Jaguar E-Pace 2019 Review

0

Full article

SUV  တွေထဲမှာမှ sporty အဆန်ဆုံးကိုလိုချင်တယ်ဆိုရင်တော့ Jaguar ရဲ့ E-Pace ဟာ ရွေးချယ်စရာစာရင်းရဲ့ ထိပ်ဆုံးမှာသာထားသင့်တာပါ။ ရုန်းအားကောင်းတယ်။ မောင်းတဲ့နေရာမှာလည်း ချောချောမွေ့မွေ့ရှိလှတယ်။ အစဉ်အဆက်က ကောင်းသထက်ပိုကောင်းလာတဲ့ သမိုင်းကြောင်းလည်းရှိတယ်။ ဒီလိုအရည်အသွေးတွေနဲ့ Jaguar ရဲ့ E-Pace ကို လက်တွေ့ကျကျ သတ္တုချကြည့်လိုက်တဲ့အခါ...

ဈေးနှုန်း : US$ 80,000-100,000 ဝန်းကျင် (SKD မဟုတ်ပါ)

အားသာချက်

  • Jaguar F-Type မှဆင်းသက်လာတဲ့ sporty အဆန်ဆုံး ဒီဇိုင်း
  • 3rd generation LED မီးများကိုအသုံးပြုထားခြင်း
  • 2.0-litre turbocharged engine + 9-speed automatic transmission

အားနည်းချက်

  • Sporty ဒီဇိုင်းဖြစ်ပေမဲ့ paddle shifters မပါဝင်မှု
  • Apple CarPlay နှင့် Android Auto မပါဝင်ခြင်း
  • ထိုင်ခုံအပူ/အအေးစနစ် မပါဝင်သေးခြင်း

သုံးသပ်ချက်

E-Pace ဆိုလို့ EV (electric vehicle) နဲ့တော့မမှားပါနဲ့။ Jaguar ရဲ့ 2019 E-Pace ဟာ လောင်စာဆီသုံး compact SUV အမျိုးအစားဖြစ်ပြီး steel frame chassis နဲ့တည်ဆောက်ထားတယ်။​ Jaguar F-Type ကဆင်းသက်လာတဲ့ဒီဇိုင်းဖြစ်တဲ့အတွက် sporty အရမ်းဆန်တယ်။ Brake based torque vectoring စနစ်တပ်ဆင်ထားတဲ့အတွက် အကွေ့အဝိုက်တွေ၊ ထောင့်ချိုးနေရာတွေမှာ အရှိန်ပြင်းပြင်းနဲ့ လေဟုန်ကိုခွင်းပြီးမောင်းနှင်နိုင်စွမ်းရှိတယ်။

E-Pace ရဲ့ ရှေ့ပိုင်းအသွင်အပြင်ဟာ 3rd generation LED မီးတွေနဲ့အတူ တော်တော်ကြီး sporty ပုံစံမျိုးကိုပိုင်ဆိုင်ထားတယ်။ ရှေ့လေကာမှန်မှာဆိုရင်လည်း သမိုင်းကြောင်းကောင်းတဲ့ မျိုးဆက်အစဉ်အလာကို ထိန်းသိမ်းထားတယ်ဆိုတဲ့ သင်္ကေတ၊ Jaguar ကြီးနောက်က Jaguar ငယ်လေးတွေလိုက်လာတဲ့ ပုံ ကိုထည့်ထားတာတွေ့ရတယ်။ တကယ်တော့ E-Pace ဟာ SUV နဲ့ sedan ကား ပေါင်းစပ်ထားတဲ့ ဒီဇိိုင်းလို့ခံစားမိပါတယ်။ မှန်ပြတင်းအခြေကနေ နှစ်ပိုင်းခွဲကြည့်မယ်ဆိုရင် အပေါ်ပိုင်းက ပါးပါးလှလှ စွမ်းဆောင်ရည်ဦးစားပေးကားတွေနဲ့တူပြီး အောက်ပိုင်းကတော့ ခပ်မြင့်မြင့် SUV အမျိုးအစားမျိုးနဲ့ ပိုတူတာကို တွေ့ရပါလိမ့်မယ်။ နောက်ပိုင်းကလည်း sporty ဆန်တဲ့နောက်ပိုင်းပဲဖြစ်ပြီး အမှန်အကန် dual exhaust နဲ့ပါ။ ကြည့်လို့ကောင်းပြီး လူငယ်ကြိုက်ဒီဇိုင်းလို့ပြောလို့ရတယ်။​

“ခြုံကြည့်မယ်ဆိုရင်တော့ အရည်အသွေးမြင့်ကားတစ်စီးပုံစံအပြည့်ရှိတယ်။ Sport ကားတစ်စီးပုံစံအပြည့်ရှိတယ်။ မောင်းနှင်မှုအပိုင်းမှာလည်း စွမ်းဆောင်ရည်မြင့်သလို ထိန်းချုပ်မှုအပိုင်းမှာလည်း ပိုင်ပိုင်နိုင်နိုင်ရှိမှာဖြစ်တယ်။ တစ်ခုပဲ။ နည်းပညာပိုင်းအရဆိုရင်တော့ သိပ်ပြီး ခေတ်ရှေ့မပြေးလှဘူး။”

အတွင်းခန်း

အတွင်းခန်းကို ဝင်ဝင်ခြင်း သတိပြုစရာကတော့ ထိုင်ခုံတွေကို နှိမ့်ထားဖို့လိုအပ်တာပါ။ အဲဒီလိုမှမဟုတ်ရင် အဝင်မှာ တံခါးဘောင်နဲ့ ခေါင်းနဲ့တိုက်တာမျိုးဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ထိုင်ခုံအရည်အသွေးတွေကတော့ နှစ်သက်ဖို့ကောင်းတယ်။ သားရေသားစစ်စစ်တွေကို အသုံးပြုထားပြီး ပုံစံပိုင်း sporty ဆန်တဲ့အပြင်ကိုမှ ထိုင်ရတဲ့အရသာက သက်သောင့်သက်သာလည်းရှိတာကိုတွေ့ရတယ်။ Cabin ရဲ့နေရာတော်တော်များများမှာ အရည်အသွေးမြင့် soft touch တွေချည်းဖြစ်နေတာကိုတွေ့ရပြီး steering ဘာတွေကအစ သားရေသားအစစ်အုပ်ထားတယ်။ တစ်ခုပဲ။ D ပုံစံ လက်ကိုင်ခွေအသေးနဲ့ဆိုရင်တော့ ပိုပြီး sporty ဖြစ်သွားနိုင်ပါလိမ့်မယ်။

Steering မှာတပ်ဆင်ထားတဲ့ mounted controls တွေက ပြည့်စုံမှုရှိတယ်။ အဆင့်မြင့်ကားဖြစ်တဲ့အတိုင်း လက်ကိုင်ကို အထက်/အောက် ရော ရှေ့/နောက်မှာ manual ချိန်ညှိလို့ရတယ်။ ထိုင်ခုံတွေကတော့ electric adjustment နဲ့ဖြစ်ပြီး seat memory တွေဘာတွေလည်းပါတယ်။ Lumbar support တော့မပါ ပါဘူး။ ဖုန်းထားစရာနေရာ သင့်တယ်။ Gear knob ပုံစံ၊ driving mode control ပုံစံတွေက sporty ဆန်ဆန် ဖန်တီးထားတာကိုတွေ့ရတယ်။ Centre console box က ကျယ်ကျယ်ဝန်းဝန်းရှိတဲ့အပြင်ကိုမှ​ USB နှစ်ပေါက်နဲ့ 12-v socket တစ်ပေါက်ပါတာကတော့ တော်တော်အသုံးတည့်နိုင်မယ့်အချက်တစ်ခုပါ။

“Infotainment ပိုင်းကတော့ JLR ကားတွေရဲ့ စတိုင်မျိုးပါပဲ။ 8-inch ရှိတယ်။ အရည်အသွေးကောင်းတယ်။ ရုပ်ထွက်ကောင်းတယ်။ တုံ့ပြန်မှုပိုင်းကောင်းတယ်။ နှစ်ချက်ပါပဲ။ ဂြိုဟ်တုလမ်းညွှန်က ကိုယ်တွေနိုင်ငံမှာ အသုံးပြုလို့မရသေးသလို Apple CarPlay ရော Android Auto ကိုပါ support ပေးမထားဘူး။ ဆိုတော့... သီချင်းဖွင့်တာမျိုး၊ ဖုန်းခေါ်တာမျိုးတို့လောက်တော့ ကိုယ့်ဖုန်းနဲ့ infotainment ချိတ်ဆက်အသုံးပြုနိုင်ပေမဲ့ maps တွေဘာတွေအသုံးပြုချင်ရင်တော့ ကိုယ့်ဖုန်းနဲ့ကိုယ်ပဲ အသုံးပြုလို့ရမှာပါ။ ဒါပေမဲ့ နောက်ကင်မရာကို ပြသတဲ့မြင်ကွင်းက အရည်အသွေးကောင်းတဲ့အပြင်ကိုမှ ပုံမှန်ရော wide view ပါပြောင်းလဲကြည့်ရှုနိုင်တဲ့အတွက် ပါကင်ထိုးရာမှာပဲဖြစ်ဖြစ် နောက်ဆုတ်တဲ့အခါမျိုးပဲဖြစ်ဖြစ် တော်တော်ကြီးကို အသုံးတည့်မှာသေချာပါတယ်။”

Air conditioning က dual zone ဖြစ်သလို ရှေ့/နောက်လည်းရတယ်။ နှစ်သက်မိတဲ့အချက်ကတော့ air conditioning ခလုတ်ကလေးတွေပါ။ လှည့်ရတဲ့နေရာမှာ မီးခံသေတ္တာဖွင့်ရသလိုမျိုး ‘တစ်.. တစ်.. တစ်’ နဲ့၊ ထူးခြားတဲ့ ခံစားမှုအရသာကိုရရှိစေတယ်။ အသံပိုင်းအရည်အသွေးလည်းကောင်းတယ်။ တစ်ခုရှိတာက sunroof တော့မပါ ပါဘူး။ ဒီအချက်ကတော့ ကြိုက်သူ/မကြိုက်သူ ကွဲပြားနိုင်တဲ့အချက်ပါ။ ပူပြင်းမှုများတဲ့ရာသီဥတုမှာ နေထိုင်ကြရတဲ့ မြန်မာနိုင်ငံသူနိုင်ငံသားတွေအတွက်တော့ sunroof ဟာ သိပ်အရေးကြီးတဲ့အချက်တစ်ခု မဟုတ်ဘူးလို့တော့မြင်ပါတယ်။

လက်တွေ့ဆိုရင်

နောက်ခန်း ခုံတန်းမှာထိုင်ရတာကတော့ ခေါင်က နည်းနည်းနိမ့်တယ်လို့ခံစားရပေမဲ့ ခြုံပြောရရင်တော့ အဆင်ပြေတယ်။ လေအေးစနစ်ရရှိတဲ့အပြင်ကိုမှ 12-v socket တစ်ပေါက်ပါတဲ့အတွက် ခရီးဝေးသွားတဲ့အခါမျိုးမှာ အသုံးတည့်မှာပါ။ USB ပေါက် တစ်ပေါက်လောက်ထပ်ပါရင်တော့ ပိုကောင်းတာပေါ့။ Cup holder တွေပါတဲ့ အရည်အသွေးကောင်း armrest ပါတယ်။ အကောင်းဆုံးတစ်ချက်က သားရေသားစစ်စစ်တွေအုပ်ထားတဲ့ ထိုင်ခုံတွေက ထိုင်ရတာ သက်သောင့်သက်သာရှိတာပါပဲ။ ISO-fix လည်းပါတဲ့အတွက် ကလေးငယ်ရှိတဲ့ မိသားစုတွေနဲ့လည်း အဆင်ပြေမှုရှိပြန်ပါသေးတယ်။

နောက်ပစ္စည်းထားခန်းတံခါးက electric motor နဲ့ဖြစ်တဲ့အပြင် remote key ကနေဖြစ်ဖြစ် ယာဉ်မောင်းသူထိုင်ခုံနေရာကနေ ဖြစ်ဖြစ် အဖွင့်/အပိတ် လုပ်လို့ရတယ်။ Kick sensor မပါပေမဲ့ နေ့စဉ်ဘဝမှာ လက်တွေ့အသုံးကျနိုင်တဲ့ feature တွေပါ။ Boot ရဲ့ ဝင်ဆံ့မှုကတော့ 425-litre ဖြစ်ပါတယ်။ နှိုင်းယှဉ်ပြမယ်ဆိုရင် Audi Q2 ထက် နည်းနည်းပိုကျယ်ပြီး BMW X1 ထက် နည်းနည်းပိုကျဉ်းတဲ့ နောက်ပစ္စည်းထားခန်းကို ပိုင်ဆိုင်ထားတာပါ။ နောက်ထိုင်ခုံတန်းက 60:40 ခေါက်လို့ရပြီး နောက်ခုံတစ်တန်းလုံးကို ခေါက်လိုက်မယ်ဆိုရင်တော့ 1,234-litre ဝင်ဆံ့မှုအထိရရှိနိုင်ပါတယ်။ Boot ကြမ်းပြင်အောက်မှာတော့ 18-inch အရွယ်အစား အပိုဘီးပါဝင်ပြီး ခွေကတော့ သံခွေနဲ့ဖြစ်ပါတယ်။

“နေ့စဉ်ဘဝမှာ အသုံးတည့်မှုအပိုင်းနဲ့ချိန်ထိုးကြည့်မယ်ဆိုရင်တော့ ဝင်ဆံ့မှုအပိုင်းက အသင့်အတင့်ရှိတယ်။ အာရှသားတွေအတွက် လူငါးယောက် အသင့်အတင့်အနေအထားမျိုးလိုက်ပါစီးနင်းနိုင်မယ်။ လေးယောက်ဆိုရင်တော့ အကောင်းဆုံးပေါ့။ မြို့တွင်းပတ်လည်သာမက ခရီးဝေးအမြဲသွားမယ့်သူတွေအတွက်တောင်မှ အကောင်းဆုံး အထောက်အပံ့ပေးနိုင်စွမ်းရှိတာကိုတွေ့ရပါတယ်။”

မောင်းနှင်မှု

Jaguar တွေရဲ့ အဓိကအားသာချက်က မောင်းနှင်မှုအပိုင်းပါ။ လက်တွေ့မောင်းနှင်ရာမှာ စွမ်းဆောင်ရည်ပိုင်းမြင့်သလို ထိန်းချုပ်မှုအပိုင်းကလည်း special ပါပဲ။

မြင်ကွင်းပိုင်းကတော့ ရှေ့နဲ့ဘေးက ရှင်းရှင်းလင်းလင်းရှိတယ်။ နောက်ကြည့်မှန်ကနေတစ်ဆင့် ကြည့်ရတဲ့ မြင်ကွင်းကတော့ နည်းနည်းကျဉ်းတယ်ဆိုလို့ရတယ်။ ဒါပေမဲ့ ကင်မရာတွေရော sensors တွေရော ကောင်းမွန်တဲ့အတွက် parking ထိုးတဲ့နေရာမှာတော့ ဘာမှ အခက်အခဲကြုံစရာ မရှိလှပါဘူး။

Driving mode အနေနဲ့ကတော့ JLR တွေရဲ့ စတိုင်အတိုင်း Rain/Ice/Snow ၊ Eco ၊ Comfort နဲ့ Dynamic ဆိုပြီး ဆိုပြီး mode လေးမျိုးပြောင်းလဲမောင်းနှင်နိုင်တယ်။ JLR ကားတွေကို ကြိုက်မိတဲ့အချက်မှာ အဲဒီ mode တွေလည်းပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တကယ်ကို သိသိသာသာရှိလှတဲ့အပြင်ကိုမှ လိုအပ်တဲ့အချိန်မှာ တကယ်ကို အသုံးဝင်တဲ့ mode တွေဖြစ်လို့ပါ။

ရှေ့ double wishbone နဲ့ နောက် multi-link suspension ဖြစ်တဲ့အတွက် တည်ငြိမ်မှု၊ သက်သောင့်သက်သာဖြစ်မှုနဲ့ တောင့်တင်းခိုင်မာမှုအပိုင်းက တော်တော်လေး အချိုးအစားညီမျှတယ်။

“အင်ဂျင်က 2.0-litre turbocharged ဓါတ်ဆီအင်ဂျင်ပါ။ အမြင့်ဆုံးပါဝါ 245hp အထိ ထုတ်လွှတ်ပေးနိုင်စွမ်းရှိတယ်။ ပြောရမယ်ဆိုရင် ရုန်းအား၊ ဆွဲအားကောင်းပြီး Jaguar တစ်ကောင်လိုမျိုး ပြေးနိုင်စွမ်းရှိတဲ့ ကားတစ်စီးဖြစ်ပါတယ်။ 0-100kph အမြန်နှုန်းကိုရဖို့အတွက် 6.7-sec ပဲလိုတယ်လို့ Jaguar ဘက်ကဆိုထားပါတယ်။ လက်တွေ့မစမ်းလိုက်ရပေမဲ့ ရုန်းအားတော်တော်ကောင်းတာမို့ တကယ်လည်းရမယ့်ပုံပါပဲ။ Transmission ပိုင်းက 9-speed automatic transmission ဖြစ်တဲ့အတွက် ဂီယာအကူးအပြောင်း သိသိသာသာညက်ညောပါတယ်။ မောင်းနှင်မှုအပိုင်းနဲ့ပတ်သက်ရင် တော်တော်လေးကို အားရစရာကောင်းတဲ့ Jaguar E-Pace ပါ။”

18-inch ဘီးတွေနဲ့ ground clearance က 9-inch ဝန်းကျင်ရှိတဲ့အတွက် SUV တစ်စီးအတွက် လိုက်ဖက်ညီမှုအပြည့်ပါပဲ။ နောက်တစ်ချက်က JLR ကားတွေဖြစ်တဲ့အတိုင်း all-wheel drive (AWD) ကိုမှာ intelligent all-wheel drive ဖြစ်ပါတယ်။ လူက လိုက်ချိန်ပေးစရာမလိုဘဲ လမ်းအနေအထားကိုလိုက်ပြီး အလိုအလျောက် ပြောင်းလဲအလုပ်လုပ်ပေးသွားမှာဖြစ်တဲ့အတွက် လွယ်ကူတယ်။ ချောမွေ့တယ်။ ဒါပေမဲ့ paddle shifters တွေမပါတဲ့အချက်ကလေးတစ်ခုကတော့ ပြောစရာဖြစ်နေပါတယ်။ Sporty ဆန်လှတဲ့ ကားတစ်စီးအနေနဲ့ ပါကိုပါသင့်တဲ့ အချက်တစ်ခုပါ။ ဆီစားနှုန်းကိုတော့ Jaguar က 29mpg အထိရမယ်လို့ဆိုထားပေမဲ့ ထုံးစံအတိုင်း 10mpg လောက်တော့ လျော့ပြီးမှန်းထားသင့်တယ်။ ကျန်တဲ့ auto-hold ၊ traction control ၊ auto-dimming mirror တို့ပါတဲ့အချက်တွေကလည်း နေ့စဉ်မောင်းနှင်မှုပုံစံမှာ တော်တော်လေးအထောက်အကူပေးနိုင်ပါ။

Jaguar E-Pace 2019 ကို အကျဉ်းချုပ်သုံးသပ်ရမယ်ဆိုရင်တော့ sporty ဆန်ဆန် SUV တစ်စီးကို အရှိန်အဟုန်အပြည့်နဲ့မောင်းနှင်ချင်သူတွေအတွက် အမှန်အကန် ရွေးချယ်စရာ ကားတစ်စီးဖြစ်တယ်။ 2020 ပြည့်နှစ်မှာ 2019 model တစ်စီးအနေနဲ့ နောက်ဆုံးပေါ် နည်းပညာတွေသာ ဦးစားပေးမဟုတ်ဘူးဆိုရင်တော့ Jaguar E-Pace ဟာ အကောင်းဆုံးတွေထဲက တစ်စီးပါပဲ။”

စမ်းသပ်မောင်းနှင်ရန်နှင့် ဓါတ်ပုံရိုက်ကူးရန်အတွက် အကူအညီပေးပါသော Land Rover Myanmar အားအထူးပင် ကျေးဇူးတင်လျက်......

Photo : Kaung Tint

Author