Brilliance V7 2019 Review

0

Full article

Brilliance V7 ကတော့ လူခုနစ်ယောက်စီး Crossover အမျိုးအစားဖြစ်ပြီး တရုတ်အမှတ်တံဆိပ်ဖြစ်တာနဲ့အညီ features များများစားစားပါတာကို ဈေးနှုန်းသက်သက်သာသာနဲ့ရရှိနိုင်မှာဖြစ်တယ်။ ထုတ်လုပ်တာကတော့ ပြည်တွင်းမှာ SKD စနစ်နဲ့ထုတ်လုပ်မှာပါ။ Brilliance ဟာ BMW ထံက နည်းပညာပိုင်းအထောက်အပံ့ရထားတဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့အတွက် စိတ်ချရတယ် ဆိုတဲ့ ခံစားချက်ကိုတော့ ပေးတယ်။ လက်တွေ့ကျကျကြည့်မယ်ဆိုရင် ဘယ်လိုနေမှာပါလိမ့်...

ဈေးနှုန်း - 47,800,000 (SKD)

အားသာချက်

  • ခန့်ခန့်ညားညား ကားရဲ့ပုံစံ
  • သပ်ရပ်တဲ့ အတွင်းခန်းအပြင်အဆင်
  • 1.6-liter turbocharged engine + 7-speed automatic transmission

အားနည်းချက်

  • နောက်ဆုံးခုံတန်းမှာ တော်တော်လေးကျဉ်းမြောင်းခြင်း
  • အပိုဘီးကိုထုတ်ရန်မှာ တော်တော်လေးခက်ခဲခြင်း
  • လူအပြည့်တင်ဆောင်ပါက နောက်ပစ္စည်းထားခန်း နေရာလွတ်နည်းပါးခြင်း

သုံးသပ်ချက်

Brilliance V7 ကို မြင်မြင်ခြင်းကြိုက်သွားစေတာကတော့ Rolls-Royce တို့ Mercedes တို့မှာတွေ့ရလေ့ရှိသလိုမျိုး logo ကို bonnet ornament အဖြစ်တပ်ဆင်ထားတာပါ။ နောက်တစ်ချက်က projector မီး အသေးသုံးလုံး အကြီးတစ်လုံး၊ DRL (Daytime Running Lamps) နဲ့ အချက်ပြမီးအဖြစ် LED လိုင်းနှစ်လိုင်း၊ halogen fog lamp မီးတွေနဲ့ပေါင်းစပ်ထားပြီး ခန့်ညှားမှုရှိတဲ့ ကားရဲ့ရှေ့ပိုင်းအသွင်အပြင်ဖြစ်ပါတယ်။ နောက်ဘက်မှာလည်း revising lights တွေကလွဲရင် ကျန်တာအားလုံးက LED တွေနဲ့ဆိုတော့ ဒါတွေဟာ ပေးရတဲ့ဈေးနှုန်းနဲ့ ပိုပိုသာသာရရှိနိုင်တယ်ဆိုတဲ့အချက်တွေပါပဲ။

“ဘီးတွေက 19-inch အလွိုင်းခွေတွေနဲ့ဖြစ်ပြီး ground clearance ကလည်း 8-inch ဝန်းကျင်ရှိတယ်ဆိုတော့ CUV (Crossover Utility Vehichle) တစ်စီးအနေနဲ့ လူများများလည်းတင်ဆောင်နိုင်မယ်။ တော်တန်ရုံခလုခချိုင့်ပေါတဲ့လမ်းတွေမှာလည်း စိုးရိမ်စိတ်ကင်းကင်းနဲ့မောင်းနှင်လို့ရမယ့်ကားတစ်စီးဖြစ်တယ်။ BMW ရဲ့ နည်းပညာပိုင်းအထောက်အပံ့ကိုရယူထားတာကလည်း သဘောကျစရာပါပဲ။ အတွင်းခန်းထဲတစ်ချက်သွားကြည့်ကြအောင်လား။”

အတွင်းခန်း

Dash တွေ၊ ထိုင်ခုံတွေက သားရေတွေပါ။ ထူးခြားချက်အနေနဲ့ dash ပေါ်မှာ ပစ္စည်းအသေးထည့်စရာ 'အံ' နဲ့ ယာဉ်မောင်းသူရှေ့မှာ HUD မှန်ငယ်ကလေးတစ်ခုပါတယ်။ သားရေတွေကတော့ artificial leather တွေဖြစ်ပါတယ်။ ထွက်ရှိလာမယ့် SKD version မှာတော့မသိပေမဲ့ အခုလက်တွေ့ကြည့်ရှုရတဲ့ CBU ကားမှာတော့ ထိုင်ခုံရဲ့ ခါးတစ်ဝိုက်မှာ အပူပေးစနစ်ပါတယ်။​ Driver seat က electric motor adjustment ဖြစ်ပေမဲ့ lumbar support ကတော့ manual ပါ။ ရှေ့ passenger ခုံကလည်း manual adjustment ပါပဲ။ Headroom နဲ့ legroom ကတော့ အတော်ပါပဲ။ ဆိုးဆိုးရွားရွားမရှိသလို ထူးထူးခြားခြားတော့လည်း မဟုတ်ပါဘူး။

သားရေသားအုပ် steering က D shape နဲ့ဖြစ်ပြီး sporty ဆန်တဲ့ပုံစံမျိုးပါ။ ချိန်ညှိမှုကတော့ အပေါ်/အောက် ရှေ့/နောက် အားလုံးချိန်လို့ရတဲ့အတွက် ထိုင်ခုံကိုစိတ်ကြိုက်အနေအထား ထားပြီး သက်သောင့်သက်သာအဖြစ်ဆုံးအနေအထားကို ရွေးချယ်နိုင်တယ်။ လက်ကိုင်ခွေမှာက mounted controls တွေပါဝင်ပြီး အပြင်အဆင်ပိုင်း ရှင်းရှင်းလင်းလင်းရှိတဲ့အတွက် အသုံးပြုရလွယ်ကူပါတယ်။ Steering က sporty ဆန်လှပေမဲ့ paddle shifters တွေတော့ မပါဝင်ပါဘူး။

“Air conditioning ပိုင်းက dual zone ဖြစ်ပြီး ရှေ့/နောက်လည်းရတယ်။ ပိုကောင်းတဲ့အချက်က ionizer (လေသန့်စင်မှုစနစ်) ပါဝင်တာပါပဲ။​ လေထုညစ်ညမ်းမှုတွေများနေတဲ့ ကမ္ဘာမြေကြီးအတွက် နှစ်သက်စရာ ကောင်းတဲ့အချက်တစ်ခုဖြစ်ပါတယ်။”

Driver display အတွက်ကတော့ ဒီဈေးပတ်လည် ပြည်တွင်းမှာအတွေ့များတဲ့ပုံစံအတိုင်း speedometer နဲ့ rev counter (RPM) က analog ဖြစ်ပြီး အလယ်မှာ digital display တစ်ခုပါတယ်။​ Brilliance တွေမှာကောင်းတာကတော့ အဲဒီ digital display ဟာ 1C (အဖြူအမဲ နှစ်ရောင်တည်း) မဟုတ်ဘဲ ရောင်စုံနဲ့ရရှိနိုင်တာပါ။ ပါဝင်တဲ့အချက်တွေကတော့ ထုံးစံအတိုင်း temperature ၊ information ၊ tire pressure ၊ phone ၊ device connection for audio ၊ setting နဲ့ time တို့ဖြစ်ပါတယ်။ Navigation လည်းပါဝင်သေးပေမဲ့ လက်ရှိအချိန်မှာတော့အသုံးပြုလို့မရသေးပါဘူး။

“Infotainment ကတော့ 10.4-inch ဖြစ်ပါတယ်။​ Portrait ပုံစံဒေါင်လိုက်ဖြစ်ပြီး touch တွေဘာတွေက အိုကေပါတယ်။ Apple CarPlay တို့ Android Auto တို့တော့ တစ်ပါတည်းမပါသေးပါဘူး။ ဒါပေမဲ့ thrid party apps တွေကနေတစ်ဆင့် အသုံးပြုလို့ရတယ်လို့ဆိုပါတယ်။​ Resolution တွေဘာတွေလည်း အိုကေပါတယ်။​ မကြိုက်တဲ့အချက်ကတော့ infotainment အောက်က physical buttons တွေပါ။ အဲဒီခလတုတ်တွေက ဟိုးရှေးရှေးက ကက်ဆက်ခလုတ်တွေနဲ့တူပြီး အရည်အသွေးပိုင်းလည်း ဒီထက်ပိုပြီးကောင်းမွန်သင့်တယ်လို့မြင်မိပါတယ်။”

Centre console က ဖုန်းထားစရာနေရာက အတော်ပါပဲ။ USB ရော 12-V socket ပါ ပါတယ်။ Wireless charging ကိုတော့ အထောက်အပံ့ ပေးမထားဘူး။ Box အကျယ်အဝန်းလည်း မဆိုးလှဘူး။ Gear knob ပုံစံကလည်း အနောက်တိုင်းကားတွေပုံစံမျိုးနဲ့ထုတ်လုပ်ထားတာမို့လို့ မိုက်တယ်လို့ပဲ ပြောရမှာပါပဲ။ Glovebox အရွယ်အစားကလည်း အတော်ပဲ။

“အခုလိုမျိုးဈေးနှုန်းမျိုးနဲ့မှာမှ နောက်ကင်မရာကိုပြသတဲ့မြင်ကွင်းရော 360° ကင်မရာရဲ့ပြသတဲ့မြင်ကွင်းကပါ ကောင်းမွန်တာကတော့ နှစ်သက်စရာပါပဲ။ နောက်တစ်ချက် motor adjustment နဲ့ panoramic sunroof လည်းပါတယ်။ Motor adjustment နဲ့ နောက်ခန်းအဖုံးကို အဖွင့်/အပိတ်လုပ်လို့ရတယ်။​ Remote ကရော driver switch အနေနဲ့ပါလုပ်လို့ရတယ်။ ဒီလိုမျိုး features တွေက တန်ဖိုးမြင့်ကားတွေမှာမှ ပါတဲ့အရာတွေဖြစ်လို့ ဈေးနှုန်းသက်သက်သာသာနဲ့လိုချင်တဲ့သူတွေအတွက်တော့ သဘောကျစရာကောင်းလှတဲ့အချက်တွေဖြစ်မှာပါ။”

လက်တွေ့ဆိုရင်

Brilliance V7 နဲ့ပတ်သက်ပြီးပြောရရင် ရှေ့ဆုံးထိုင်ခုံတွေအတွက် features တွေက တော်တော်မိုက်တယ်။​ အလယ်ထိုင်ခုံတွေက နည်းနည်းလျော့ပေမဲ့ မိုက်သေးတယ်။​ နောက်ဆုံးတန်းကတော့ နည်းနည်းစိတ်ဓါတ်ကျစရာကောင်းတယ်လို့ပဲပြောရတော့မှာပဲ။

“အလယ်ခုံတန်းအတွက်က air conditioning ပါတယ်။ သားရေသားအုပ်ထားတယ်။​ Headroom & legroom လည်းအိုကေတယ်။ 12-V socket မပါပေမဲ့ USB နှစ်ပေါက်ပါတယ်။ ထိုင်ခုံတွေက 60:40 ခေါက်လို့လည်းရသေးတယ်။​ ခရီးဝေးတွေဘာတွေသွားဖို့အတွက်တောင်မှ အဆင်ပြေမယ့်ပုံမျိုး။ ဒါပေမဲ့ နောက်ဆုံးတန်းကတော့ သားရေသားအုပ်ထိုင်ခုံတွေနဲ့ဖြစ်တာတောင်မှ နေရာက တော်တော်လေးကျဉ်းလွန်းတယ်လို့ပြောရမှာပါ။ လူ ခုနှစ်ယောက်အပြည့်တင်မယ်ဆိုရင် နောက်ဆုံးတန်းက ကလေးငယ်တွေထားမှ သက်သောင့်သက်သာလိုက်ပါနိုင်မယ့် ပုံမျိုးပါ။ တစ်ခုတော့ရှိတယ်။ နောက်ဆုံးတစ်တန်းလုံးကိုခေါက်ထားလိုက်မယ်ဆိုရင်တော့ တော်တော်ကြီးကိုကျယ်ဝန်းတဲ့ ပစ္စည်းထားခန်းကိုရရှိနိုင်ပါလိမ့်မယ်။”

လူခုနစ်ယောက်အပြည့်တင်ဆောင်လိုက်မယ်ဆိုရင် နောက်ပစ္စည်းထားခန်းရဲ့နေရာလွတ်က တော်တော်လေး လျော့မယ့်အနေအထားမှာရှိနေတာတွေ့ရပါတယ်။ Boot အတွက် 12-V socket တွေ မီးထွန်းပေးတာမျိုးတွေလည်း မပါဝင်ဘူး။ ပြောရမယ်ဆိုရင် နောက်ခုံတန်းက 60:40 ခေါက်လို့ရပြီး 100% အပြည့်ခေါက်ထားမှ အဆင်ပြေမယ့်ပုံစံမျိုးဗျ။ နောက်ထပ် အားနည်းချက်တစ်ခုအနေနဲ့ အပိုဘီးကို အထုတ်အသွင်းလုပ်ဖို့အခက်အခဲရှိနေတာပါ။  

မောင်းနှင်မှု

နောက်ဆုံးခုံတန်းနဲ့ အပိုဘီးနေရာကို စိတ်အလိုမကျဖြစ်တာဟာ စမ်းသပ်မောင်းနှင်ရာမှာ ကျေနပ်မှုရှိတဲ့အတွက် ပြေသွားတယ်လို့ ဆိုရမယ်။ ရှေ့မြင်ကွင်းကောင်းတယ်။ နောက်မှန်ကိုကြည့်ရမှာတော့ ကြီးမားတဲ့ D pillars တွေကြောင့် မြင်ကွင်းကျဉ်းတယ်။ Blind spot detection မပါတဲ့အချက်ကတော့ ကျင်ကျင်လည်လည်မောင်းနေကျသူတွေအတွက် အခက်အခဲသိပ်မရှိပေမဲ့ ကားမောင်းတဲ့အတွေ့အကြုံသိပ်မရှိသူတွေအတွက်တော့ အခက်အခဲရှိနိုင်ပါလိမ့်မယ်။

ဒါပေမဲ့...

1.6-liter turbocharged အင်ဂျင်ရဲ့ 210hp အထိထွက်ရှိတဲ့ ပါဝါကတော့ မိုက်တယ်။​ 7-speed automatic transmission နဲ့ဖြစ်တာမို့လို့ turbo lag ရှိတာတော့ ရှိပေမဲ့ ဂီယာအကူးအပြောင်း တော်တော်ကြီးကို ချောမွေ့သွားတာကို တွေ့ရပါတယ်။​ မြို့ထဲပတ်လည် စမ်းသပ်မောင်းနှင်ခဲ့ရတာဖြစ်လို့ 0-100kph မမောင်းခဲ့ရပေမဲ့ မြို့ထဲဝန်းကျင်ပုံမှန်မောင်းနှင်မှုမှာ ချောမွေ့မှုအပြည့်နဲ့ပါပဲ။

Normal ၊ echo နဲ့ sport ဆိုပြီး driving mode သုံးမျိုးပြောင်းလဲမောင်းနှင်လို့ရတယ်။ JLR ကကားတွေလိုမျိုး တအားကြီးမသိသာလှပေမဲ့ သူ့ဟာနဲ့သူတော့ အလုပ်ဖြစ်တာတွေ့ရတယ်။​ Lane Keeping Assist ပါတယ်။​ Adaptive မဖြစ်သေးပေမဲ့ Cruise Control ပါတယ်။ Traction Control လည်းပါသလို Auto-Hold စနစ်လည်းပါတယ်။ လေအိတ်ပတ်လည် ခြောက်လုံးအထိပါဝင်ပြီး Automatic Emergency Braking စနစ်ကလွဲရင် ကျန်တဲ့ ဘရိတ်စနစ်မျိုးစုံပါဝင်တဲ့အတွက် safety ပိုင်းလည်း စိတ်ချရတယ်လို့ ပြောနိုင်ပါတယ်။ Crossover တစ်စီးအနေနဲ့ ရှေ့ယက်စနစ်ပဲပါဝင်တာကတော့ အပြစ်ဆိုစရာသိပ်မရှိလှပါဘူး။ Suspension ပိုင်းကတော့ တော်တော်များများမှာ တွေ့နေရတဲ့အတိုင်း ရှေ့ MacPherson ၊ နောက် Muli-Link နဲ့ပါ။ ဆီစားနှုန်းအနေနဲ့ကတော့ လက်ရှိ 160km လောက်မောင်းအပြီးမှာ 15.2L/100km ရှိတဲ့အတွက် 6.6kpl လောက်အထိရှိနေတာတွေ့ရတယ်။ ကားက အသစ်ဖြစ်နေလို့ ပုံမှန်မဟုတ်သေးဘူးလို့ ပြောရင်ရနိုင်ပေမဲ့ ဆီစားနှုန်းကတော့ များနိုင်ပါတယ်။

"နိဂုံးချုပ်အနေနဲ့ Brilliance V7 မှာက မြန်မာနိုင်ငံနဲ့ အံဝင်တဲ့အချက်တော်တော်များများကို တွေ့ရပါတယ်။ လူများများစားစားဝင်ဆံ့မှုရှိတယ်။ လမ်းအထက် မြင့်မြင့်မားမားမောင်းလို့ရတယ်။ ပုံစံကလည်း ခံ့ခံ့ညားညားရှိတယ်။ နောက်တစ်ချက်က SKD နဲ့ထုတ်လုပ်မှာဖြစ်လို့ လိုချင်တဲ့ လိုင်စင်အတိုင်းလည်းရရှိနိုင်ပါသေးတယ်။ ဆိုတော့... ကိုယ့်ရဲ့လိုအပ်ချက်ဟာ လူများများစားစားတင်ဖို့လိုမယ်၊ ချိုင့် ကမူပေါတဲ့လမ်းတချို့ကို နေ့စဉ်ဖြတ်သန်းဖို့လိုမယ်။ အဲဒီလိုအပ်ချက်တွေကို ဈေးနှုန်းသက်သက်သာသာ၊ features များများစားစားနဲ့ဖြေရှင်းချင်တယ်ဆိုရင်တော့ဖြင့် Brilliance V7 ဟာ သွားရောက်လေ့လာကြည့်ရင် မမှားနိုင်တဲ့ကားတစ်စီးဆိုတာ အသေအချာပါပဲ။"

စမ်းသပ်မောင်းနှင်ရန်နှင့် ဓါတ်ပုံရိုက်ကူးရန်အတွက် အကူအညီပေးပါသော Myanmar Brilliance Auto အားအထူးပင် ကျေးဇူးတင်လျက်......

Photo : Wai Htun

Author