Renault Captur Review (International)

0

Full article

Honda Civic ၊ Range Rover Sport ပြီးရင် UK မှာလူကြိုက်အများဆုံး ကားတစ်စီးကတော့ Renault ရဲ့ Captur ပါ။ ဈေးနှုန်းသက်သာပြီး တောင့်တင်းခိုင်မာတဲ့ small SUV ဖြစ်တဲ့ Captur ဟာ ကျယ်ကျယ်ဝန်းဝန်းလည်းရှိတာကြောင့် ရေပန်းစားနေပုံရပါတယ်။ ဒါပေမယ့် ပိုမိုကောင်းမွန်တဲ့ မောင်းနှင်မှုကိုလိုချင်ရင်တော့ ငွေအနည်းငယ်ပိုပြီး အကုန်ခံရမှာပါ။

အားသာချက်

  • ကားရဲ့ဈေးက သက်သာသလို မောင်းနှင်မှုကုန်ကျစာရိတ်လည်း သက်သာတယ်
  • ကားအသေးတွေထဲမှာတော့ ကျယ်ကျယ်ဝန်းဝန်းရှိတယ်
  • ပုံစံက ထူးကဲပြီး ဖက်ရှင်ကျတယ်

အားနည်းချက်
– ဒီဇယ်အင်ဂျင်နဲ့ဆိုရင် အသံနည်းနည်းဆူတယ်
– ပိုမိုကောင်းမွန်တဲ့ မောင်းနှင်မှုအတွက် ငွေထပ်ကုန်ရဦးမယ်
– 4WD ရွေးချယ်စရာမရှိဘူး

သုံးသပ်ချက်

Renault Captur ဟာ လမ်းမတွေပေါ်မှာ ကြည့်လို့ကောင်းတဲ့ small SUV တစ်စီးပါ။ ဒါပေမယ့် ပုံမှန် ကားအသေးတွေကို မောင်းရသလိုမျိုးပဲလို့ ခံစားမိတယ်။
Renault ဟာ Captur ကို ၂ဝ၁၃ ခုနှစ်မှစတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ၂ဝ၁၇ ခုနှစ်မှာတော့ အရှေ့နဲ့အနောက် bumpers တွေကို ပြန်လည်ဆန်းသစ်ခဲ့တယ်။ C ပုံသဏ္ဌာန် နေ့ထွန်း LED မီးတွေပါဝင်ပြီး infotainment စနစ်တွေကလည်း ခေတ်နဲ့အညီမွမ်းမံထားပြီးသား။ အတွင်းခန်းကလည်း မဆိုးဘူး။ သားနားပါတယ်။ ပိုပြီး ထိလို့ကိုင်လို့ကောင်းတဲ့ ပလတ်စတစ်သားအိအိတွေကိုသုံးထားတယ်။ Sunroof နဲ့လိုချင်တယ်ဆိုရင်လည်း ရွေးချယ်လို့ရတယ်။
တကယ်တော့ Captur ရဲ့ ချစ်စရာပုံစံက ဆန်းသစ်ဖို့မလိုလောက်သေးပါဘူး။ ကြည့်လို့ကောင်းတုန်း။ ဒါပေမယ့် အရှေ့နဲ့အနောက် skid plates တွေကတော့ ပြောင်းလဲထားပြီး off-road ပိုဆန်လာပါတယ်။ တစ်ခုရှိတာက Captur ဟာ 4WD နဲ့မလာဘူး။ အဲဒီအတွက် မတ်ဆောက်တဲ့ တောင်တက်တောင်ဆင်းလမ်းတွေမှာ ကောင်းကောင်းကြီးမောင်းနိုင်မယ်လို့တော့ မမျှော်လင့်ထားပါနဲ့။
Renault Captur ဟာ နှစ်ရောင်စပ်ကားမျိုးဖြစ်ပြီး သူနဲ့ခပ်ဆင်ဆင်ဆိုရင် Vauxhall ရဲ့ Mokka နဲ့ Nissan ရဲ့ Juke တို့ရှိပါလိမ့်မယ်။
Safety နဲ့ပတ်သက်ပြီး Rear door child safety locks ၊ Seatbelt warning ၊ Front side airbags (head+thorax) ၊ Driver/Front Passenger airbags ၊ 3 point rear seatbelts x3 ၊ Anti-lock Brake System + Emergency Brake Assist ၊ Hill start assist ၊ Front passenger airbag deactivation ၊ ESC – Electronic Stability Control + traction control ၊ Tyre pressure monitor စတာတွေပါဝင်တာမလို့ ခေတ်မီတယ်လို့ပြောလို့ရပါတယ်။
ခြုံငုံပြီး သုံးသပ်ရမယ်ဆိုရင်တော့ မြို့တွင်းမောင်းနှင်ဖို့အတွက် လက်တွေ့အကျဆုံး small SUV ကိုလိုချင်တယ်ဆိုရင် Renault Captur ကို ထည့်သွင်းစဉ်းစားသင့်တယ်လို့ ဆိုရမှာပါပဲ။

အတွင်းခန်း

ဈေးနှုန်းသက်သာတဲ့ ကားတစ်စီးရဲ့ အတွင်းခန်းကိုတော့ ထူးထူးကဲကဲရှိလိမ့်မယ်လို့ မျှော်လင့်မထားသင့်ပါဘူး။ အတွင်းခန်းတစ်ခုလုံးမှာ ဈေးပေါတဲ့ ပလတ်စတစ်သားတွေကို နေရာအနှံတွေ့နိုင်ပေမယ့် dashboard နဲ့ တံခါးက လက်တင်တွေကိုတော့ နူညံ့တဲ့ ပလတ်စတစ်အကောင်းစားနဲ့ အသုံးပြုပေးထားပါတယ်။ အတွင်းခန်းအရောင်က ရွေးချယ်စရာခုနစ်မျိုးအထိရှိပြီး ဆင်စွယ်ရောင်ကနေ အပြာရောင် အဲဒီကနေ ခပ်မှိုင်းမှိုင်း သတ္တုရောင်မျိုးအထိ ရရှိနိုင်တာကတော့ တကယ့်ကို စိတ်ကျေနပ်စရာပါပဲ။ ပိုမိုက်တာက အရောင်ကိုလိုက်ပြီး ပြောင်းလဲပေးမယ့် ဗဟိုခလုတ်ခုံ၊ လေပေါက်တွေနဲ့ လက်ကိုင်ခွေတွေပါ။
အခြေခံ trim မှာပါတဲ့ infotainment display က သိပ်အလန်းကြီးမဟုတ်ပါဘူး။ အရောင်စုံလည်းမဟုတ်ဘူး။ ဒါပေမယ့် Bluetooth ကနေတဆင့် ဖုန်းနဲ့ဆက်သွယ်ပြီး သီချင်းဖွင့်တာတွေ၊ hand-free ခေါ်တာတွေလုပ်နိုင်တယ်။ အခြေခံ trim မှာက ဂြိုဟ်တုလမ်းညွှန်တစ်ပါတည်းမပါလို့ ဖုန်းနဲ့ပဲအသုံးပြုလို့ရမှာပါ။ ဒါပေမယ့် သူ့ထက်မြင့်တဲ့ trim တွေမှာတော့ infotainment display က ရောင်စုံနဲ့ဖြစ်သွားပြီး function အစုံလည်း သုံးလို့ရသွားတဲ့အတွက် ခေတ်စနစ်နဲ့လျော်ညီတဲ့ Captur ကိုလိုချင်ရင်တော့ အခြေခံ trim ကို ရှောင်ဖို့လိုပါလိမ့်မယ်။ ဖျော်ဖြေရေးနဲ့ပတ်သက်ပြီး ထူးခြားတာကတော့ speakers တွေပါ။ အသံထွက်က ကြည်လင်ပြီး ကျယ်ကျယ်လည်းဖွင့်ချင်ရင် ဖွင့်လို့ရပါတယ်။
အကျဉ်းချုပ်ဆိုရင် Renault Captur 2019 ရဲ့ အတွင်းခန်းအနေအထား၊ ပါဝင်တဲ့ပစ္စည်းတွေအရ ပေးတဲ့ဈေးနဲ့ ပိုမိုထိုက်တန်တဲ့ small SUV တစ်စီးပါ။ ကုန်ကျစာရိတ်ချွေတာချင်တဲ့ မိသားစုတွေအတွက်တော့ ဝယ်ယူစီးနင်းပါက အမှားအယွင်းမရှိနိုင်တဲ့ ကားဖြစ်ပါတယ်။

လက်တွေ့ဆိုရင်

Renault Captur မှာက နှစ်သက်စရာ ကျယ်ဝန်းတဲ့ အတွင်းခန်းပါတယ်။ ဒီလိုမျိုး ကားငယ်အတွက်ဆိုရင် တော်တော်ကြီးကို ကျယ်တယ်လို့ ပြောနိုင်တယ်။ အနောက် လူစီးခန်းက သိပ်ကြီးမကျယ်လှပေမယ့် ကျဉ်းကျဉ်းကျုတ်ကျုတ်တော့ မရှိလှဘူး။ အလယ်ခုံမှာပါ ထိုင်မယ်ဆိုရင်တော့ ကျပ်တယ်။ သူ့ထက်စာရင် Suzuki ရဲ့ Vitara မှာက ပိုကောင်းတဲ့ နောက်ခုံတန်းပါဝင်ပါတယ်။ အတွင်းခန်းနဲ့ပတ်သက်ပြီးခြုံပြောရရင်တော့ လက်ခံနိုင်လောက်စရာရှိအောင် ကျယ်တယ်။ Glovebox ကလည်းတော်တော်ဆံ့တယ်။ အရှေ့နှစ်ခုံအကြားအလယ်မှာလည်း လက်တင်တန်းနဲ့ box တစ်ခုပါ ပါသေးတယ်။ တစ်ခုရှိတာက တံခါးဘောင်တွေမှာပါတဲ့ ရေဘူးထည့်တန်းကတော့ သေးတယ်။ ရေသန့်ဘူးသေးလောက်ပဲ ထည့်လို့ဆံ့မှာပါ။
အနောက်ပစ္စည်းထားခန်းကတော့ ပုံမှန်ဆိုရင် 377-litres ဝင်ဆံ့ပါတယ်။ ခုံအပြည့်နဲ့ပါ။ ဒါပေမယ့် အထင်ကြီးစရာကောင်းတာတစ်ခုက အနောက်ခုံတန်းကို ရှေ့တိုးပြီး 445-litres ထိဝင်ဆံ့အောင် လုပ်လို့ရတာပါ။ ခုံတွေခေါက်လိုက်မယ်ဆိုရင်တော့ 1,235-litres အထိဝင်ဆံ့ပါတယ်။ မကောင်းတာတစ်ခုကတော့ boot မှာ ချိတ်စရာပြုစရာ ချိတ်တွေ၊ ညှပ်စရာ ဆန်ကာတွေ မပါဝင်ခြင်းပါ။

မောင်းနှင်မှု

အင်ဂျင်ပိုင်းမှာတော့ ဓါတ်ဆီ/ဒီဇယ် ရွေးချယ်စရာရှိတယ်။ 90hp ၊ 0.9-litre ဓါတ်ဆီအင်ဂျင်ကတော့ ဆီစားအထူးသက်သာပြီး မြို့တွင်းမောင်းရာမှာတော့ တော်တော်လေးအဆင်ပြေတယ်။ Five-speed gearbox နဲ့မလို့ အင်ဂျင်သံဆူညံခြင်းကနေ ထိန်းပေးနိုင်ပေမယ့် လျင်မြန်မှုအပိုင်းကတော့ ပါဝါနည်းတဲ့ အင်ဂျင်ဖြစ်တဲ့အတွက် အားရစရာတော့ မရှိပါဘူး။
90hp ၊ 1.5-litre ဒီဇယ်အင်ဂျင်ကတော့ မြို့တွင်းမြို့ပြင်မောင်းဖို့ ပိုပြီး လက်တွေ့ကျတဲ့ အင်ဂျင်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် စက်သံတဂျုတ်ဂျုတ်တော့ မြည်တာပေါ့လေ။ ဆီစားနှုန်းပိုသက်သာတာကတော့ ကောင်းတဲ့အချက်ပါ။
မောင်းကြည့်ရသလောက်တော့ Renault Captur ဟာ မြို့ထဲမောင်းဖို့ အကောင်းဆုံး ကားတစ်စီးလို့ ခံစားမိပါတယ်။ အောက်ပိုင်းမြှင့်ထားတဲ့ ကားတစ်စီးဖြစ်တဲ့အတွက် ချိုင့်တွေ၊ ကမူအသေးစားတွေ (ကျွန်တော်တို့နိုင်ငံအတွက်တော့ slow down အမြင့်စားကြီးတွေ) အတွက် အေးဆေးပါပဲ။ အရှိန်ကြီးနဲ့တော့ ဖြတ်မမောင်းနဲ့ပေါ့။
မြင်ကွင်းပိုင်းအနေနဲ့ကတော့ အရှေ့လေကာမှန်က မြင်ကွင်းကောင်းပါတယ်။ လေကာမှန်နဲ့ ဘေးမှန်တွေကြားထဲက ဘောင်က အကြီးကြီးမဟုတ်ဘူးဆိုရင် ပိုမိုရှင်းလင်းတဲ့ မြင်ကွင်းကို ရရှိနိုင်တယ်။ အနောက်မှန်ကတော့ ရှိရမယ့် အကျယ်အဝန်းထက် ငယ်ပါတယ်။ ဒါကြောင့်မလို့ မြို့တွင်းမှာ သွက်သွက်လက်လက်မောင်းဖို့ဆိုရင်တော့ သတိပိုထားပြီး မောင်းရမယ့်ပုံစံမှာရှိပါတယ်။
တကယ်တော့ Renault Captur ကိုမောင်းရတာဟာ မိသားစုစီးကားအသေးကို ကုလားမခြေထောက်ခုပြီး မောင်းရသလိုမျိုးပါပဲ။ ခပ်မြင့်မြင့် မိသားစုကားအသေးမောင်းရသလိုမျိုးပေါ့။ Steering ကတော့ သေးငယ်ပေါ့ပါးပြီး အကွေ့တွေမှာလည်း ကားကိုကောင်းကောင်း ထိန်းချုပ်နိုင်တာတွေ့ရတယ်။ ခွေမှာ လက်ကိုင်စရာ နေရာအများအပြားပါတာကတော့ ပြိုင်ကားပုံစံလိုမျိုးဖြစ်သွားတယ်။

ပါဝင်တဲ့အချက်တွေ

Trim အနေနဲ့ Renault Captur မှာ Play ၊ Iconic ၊ GT Line ၊ S Edition ဆိုပြီး ၄ မျိုးရှိပါတယ်။

Play

အခြေခံ trim ပါ။ ဈေးအသက်သာဆုံးဖြစ်ပြီး ၁၆ လက်မ အလွိုင်းခွေ၊ keyless entry ၊ cruise control ၊ automatic lights နဲ့ wipers တွေပါဝင်ပါတယ်။ လေအေးစက်အရည်အသွေးက ကောင်းမွန်ပြီး DAB infotainment စနစ်နဲ့ပါ။ မြေပုံတွေ၊ သီချင်းတွေအတွက် ဖုန်းနဲ့ဆက်သွယ်လို့ရပါတယ်။
အခြေခံအနေနဲ့ အင်ဂျင်က နှစ်မျိုးပါ။ 0.9L ဓါတ်ဆီ 90hp ထွက်တဲ့ 0.9 TCE 90 နဲ့ 1.5L ဒီဇယ် 90hp ထွက်တဲ့ 1.5 DCI 90 ရယ်ပါ။ Manual gearbox တွေနဲ့ချည်းဖြစ်ပြီး ဆီစားနှုန်းအနေနဲ့ ဓါတ်ဆီဆိုရင် 52mpg နဲ့ ဒီဇယ်ဆိုရင် 67mpg အထိရရှိနိုင်တယ်ဆိုပြီး Renault ကဆိုထားပါတယ်။ လက်တွေ့မှာတော့ 42kml နဲ့ 57kml လောက်အထိတော့ ရနိုင်မှာပါ။

Iconic

၁၇ လက်မ အလွိုင်းခွေနဲ့ Iconic ကတော့ Play ထက်ပိုလန်းသွားပါပြီ။ ဈေးကလည်း နည်းနည်းပိုကောင်းသွားတာကို။ အနောက် parking sensors တွေပါလာပြီး ၇ လက်မ infotainment စနစ်နဲ့ဖြစ်သွားပါပြီ။ ဂြိုဟ်တုလမ်းညွှန်လည်း တစ်ပါတည်း ပါလာပါပြီ။
အင်ဂျင်ပိုင်းမှာလည်း ရွေးချယ်စရာက ၅ မျိုးဖြစ်သွားပါတယ်။ ထပ်ဆောင်း ရွေးချယ်စရာ အင်ဂျင် ၃ မျိုးကတော့ manual gearbox နဲ့ 1.3L ဓါတ်ဆီ 130hp ထွက်တဲ့ 1.3 TCE 130 အင်ဂျင်ရယ်၊ automatic gearbox တွေအနေနဲ့ 1.5L ဒီဇယ် 90hp ထွက်တဲ့ 1.5 DCI 90 EDC ရယ် 1.3L ဓါတ်ဆီ 150hp ထွက်တဲ့ 1.3 TCE 150 EDC အင်ဂျင်ရယ်ပါ။

GT Line

GT Line ကတော့ ငွေရောင် skid plates တွေ၊ ဘေးခြေနင်းတွေ အပြည့်အစုံပါလာပါပြီ။ အနောက်ကြည့် ကင်မရာ၊ အလိုအလျောက် ပါကင်ထိုးတဲ့စနစ်၊ blind spot အထောက်အပံ့တွေပိုပါလာမှာဖြစ်ပြီး အတွင်းခန်းမှာတော့ အပူပေးနိုင်တဲ့ ထိုင်ခုံ၊ အလူမီနီယမ် ခြေနင်းတွေ၊ R-Link infotainment စနစ်နဲ့ဖြစ်သွားပါပြီ။ R-Link infotainment စနစ်ကတော့ features အသစ်တွေကို download လုပ်ပေးနိုင်စွမ်းရှိပါတယ်။
အင်ဂျင်ရွေးချယ်စရာကတော့ Iconic နဲ့အတူတူပါပဲ။ ၅ မျိုးပါ။

S Edition

S Edition trim ကတော့ Captur မှာ အကောင်းဆုံး trim ပါပဲ။ အမွှေးပွအနည်းငယ်ပါတဲ့ faux-suede ထိုင်ခုံတွေနဲ့ဆိုတော့ ဇိမ်ကျတဲ့အထဲကိုတောင်မှ ပါလာတဲ့ trim ပါ။ ကျန်တာတွေကတော့ သိပ်ကွာခြားမှုမရှိလှပေမယ့် အင်ဂျင်ပိုင်းမှာတော့ နည်းနည်းကွာသွားပါတယ်။
Manual gearbox နဲ့က 1.3L ဓါတ်ဆီ 130hp ထွက်တဲ့ 1.3 TCE 130 အင်ဂျင်ရယ် 90hp ထွက်တဲ့ 1.5L ဒီဇယ် 1.5 DCI 90 ရယ်ဆိုပြီးနှစ်မျိုးထဲက ရွေးချယ်နိုင်ပြီး automatic gearbox နဲ့ဆိုရင် ဓါတ်ဆီအတွက် 1.3L 150hp ထွက်တဲ့ 1.3 TCE 150 EDC နဲ့ ဒီဇယ်အတွက်ဆိုရင် 90hp ထွက်တဲ့ 1.5L 1.5 DCI 90 EDC ရယ်ဆိုပြီး နှစ်မျိုးထဲက ရွေးချယ်ရမှာပါ။

စာရေးသူ : စိုင်းဆိုင်(ရန်ကုန်)
Ref: Renault Captur Review (International) by Mat Watson

Author

Comments