Mazda 3 2020 Review

0

Full article

2020 နှစ်စပိုင်းမှာပဲ Mazda ကနေ All-New Mazda 3 (2020 model) ကိုမိတ်ဆက်လိုက်ပါတယ်။ Sedan အမျိုးအစားရော hatchback အမျိုးအစားရောပါတဲ့အတွက် ကြိုက်နှစ်သက်ရာကိုရွေးချယ်ရုံပါပဲ။ ဒီနေရာမှာ Mazda ဘက်ကနေ ရှေ့နေလိုက်ပေးနိုင်တာကတော့ ကားရဲ့ဆေး၊ ဘော်ဒီ၊ အတွင်းခန်း၊ အင်ဂျင်နဲ့ အောက်ပိုင်း အားလုံးအတွက် မြင့်မားတဲ့ အရည်အသွေးပါပဲ။ တစ်ခုရှိတာက Mazda 3 ဟာ အရွယ်အားဖြင့်တော့ mid-sized အထဲမှာပါဝင်ပြီး ground clearance ကလည်း များများစားစားမမြင့်တဲ့အတွက် ချောမွေ့ကောင်းမွန်တဲ့လမ်းတွေပေါ်မှာသာ အကောင်းဆုံးမောင်းနှင်နိုင်မှာဖြစ်တယ်။

ဈေးနှုန်း

  • All-New Mazda 3 Sedan - $49,999 (CBU)
  • All-New Mazda 3 Hatchback - $49,999 (CBU)

အားသာချက်

  • Infotainment display မှ ကင်မရာရုပ်ထွက်
  • Exterior ရော interior ပါ ပါတဲ့ ကားတစ်စီးလုံးရဲ့ အရည်အသွေး
  • မြို့တွင်းလမ်းများမှာ မောင်းနှင်နိုင်စွမ်း

အားနည်းချက်

  • နောက် cabin ရဲ့ headroom အနည်းငယ်နိမ့်ခြင်း
  • Boot ဧရိယာ ထင်သလောက် မကျယ်ခြင်း
  • ထိုင်ခုံ အပူ/အအေးစနစ်မပါဝင်ခြင်း

သုံးသပ်ချက်

Mazda 3 ရဲ့ sedan ရော hatchback ပါ ဂျပန်နိုင်ငံက တိုက်ရိုက်တင်သွင်းထားတဲ့ CBU တွေဖြစ်တယ်။ Mazda ဖြစ်တဲ့အတိုင်း Mazda ရဲ့ပုံစံ၊ Mazda ရဲ့ဆေးသား ဘာမှပြောစရာမလိုလောက်အောင် ပြည့်စုံမှုရှိတယ်။ ဒီဇိုင်းပိုင်းအရ hatchback ဟာ sporty ပိုဖြစ်ပေမဲ့ sedan ရဲ့ bumper ဘေးတစ်ဖက်တစ်ချက်မှာက vents ပါးပါးလေးတွေနဲ့။ တံခါးဘောင်တွေမှာဆိုရင် sedan မှာက မှန်တံခါးဘောင် အပေါ်ဘက်ခြမ်းကို chrome ကွပ်ထားပြီး hatchback မှာတော့ အောက်ဘက်အခြမ်းကို chrome ကွပ်ထားတာတွေ့ရတယ်။ ဒါဟာ Mazda 3 2020 မှာမှ sedan နဲ့ hatchback တို့အကြား ဒီဇိုင်းပိုင်း အနည်းငယ်ကွာခြားမှုပါ​။ စိတ်ကြိုက်ရွေးပါဆိုရင်တော့ လူငယ်တွေအတွက် hatchback နဲ့ လူလတ်ပိုင်းနဲ့အထက်ကိုတော့ sedan လို့ ရွေးချယ်ပေးပါရစေ။

Mazda 3 2020 ရဲ့ရှေ့မီးတွေအားလုံးဟာ LED တွေဖြစ်တယ်။ Fog lamp တော့မပါဘူး။ ဒါပေမဲ့ ရှေ့မီးကြီးက adaptive ဖြစ်တဲ့အတွက် steering ကွေ့ရင် လိုက်ပါထွန်းလင်းပေးနိုင်တဲ့အပြင်ကိုမှ advance ပါဖြစ်တဲ့အတွက် steering ကွေ့တဲ့ ထောင့်ဒီဂရီအတိုင်း လိုက်ပါကွေ့ပေးနိုင်တာကတော့ သိပ်ကောင်းလွန်းပါတယ်။ မောင်းနှင်မူ အရှိန်နူန်းပေါ်မူတည်ပြီးလည်း ကားရှေ့မီးကြီးအကွာအဝေးက မီတာ ၂၀၀ လောက်အထိကို ဖြန့်ကျက်ပေးဦးမယ်လို့ဆိုပါတယ်။

နောက်မီးတွေအားလုံးကလည်း LED ပါပဲ။ အရင်မော်ဒယ်ဟောင်းနဲ့ဆိုရင် လုံးဝကိုအသစ်ပြောင်းသွားတဲ့ မီးလုံးတွေရဲ့ ဒီဇိုင်းဟာ စက်ဝိုင်းသဏ္ဌာန်နဲ့ လုံးဝကိုကဗျာဆန်တယ်လို့ပြောရမယ်။ ကြည့်ရတာ ချစ်စရာလေး။

တပ်ဆင်ထားတဲ့ အလွိုင်းခွေတွေက 18-inch ခွေတွေဖြစ်ပြီး ground clearance ကတော့ 6-inch နီးပါးသာ မြင့်ပါတယ်။

“ဆိုတော့... Mazda 3 2020 နှစ်မျိုးစလုံးရဲ့ အပြင်ပိုင်းကို ခြုံငုံပြီးသုံးသပ်ရရင်တော့ ဒီဇိုင်းပိုင်း၊ ဆေးသားပိုင်း၊​ နည်းပညာပိုင်းဟာ ကျေနပ်စရာတော်တော်ကောင်းတယ်။ Sedan တို့ hatchback တို့ဖြစ်တဲ့အတွက် ground celarance ပိုင်း သိပ်မမြင့်ဘူး။ ဒါဟာ တကယ်တော့ ကိုယ်အသုံးပြုမယ့် လမ်းအနေအထားနဲ့ ပိုပြီးသက်ဆိုင်ပါတယ်။ Slowdown မြင့်မြင့်ကြီးတွေတွေ့ရင်တော့ အသက်ရှုနည်းနည်းအောင့်ထားရဖို့များမယ့် အနေအထားပါ။”

အတွင်းခန်း

အခုနောက်ပိုင်း ကားတွေပေါ်ထိုင်ထိုင်ခြင်း သတိပြုမိနေတာက အသုံးပြုထားတဲ့ ထိုင်ခုံအသားတွေကိုပါ။ Mazda 6 2019 တုန်းက NAPPA leather ကိုသုံးထားတဲ့အတွက် တော်တော်လေးသဘောကျခဲ့တာကို မှတ်မိနေပါသေးတယ်။ အခု Mazda 3 မှာတော့ အသုံးပြုထားတဲ့ သားရေက NAPPA leather လောက်တော့မကောင်းဘူး။ ဒါပေမဲ့ synthetic leather တွေလိုလည်းမဟုတ်ဘူး။ ထိုင်ရတာတော့ သက်သောင့်သက်သာရှိလှတာကိုတွေ့ရတယ်။ ထိုင်ခုံက နောက်မှီမှာ Lumbar Support အတွက်လည်း အထူးဒီဇိုင်းဆွဲထားတာတွေ့ရတယ်။

"Sunroof cover တွေ၊ နောက်ပစ္စည်းထားခန်း အဖွင့်/အပိတ်တွေအပြင် ယာဉ်မောင်းသူထိုင်ခုံချိန်ညှိမှုကအပ ကျန်အားလုံးဟာ manual တွေချည်းပါပဲ။ Driver seat ကတော့ seat memory ၊ lumbar support တွေအပါအပါအဝင် electric motor adjustment နဲ့ဖြစ်ပါတယ်။”

ထိုင်ခုံတွေမှာ အပေါက်ငယ်လေးတွေပါပေမဲ့ အပူ/အအေးမရတာလေးကိုတော့ လိုအပ်ချက်တစ်ခုအဖြစ်မြင်မိတယ်။ နောက်လိုအပ်ချက်တစ်ခုကတော့ ပါးပါးလျလျပုံစံဖြစ်တဲ့အတိုင်း legroom က အိုကေပေမဲ့ headroom ပိုင်း အနည်းငယ်နိမ့်တာပါ။

Steering ကလည်း leather နဲ့ပဲဖြစ်ပြီး adjustment ကို အပေါ်/အောက် တင်မက ရှေ့/နောက်ပါ ချိန်ညှိလို့ရတယ်။ Mounted control တွေရဲ့ အရည်အသွေးပိုင်းလည်းထုံးစံအတိုင်း ကောင်းမွန်မှုရှိပြီး အခု 2020 မှာက ဥရောပကားတွေလိုမျိုး အပေါ်/အောက်တွန်းတဲ့ ခလုတ်လေးတွေနဲ့ဖြစ်သွားတာတွေ့ရတယ်။ Paddle shifters တွေပါတဲ့အတွက် sporty ပိုဆန်တယ်လို့ပြောနိုင်ပြီး HUD (Head-Up Display) ပါတာလေးကလည်း မောင်းနှင်ရာမှာ လွယ်ကူအဆင်ပြေမှုကို ရရှိစေမှာပါ။

တံခါးတွေ dash တွေမှာက soft touch ဖြစ်တဲ့ ရာဘာနဲ့ သားရေကို ပေါင်းစပ်သုံးထားတွေ့ရတယ်။ ပြောရမယ်ဆိုရင် အဆင့်မြင့်တယ်ပေါ့။ နံဘေးနောက်ကြည့်မှန်ကို ချိန်ညှိဖို့က တံခါးလက်တင်မှာရှိပြီး နှစ်သက်မိတာကတော့ နောက်ဆုတ်ဖို့ back gear ထိုးတဲ့အချိန်မှာ နံဘေးနောက်ကြည့်မှန်တွေက အလိုအလျောက် အောက်ကိုနည်းနည်းစိုက်ပေးတာပါပဲ။ Parking ထိုးဖို့ သိပ်ကို လွယ်ကူအဆင်ပြေစေပါတယ်။

Air conditioning က digital ဖြစ်တယ်။ Dual Zone ဖြစ်တယ်။ ရှေ့ရော နောက်ပါရတယ်။

အသံစနစ်က Bose နဲ့ဖြစ်ပြီး speaker ဆယ်လုံးအထိ ပါတယ်။​ မောင်းသူအသားပေး ဒါမှမဟုတ် ကားတစ်စီးလုံးအတွက်ဆိုပြီး mode နှစ််မျိုးနဲ့ဖွင့်လို့ရတယ်။

Driver display ကတော့ Mazda 6 လိုမျိုး all digital မဟုတ်ပါဘူး။ Rev counter ၊ fuel gauge နဲ့ temperature gauge တို့က ရိုးရိုးသာဖြစ်ပြီး အလယ်မှာမှ digital speedometer ဒိုင်ခွက်နဲ့ပါ။ Resolution ကောင်းပြီး ကြည့်ရတာ ရှင်းလင်းမှုလည်းရှိပါတယ်။

“အကြိုက်ဆုံးအချက်တစ်ခုလာပါပြီ။ 8.8-inch ရှိတဲ့ infotainment ပါ။ အရင် Mazda 6 မှာတုန်းက နောက်ကင်မရာမြင်ကွင်းကို ပြသရာမှာ resolution သိပ်မကောင်းပေမဲ့ အခု Mazda 3 2020 မှာတော့ တော်တော်ကြီးကို ကြည်လင်ပြတ်သားမှုရှိလာတွေ့ရတယ်။ ပုံထွက်နဲ့ တုံ့ပြန်မှုလည်း ကောင်းတယ်။ ပိုကောင်းတဲ့အချက်က Apple CarPlay ရော Android Auto ပါအသုံးပြုလို့ရတာပါပဲ။”

Mazda 6 လိုမျိုးအစဉ်အလာမပျက်တာကတော့ DVD player ပါဝင်တာနဲ့ sunroof cover ဟာ manual ဖြစ်တာပါ။ လူတိုင်းတော့မသိဘူး။ ကိုယ့်တစ်ယောက်ထဲအတွက်ကတော့ manual sunroof cover ကို ပိုပြီးသဘောကျတယ်။ ရိုးရှင်းတယ်။ အဖွင့်/အပိတ်မြန်တယ်လေ။ တစ်ခုရှိတာက Mazda 3 မှာက sunroof နဲ့လိုချင်ရင် htachback မှာသာရရှိနိုင်ပြီး sedan type မှာက sunroof မပါဝင်ပါဘူး။

“ဖုန်းထားဖို့နေရာက အကျယ်အဝန်းကောင်းမွန်ပေမဲ့ wireless charger တော့မပါဘူး။ USB တစ်ပေါက်၊ 12V socket တစ်ပေါက်ပါတယ်။ Center console box ကဝင်ဆံ့မှုကောင်းပြီး အဲဒီထဲမှာလည်း 12V socket နောက်တစ်ခုပါသေးတယ်။”

လက်တွေ့ဆိုရင်

Mazda 3 2020 မှာ sedan က Elegant ဆန်ပြီး hatchback ကတော့ sporty ပိုဆန်ပါတယ်။ နှစ်မျိုးစလုံးရဲ့ နောက်ပစ္စည်းထားခန်းဝင်ဆံ့မှုကတော့ နည်းနည်း နည်းတယ်။ Sedan က 374-litre ဝင်ဆံ့မှုရှိပြီး hatchback က 358-litre ဝင်ဆံ့မှုရှိတယ်။ ပြောရမယ်ဆိုရင် နှစ်မျိုးစလုံးကိုတော့ ဝင်ဆံ့မှုပိုင်းနဲ့ပတ်သက်ပြီး သိပ်အားမရပါဘူး။ အဲဒီအပြင်ကိုမှာ boot ဟာ စောက်နက်တဲ့အတွက် လေးပင်တဲ့ပစ္စည်း အသွင်း/အထုတ် လုပ်ရာမှာ ခက်ခဲမှုရှိနိုင်ပါသေးတယ်။ Boot အဖွင့်အပိတ်ဟာ electric motor နဲ့လည်းမဟုတ်ပါဘူး။ ဒါကတော့ ကြိုက်သူရော မကြိုက်သူရောရှိနိုင်တဲ့အချက်တစ်ခုပါ။

နောက်ခုံတွေက 60:40 ခေါက်လို့ရတာလေးကတော့ ကောင်းတယ်။ နောက်တစ်ချက်က ရှေ့ခုံတွေလိုပဲ သားရေသားကောင်းကောင်းအသုံးပြုထားတယ်။ နောက်ခုံ armrest က တော်တော်လေးကြီးပြီး အသုံးပြုမယ်ဆိုရင် လူနှစ်ယောက် ဟိုဘက်ဒီဘက်တင်လို့ရတယ်။​ နောက်တစ်ချက် ISO-fix လည်းပါတယ်။

“လိုအပ်ချက်အဖြစ်နဲ့ကတော့ နောက်တန်းအတွက် USB ရော 12V socket ရော support မပေးတာပါ။ ဒါဟာ ခရီးဝေးသွားတဲ့အခါမှာ သိသာမှာဖြစ်ပြီး ဝင်ဆံ့မှုပမာဏနည်းတာကလည်း ခရီးဝေးသွားရာမှာပဲ ပိုပြီးသိသာလာနိုင်တဲ့အချက်တစ်ခုဖြစ်နေပြန်တယ်။ ဆိုတော့... Mazda က Mazda 3 ကို မြို့တွင်းပတ်လည် အသုံးပြုဖို့ကို ပိုပြီးရည်ညွှန်းထားသလိုပါပဲ။ မြို့တွင်းပတ်လည်ကို စတိုင်ကျကျ၊ အဆင့်မြင့်မြင့်၊ ပေါ့ပေ့ါပါးပါး မောင်းဖို့ဆိုရင်တော့ အကောင်းဆုံးတွေထဲက တစ်စီးဟာ Mazda 3 2020 ဖြစ်မှာပါပဲ။”

မောင်းနှင်မှု

အသေးစိတ်မောင်းနှင်မှုတော့မလုပ်ရသေးတဲ့အတွက် 0-100kph တွေဘာတွေမပြောသေးပါဘူး။

အသုံးပြုထားတဲ့အင်ဂျင်က 1.5-litre SKYACTIV G အင်ဂျင်ဖြစ်တယ်။ ရှေ့ယက်ကားဖြစ်တယ်။ အမြင့်ဆုံးပါဝါထုတ်လွှတ်မှု 118hp ရှိပြီး ဆီစားနှုန်းက 11kpl အထိရမယ်လို့ Mazda ကဆိုတယ်။ ဒါကိုတော့ ပုံမှန်ပါပဲလို့ ပြောလို့ရပါတယ်။​

မောင်းနှင်မှုအနေအထားမှာ ရှေ့၊ နောက်၊ ဘေး မြင်ကွင်းကောင်းတယ်။ Frameless နောက်မှန်မှာ auto dimming စနစ်ပါတာကတော့ အထူးသဖြင့် မျက်လုံးအားနည်းသူတွေအတွက် အဆင်ပြေစေမှာပါ။ ပုံမှန် 6-speed automatic transmission ပေမဲ့ dual clutch အမျိုးအစားဖြစ်တာကိုတော့ တော်တော်လေး သဘောကျမိတယ်။ သူက high performance ကားတွေအတွက် ရည်ရွယ်ထားတဲ့ အမျိုးအစားဖြစ်တဲ့အတွက် စွမ်းဆောင်ရည်မြင့်မြင့်နဲ့မောင်းနှင်လိုသူတိုင်း သဘောကျကြမှာပါ။ Suspension ပိုင်းမှာကလည်း အစဉ်အလာအတိုင်း torsion beam တွေသုံးထားတဲ့အတွက် စိတ်ချရပြီးသားပါ။

“Driving mode အနေနဲ့ Sport mode ကိုပြောင်းလဲမောင်းနှင်နိုင်တယ်။ Lane keeping assist လည်းပါတယ်။ Cruise Control က adaptive ဖြစ်တဲ့အတွက် ဒီအချက်ကတော့ အမြန်လမ်းတွေမှာ ယာဉ်မောင်းသူကို သက်သောင့်သက်သာဖြစ်စေမှာ အသေအချာပါပဲ။ Radar Cruise လည်း ပါဝင်ပါသေးတယ်။ နောက်ပြီး Traction Control ၊ Auto-Hold ၊ Electric Parking Brake စတဲ့ အချက်တွေနဲ့လည်းပြည့်စုံတာတွေ့ရပါတယ်။ Safety ပိုင်းအနေနဲ့ အကြိုက်ဆုံးအချက်ကတော့ SCB (Smart City Brake) စနစ်ပါဝင်တာပါ။ အတားအဆီးတွေနဲ့ ရုတ်တရက်တွေ့တဲ့အခါမျိုးမှာ အလိုအလျောက် ဘရိတ်ဖမ်းပေးတဲ့စနစ်ပေါ့။ လေအိတ်ပတ်လည် ခုနစ်လုံးပါဝင်ပြီး blind spot detection စနစ်လည်းပါဝင်တာ တွေ့ရတယ်။”

နောက်ဆုံး verdict အနေနဲ့ ခြုံငုံပြီးပြောရမယ်ဆိုရင်တော့ Mazda 3 ဟာ ဒီဇိုင်းကောင်းတယ်။ အရည်အသွေးမြင့်တယ်။ Quality အတွက် သိပ်ကိုဦးစားပေးထားတာမျိုးဖြစ်တယ်။ SKYACTIV နည်းပညာနဲ့ဆိုတော့ ထုံးစံအတိုင်း မောင်းလို့လည်း ကောင်းမှာကလည်း သေချာတယ်။ မြို့ပြမှာ အခြေချတဲ့ မိသားစုငယ်တစ်စုအတွက်ဆိုရင်တော့ တစ်ခါတလေ ခရီးဝေးသွားမယ်ဆိုရင်တောင်မှ လုံးဝကို perfect ဖြစ်တဲ့ ကားတစ်စီးဖြစ်တာ အသေအချာပါပဲ။ ဒါပေမဲ့ ပစ္စည်းများများ၊ လူများများ၊ အရွယ်ကြီးကြီး၊ ခရီးဝေးဝေးအတွက်ဆိုရင်တော့ ပစ္စည်းနဲ့ လူ အရွယ်အစားနဲ့ ပမာဏကိုသာချိန်ညှိဆုံးဖြတ်ကြဖို့ အကြံပြုချင်ပါတယ်။

စမ်းသပ်မောင်းနှင်ရန်နှင့် ဓါတ်ပုံရိုက်ကူးရန်အတွက် အကူအညီပေးပါသော Mazda Myanmar အား အထူးပင်ကျေးဇူးတင်ရှိလျက်......

ဓါတ်ပုံ : ကောင်းတင့်၊ ထက်အောင်

Author