Suzuki Jimny နဲ့ဆိုရင်

0

Full article

ကောင်းပြီ။ ခင်ဗျားက Land Rover ရဲ့ Defender ဒါမှမဟုတ် G-Wagen လို့ခေါ်တဲ့  Mercedes  G-Class ရဲ့ပရိသတ်။ ကြမ်းတယ်ဆိုတဲ့လမ်းတွေမှာ အကြမ်းတမ်းဆုံးမောင်းနှင်ချင်သူ။ ဒါပေမဲ့ ကြမ်းကြမ်းတမ်းတမ်း ပစ်စလက်ခတ် မောင်းမယ့်ကားတစ်စီးအတွက် ငွေသိပ်မသုံးချင်ဘူး။ နောက်ပြီးအလုပ်အခြေအနေအရ မြို့တွင်းပတ်လည်မှာလည်း ဂဒီးဂဒီး စီးချင်သေးတယ်။ သွားချင်တဲ့နေရာသွားပြီး ရပ်ချင်တဲ့နေရာမှာလည်း ဘာကိုမှပူပန်မနေဘဲ ရပ်ထားခဲ့ချင်သေးတယ်။

… ဆိုရင်တော့ Suzuki ရဲ့ Jimny လေးအကြောင်းကို ဆက်လက်ဖတ်ရှုသင့်ပါပြီ။

သုံးသပ်ချက်

ငွေကြေးပမာဏကွာခြားတဲ့ ထုတ်ကုန်တွေမှာ တူညီမှုတွေဆိုတာက ကွာခြားနေမှာအမှန်ပါပဲ။ ဒါပေမဲ့ Suzuki Jimny ကတော့ ဒီဇိုင်းရဲ့ ခန့်ညားမှု၊ နည်းပညာပိုင်း အဆင့်မြင့်မားမှု၊ မောင်းနှင်စီးနင်းခြင်းရဲ့ ဇိမ်ကျမှု စတဲ့နေရာတွေမှာ Defender ၊ G-Wagen တို့ကို ဘယ်လိုမှလိုက်လို့မမီပေမဲ့ လမ်းကြမ်းမောင်းနှင်မှုအပိုင်းမှာတော့ သူတို့လောက်နီးနီးမောင်းနှင်နိုင်စွမ်းရှိတာ တွေ့ရတယ်။

ဂျပန်တို့ရဲ့ Kei Car (မြို့တွင်းသုံးကားအသေးစား) ကိုမှ Jeep ပုံစံမျိုး ထုတ်လုပ်ခဲ့တဲ့ Suzuki Jimny ဟာ တကယ်တော့ သက်တမ်းအားဖြင့် နှစ်ငါးဆယ်လောက်ရှိနေပါပြီ။ ၁၉၇၀ ဟာ Jimny ရဲ့ ပထမဆုံးမျိုးဆက်ထုတ်လုပ်ခဲ့တဲ့ခုနှစ်ပါ။ ၁၉၈၁ ခုနှစ်မှာ ဒုတိယမျိုးဆက်၊ ၁၉၈၈ မှာ တတိယမျိုးဆက်အနေနဲ့ ထုတ်လုပ်ခဲ့ကြတဲ့ Jimny တွေရဲ့ပုံတွေဟာ Jeep ကားပုံစံကနေ တဖြေးဖြေးမြို့ပြဆန်လာခဲ့တာတွေ့ရပါတယ်။ မပြောင်းလဲတာက တံခါးသုံးပေါက် (boot တံခါးမပါ နှစ်ပေါက်) ဒီဇိုင်းနဲ့  boxy ပုံစံပါပဲ။ အခု ၂၀၁၈ နောက်ပိုင်းမှထုတ်လုပ်ခဲ့ကြတဲ့ စတုတ္ထမျိုးဆက် Jimny ကလည်း boxy ပုံစံနဲ့ တံခါးသုံးပေါက်ဒီဇိုင်းပါပဲ။ ဒါပေမဲ့ လေးထောင့်ပိုကျသွားပြီး ပိုပြီးခေတ်မီလာပါတယ်။

ခရီးကြမ်းကြမ်း လမ်းဆိုးဆိုးတွေမှာ ကြိုက်သလိုစမ်းပြီးဒိုးလို့ရအောင်လို့ ရည်ရွယ်ပြီးတည်ဆောက်ထားတဲ့ ကိုယ်ထည်ပါမယ်။ Rigid ladder frame ပေါ်မှာ ကိုယ်ထည်ကိုတင်ထားတဲ့ body-on-frame SUV စစ်စစ်တစီးအနေနဲ့ လမ်းကြမ်းတွေမှာ အားသာချက်တွေပိုများမယ်။ Jimny အစဉ်အလာအတိုင်း ကြီးကြီးဝိုင်းဝိုင်း မီးကြီးတွေပါမယ်။ ဒီအသစ်မှာတော့ LED မီးကြီးတွေပါ။ Off-road SUV ဖြစ်တာနဲ့အညီ မြင့်မားတဲ့ ground-clearance ပါမယ်။ ခေါင်းနဲ့ဖင်က တိုမယ်။ Under-body ရှင်းအောင်နဲ့ အတွင်းခန်းနေရာလွတ်ပိုရအောင်လို့ အပိုဘီးကို နောက်ဖုံးမှာ ကပ်ထားတဲ့ ဒီဇိုင်းနဲ့လာတယ်။ Jeep ရဲ့အငွေ့အသက်တွေထဲက လွတ်အောင်မပြေးနိုင်သေးပေမဲ့ Jimny မှာက ကိုယ်ပိုင်အထာလေးနဲ့လို့ ပြောလို့ရတဲ့အထိတော့ ဖြစ်လာပါပြီ။

အတွင်းခန်းတွေ

တန်ဖိုးသင့်ကားတစီးအနေနဲ့ ထိုင်ခုံအဖုံးတွေက အကောင်းစားတွေတော့မဟုတ်ဘူး။ အစဉ်အလာ ဒိုင်ခွက်အကြီးနှစ်ခုအလယ်မှာ အရောင်တစ်ရောင်သာပြနိုင်တဲ့ အချက်အလက်ပြ screen တခုပါတယ်။ ခေတ်နဲ့လျော်ညီစွာ Steering မှာ mounted control တွေပါတယ်။ 7-inch touch screen infotainment တခုပါတယ်။ လေအေးပေးမှုအပိုင်းကတော့ trim level အပေါ်မူတည်ပြီး ရိုးရိုး air-con ဒါမှမဟုတ် climate control စသည်ဖြင့် ကွာခြားမှာဖြစ်တယ်။

“ဒီနေရာမှာ ထည့်ရေးပေးချင်တာက UK မှာရတဲ့ trim နှစ်ခုအကြောင်းပါ။ Entry-level ဖြစ်တဲ့ SZ4 မှာဆိုရင် 15-inch စတီးခွေ၊ air-con ၊ CD ၊ Bluetooth နဲ့ cruise control တို့နဲ့ရမှာဖြစ်တယ်။ သူ့ထက်ပိုမြင့်တဲ့ SZ5 မှသာလျင် အလွိုင်းခွေ၊ LED မီးကြီးတွေ၊ climate control ၊ leather steering ခွေ၊ ဂြိုဟ်တုလမ်းညွှန်စနစ်ပါပြီး Apple CarPlay ရော Android Auto ပါသုံးလို့ရတဲ့ 7-inch infotainment screen နဲ့ရရှိမှာဖြစ်ပါတယ်။”

Suzuki Jimny ဟာ လူလေးယောက် အကောင်းဆုံးစီးနင်းနိုင်မယ့်ကားမျိုးပါ။ အကျယ်အဝန်းကဘယ်လိုရှိမလဲ။

“လူတွေအတွက် ထိုက်သင့်တဲ့ နေရာလွတ်ရရှိစေတဲ့အထိ ကျယ်ဝန်းပါတယ်။ ဒါပေမဲ့ ပစ္စည်းတွေအတွက်တော့ မဟုတ်ပါဘူး။ ပစ္စည်းများများတင်ဆောင်ချင်တယ်ဆိုရင်တော့ နောက်ခုံတန်းကို ခေါက်မှရမှာပါ။”

ပစ္စည်းထားခန်းဝင်ဆံ့မှုဟာ ပုံမှန်အတိုင်းဆိုရင် 85-liter ပဲရှိတာပါ။ နောက်ခုံတန်းခေါက်လိုက်မှသာ 377-liter အထိ ပစ္စည်းထားစရာ နေရာလွတ်ရရှိနိုင်မှာဖြစ်တယ်။

ခုံတွေရဲ့အရည်အသွေး၊ cabin အတွင်း အသုံးပြုထားတဲ့ materials တွေရဲ့အရည်အသွေးကတော့ သိပ်အများကြီးပြောစရာမရှိလှပါဘူး။ တန်ဖိုးသင့်ကားတစ်စီးဖြစ်တာနဲ့အညီ သင့်တင့်လျောက်ပတ်တဲ့ အရည်အသွေးမျိုးနဲ့ပဲရရှိနိုင်မှာဖြစ်ပါတယ်။

မောင်းနှင်မှု

မူရင်းက ကီကား (Kei Car) ဖြစ်ပေမဲ့ off-road တွေမှာမောင်းနှင်ဖို့ အထူးပြုထုတ်လုပ်ထားတာနဲ့အညီ Suzuki Jimny ဟာ တောင့်တင်းတဲ့ ladder frame ပေါ်မှာ အခြေပြုထားပါတယ်။ Jimny ဟာပထမဆုံးမျိုးဆက်ကနေစပြီး အခုအချိန်အထိ body-on-frame SUV ပါပဲ။

စိတ်ဝင်စားဖို့ကောင်းတာက သဲလမ်း၊ ရွှံလမ်း၊ ကျောက်တုံးကျောက်ဆိုင်တွေနဲ့လမ်း၊ ရေအိုင်၊ ဗွက်အိုင်တွေကို ဖြတ်ကျော်မောင်းနှင်နိုင်တဲ့အပြင်ကိုမှ ဘီးတစ်ဘီးလွတ်အနေအထား၊ ရှေ့နောက်ဘီးတွေ ယိုင်ထွက်သွားလောက်အောင် ကြမ်းတမ်းတဲ့လမ်းအနေအထားမျိုးတွေကို ကျော်ဖြတ်နိုင်ဖို့ အကူအညီပေးတဲ့ suspension တွေပါ။ ရှေ့ရော နောက်ပါ 3-link rigid axle suspension ကို coil spring နဲ့တွဲသုံးထားတာတွေ့ရပါတယ်။ ဘီးတဘီးကြွသွားတဲ့အနေအထားတွေမှာ ဆန့်ကျင့်ဘက်ဘီးကို axle ကပိုမိုတဲ့ဖိအားပေးခြင်းအားဖြင့် ကုတ်အားပိုရစေတဲ့ ပုံစံမျိုးတည်ဆောက်ထားတာပါ။

Transmission က ရိုးရိုးမောင်းနှင်ဖို့အတွက်ဆိုရင် 5-speed manual transmission နဲ့ 4-speed automatic transmission တွေထဲက ကြိုက်နှစ်သက်ရာရွေးချယ်နိုင်ပါတယ်။ 4WD မောင်းနှင်ဖို့အတွက်ကတော့ 2H နဲ့ 4H အပြောင်းအလဲအပြင် 4L ကိုပါအသုံးပြုနိုင်တဲ့အတွက် အမြင့်ဆုံး ရုန်းအားနဲ့ ကုပ်အားလိုအပ်ချိန်တွေမှာ အသုံးပြုနိုင်မှာပါ။ ဒီနေရာမှာ transmission နဲ့ပတ်သက်ပြီး Suzuki ရဲ့ ALLGRIP PRO က off-road တွေမောင်းနှင်ရာမှာ သင့်ရဲ့စိတ်ကျေနပ်မှုကို အပြည့်အဝပေးစွမ်းနိုင်ပါလိမ့်မယ်လို့ ဆိုထားတာတွေ့ရပါတယ်။

လမ်းကြမ်းမောင်းမှာဆိုတော့ အောက်ပိုင်းအနေအထားကိုလည်း သိထားသင့်ပါတယ်။ Suzuki Jimny ရဲ့ apprach angle က 37° - breakover angle က 28° - departure angle က 49° အထိရှိပါတယ်။ Ground Clearance ​က 210 mm (8-inch ကျော်) အထိရှိတယ်။ ဆိုတော့ အမြင့်ဆုံးကြီးမဟုတ်ပေမဲ့ တော်တော်လေးတော့ ကောင်းမွန်လွတ်ကင်းတဲ့အနေအထားပါ။

လမ်းကြမ်းမောင်းကားအနေနဲ့ Hill Hold Control နဲ့ Hill Descent Control တွေကလည်း ပါပြီးသား။ ဒါတွေက မြို့တွင်း ကုန်းအတက်အဆင်းနေရာမျိုးတွေထက်စာရင် မတ်စောက်တဲ့ တောင်တက် တောင်ဆင်းလမ်းတွေအတွက် အများကြီးပိုအသုံးတည့်ပါတယ်။ အမြန်နှုန်းနဲ့ ဘရိတ်ကို အလိုအလျောက်ပြင်ဆင်ပေးမှာဖြစ်တဲ့အတွက် မောင်းတဲ့သူဟာ steering အပေါ်ပိုပြီး အာရုံစိုက်ထားနိုင်တာပေါ့။

နောက်တခုက Brake LSD Traction Control ပါ။ ထောင့်ဖြတ်ဘီးနှစ်လုံး ကုပ်အားမရှိတဲ့အခြေအနေမျိုးမှာ အသုံးဝင်တဲ့ feature ဖြစ်ပါတယ်။ ကုပ်အားမရှိတဲ့ဘီးနှစ်လုံးကို အလိုအလျောက် ဘရိတ်ဆွဲပေးထားပြီး ကျန်ဘီးနှစ်လုံးကို ရုန်းအားပိုထည့်ပေးတဲ့ feature ပါ။ ဒီ feature ဟာ Jimny ကိုဆိုးရွားချော်ထွက်တဲ့ လမ်းအခြေအနေတော်တော်များများကနေ ရုန်းထွက်စေနိုင်ခဲ့ပြီးပါပြီ။

အသုံးပြုထားတဲ့အင်ဂျင်ကတော့ 1.5-liter ဓါတ်ဆီအင်ဂျင်ဖြစ်ပါတယ်။ အမြင့်ဆုံးပါဝါ 100 Hp နဲ့ torque 130 Nm အထိထုတ်ပေးနိုင်စွမ်းရှိတယ်။ ဒီနေရာကတော့ Jimny ရဲ့အားနည်းချက်တခုလို့မြင်ပါတယ်။ ဒီထက်ပိုများတဲ့ ပါဝါနဲ့ ရုန်းအားကို ထုတ်လုပ်ပေးနိုင်စွမ်းရှိတဲ့ အင်ဂျင်နဲ့ဖြစ်သင့်တာပါ။ ဒါပေမဲ့ ကိုယ်ထည့်၊ အောက်ပိုင်းနဲ့ transmission ပိုင်းတွေ အားကောင်းတဲ့အတွက် ဒီအားနည်းချက်ကို အနည်းငယ်ဖြည့်ဆည်းပေးသွားနိုင်တယ်လို့ပဲမြင်ပါတယ်။

Verdict

နိုင်ငံတကာ ပျမ်းမျှဈေးက $20,000-$25,000 (ကားသစ်) ဝန်းကျင်လောက်ရှိပါတယ်။ သိန်း ၂၆၀ နဲ့ ၃၃၀ လောက်ပေါ့။ အခွန်တွေဘာတွေနဲ့ဆိုရင် ဘယ်လောက်ကုန်ကျမလဲဆိုတာကိုတော့ CarsDB ရဲ့ Car Price Calculator မှာအလွယ်တကူ တွက်ချက်နိုင်ပါတယ်။

ဆိုရရင်...

အပေါ်မှာပြောထားသလိုပါပဲ။

ကြမ်းတယ်ဆိုတဲ့လမ်းတွေမှာ အကြမ်းတမ်းဆုံးမောင်းနှင်ချင်သူ။ ဒါပေမဲ့ ကြမ်းကြမ်းတမ်းတမ်း ပစ်စလက်ခတ် မောင်းမယ့်ကားတစ်စီးအတွက် ငွေသိပ်မသုံးချင်ဘူး။ နောက်ပြီးအလုပ်အခြေအနေအရ မြို့တွင်းပတ်လည်မှာလည်း ဂဒီးဂဒီး စီးချင်သေးတယ်။ သွားချင်တဲ့နေရာသွားပြီး ရပ်ချင်တဲ့နေရာမှာလည်း ဘာမှကိုပူပန်မနေဘဲ ရပ်ထားခဲ့ချင်သေးတယ်။

ဆိုရင်တော့... Suzuki ရဲ့ Jimny ဟာ ရွေးချယ်သင့်တဲ့ ကားလေးတစီးပါလို့ ဆိုလိုက်ချင်ပါတော့တယ်။

Photos Credit to www.globalsuzuki.com

Author