
Steering gear type : Power steering system
Minimum turning radius : 6.4 m
Tires : 235/65R16C
Engine
Engine type : 2.8-litre disel (1GD-FTV engine)
Number of cylinders & arrangement : 4 cylinders, in-line
Valve mechanism : 16-valve DOHC
Bore x stroke : 92.0 x 103.60 mm
Displacement : 2755cc
Fuel type : Diesel
Maximum output : 154hp/3,600rpm
Maximum torque : 420Nm/1,600-2,200rpm
Exterior
Radiator grille : Plating
Bumper : Body colored
Headlamps : Halogen
Front fog & driving lamp : Bulb
Daytime running light system : LED
Rear combination lamps : Bulb (GL Grade)
Disc wheel : 16-inch aluminum
Power slide door : with auto & easy closer
Wireless door lock system : yes
Interior
Steering column : Tiltable & telescopic
Audio system : 7-inch display audio, AM/FM/DVD/CD/Bluetooth
Speakers : 6 speakers
Audio jack (cockpit area) : AUX & USB
Front air conditioning : yes (cooler)
Rear air conditioning : yes (cooler)
Seat material : Hi Fabric
Speedometer : Analog (mile/h, main, km/h)
Accessory connector (cabin area) : DC12V x 1 (DC12V x1 + USB2 x 3)
Safety System
Anti-lock Brake System (ABS) : yes
Vehicle Stability Control (VSC) : yes
Hill-start Assist Control (HAC) : yes
Parking assist : Clearance sonar + back sonar + back guide monitor
SRS airbags : Driver & front passenger
စမ်းသပ်မောင်းနှင်ရန်နှင့် ဓါတ်ပုံရိုက်ကူးရန်အတွက် အကူအညီပေးပါသော Toyota Aye and Sons အား အထူးပင်ကျေးဇူးတင်ရှိလျက်......
စာရေးသူ : ဂျူနို
ဓါတ်ပုံ : ထက်အောင်