Rolls-Royce Cullinan ကြိုက်မိ အပြစ်ရှိလား

0

Full article

  • ဈေးနှုန်း : $325,000 ခန့် (နိုင်ငံတကာ)

Rolls-Royce အမှတ်တံဆိပ်ဟာ 1904 ခုနှစ်က စတင်ခဲ့တာမို့ သက်တမ်းအားဖြင့် 116 နှစ်ရှိပြီဖြစ်ပြီး လက်ရှိအချိန်မှာတော့ ကမ္ဘာကျော် ဂျာမန်ကားကုမ္ပဏီအစုအဖွဲ့ကြီး BMW က ပိုင်ဆိုင်ထားပါတယ်။​ ဈေးနှုန်းအလွန်မြင့်တဲ့ ဇိမ်ခံကားတွေကိုပဲ ထုတ်လုပ်လေ့ရှိတဲ့ Rolls-Royce ဟာ 2019 ခုနှစ်အတွင်း ကားအစီးရေငါးထောင်ကျော်ရောင်းချခဲ့ရပြီး နှိုင်းယှဉ်မယ်ဆိုရင် 2019 ခုနှစ်မတိုင်မီ ရောင်းအကောင်းဆုံးဖြစ်ခဲ့တဲ့ 2018 ခုနှစ်မှာ လေးထောင်ကျော်ကျော်လေးပဲရောင်းချခဲ့ရတာပါ။ ဒီလို ရောင်းအား 25% လောက်မြင့်တက်သွားတဲ့အချက်မှာ ကုမ္ပဏီအတွက် ပုံမှန်မဟုတ်တဲ့ SUV အမျိုးအစား Cullinan ထုတ်လုပ်ရောင်းချခဲ့ခြင်းကလည်း အဓိကနေရာက ပါဝင်လို့နေပါတယ်။ Cullinan ကို 2018 ခုနှစ်ကမှ စတင်ထုတ်လုပ်ခဲ့ကြတာဖြစ်ပြီး ပြောရမယ်ဆိုရင် ဇိမ်ခံမှု level အမြင့်ဆုံး SUV အမျိုးအစားလို့ဆိုနိုင်ပါတယ်။

4x4 ကားတွေအားလုံးထဲမှာ ဇိမ်အကျဆုံး Cullinan ဟာ Rolls-Royce ရဲ့ နာမည်ကျော် Phantom နဲ့ဆိုရင် ပုံစံပိုင်းနည်းနည်းဆင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကြီးမားတဲ့ Rolls-Royce  ရဲ့မူပိုင် grille ၊ ဒဲ့ဆင်းထားတဲ့ နံဘေးကိုယ်ထည်နဲ့ စတုရန်းပုံစံမကျတကျ ခေါင်ပုံစံဟာ လူတိုင်းကို စွဲဆောင်နိုင်တာ သေချာတယ်။ Cullinan ဟာ Phantom နဲ့ wheelbase ခြင်းအတူတူဖြစ်ပေမဲ့ SUV ဖြစ်တဲ့အတိုင်း အမြင့်ကတော့ အများကြီးပိုပါတယ်။

SUV အမျိုးအစားတွေမှာ မောင်းနှင်မှုပိုင်းအရဆိုရင် Lamborghini Urus ကို 'တစ်' ပေးချင်ပေမဲ့ ဇိမ်ကျမှုအပိုင်းအတွက်ဆိုရင်တော့ Rolls-Royce Cullinan ဘက်မှာပဲ နေလိုက်ချင်ပါတယ်။ Cullinan နဲ့ပတ်သက်ပြီးအကြိုက်ဆုံးအချက် ၁၀ ချက်ကို ရွေးနုတ်ပေးပါဆိုရင်တော့...

  • VIN plate

ကားရဲ့ အလယ်ထောက်တိုင်မှာကပ်ထားတဲ့ စစ်မှန်ကြောင်းအမှတ်အသား VIN plate ပြားပါ။ လိုဂိုအမှတ်အသား၊ ROLLS-ROYCE GOODWOOD စာလုံးနဲ့ serial နံပါတ်တွေ ထွင်းထားတဲ့ plate ပြားဖြစ်ပြီး မြင်ရုံနဲ့တင် စစ်မှန်ကြောင်း၊ တန်ဖိုးကြီးလှကြောင်း သိရှိနိုင်စေပါတယ်။

  • Panoramic Roof

Panoramic Roof ကတော့ သိကြတဲ့အတိုင်း SUV အများအပြားမှာ ပါလေ့ရှိတယ်။ ဒါပေမဲ့ Cullinan ရဲ့ panoramic roof ကတော့ အကျယ်ဆုံးတွေထဲကတစ်ခုဖြစ်တယ်။ မှန်ကို တစ်ဝက်တင်မက အပြည့်လည်းဖွင့်လို့ရတာမျိုးကတော့ Cullinan ကလွဲရင် တော်တော်ကြီးရှားပါလိမ့်မယ်။

  • နောက်ပစ္စည်းထားခန်း

Cullinan ရဲ့ boot အဖုံးက အပေါ်တစ်ချပ် အောက်တစ်ချပ်ဖွင့်ရတာပါ။ သီးသန့်မှာယူထားမယ်ဆိုရင် အောက် boot အဖုံးအတွင်းမှာ ထိုင်ခုံနှစ်လုံးနဲ့ cocktail စားပွဲလေးတစ်ခုပါ ခေါက်ပြီးထည့်သွင်းပေးထားမှာဖြစ်တယ်။ ဘယ်နေရာရောက်ရောက် ကိုယ့်ရဲ့အရင်းနီးဆုံးသူနဲ့အတူ သာယာနိုင်တာမျိုးပေါ့။ နောက်တစ်ချက်က နောက်ခုံတန်းကို ခေါက်လိုက်ပြီးချိန်မှာ နောက်ပစ္စည်းထားခန်းကြမ်းပြင်နဲ့ နောက်ခုံတန်းကျောမှီတို့ကို တစ်တန်းဖြစ်သွားအောင် ချိန်ညှိနိုင်တယ်။ တစ်ပြေးတည်းမျက်နှာပြင်ကို တိတိကျကျရရှိနိုင်တာပေါ့။

  • Off-road ခလုတ်

Rolls-Royce Cullinan ရဲ့ center console မှာ off-road ဆိုတဲ့ ခလုတ်သီးသန့်ပါရှိတယ်။ တကယ်တော့ လမ်းကြမ်းမှာမောင်းနှင်ဖို့အတွက်ဆိုရင် ကားတစ်စီးကို ချိန်ညှိရတဲ့အချက်တွေကအများကြီးပါပဲ။ Cullinan မှာတော့ ခလုတ်တစ်ချက်နှိပ်ရုံနဲ့တင် Rolls-Royce က သူ့ဘာသာချိန်ညှိပေးသွားနိုင်တာမျိုးပေါ့။

  • နောက်လူစီးခန်း ဖျော်ဖြေရေး

နောက်ခုံမှာထိုင်ပြီး ရှေ့ခုံကျောမှီညာဘက်က ခလုတ်တစ်ခုကိုနှိပ်လိုက်တယ်ဆိုရင်ပဲ မျက်နှာပြင်တစ်ခုနဲ့ တင်စရာစားပွဲငယ်တစ်ခုထွက်လာမှာပါ။ ရှေ့ထိုင်ခုံနှစ်လုံးစလုံးရဲ့ ကျောဘက်မှာ ပါ ပါတယ်။ ဘယ်ဘက်က ခလုတ်ကိုနှိပ်လိုက်မယ်ဆိုရင်တော့ မျက်နှာပြင်က ရှေ့ကိုထွက်လာမှာဖြစ်ပြီး စားပွဲငယ်ပေါ်မှာ ကိုယ်ပိုင် laptop တင်သုံးချင်သူတွေအတွက်တော့ နှိပ်စရာမလိုတဲ့ခလုတ်ပေါ့။ ထွက်ရှိလာတဲ့ infotainment မျက်နှာပြင်ကနေပြီး navigation ၊ air conditioning စတဲ့  ကားတွင်းထိန်းချုပ်မှုတချို့ကိုလည်း လုပ်ဆောင်နိုင်တယ်။

  • V12 အင်ဂျင်

မော်ဒန်မဖြစ်တော့ဘူးဆိုပေမဲ့ V12 အင်ဂျင်ဟာ အကောင်းဆုံးတွေထဲက အကောင်းဆုံးသော ရွေးချယ်မှုတစ်ခုပါပဲ။​ Bentley ရဲ့ Bentayga တို့ဆိုရင် W12 နဲ့တောင်မှရရှိနိုင်တာဖြစ်ပေမဲ့ V12 ဟာ မောင်းနှင်သူလိုအပ်တဲ့ပါဝါထက် အမြဲတမ်းပိုမို ထုတ်လွှတ်ပေးနိုင်တာမျိုးပါ။​ နောက်တစ်ခုက Cullinan ရဲ့ V12 ဟာ twin-turbo ဖြစ်ပြီး Phantom နဲ့အတူတူပါပဲ။ အများဆုံးပါဝါ 563hp အထိထုတ်လွှတ်ပေးနိုင်စွမ်းရှိပြီး အမြန်ဆုံးအနေနဲ့ 155mph အထိတင်ပြီးမောင်းလို့ရတယ်။ 0-60mph နှုန်းအတွက် 5-sec ဝန်းကျင်သာလိုအပ်တဲ့အတွက် အားကောင်းမောင်းသန်ရှိရတဲ့အထဲ မြန်လည်းမြန်တယ်ဆိုတဲ့ အင်ဂျင်မျိုးပေါ့။ ယှဉ်မယ်ဆိုရင်တော့ Lamborghini ရဲ့ Urus နဲ့ပဲယှဉ်ရမှာပါပဲ။

  • အထွေထွေနည်းပညာ

Infotainment စနစ်အရမ်းကောင်းတယ်။ အပူ/အအေးစနစ်ဆိုရင်လည်း ဇိမ်ခံကားအဆင့် ကားအများစုက ထိုင်ခုံအထိပဲ အပူ/အအေးစနစ်ပါကြတယ်။ Cullinan မှာက armrest မှာတောင်မှ အပူ/အအေးပေးစနစ်နဲ့။ နောက်တစ်ခု။ ဒီမှာ 360° ကင်မရာလို့ခေါ်ကြတဲ့ 3D panoramic view ကလည်း ကောင်းမှကောင်း၊ ကြည်မှကြည်တဲ့အပြင်ကိုမှ အပေါ်ကကြည့်တဲ့မြင်ကွင်းသာမက 3D မြင်ကွင်းနဲ့ ကားတစ်စီးလုံးနဲ့ဝန်းကျင်ကို လှည့်ပတ်ကြည့်လို့ပါရသေးတယ်။ ထိုင်ခုံတွေရဲ့ massage စနစ်ကလည်း mode နှစ်ဆယ့်လေးမျိုးအထိတောင်မှာ ပြောင်းလဲပြီး နှိပ်ခိုင်းလို့ရတယ်။ ကျန်တဲ့ အသံအရည်အသွေး၊ ရုပ်ထွက်အရည်အသွေး၊ တုံ့ပြန်မှု စတာတွေတော့ ထည့်မပြောတော့ပါဘူး။​ အကောင်းဆုံးကိုဝယ်ရင် အကောင်းဆုံးတွေပဲရပါတယ်။

  • မောင်းနှင်မှုအရည်အသွေး

မြင့်မြင့်မားမားမှာ ဇိမ်ကျမှုအထူးရှိတယ်ဆိုတော့ နတ်ပြည်လားလို့တောင်တင်စားလို့ရတယ်။ တစ်ခုတည်းသော မကောင်းတဲ့အချက်က ကိုယ်က မောင်းတော့ မောင်းရဦးမှာ ဆိုတာလေးပဲ။ ပုံမှန်ကားတွေထက် နှစ်ဆထူတဲ့ မှန်တွေတပ်ဆင်ထားတယ်။ တာယာတွေကလည်း အကောင်းဆုံး foam-fill တာယာတွေ။ နောက်ပြီး Cullinan ရဲ့ အောက်ပိုင်းက air suspension နဲ့ဖြစ်ပါတယ်။ ချောမွေ့တယ်။ သက်သောင့်သက်သာဖြစ်တယ်။ လေဟုန်စီးနေရသလိုပါပဲ။​

  • အတွင်းခန်း

သိတယ်မလား။ Rolls-Royce ရဲ့အတွင်းခန်းရဲ့ အရည်အသွေးဟာ ကမ္ဘာအကောင်းဆုံး ကားတွေထဲမှာမှ အကောင်းဆုံးတစ်ခု။ အသုံးပြုထားတဲ့ materials တွေထဲမှာ အကောင်းဆုံး သားရေသားတွေကို အများဆုံးအသုံးပြုထားတယ်။​ သားရေသားရဲ့ကောင်းမွန်မှုကို ကိုင်ကြည့်စရာတောင်မလိုဘူး။ အနံ့ရလိုက်ရုံနဲ့တင် သိသာတယ်။ ကျန်တာတွေက piano black သစ်သားအစစ်တွေကို trim အဖြစ်အသုံးပြုထားတယ်။​ လုံးဝကို လှပသေသပ်တဲ့ ပန်းပုလက်ရာလိုမျိုးပါပဲ။ တပ်ဆင်ထားတဲ့ ခလုတ်တွေအားလုံးဟာ တစ်ခုခြင်းစီကို သေသေချာချာ အာရုံစိုက်ပြီး ထုတ်လုပ်ထားမှန်း သေချာကြည့်လေ မြင်သာလေပါပဲ။ ပြောရမယ်ဆိုရင် ကားကိုကြာကြာစီးနင်းမောင်းနှင်လေလေ ကားရဲ့တန်ဖိုးကို ပိုပြီးသိလာလေလေ၊ ပိုပြီးချစ်မြတ်နိုးလာလေလေဖြစ်အောင် တည်ဆောက်ထားတာရယ်။

  • တံခါးပေါက်တွေ

Rolls-Royce Cullinan ရဲ့တံခါးပေါက်တွေက ရင်ကွဲပုံစံပါ။ နောက်တံခါးမှာ ထီးအရှည်ထည့်ဖို့အတွက် သီးသန့်အပေါက်ပါတယ်။ တံခါးပေါက်တွေရဲ့ အကောင်းဆုံးအချက်က ပြုလုပ်ထားတဲ့အရည်အသွေး၊ ခလုတ်နှိပ်လိုက်ရုံနဲ့ ပိတ်သွားတဲ့နည်းပညာတွေမဟုတ်ရပါဘူး။ အကျယ်အဝန်းပါ။ ကားပေါ်ကို ကုန်းတက်ရတာမျိုး၊ ညှပ်ဝင်ရတာမျိုးတွေလုပ်စရာမလို။ သက်သောင့်သက်သာလှဲချလိုက်ရုံသာလိုအပ်တဲ့ တံခါးပေါက်တွေပဲဖြစ်ပါတယ်။

Ref: The 10 Best Things About the Rolls-Royce Cullinan

Author