Soueast DX3 2019 Review (Local)

0

Full article

တရုတ် အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Soueast ရဲ့ထုတ်ကုန် DX7 ကတော့လူသိများတဲ့ထုတ်ကုန်တစ်ခုပါ။ ပေးရတဲ့ဈေးနဲ့ (လက်ရှိဈေးကွက်အခြေအနေအရ) ထိုက်တန်မှုရှိတဲ့ကားဆိုပြီး တော်တော်များများကဆိုကြတာတွေ့ရတယ်။ အခု DX3 ကတော့ DX7 ထက် အကောင်ပိုသေးသလို အခြေခံ trim နဲ့ထုတ်လုပ်ထားတဲ့ SUV ပါ။ တန်ဖိုးအားဖြင့်ကတော့......

အားသာချက်

  • တန်ဖိုးမြင့် DX7 တွင်တပ်ဆင်ထားသည့်တူညီသော Mitsubishi အင်ဂျင်တပ်ဆင်ပေးထားခြင်း
  • ပုံစံအားဖြင့် ပြေပြစ်မှုပေါင်းထည့်ထားနိုင်သော အီတလီဒီဇိုင်းဖြစ်ခြင်း
  • 9-inch Infotainment display ၏အရည်အသွေး

အားနည်းချက်

  • DX7 တွင်ပါဝင်သောအဆင့်မြင့်နည်းပညာများစွာ မပါဝင်ခြင်း
  • သားရေထိုင်ခုံများမှလွဲ၍ အတွင်းခန်းအပြင်အဆင်နှင့်နည်းပညာအားဖြင့် entry-level သာရှိခြင်း
  • ဂြိုဟ်တုလမ်းညွှန်မှာ Mapbar Navi (တရုတ်) သာ built-in ပါဝင်ခြင်း

ဈေးနှုန်း

Soueast က သူတို့ထုတ်ကုန်တွေရဲ့ အရောင်အပေါ်မူတည်ပြီး ဈေးနှုန်းနည်းနည်းခွာထားတာတွေ့ရတယ်။ DX3 မှာက ကားကိုယ်ထည်အရောင်အပေါ်မူတည်ပြီး ခွာထားသလို DX7 မှာကတော့ အတွင်းခန်းအရောင်ကိုလိုက်ပြီး ဈေးခွာထားတယ်။

DX3
ကိုယ်ထည်အရောင် ဈေးနှုန်း (ကားတန်ဖိုးသီးသန့်)
အဖြူရောင် - ၃၂၀ သိန်း
ပုလဲဖြူ  - ၃၂၅ သိန်း
နှစ်ရောင်စပ် (ခေါင်အနက်) - ၃၂၇ သိန်း

DX7
အတွင်းခန်းအရောင် ဈေးနှုန်း (ကားတန်ဖိုးသီးသန့်)
အနက်ရောင် - ၄၀၆ သိန်း
အနီရောင် - ၄၁၀ သိန်း

သုံးသပ်ချက်

Soueast DX7 ကို အကောင်နည်းနည်းသေးပြီး အဆင့်မြင့်နည်းပညာတွေကိုဖြုတ်လိုက်။ ဒါဆိုရင်တော့ DX3 ရပါလိမ့်မယ်။ DX3 ဟာ DX7 ရဲ့ အခြေခံစိတ်ကူး ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ အကြမ်းခံ၊ အရုန်းအဆွဲကောင်းတဲ့ 1.5-litre Mitsubishi Turbo အင်ဂျင်ကိုတပ်ဆင်ပေးထားတာကတော့ နှစ်သက်စရာပါ။ တန်ဖိုးဖြင့် DX7 မှာတပ်ဆင်ပေးထားတဲ့ အင်ဂျင်နဲ့အတူတူပါပဲ။
ကားရဲ့အပြင်ပိုင်းပုံစံနဲ့ပတ်သက်ပြီးပြောရင် အီတလီဒီဇိုင်းဖြစ်တာနဲ့အညီ မြင်လိုက်သူတိုင်း ငေးမိစေတာမျိုး။ တရုတ်ထုတ်ကားတွေကို မကြိုက်ဘူးဆိုတဲ့သူတွေတောင်မှ DX7 ကိုမြင်တဲ့အခါ "ပုံစံကတော့ မိုက်တယ်ဟ" ဆိုပြီးဖြစ်သွားတာ အခုတလော ခဏခဏတွေ့နေရတယ်။ DX3 ကတော့ပုံစံအားဖြင့် DX7 အငယ်စားပါ။ DX7 ရဲ့ exhaust နှစ်ပေါက် အစစ်အမှန်ပါဝင်တာကို လူကြိုက်များပါတယ်။ DX3 မှာတော့ exhaust တစ်ခုသာ သမားရိုးကျတပ်ဆင်ပေးထားပါတယ်။ 7.8-inch ground clearance နဲ့ SUV ဖြစ်တာဟာလည်း မြန်မာနိုင်ငံရဲ့ လမ်းတော်တော်များများအတွက် သင့်လျော်ပါတယ်။

“ပြောရမယ်ဆိုရင် မော်တော်ယာဉ်နဲ့ပတ်သက်ပြီး ခေတ်မီနည်းပညာတွေ များများစားစားသုံးဖို့ ရည်ရွယ်မထားဘူး။ ကားအသစ်တစ်စီးအတွက် ငွေသိပ်မသုံးဘဲ မာမာကြမ်းကြမ်းပဲ စီးမယ်ဆိုရင်တော့ Soueast ရဲ့ DX3 ကိုအဝယ်စာရင်းထဲထည့်သွင်းပြီး သွားရောက်ကြည့်ရှုလေ့လာသင့်ပါတယ်။ သူ့ဈေးတန်းမှာ ပြိုင်ဘက်တွေပေါများတာကိုလည်း တစ်ချက်သတိပြုသင့်ပါတယ်။”

အတွင်းခန်း

DX3 အတွင်းခန်းကို ဝင်ဝင်ခြင်းနှစ်ခြိုက်မိတာကတော့ သားရေထိုင်ခုံတွေပါ။ အတွင်းခန်းရဲ့ materials ထည့်သွင်းအသုံးပြုပုံမှာ  Soueast ရဲ့ထုတ်ကုန်တွေဟာ အခြားနာမည်ကျော်အမှတ်တံဆိပ်တွေရဲ့ ထုတ်ကုန်အချို့လိုမျိုး ထုတ်လုပ်ထားတာတွေ့ရပါတယ်။ သားရေ၊ အကောင်းစားပလတ်စတစ်နဲ့ ဈေးပေါတဲ့ ပလတ်စတစ်တွေကို smart ဖြစ်ဖြစ်စီမံထည့်သွင်းပေးတာမျိုးပါ။ စီးနင်းမောင်းနှင်သူတွေနဲ့အထိအတွေ့များမယ့်နေရာတွေမှာ သားရေတွေ၊ အကောင်းစားပလတ်စတစ်တွေများများအသုံးပြုပေးထားတာမျိုးပေါ့။ DX3 မှာတော့ DX7 မှာထည့်သွင်းပေးထားတဲ့ သတ္ထု trim တွေမပါဝင်ဘဲ ဈေးသက်သာမယ့် ပလတ်စတစ်တွေ ကလည်း DX7 ထက်ပိုများတာတွေ့ရပါတယ်။
Steering ကတော့ ခုခေတ်စားနေတဲ့ D shape မဟုတ်ပါဘူး။ ဒါပေမယ့် သားရေသားအုပ်ပြီး infotainment တို့ ဖုန်းခေါ်တာတို့ကို ထိန်းချုပ်နိုင်တဲ့ခလုတ်တွေတပ်ဆင်ပေးထားပါတယ်။ ဒိုင်ခွက်တွေကတော့ DX7 လိုမျိုး digital မဟုတ်ပါဘူး။ DX7 လိုမျိုး round air conditioning လည်းမပါသလို ထိုင်ခုံချိန်ညှိမှုတွေကလည်း electric motor နဲ့မဟုတ်ဘူး။ DX7 မှာရော DX3 မှာပါ ကင်မရာက 360° ဖြစ်ပေမယ့် DX7 ကတော့ 3D view နဲ့ပြသပေးပေမယ့် DX3 မှာတော့ 3D view နဲ့မဟုတ်ပါဘူး။ ကိုယ်လိုချင်တဲ့မြင်ကွင်းရဖို့ တစ်ချက်ခြင်းစီနှိပ်ပြီး ပြောင်းကြည့်ရမှာပါ။

DX3 အတွင်းခန်းနဲ့ပတ်သက်ပြီး အကြိုက်ဆုံးဆိုရင်တော့ 9-inch Infotainment display ပါ။ Android စနစ်ဖြစ်သလို resolution လည်းကောင်းမွန်တယ်။ တုန့်ပြန်မှုကတော့ နည်းနည်းနှေးတယ်။ Infotainment မှာမှ မကြိုက်ဆုံးဆိုရင်တော့ တရုတ်စာတွေနဲ့ ဂြိုဟ်တုလမ်းညွှန် (Mapbar Navi) ပဲ built-in ပါဝင်တာပါ။”

လက်တွေ့ကျကျ

နေ့စဉ်ဘဝကို ချောင်ချောင်ချိချိဖြတ်သန်းဖို့အတွက် Soueast DX3 ရဲ့အတွင်းလူစီးခန်းက အရှေ့ရော အနောက်ရော ကျယ်ဝန်းပါတယ်။ နောက်ဖုံးကတော့ ကျယ်လည်းမကျယ်၊ ကျဉ်းလည်းမကျဉ်း အလောတော်လို့ပြောလို့ရတယ်။

“နောက်ဖုံးတံခါးကတော့ manual ပဲဖြစ်ပြီး DX7 လိုမျိုး electric motor အဖွင့်အပိတ်တွေ၊ motion sensor နဲ့ ခြေထောက်ထိုးပြီးဖွင့်တာမျိုးတွေတော့ မရပါဘူး။”

Safety ပိုင်းနဲ့ပတ်သက်ပြီး ယာဉ်မောင်းသူထိုင်ခုံ၊ ယာဉ်မောင်းသူဘေးထိုင်ခုံနဲ့ ကားနံဘေးမှာ လေအိတ်တွေတပ်ဆင်ပေးထားတယ်။ ကားကိုယ်ထည်က DX7 နဲ့အတူတူ Super High 360° Cage Body Structure ပါပဲ။ ရုတ်တရက် ဘရိတ်နင်းရာမှာ ကားရဲ့အမြန်နှုန်းကို တိကနဲ ရပ်မပစ်ဘဲ အမြန်နှုန်းကို ယာဉ်မောင်းသူရဲ့ လက်ကိုင်ထိန်းချုပ်မှုနှင့်အညီ လိုက်လျောညီထွေဖြစ်အောင် အထောက်အပံ့ပေးနိုင်တဲ့အတွက် ချော်ထွက်မှုရာနှုန်းကိုလွန်စွာနည်းပါးစေတဲ့ Anti-lock Braking System (ABS) ၊ ကားရဲ့ဖိအားနဲ့ အမြန်နှုန်းအပေါ်မူတည်ကာ ကားဘီးတွေအပေါ် ဘရိတ်အကျိုးသက်ရောက်မှုအနည်းအများ ချိန်ညှိပေးနိုင်တဲ့အတွက် အကွေ့လိုမျိုးနေရာတွေမှာ အကောင်းဆုံးထိန်းညှိထောက်ပံ့ပေးနိုင်တဲ့ Electronic Brakeforce Distribution (EBD) ဘရိတ်စနစ်တွေ၊ လမ်းချော်မှုကနေ အကာအကွယ်ပေးနိုင်တဲ့ Traction Control (TRC) ၊ ကုန်းတက်ကုန်းဆင်းတွေမှာ ဘရိတ်နဲ့လီဗာအပြောင်းအလဲတွေကို အကောင်းဆုံးအထောက်အပံ့ပေးနိုင်မယ့် Hill Ascent/descent Assist Control (HAC, HDC) စတာတွေသာမက အခြားဘေးကင်းလုံခြုံရေးဆိုင်ရာ အချက်ပြမှုတွေတပ်ဆင်ပေးထားတာလည်း တွေ့ရပါသေးတယ်။ Tire Pressure Monitoring System (TPMS) ပါဝင်တဲ့အတွက် ကားဘီးလေပေါင်လျော့/မလျော့ ကားအတွင်းမှ သိရှိနိုင်ပြီး ISO FIX Child Safety Seat Fixed Device တပ်ဆင်ပေးထားတဲ့အတွက် ကလေးငယ်ခုံတပ်ဆင်ရာမှာ စိတ်ချလုံခြုံစေမှာပါ။

မောင်းနှင်မှု

မောင်းနှင်မှုနဲ့ပတ်သက်ပြီးကတော့ DX7 နဲ့ DX3 ဟာ ပုံမှန်အတိုင်းဆိုရင် ကွာခြားမှုသိပ်မရှိပါဘူး။ DX7 မှာတော့ Sport Mode တွေဘာတွေပြောင်းပြီး မောင်းလို့ရပါတယ်။ DX3 မှာတော့ mode ပြောင်းလို့မရပါဘူး။ Mitsubishi 3ᴿᴰ generation 1.5-litre Turbo အင်ဂျင်ဖြစ်တဲ့အတိုင်း အထွက်အပြုက ညင်သာပါတယ်။  ဝုန်းကနဲ ဝူးကနဲတော့မဖြစ်ပါဘူူး။ အရှိန်ပါလာရင်တော့ ဆွဲအားကောင်းပါတယ်။
Transmission ပိုင်းမှာတော့ DX7 မှာက Hyundai 6-speed semi-auto transmission ကိုအသုံးပြုပေးထားပေမယ့် DX3 မှာကတော့ Belgium PUNCH 3ᴿᴰ gen 8CVT ကိုအသုံးပြုပေးထားတာတွေ့ရတယ်။ ဆိုတော့ DX7 ရဲ့ gearbox အားသာချက်မျိုးကိုတော့ DX3 မှာ ရရှိနိုင်မှာမဟုတ်ပါဘူူး။ အရှေ့အနောက် suspension ပိုင်းကတော့ DX7 နဲ့ DX3 မှာ များများစားစားကွာခြားသွားတာမျိုး သိပ်မရှိပါဘူး။ MacPherson နဲ့ Multi-link suspensions တွေအသုံးပြုပေးထားတာတွေ့ပါတယ်။
ပျမ်းမျှဆီစားနှုန်းအနေနဲ့ကတော့ Soueast ကနေပြီး DX3 က 35mpg နဲ့ DX7 ကတော့ 30mpg ဆိုပြီးပြောထားပါတယ်။ လက်တွေ့မောင်းနှင်မှုမှာတော့ ဆီစားနှုန်းအခုထက်ပိုပြီးများနိုင်ပါတယ်။ လက်တွေ့ဝယ်ယူစီးနင်းကြသူတွေကတော့ ပျမ်းမျှဆီစားနှုန်း 23.5mpg လောက်ရှိတယ်လို့ ပြောထားတာတွေ့ရပါတယ်။


တရုတ်နိုင်ငံထုတ်ကားတွေမှာ အားသာချက်က အဆင့်မြင့်နည်းပညာတွေ ဖေါဖေါသီသီပါဝင်ခြင်းပါ။ ပြောရမယ်ဆိုရင် ပေးရတဲ့တန်ဖိုးထက် ပိုမိုတဲ့ နည်းပညာပိုင်းတွေကို ရရှိနိုင်မယ့်အနေအထားမျိုး။ ဒါပေမဲ့ DX7 မှာရော DX3 မှာရော blind spot detection စနစ်မပါဝင်တာကတော့ ဝမ်းနည်းစရာပါပဲ။


LED မီးလုံးတွေဘာတွေတပ်ဆင်ပေးမှုကတော့ နှစ်သက်ဖို့ကောင်းပါတယ်။ မီးလုံးတပ်ဆင်မှုမှာတောင် DX7 မှာက ပိုသာတဲ့အချက်ရှိပါတယ်။ DX3 ရဲ့ fog lamp ကပုံမှန်အတိုင်းသာဖြစ်ပေမယ့် DX7 မှာတော့ fog lamp နဲ့အတူတူ 45° အစောင်းမီးကိုထည့်သွင်းပေးထားတဲ့အတွက် ညမှောင်ချိန်ကားကွေ့တဲ့အခါမျိုးမှာ အမြင်ပိုင်းကို အထောက်အကူပေးနိုင်ပါတယ်။

“ Soueast DX3 နဲ့ပတ်သက်ပြီး အကျဉ်းချုပ်ပြောရမယ်ဆိုရင်တော့ ဒီနိုင်ငံဈေးကွက်ထဲမှာရရှိနိုင်တဲ့ SUV အမျိုးအစားကားအသစ်တွေထဲမှာတော့ ဈေးနှုန်းပိုင်းအရ အသက်သာဆုံးတွေထဲမှာပါတယ်။ SUV အသစ်တစ်စီးကို တယုတယမဟုတ်ဘဲ စိတ်ကြိုက်မောင်းပစ်ချင်တယ်၊ ငွေလည်းသိပ်မသုံးချင်ဘူးဆိုရင်တော့ DX3 ဟာ ရွေးချယ်ဖို့သင့်လျော်တဲ့ကားတစ်စီးဖြစ်ပါတယ်။”

ပါဝင်တဲ့အချက်တွေ

DX3

Parameter Basic

Length/Width/Height : 4,354/1,840/1,670 mm
Wheelbase : 2,610 mm
Tread Front/Rear : 1,585/1,586 mm
Ground Clearance :
Curb Weight : 1,340 kg
Tyre : 215/60R17

Power

Engine Type : Mitsubishi 3ᴿᴰ Generation High Efficiency High Rigidity Aluminium (4A91T MIVEC Turbo Engine)
Engine Mode : Fuel Efficient Variable Timing System L4 DOHC 16V
Displacement : 1,499cc
Maximum Power : 154hp/5,600rpm
Maximum Torque : 220Nm/1,800-4,500rpm
Fuel Type : Unleaded Gasoline 92#up
Emission Level : Euro 5
Combined Oil Consumption : 30mpg
Transmission : Belgium PUNCH 3ᴿᴰ Generation 8CVT
Suspension System Front : McPherson Independent Suspension (including front subframe+ front sway bar)
Suspension System Rear : Multi-link Rear Independent Suspension (including rear subframe)
Steering System : EPS

Appearance

One Button Open Panoramic Sunroof
Integrated LED Crystal Diamond Lens Front Light
(Automatically turn on & off/height adjustable/delay turning off function)
Intelligent Induction Auto Headlights
Follow Me Home (intelligent headlights delay turning off)
Professional SUV F/R Highlight Fog lights
AFS (Adaptive front lighting system)
Outside Rearview Mirror Power Adjustable & Heating
Professional SUV Multi-Function Aluminum Alloy Roof Rack
Streamlines Low Wind Resistance Design Rear Spoiler
18-inch 5-Spoke Dual Color Aluminum Wheel Hub
High Strength Engine Cabin Protective Shield

Comfort

360° AVM (around view monitor)
PM 2.5
Keyless Entry & One Button Starting
Remote Key Starting Engine/Constant Temperature AC

Interior

Soft Material Black Console & Door Trim
Leather Multi-Function Steering Wheel
Driver & Co-Driver Seat 6 Direction Manually Adjusted
9-inch High Definition Color Screen
(car computer & smartphone interactive)
MP3/USB Interface/AUX/Bluetooth/3D speakers

Safety Technology

Super High 360° Cage Body Structure
ABS+EBD, ESC
ROP (Prevent Rollover Protection System)
TCS (Traction Control System)
HAC, HDC (Hill Ascent/Descent Assist Control)
ESS (Emergency Stop Signal)
BOS (Brake Override System)
HBA (Hydraulic Brake System)
AWS (Accident Warning System)
TPMS (Tire Pressure Monitoring System)
Driver, Co-Driver & Side Airbags
IMMO
Parking Radar
ISO FIX Child Safety Seat Fixed Device
Child Safety Lock

စမ်းသပ်မောင်းနှင်ရန်နှင့် ဓါတ်ပုံရိုက်ကူးရန်အတွက် အကူအညီပေးပါသော SOUEAST Motor Myanmar အား အထူးပင်ကျေးဇူးတင်ရှိလျက်......

စာရေးသူ  : ဂျူနို
ဓါတ်ပုံ : ကောင်းတင့်

Author

Comments