Tesla Model X 2019 Review

0

Full article

တစ်ကမ္ဘာလုံးကတော့ Tesla ကထုတ်တဲ့ကားတွေကို ကားလောကရဲ့ အနာဂတ်လို့ခေါ်နေကြပါတယ်။ ကားသမိုင်းကြောင်းတစ်လျှောက် ထုတ်လုပ်ခဲ့ဖူးတဲ့ လျှပ်စစ်ကားတွေထဲမှာတော့ Tesla ဟာ လက်ရှိအချိန်အထိ အကောင်းဆုံးပါပဲ။ Tesla Model X ကတော့ လူခုနစ်ယောက်စီး SUV အမျိုးအစားပါ။ ဒါပေမယ့်......

အားသာချက်

  • အမြင့်ဆုံး အဆင့်မြင့်နည်းပညာများတပ်ဆင်ထား
  • လျှပ်စစ်ကားများအတွင်း အပြတ်အသတ်သာလွန်တဲ့ စွမ်းဆောင်ရည်
  • Falcon တံခါးတွေရဲ့ လုပ်ဆောင်ချက်

အားနည်းချက်
– ဈေးနှုန်းမြင့်မားခြင်း
– အချို့အစိတ်အပိုင်းများရဲ့ အရည်အသွေး
– Falcon တံခါးတွေရဲ့ အဖွင့်အပိတ်အတွက် အချိန်ပေးရမှု

သုံးသပ်ချက်

Tesla Model X ကတော့ဖြင့် တကယ့်ကို အံ့အားသင့်စရာပါ။ Model X ကို SUV တစ်စီးလို့ပြောကောင်းပြောကြလိမ့်မယ်။ ဒါပေမယ့် Model X ဟာ Tesla ရဲ့ Model S ကို လူများများတင်ဆောင်နိုင်ဖို့အတွက် ပုံစံပြောင်းလဲထားတာနဲ့ ပိုတူပါတယ်။ S နဲ့ တူတာတွေကတော့ X ဟာလည်းပဲ electric ကားဖြစ်သလို chassis တောင်မှ တူညီတဲ့ chassis ပဲအသုံးပြုထားတယ်။ Drivertrain (transmission နှင့် drive axles တို့ကို ဆက်သွယ်သည့်စနစ်) တို့ suspension အစိတ်အပိုင်းတွေကလည်း အတူတူပါပဲ။ ဒါပေမယ့် ပိုပြီးလက်တွေ့ကျတဲ့ ကိုယ်ထည်နဲ့ပေါ့။ X က လူခုနစ်ယောက် ကောင်းကောင်းကြီး စီးလို့ရတယ်လေ။
Tesla Model X ကို အနီးစပ်ဆုံး နှိုင်းယှဉ်ရမယ်ဆိုရင် BMW X5 hybrid ၊ Audi Q7 e-tron နဲ့ Range Rover P400e တို့နဲ့ နှိုင်းယှဉ်ရမယ်ထင်တယ်။ ဒါပေမယ့် တကယ့်တော့ Tesla Model X က ဒီနေ့ဈေးကွက်အတွင်းမှာရှိတဲ့ ဘယ်ကားနဲ့မှ မတူပါဘူး။ လုံးဝကို ကွဲထွက်နေတဲ့ ကားအမျိုးအစားပါ။
Tesla Model X ရဲ့ ထူးခြားချက်တွေက ဘာလဲ?
(၁) လက်ရှိ ရှိနေတဲ့ ဘယ်ကားမဆို Model X လောက် နောက်ပြန်လှည့်ကြည့်ခံရဖို့မရှိဘူး။
(၂) Falcon ငှက်ရဲ့ အတောင်ပံလိုမျိုး အပေါ်ကိုလှန်ဖွင့်ရတဲ့ အနောက်တံခါးနှစ်ချပ် (ငှက်အတောင်ပံဖြန့်သလိုမျိုး ပွင့်လာတဲ့ Model X ရဲ့ တံခါးဟာ ကျဉ်းကြပ်တဲ့ ကားပါကင်မျိုးမှာ ဖွင့်ဖို့မလွယ်လှဘူးထင်ရပေမယ့် ပုံမှန်တံခါးတွေထက် ဖွင့်ဖို့ ပိုလွယ်တဲ့အပြင် အတက်အဆင်းပြုလုပ်ရာမှာလည်း သိသိသာသာကောင်းမွန်တာကိုတွေ့ရပါတယ်။ ဆိုးတာကတော့ တံခါးအဖွင့်အပိတ် အချိန်ကြာတာပါ)
(၃) ဘယ်လိုကားမျိုးမှာမှ မပါဝင်တဲ့ ၁၇ လက်မ infotainment စနစ် (ကားရဲ့ ရှိသမျှ တံခါးပေါက်အားလုံးကို အဖွင့်အပိတ် လုပ်ဆောင်နိုင်ခြင်း၊ ကားအတွင်းရှိထိုင်ခုံအနေအထား အပြောင်းအရွှေ့လုပ်ဆောင်နိုင်ခြင်း အပါအဝင် ကားတစ်စီးလုံးမှာပါဝင်တဲ့ features တွေအားလုံးကို ဒီ infortianment စနစ်က အလုံးစုံထိန်းချုပ်ထားပြီး မျက်နှာပြင်ကတော့ တုန့်ပြန်မှုရော ကြည်လင်ပြတ်သားမှုပါ အထူးကောင်းမွန်တဲ့အပြင် လက်တွေ့စမ်းသပ်ချက်အရ မီးခြစ်နဲ့ ရှို့ကြည့်တာတောင်မှ မပျက်စီးသည်အထိ အကြမ်းလည်းခံပါတယ်)
(၄) Auto Pilot စနစ်ပါဝင်ခြင်း (သူ့ရဲ့ Auto Pilot က နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဖေါက်လုပ်ထားတဲ့လမ်းတွေပေါ်မှာဆိုရင် ကားကိုလူက ထိန်းချုပ်စရာ လုံးဝမလိုတဲ့အထိ စွမ်းဆောင်နိုင်ပါတယ်)
(၅) ပစ္စည်းထားရန်အတွက် တာယာအကြီး လေးလုံးကို သာသာလေးဝင့်ဆံ့တဲ့ အနောက်ခန်းအပြင် အရှေ့ခန်းမှာလည်း နေရာလွတ်တွေပါရှိခြင်း (အရှေ့အင်ဂျင်ခန်းနေရာက ဘာမှမပါတဲ့နေရာလွတ်ပါ။ လျှပ်စစ် မော်တာတွေနဲ့ မောင်းနှင်တဲ့ကားဖြစ်ပြီး မော်တာတွေနဲ့ ဘက်ထရီက ကားကြမ်းပြင်မှာ ထားရှိထားတာပါ)
(၆) လျှပ်စစ်ကားများတွင်သာမက အလွန်ကောင်းမွန်သော တန်ဖိုးကြီးပြိုင်ကားများမှအပ မည်သည့်ကားအမျိုးအစားထက်မဆို နောက်ကျကျန်နေတာမျိုး မရှိခြင်း
(၇) ယာဉ်မောင်းသူရဲ့အထက် ခေါင်းပေါ်ကိုကျော်တဲ့အထိ အရှေ့လေကာမှန်ပါရှိခြင်း (ဘယ်ကားမှာမှ မတွေ့ရနိုင်တဲ့ panaromic မြင်ကွင်းကျယ်နဲ့ မောင်းနှင်နိုင်ပါတယ်)
(၈) Boot တွင် ပိုမိုဝင်ဆံ့စေရန်အတွက် အနောက်ဆုံးခုံတန်းကို ခေါက်ရန်မှလွဲ၍ ကျန်အရာအားလုံးကို electric စနစ်ဖြင့် ထိန်းကြောင်းပေးခြင်း (တစ်စီးလုံး electric ဖြစ်နေတာကတော့ ယေဘုယျပြောရရင် ကောင်းတာချည်းပါပဲ၊ ဒါပေမယ့် တံခါးအဖွင့်အပိတ်လုပ်တဲ့အခါမှာတော့ ဆွဲပြီးပိတ်၊ ဆွဲပြီးဖွင့်တာထက်တော့ အချိန်ပိုကုန်ပါလိမ့်မယ်)
(၉) လေထုညစ်ညမ်းမှုလွန်စွာနည်းပါးစေတဲ့အပြင် Tesla ရဲ့ အဆိုအရ သူတို့ကားအတွင်းက လေထုသန့်ရှင်းမှုဟာ ဘယ်ကားမျိုးမှာမဆိုထက် ပိုပြီးသန့်ရှင်းတယ်လို့ဆိုထားပါတယ်။
(၁ဝ) လျှပ်စစ်ကား စစ်စစ်ဖြစ်တာကြောင့် အခြားလောင်စာဆီသုံး ကားတွေထက် ကုန်ကျစာရိတ် လွန်စွာသက်သာပါတယ်။ စွမ်းဆောင်ရည်ကလည်း လောင်စာဆီသုံး ထိပ်တန်းကားတွေထက် မသာရင်သာနေမယ်။ နိမ့်တဲ့အထဲမှာ မပါတဲ့ကားမျိုးပါ။
ဆိုတော့ကာ...... အနာဂတ်ရဲ့ ကားတစ်စီးကိုစီးချင်တယ်။ ဒေါ်လာ ရှစ်သောင်းကနေ တစ်သိန်းရှစ်သောင်းအကြားသုံးချင်တယ်။ အခု ခေတ်စားနေတဲ့ လူခုနစ်ယောက်စီး SUV စီးချင်တယ်။ ဆီစားသက်သာတဲ့ ကားမျိုးကိုစီးချင်တယ် (ဆီကိုလုံးဝမစားတာပါ)။ နောက်ပြီး စွမ်းဆောင်ရည်နိမ့်မှာကိုလည်း မလိုလားဘူး။ ခေတ်အမီဆုံး နည်းပညာတွေလည်း အသုံးပြုချင်တယ်။ ကားမောင်းရင်းနဲ့ အလုပ်တွေလုပ်ချင်တယ်ဆိုရင်တော့ Tesla Model X တစ်မျိုးထဲကိုပဲ ရွေးချယ်စရာရှိနေပါတယ်။

အတွင်းခန်း

Dashboard အတွက် ကောင်းမွန်ပြီး နူးညံ့မှုရှိတဲ့သားရေသား အုပ်ထားတဲ့အတွက် တန်ဖိုးရှိတဲ့ ထိတွေ့မှုမျိုးကိုရရှိစေပါတယ်။ ၁၇ လက်မ မျက်နှာပြင်နဲ့ infotainment စနစ်ကတော့ ဘယ်လိုကားအမျိုးအစားထက်ကိုမဆို ပိုမိုကောင်းမွန်ပြည့်စုံလှပါတယ် (၁၇ လက်မ iPad နဲ့တောင်တူတယ်ထင်ရ)။ ကားနဲ့ပတ်သက်တဲ့ ဘယ်အရာကိုမဆို ဒီ display ကနေ ထိန်းချုပ်လုပ်ဆောင်နိုင်တဲ့စနစ်ကိုအသုံးပြုထားတာကြောင့် ကားတစ်စီးလုံးမှာ ယာဉ်မောင်းသူအတွက် လက်ကိုင်ခွေ၊ ယာဉ်မောင်းသူ display၊ လီဗာနဲ့ ဘရိတ်ခြေနင်း၊ Infotainment display တွေပဲပါတာဖြစ်တဲ့အတွက် အတွင်းခန်းဟာ ရှင်းလင်းလှပါတယ်။
Gear မပါဝင်ဘူး။ စက်နှိုးစရာ သော့၊ Push start button တွေမပါဝင်ပါဘူး။
ကားမောင်းဖို့အတွက်ဆိုရင် ကားသော့ (remote) ကို အိတ်ထဲထည့်ထားပါ (smart phone app နဲ့လည်း အသုံးပြုနိုင်ပါတယ်)။ Remote နဲ့ တံခါးဖွင့်နိုင်သလို remote သော့ကို အိတ်ထဲထည့်ပြီး လက်ကိုင်နေရာက ခလုတ်ကိုနှိပ်ပြီးလည်းဖွင့်နိုင်ပါတယ်။ တံခါးပွင့်သွားရင်ဝင်ထိုင်လိုက်ပါ။ ဘရိတ်နင်းလိုက်ရင် တံခါးက အလိုအလျောက်ပြန်ပိတ်သွားပါလိမ့်မယ်။ ကားသွားချင်ရင်တော့ လီဗာ နင်းလိုက်ရုံပါပဲ။ ဘရိတ်ခြေနင်းကို နင်းသည့်အချိန်တိုင်း တံခါးပွင့်နေပါက ပိတ်သွားပါလိမ့်မယ်။ တံခါးကို ဆွဲမပိတ်ချင်လောက်အောင် ပျင်းရိသူများအတွက် သူ့ထက်ကောင်းမွန်တဲ့စနစ် မရှိသေးပါ။
လူခုနစ်ယောက်စီးဖြစ်ပြီး လူခုနစ်ယောက်စာအတွက် လုံလုံလောက်လောက် အကျယ်အဝန်းရှိပါတယ်။ အသုံးပြုရမယ့် နည်းပညာတွေကလည်း အမြင့်စားတွေချည့်ပါပဲ။ ပြောရမယ်ဆိုရင် လိုက်ပါတဲ့ လူခုနစ်ယောက်စလုံး မောင်းနှင်စရာမလိုပဲ စီးနင်းနိုင်တဲ့ ကားမျိုးပါ။ တချို့ features ငယ်တွေဟာ ဖန်တီးမှုရှိတဲ့အတွက် ဆန်းကျယ်ပြီး အသုံးပြုရာမှာ ပိုမိုလွယ်ကူစနစ်ကျစေပါတယ်။ ဥပမာ ရေဘူးထည့်တဲ့နေရာမှာတောင် ရေဘူးကို လှုပ်ခါမှုမရှိအောင် electric စနစ်နဲ့ အလိုအလျောက် ကြပ်တည်းထိန်းသိမ်းပေးတဲ့ စနစ်တွေ ပါတာမျိုးပေါ့။
ခြုံပြီးပြောရမယ်ဆိုရင်တော့ အနာဂတ်ကားတစ်စီးရဲ့ အတွင်းခန်းမှာ ထိုင်မောင်းချင်တယ်ဆိုရင် Tesla Model X ကိုပဲရွေးချယ်ရမှာပါပဲ။

လက်တွေ့ဆိုရင်

ပထမဆုံး ယာဉ်မောင်းသူအတန်း နှစ်ခုံ၊ အလယ်တန်း သုံးခုံနဲ့ နောက်ဆုံးတန်း နှစ်ခုံ၊ လူ ခုနစ်ယောက် သက်သောင့်သက်သာစွာ စီးနင်းမောင်းနှင်နိုင်တဲ့ ကားဖြစ်တယ်။ အနောက်ပစ္စည်းထားခန်း boot အပြင် အရှေ့ပစ္စည်းထားခန်းလည်းပါဝင်တယ်။ သမားရိုးကျကားတွေမှာတော့ အရှေ့က အင်ဂျင်ခန်းဖြစ်ပြီး Tesla Model X ကတော့ မော်တာနဲ့ ဘက်ထရီက ကားကြမ်းပြင်မှာသာထားရှိတဲ့အတွက် အရှေ့အင်ဂျင်ခန်းက အလွတ်ဖြစ်ပြီး လူတစ်ယောက်စာဆန့်လောက်အောင် (ကွေးပြီးနေရင်) ကျယ်ဝန်းပါတယ်။
ဈေးနှုန်းကြီးမြင့်မှုသာမရှိဘူးဆိုရင်တော့ ဝယ်ယူပြီးနောက်ပိုင်း အကုန်အကျ လွန်စွာသက်သာတဲ့ electric ကား Tesla Model X ဟာ SUV ဈေးကွက်ကြီးတစ်ခုလုံးကိုတောင်မှ သိမ်းပိုက်သွားမယ့်ပုံစံမှာရှိနေတာပါ။ စွမ်းဆောင်ရည်ကလည်း ဘာနဲ့ယှဉ်ယှဉ် နောက်ကျ ကျန်နေမယ့်ကားမျိုးမှမဟုတ်တာ။
Safety ပိုင်းမှာလည်း ABS And Driveline Traction Control ၊ Electronic Stability Control (ESC) ၊ အတွင်းအပြင် ကင်မရာပတ်လည်၊ လေအိတ်ပတ်လည်၊ Blind Spot Sensor စသည်ဖြင့်ပေါ့၊ ဒီနေ့ခေတ် ကားတွေမှာ ပါဝင်နေကျ safety စနစ်တွေ အပြည့်အစုံပါဝင်တဲ့အပြင် အလွန်ကောင်းမွန်ပြီး ယာဉ်မောင်းသူရဲ့ဝန်ထုပ်ဝန်ပိုးကို များစွာလျော့ကျစေနိုင်တဲ့ အလိုအလျောက်ကားမောင်းစနစ် Auto Pilot လည်းပါဝင်ပါတယ်။ စမ်းသပ်မှုတွေအရ အရှေ့၊ အလယ်၊ အနောက်ဘက်ခြမ်းတွေမှာ safety နဲ့ပတ်သက်ပြီး ကြယ်ငါးပွင့်အဆင့်တွေရရှိထားတဲ့ လုံခြုံစိတ်အချရဆုံး SUV တစ်စီးဖြစ်နေတာဟာလည်း အားသာချက်တစ်ခုပါပဲ။

မောင်းနှင်မှု

အရှိန်တင်မှုအနေနဲ့ 0-60mph ကို ၂.၇ စက္ကန့်ထဲနဲ့ အရှိန်တင်နိုင်တဲ့ SUV အမျိုးအစား လျှပ်စစ်ကားတစ်စီးရဲ့ စွမ်းဆောင်ရည်ကတော့ ထိပ်တန်းလို့ဆိုလိုက်တာဟာ အငြင်းပွားစရာမရှိပါဘူး။ ဒီလိုမျိုးစွမ်းဆောင်ရည်ဆိုတာ ရိုးရိုး လောင်စာဆီသုံး SUV တွေထဲမှာတောင် လက်ချိုးရေလို့ရတာမျိုး။ ဒီလို အရှိန်ကို ချက်ခြင်းတင်နိုင်စွမ်းဆိုတာက လျှပ်စစ်ကားတွေအတွက် ခက်ခဲတဲ့အရာပါ။ ဒါကို Tesla က ရအောင်ထုတ်လုပ်ပေးထားတာကတော့ ချီးကျူးထိုက်ပါတယ်။ Max power အနေနဲ့ ဝန်ရိုးနှစ်ခုအပေါ်မှာ တပ်ဆင်ပေးထားတဲ့ လျှပ်စစ်မော်တာနှစ်လုံးရှိပြီး တစ်လုံးစီကနေ 259hp စီထွက်တာဖြစ်လို့ စွမ်းအားပြည့်ဝတာဖြစ်ပြီး AWD အမျိုးအစား SUV ပါ။
Tesla Model X ရဲ့အလေးချိန်က တော်တော်များပါတယ်။ ပေါင် ၅,၅ဝဝ လောက်ရှိတယ်။ တနင့်တပိုးပါပဲ။ ဒါပေမယ့်လည်း steering ကို ကိုင်တွယ်ထိန်းချုပ်ရာမှာတော့ သာမန်ကားတစ်စီးသာသာပဲဖြစ်နေတာကတော့ အံ့အားသင့်စရာတစ်ချက်ပါပဲ။
Ground Clearance က ပုံမှန်ဆိုရင် ၅ လက်မ ကျော်ကျော်သာရှိပေမယ့် ကားအောက်ပိုင်းအမြင့်ကို very low ၊ low ၊ standard ၊ high ၊ very high ငါးမျိုးလိုသလိုထားလို့ရတဲ့အတွက် စိတ်ကြိုက်ချိန်ညှိနိုင်ပါတယ်။
မောင်းနှင်မှုနဲ့ စွမ်းဆောင်ရည်ကိုကြည့်မယ်ဆိုရင်လည်း Telsa ရဲ့ Model X ဟာ သူ့အမျိုးအစားထဲမှာဆိုရင် ဘယ်လိုကားမျိုးရဲ့ နောက်မှာမှ ကျန်နေခဲ့မယ့်ကားမျိုးမဟုတ်ပါဘူး။ ထိပ်တန်းမှာသာရှိနေပါလိမ့်မယ်။

ပါဝင်တဲ့အချက်တွေ

2019 Tesla Model X ကတော့ အဓိက specs ၃ မျိုးနဲ့ပါ။ Performance ၊ Long Range နဲ့ Standard Range တို့ဖြစ်ပါတယ်။
ကွာခြားချက်တွေကတော့ Performance မှာက 0-60mph အတွက် ၂.၇ စက္ကန့်အချိန်သာလိုအပ်ပြီး ခန့်မှန်း epa (Electric car range and efficiency) ကတော့ ၃ဝ၅ မိုင်အထိရှိပါတယ်။ Long Range ကတော့ 0-60mph အတွက် ၄.၄ စက္ကန့်ကြာမြင့်မှာဖြစ်ပြီး ခန့်မှန်း epa ကတော့ ၃၂၅ မိုင်အထိရှိကာ လက်ရှိ လျှပ်စစ်ကား အားလုံးမှာတော့ အများဆုံးလို့ပြောလို့ရပါတယ်။ Standard Range ကတော့ 0-60mph အရှိန်ရဖို့ ၄.၆ စက္ကန့်အချိန်လိုအပ်ပြီး ခန့်မှန်း epa ကတော့ မိုင် ၂၅ဝ ပါ။

အကျဉ်းချုပ်သုံးသပ်ရမယ်ဆိုရင်တော့ Tesla Model X ဟာ လျှပ်စစ်ရှိတဲ့နေရာတိုင်း ဘယ်နေရာသွားသွား မြန်မြန်ဆန်ဆန် ဇိမ်ကျကျ သွားလာနိုင်မယ့်အပြင် သဘာဝပတ်ဝန်းကျင်ကိုလည်း အကောင်းဆုံး အကာအကွယ်ပေးနိုင်မယ့် SUV ဖြစ်ပါတယ်။ ဝယ်ပြီးတဲ့အချိန် ကုန်ကျမှုစာရိတ်ကလည်း အထူးသက်သာဦးမှာပါ။

စာရေးသူ : စိုင်းဆိုင်(ရန်ကုန်)
Ref: Tesla/TopGear/YouTube/Carwow

Author

Comments