Borgward BX5 2019 Review

0

Full article

အရည်အသွေးအားဖြင့်ကြည့်လျှင် မြင့်တယ်လို့ပြောနိုင်တယ်။ အရှိန်အဟုန်နဲ့မောင်းနှင်ရာမှာ ကျေနပ်စရာရှိပြီး ဒီဇိုင်းပိုင်းကလည်း ထူးထူးခြားခြားရှိတာဟာ Borgward BX5 2019 ရဲ့အားသာချက်တွေပါ။ Cabin ကလည်း ကျယ်ကျယ်ဝန်းဝန်းရှိတယ်။ ဒါပေမဲ့ ပိုကျယ်တဲ့နေရာလွတ်၊ ပိုကောင်းတဲ့ရုန်းအား၊ ပိုမြင့်တဲ့ အရည်အသွေးတွေရှိတဲ့ Borgward BX7 ကိုတော့ ပိုသဘောကျမိတယ်။ တစ်ခုရှိတာက BX5 ကဈေးနှုန်းအားဖြင့် သိပ်မများလှတာပါ။

ဈေးနှုန်း

၅၂၈ သိန်း (CBU ဖြစ်သောကြောင့် Yangon License တော့ တစ်ပါတည်းပါလာမှာမဟုတ်ပါ)

အားသာချက်

  • ဒီဇိုင်းပိုင်း ထူးခြားလှပ
  • ဆီစားနှုန်း သင့်တင့်မှုရှိ
  • Safety ပိုင်းကောင်းမွန်မှုရှိ

အားနည်းချက်

  • Blind spot detection မပါဝင်ခြင်း
  • Infotainment ရဲ့ OS စနစ်
  • SUV တစ်စီးအနေနှင့် နှစ်ဘီးယက်စနစ်သာပါဝင်ခြင်း

သုံးသပ်ချက်

Borgward အမှတ်တံဆိပ်ဟာ SUV အမျိုးအစား မော်တော်ကားတွေထုတ်လုပ်ရာမှာ ကျော်ကြားခဲ့သလို လက်ရှိအချိန်မှာလည်း အရည်အသွေးမြင့်မားတဲ့ SUV တွေကို ဆက်လက်ထုတ်လုပ်နေတာကိုတွေ့ရတယ်။ Borgward ရဲ့ BX7 ဟာ တော်တော်လေးပြည့်စုံတဲ့ အကောင်းစား SUV တစ်စီးဖြစ်ခဲ့ပြီး အခုသုံးသပ်ပေးမယ့် BX5 ကတော့ ဈေးနှုန်းနဲ့ အရည်အသွေး အချိုးကျလှတဲ့ compact SUV တစ်စီးလို့ ဆိုချင်ပါတယ်။

ကိုယ်ထည်ဒီဇိုင်းပိုင်းအရကြည့်မယ်ဆိုရင် BX5 ကို BX7 ထက်တောင်မှ ပိုပြီးသဘောကျမိပါတယ်။ အဓိက ကတော့ နောက်တံခါးလက်ကိုင်နားမှာ ဖောင်းကြွသွားတဲ့ လှပတဲ့ဖောင်းလိုင်းကလေးပေါ့။ ရှေ့ grille က ခန့်ညားမှုရှိပြီး BX7 ရဲ့ grille ကတော့ ပိုပြီးလှပတယ်လို့ဆိုနိုင်တယ်။ BX5 ရဲ့ ရှေ့မီးတွေကတောာ့ Xenon projector ရယ် သူနဲ့တွဲလျက် halogen reflector နှစ်လုံးရယ်ဖြစ်ပြီး အဲဒီနှစ်လုံးမှာ တစ်လုံးက fog lamp အဖြစ်အသုံးပြုနိုင်ကာ နောက်တစ်လုံးကတော့ ကားရဲ့ steering အချိုးအကွေ့အပေါ်မူတည်လို့ ဘယ်ဘက်လှည့်ရင် ဘယ်ဘက်မီး၊ ညာဘက်လှည့်ရင် ညာဘက်မီး အလိုအလျောက်ထွန်းပေးတာ တွေ့ရတယ်။ Bumper ဘေး တစ်ဖက်တစ်ချက်မှာ DRL (Daytime Running Lamp) တွေပါဝင်ပေမဲ့ LED မီးတွေမဟုတ်တာကိုတော့ အားနည်းချက်အဖြစ်မြင်မိပါတယ်။ ဒါပေမဲ့ နောက် ဘရိတ်မီး၊ reverse light (နောက်ဂီယာမီး) နဲ့ နောက် spoiler တန်းပေါ်ကမီးတွေကတော့ LED တွေဖြစ်နေတဲ့အတွက် မဆိုးဘူးလို့ယူဆမိတယ်။ ရှေ့/နောက် အချက်ပြမီးတွေကတော့ ရိုးရိုးပါပဲ။

“အကြိုက်ဆုံးအချက်ကတော့ ကိုယ်ထည်ရဲ့ design language ပါ။ BX7 ထက်တောင်ပိုနှစ်သက်မိပြီးဂျာမန်အချိုးဖြစ်တဲ့အတိုင်း မြင်မြင်ချင်းလည်းကြည့်ကောင်းသလို ရေရှည်မှာလည်း ရိုးအီလို့မသွားမယ့် ဒီဇိုင်းမျိုးကိုတွေ့ရတာဟာ ရွေးချယ်ဝယ်ယူဖို့စိတ်ကိုပိုပြီး ယိုဖိတ်စေတယ်လို့ ပြောလို့ရတယ်။”

အတွင်းခန်း

Borgward ရဲ့ BX7 ကိုကြည့်ထားဖူးသူတစ်ယောက်အနေနဲ့ BX5 ဟာ သိပ်ကြီးတော့ စိတ်လှုပ်ရှားစရာ မကေင်းလှဘူး။ ထိုင်ခုံတွေက semi-aniline သားရေတွေနဲ့။ BX7 မှာဆိုရင် သားရေအစစ်တွေသုံးထားတာ။ ဒါပေမဲ့ တန်ဖိုးသင့် SUV အသေးတစ်စီးအနေနဲ့ lumbar support အပါအဝင် ယာဉ်မောင်းသူထိုင်ခုံမှာ electric စနစ်နဲ့ချိန်ညှိနိုင်တာမျိုးပါဝင်တာကိုတော့ သဘောကျပါတယ်။ ပလတ်စတစ်အမာစားတွေကိုတော့ တံခါးတွေနဲ့ dash ပေါ်မှာ တစ်စိတ်တစ်ပိုင်းတွေ့ရပေမဲ့ လူနဲ့ထိတွေ့မှုများတဲ့နေရာမှာတော့ နူးညံ့တဲ့ ပလတ်စတစ်အကောင်းစားတွေကို တွေ့ရတယ်။

Steering က သားရေသားအုပ်ဖြစ်ပြီး mounted control တွေနဲ့လည်းပြည့်စုံတယ်။ နောက်တစ်ချက်က steering adjustment ကို အပေါ်/အောက်သာမက ရှေ့/နောက်မှာချိန်ညှိနိုင်တာလေးက သဘောကျစရာပါ။ Cruise control ပါဝင်တာကိုနှစ်သက်ပေမဲ့ adaptive မဖြစ်တာလေးကိုတော့ ဘဝင်မကျပါဘူး။ ဒါပေမဲ့ ဒီဈေးနှုန်းနဲ့ adaptive တွေပါဖို့ကတော့ ဆုတောင်းမှသာ ရနိုင်မှာပါ။

Air conditioning ပိုင်းကတော့ dual zone ဖြစ်တယ်။ ရှေ့/နောက် ပါတယ်။ တစ်ခုရှိတာက နောက် air vent ရဲ့ လေထွက်နှုန်းက သတိပြုမိလောက်တဲ့အထိ နည်းတယ်။ ခေါင်မှာက ကျယ်ပြောတဲ့ panoramic sunroof ပါတယ်။ ဒါပေမဲ့ sunroof ရဲ့ cover က တော်တော်လေးပါးတာတွေ့ရပါတယ်။​ နေပူတဲ့အချိန်တွေမှာ အပူချိန်ကို ခပ်များများခံစားရစေမယ့်ပုံမျိုးပါ။ ကျန်တဲ့အချက်တွေအနေနဲ့ကတော့ centre console box ထဲမှာ 12V socket ပါတယ်။ USB ပေါက်ကတော့နှစ်ခု။ တစ်ခုက infotainment နဲ့ချိတ်ဆက်ဖို့ဖြစ်ပြီး နောက်တစ်ခုကတော့ charging သွင်းဖို့သက်သက်ရယ်။ နောက်ခုံမှာစီးနင်းမယ့်သူတွေအတွက် USB ပေါက်မပါဝင်တာကိုတော့ စိတ်ပျက်မိပါတယ်။

“Infotainment မျက်နှာပြင်ကတော့ 8.3-inch ဖြစ်ပြီး ပုံထွက်ပိုင်း မဆိုးပါဘူးလို့မြင်တယ်။ နောက်ကင်မရာမြင်ကွင်းကိုပြသရာမှာလည်း သိပ်အဆိုးကြီးမဟုတ်ဘူး။ တုန့်ပြန်မှုပိုင်းကောင်းမွန်ပေမဲ့ တစ်ချက်တစ်ချက်မှာတော့  လေးသွားသလိုခံစားရတယ်။ Apple CarPlay အသုံးပြုလို့ရပေမဲ့ Android Auto တော့မရဘူး။ Android ဖုန်းတွေနဲ့ချိတ်ဆက်ချင်တယ်ဆိုရင်တော့ တရုတ်ရဲ့ Baidu app နဲ့ချိတ်ဆက်မှသာ ရနိုင်မှာဖြစ်တယ်။ ဖုန်းနဲ့ infotainment ကိုချိတ်ဆက်ပြီးတဲ့အချိန် infotainment ကနေတစ်ဆင့် ဖုန်းကို voice command ပေးလို့ရတယ်။ ဒါပေမဲ့ အခုခေတ်ဖုန်းတွေက ဖုန်းကို တိုက်ရိုက် voice command ပေးလို့ရနေတာဖြစ်လို့ သိပ်တော့ အသုံးဝင်မှာ မဟုတ်လှဘူး။  Parking ထိုးတဲ့အခါမျိုးမှာတော့ အတားအဆီးတစ်ခုခုရှိနေမယ်ဆိုရင် အသံထွက်ပြီး ဘယ်လိုထိုးသင့်ကြောင်း အလိုအလျောက်ပြောပေးတဲ့အချက်ကလေးကိုတော့ တော်တော်လေးသဘောကျမိပါတယ်။”

Driver display ကတော့ ဈေးကွက်အတွင်း ကားအများစုမှာတွေ့ရလေ့ရှိတဲ့ digital တစ်ကွက်နဲ့ကျန်တာက ရိုးရိုးဒိုင်ခွက်တွေပါ။ Gear knob ရဲ့နောက်မှာ infotainment ကိုထိန်းချုပ်ဖို့အတွက် ခလုတ်တွေ ပါတယ်။ အဲဒီထဲက Navi နဲ့ Link ကတော့ လောလောဆယ်သုံးလို့မရသေးဘူးလို့ဆိုတယ်။ ဆိုတော့ ဂြိုဟ်တုလမ်းညွှန်အသုံးပြုချင်တယ်ဆိုရင် ကိုယ့်ဖုန်းကို ကိုယ့်ဘာသာဖွင့်ပြီးအသုံးပြုရမှာပါ။

လက်တွေ့ဆိုရင်

Borgward ရဲ့ BX5 ဟာ ဈေးနှုန်းအားဖြင့် သိပ်မများသလို နေရာလွတ်တွေအများအပြားပါဝင်တဲ့အတွက် နေ့စဉ်ဘဝအသုံးပြုတဲ့ လက်တွေ့ကျလှတဲ့ compact SUV အဖြစ်တည်ဆောက်ထားပုံရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှေ့ထိုင်ခုံတွေဟာလည်း လွတ်လွတ်လပ်လပ်ထိုင်လို့ရသလို နောက်ထိုင်ခုံတွေကလည်း လူသုံးယောက်အတွက် လုံလောက်မှုရှိတာကိုတွေ့ရလို့ပါ။ အဲဒီအပြင်ကို နောက်ပစ္စည်းထားခန်းကလည်း တော်တော်လေးကျယ်တယ်။ ပုံမှန်အတိုင်းဆိုရင် 500-litre အထိဝင်ဆံ့မှုရှိတယ်။. နောက်ထိုင်ခုံတန်းက 60:40 ခေါက်လို့ရပြီး အားလုံးခေါက်လိုက်မယ်ဆိုရင်တော့ ဝင်ဆံ့မှုအနေနဲ့ 1230-litre အထိရှိတယ်။

“ဘီးတွေအားလုံးဟာ 18-inch အလွိုင်းခွေတွေ တပ်ဆင်ထားတယ်။ နောက်ဖုံးထဲက အပိုဘီးကလည်း 18-inch ပါပဲ။ ဒါပေမဲ့ သံခွေနဲ့။ Ground clearance က 7.5-inch အထိမြင့်တဲ့အတွက် compact SUV တစ်စီးအနေနဲ့ အလောတော်အမြင့်လို့ဆိုနိုင်တယ်။ လမ်းအနေအထားတော်တော်များများအတွက် အသုံးတည့်ပါလိမ့်မယ်။ နေ့စဉ်ဘဝအသုံးပြုဖို့အတွက် တခြားနှစ်သက်မိတဲ့ features လေးတွေကတော့ auto dimming စနစ်နဲ့ နောက်မှန်ရယ်၊ အပူပေးစနစ်ပါတဲ့ နံဘေးနောက်ကြည့်မှန်တွေရယ်ပါ။ ညဘက် နောက်က မီးကြီးနဲ့ထိုးတာတွေ၊ မိုးတွေရွာတဲ့အချိန် wing mirror ရေငွေ့ရိုက်တာမျိုးတွေ မရှိဘူးပေါ့။”

မောင်းနှင်မှု

မောင်းနှင်မှုအပိုင်းမှာတော့ သေသေချာချာ အသေးစိတ် test drive လုပ်ပြီးမှ ထပ်ဖြည့်ပါမယ်။

တပ်ဆင်ထားတဲ့အင်ဂျင်က  အမြင့်ဆုံးပါဝါ 148hp အထိထုတ်လွှတ်ပေးနိုင်တဲ့ 1.4-litre turbocharged 1.4 2WD AT အင်ဂျင်ဖြစ်တယ်။ AT transmission ဖြစ်ပြီး 6-speed automatic ဖြစ်တာမို့လို့ ဂီယာအကူးအပြောင်း ညက်ညောတာကသေချာတယ်။ ဒါပေမဲ့ ဆီစားနှုန်း လျော့နည်းဖို့ကိုတော့ အကူအညီပေးမှာမဟုတ်ဘူး။ ဆီစားနှုန်းကိုတော့ 6.5 litre per 100 kilometers အထိရမယ်ဆိုတော့ 15.4kpl အထိရမယ်လို့ Borgward ကဆိုထားတယ်။ လက်တွေ့ဘယ်လောက်ရမလဲဆိုတာကိုတော့ အသေးစိတ် test drive အပြီးထပ်ဖြည့်ပေးပါ့မယ်။ သူတို့ပြောထားတဲ့အတိုင်းရမယ်ဆိုရင်တော့ ဆီစားနှုန်း သင့်တင့်ပါတယ်။

0-100kph နှုန်းကိုရောက်ဖို့ 13.4-sec အထိကြာမယ်လို့ Borgward ကဆိုထားတယ်။ ဒီအချက်ကိုလည်း  အသေးစိတ် test drive နဲ့နှိုင်းယှဉ်ပေးပါ့မယ်။ အမြင့်ဆုံးမြန်နှုန်းကတော့ 185kph အထိမောင်းနှင်လို့ရမှာဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့လမ်းတွေမှာမောင်းဖို့ဆိုရင် လိုတာထက်တောင် ပိုများနေဦးမှာပါ။

“မောင်းနှင်မှုမြင်ကွင်းပိုင်းအနေနဲ့ ရှေ့မြင်ကွင်းပိုင်း ရှင်းလင်းတယ်။ ဒါပေမဲ့ နောက်မှန်က အနည်းငယ်သေးပြီး နောက်ကြည့်မှန်ကိုကြည့်ရတဲ့မြင်ကွင်းပိုင်းကိုတော့ သိပ်အားမရပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ရှေ့အတွက် parking sensor လေးလုံး၊ နောက်အတွက် လေးလုံးပါတဲ့အတွက်တော့ parking ထိုးရာမှာ သိပ်ပြီး စိုးရိမ်စရာမရှိလှပါဘူး။ နောက်ကင်မရာမြင်ကွင်းကောင်းတဲ့အပြင်ကိုမှ အသံနဲ့လည်းအချက်ပြ ပြောဆိုပေးဦးမှာမဟုတ်လား။”

Suspension ကတော့ ထုံးစံအတိုင်း ပြည်တွင်းဈေးကွက် အကောင်းဆုံးကားအများစုမှာတွေ့ရတဲ့ Independent suspension တွေနဲ့ပါ။ ရှေ့က MacPherson ဖြစ်ပြီး နောက်က Multi-Link ပါ။ အတွေ့ရအများဆုံးဖြစ်ပြီး စိတ်လည်းချရတဲ့အတွက် အကျယ်တဝင့်တော့ ထည့်မရေးတော့ပါဘူး။ Electric Parking Brake (EPB) နဲ့ Automatic Brake Hold (Auto Hold) စနစ်ပါတာလေးကတော့ ခေတ်မီမှုရှိတဲ့အပြင်ကိုမှ မီးပွိုင့်တွေမှာ ဘရိတ်ကိုအကြာကြီးနင်းထားရတဲ့ ဘေးကလည်း ကင်းဝေးစေမှာပါ။

Safety ပိုင်းအနေနဲ့ ထိုင်ခုံတွေအပါအဝင် လေအိတ် ရှစ်လုံးအထိတောင်် ပါတာလေးက စိတ်ချစရာကောင်းလှပါတယ်။ နောက်ခုံတန်းမှာ ISO-fix ပါတာကလည်း ကလေးငယ်ရှိတဲ့မိသားစုအတွက် စိတ်ချရစရာပါပဲ။ တစ်ခုပဲရှိပါတယ်။ SUV တစ်စီးအနေနဲ့ FWD (ရှေ့ယက်) သက်သက်သာဖြစ်တာလေးကိုတော့ အားနည်းချက်တစ်ခုအဖြစ်မြင်မိပါတယ်။ ဒါပေမဲ့ အသုံးပြုမယ့်သူရဲ့ တကယ့်လိုအပ်ချက်ဟာ AWD မဟုတ်ဘူးဆိုရင်တော့ ဒါဟာ ရေရှည်ကုန်ကျစာရိတ်ပိုင်းများစွာသက်သာစေတာမို့လို့ အားသာချက်လို့တောင် ပြောမယ့်သူတွေရှိကောင်းရှိနိုင်ပါတယ်။

“နောက်ဆုံးအနေနဲ့ကတော့ သင့်တင့်တဲ့ အရည်အသွေးမျိုး၊ သင့်တင့်တဲ့ဈေးနှုန်းမျိုးနဲ့ ထိုက်တန်တဲ့ compact SUV ဝယ်ယူမောင်းနှင်ချင်တဲ့သူတွေအတွက် Borgward ရဲ့ BX5 ဟာ ရွေးချယ်ဖို့ သင့်တော်တယ်။ အပိုဆောင်းရရှိနိုင်တာကတော့ မြင်သူတကာ နှစ်လိုဖွယ်ရာရှိတဲ့ အပြင်ဒီဇိုင်းပါလို့သာ ဆိုပါရစေတော့။”

ပါဝင်တဲ့အချက်တွေ

Borgward BX5 2019

  • Engine : 1.4T 2WD AT Elite
  • Dimension: 4,490 x 1,877 x 1,675mm
  • Drivetrain: 2WD
  • Overall Weight: 1,550kg
  • Maximum Speed: 185 kph
  • Transmission: 6 AT

CHASSIS SYSTEM

  • Brakes: Front Ventilated Disc Brakes, Rear Disc Brakes, EPB (Electronic Parking Brake), Auto Hold
  • Suspension: Front MacPherson, Rear Multi-Link
  • Steering: Electronic Power Steering
  • Wheels: 18-inch

LIGHTING SYSTEM

  • Lighting System: Xenon Headlights, LED Daytime Running Lights

EXTERIOR

  • Windshield Wipers: Boneless Front Wiper Blades With Rain-Sensor
  • Side Mirrors: Power-Folding Side Mirrors
  • Window Glass: UV Protected/Thermally Insulated Windows
  • Liftgate: Power Liftgate

INTERIOR

  • Steering Wheel: Leather Wrapped Steering Wheel, Multifunction Steering Wheel
  • Roof: Panoramic Sunroof, Automatic Anti-Glare Rear-View Mirror
  • Seats: Power 6-Way Adjustable Driver Seat, Power 2-Way Adjustable Lumbar Support Driver Seat

ELECTRICAL SYSTEM

  • Air Conditioning: Dual-Zone Automatic Air-Conditioning
  • Entertainment System: Floating 8-Inch Touchscreen Display, Voice Recognition, Mobile Phone Synchronization Apple CarPlay
  • Driver Assistance: Smart Key (Keyless Entry), One Push Ignition System, Rear Park Assist With Distance Display, 360° Park Assist

SECURITY SYSTEM

Airbags: Dual Front Airbags, Front Side Airbags, Front and Rear Side Curtain Airbags

Electronic Control: Vehicle Stability Control (ESP/DSC/VSC), Brake Assist (EBA/BAS/BA), Tire Pressure Monitoring System (TPMS), Hill-Start Assist Control (HAC), Electronic Differential System (EDS)

စမ်းသပ်မောင်းနှင်ရန်နှင့် ဓါတ်ပုံရိုက်ကူးရန်အတွက် အကူအညီပေးပါသော Borgward Myanmar အား အထူးပင်ကျေးဇူးတင်ရှိလျက်......

ဓါတ်ပုံ : ကောင်းတင့်

Author