Porsche Cayenne Review (International)

0

Full article

SUV ဝယ်ဖို့အတွက် Porscheရဲ့ Cayenee ကိုရွေးချယ်မယ်ဆိုရင်တော့ စွမ်းအားပြည့်အင်ဂျင်၊ ညက်ညောတဲ့ ထိန်းချုပ်မှု၊ နေရာကျယ်ဝန်းခြင်းအပြင် ဇိမ်ကျမှုကိုပါ ရရှိနိုင်မှာပါ။ လူငါးယောက်ပဲ စီးမယ်ဆိုရင်တော့ ခရီးဝေးသွားသွား၊ မြို့ထဲမောင်းမောင်း သက်သောင့်သက်သာအဖြစ်ဆုံး ကားတစ်စီးကို ရရှိနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီဇင်အင်ဂျင်ရွေးချယ်စရာမရှိခြင်းနဲ့ Android Auto မပါဝင်ခြင်းကတော့......

အားသာချက်

  • ဘယ်လို model ကိုပဲရွေးရွေး စွမ်းဆောင်ရည်က ထိပ်တန်းဖြစ်နေခြင်း
  • နေရာကျယ်ဝန်းမှုနဲ့ အရည်အသွေးကောင်းမွန်မှုက ထိပ်တန်းဖြစ်နေခြင်း
  • ထိန်းချုပ်မောင်းနှင်မှုအတွက်လည်း ထိပ်တန်းဖြစ်နေခြင်း

အားနည်းချက်
– ဒီဇယ်အင်ဂျင် ရွေးချယ်စရာမရှိခြင်း
– Android Auto မရရှိနိုင်ခြင်း
– လူခုနစ်ယောက်စီးနိုင်ရန် ရွေးချယ်စရာမရှိခြင်း

သုံးသပ်ချက်

ကားဒီဇိုင်နာတွေအတွက် အခက်အခဲတွေထဲမှာ ထောင့်တွေကိုဘယ်လိုချိုးမလဲဆိုတာ ပါဝင်ပါတယ်။ ထောင့်ချိုးလှပပြေပြစ်ကာ ကျယ်ဝန်းပြီး ဇိမ်ကျလှတဲ့ SUV တစ်စီးကိုလိုချင်တယ်ဆိုရင်တော့ Porsche Cayenne ဟာ အဝယ်စာရင်းရဲ့ ဦးစားပေးရွေးချယ်စရာနေရာမှာသာ ရှိနေမှာပါ။ အခုဆိုရင် Porsche Cayenne အသစ်ဟာ တတိယမျိုးဆက်အထိတောင် ရောက်ရှိနေပြီး Range Rover Sport ၊ Audi Q7 ၊ BMW X5 ၊ Mercedes GLE တို့လိုမျိုး အရည်အသွေးမြင့် အကြီးစား SUV တွေနဲ့တော့ အပြိုင်ပေါ့။
တကယ်တော့ Porsche အမှတ်တံဆိပ်ဟာ ပြိုင်ကားတွေနဲ့ နာမည်ကျော်နေတဲ့ အမှတ်တံဆိပ်ပါ။ ဒါကြောင့်လည်း Cayenne ရဲ့ပုံစံဟာ ပြိုင်ကားပုံစံတွေရဲ့ သြဇာလွှမ်းမိုးမှုအောက်ကို ရောက်ရှိနေပုံရပြီး သမားရိုးကျ SUV ပုံစံတွေနဲ့ယှဉ်ကြည့်မယ်ဆိုရင် လှလှပပ ကွဲထွက်နေတာလည်း ဖြစ်ပါလိမ့်မယ်။
အတွင်းခန်းပုံစံကလည်း sport type ပုံစံမျိုးပါပဲ။ ယာဉ်မောင်းသူထိုင်ခုံဟာ သာမန် SUV တွေထက်စာရင် အနည်းငယ်နိမ့်ပြီး Cayenne ရဲ့ steering ဘီးကလည်း လုံးဝ sport type ပုံစံပါ။ အလယ်က infotainment ခလုတ်ခုံကတော့ ယာဉ်မောင်းသူထိုင်ခုံနဲ့ ဘေးကလိုက်ပါစီးနင်းသူထိုင်ခုံကို ခွဲခြားပေးထားတယ်လို့ ပြောလို့ရနိုင်တဲ့အထိ ကြီးမားပါတယ်။ ကြိုက်မိတဲ့အချက်ကတော့ ပစ္စည်းအားလုံးရဲ့ အရည်အသွေးပါ။ အားလုံး ထိပ်တန်းချည်းပါပဲ။ Dashboard မှာသုံးထားတဲ့ သားရေတွေ၊ သတ္ထု steering နဲ့ ခြေနင်းတွေ၊ တံခါးလက်ကိုင်တွေ၊ ဘာတွေပဲဖြစ်ဖြစ်၊ အရည်အသွေးမြင့်မြင့်နဲ့ အသုံးပြုနိုင်မှာဖြစ်တဲ့အတွက် တကယ့်ကိုကျေနပ်စရာအတိပါ။
ကားရဲ့ ပုံစံကလည်း ပြေပြစ်ညက်ညောလှပမှုရှိပြီး အရည်အသွေးမြင့်အတွင်းခန်းကိုပိုင်ဆိုင်ထားတဲ့ Porsche Cayenne အသစ်ကိုအတိုချုံးပြီး သုံးသပ်ရမယ်ဆိုရင်တော့ ငွေကြေးဖောဖောသီသီသုံးစွဲကာ SUV ကောင်းကောင်းစီးချင်တဲ့သူတွေအတွက်တော့ အကောင်းဆုံးရွေးချယ်မှုထဲက တစ်ခုဖြစ်မှာသေချကာပါတယ်။ လှပပြေပြစ်တဲ့ ထောင့်ချိုးတွေကိုပိုင်ဆိုင်ထားတယ်။ မြန်ဆန်ပြီး ဇိမ်ကျတယ်။ အံ့သြသင့်ဖွယ်ရာ နူးညံ့မှုရှိပြီး အသုံးပြုရမှာလည်း စိတ်ချမ်းသာစရာကောင်းလောက်အောင် လက်တွေ့ကျလှပါတယ်။

အတွင်းခန်း

ဈေးပေါတဲ့ ပလတ်စတစ်အသားတွေနဲ့ ခပ်ကြမ်းကြမ်း trim တွေကိုတော့ Porsche Cayenne ရဲ့ လက်ရာမြောက် အတွင်းခန်းမှာ မရရှိနိုင်ပါဘူး။ ဒါပေမယ့် အားနည်းချက်တစ်ခုကတော့ Android Auto မပါဝင်ခြင်းပါ။
Porsche Cayenne ထဲကိုဝင်ထိုင်ရတာဟာ SUV တစ်စီးထက်စာရင် ပြိုင်ကားတစ်စီးထဲကို ဝင်ထိုင်ရတဲ့ ခံစားချက်မျိုးကို ရရှိစေတယ်။ ဗဟိုခလုတ်ခုံကလည်း အကြီးကြီးပါ။ ပြောရမယ်ဆိုရင် ပိုးအိမ်ထဲကို ဝင်ထိုင်လိုက်ရသလိုမျိုး နူးညံ့ပြီး အံဝင်ခွင်ကျမှုအရသာကို ရရှိစေတယ်။
ကြီးမားတဲ့ infotainment စနစ်ဟာလည်း တော်တော်ကြီးကို ကောင်းမွန်လှပြီး ပြတ်သားကြည်လင်မှုလည်းရှိတယ်။ ကားအတွင်းက စနစ်တွေအားလုံးနီးပါးကို ဒီ infotainment မျက်နှာပြင်ကနေပြီး ထိန်းချုပ်လို့ရတယ်။ Touch မျက်နှာပြင်ရဲ့ တုန့်ပြန်မှုကလည်း မြန်ဆန်တဲ့အတွက် အသုံးပြုရာမှာ တော်တော်လေး အဆင်ပြေတာတွေ့ရတယ်။ ဒီ screen ကိုအသုံးမပြုချင်သူတွေအတွက် ခလုတ်တွေလည်းပါဝင်တာမလို့ အသက်အရွယ်ကြီးရင့်သူတွေနဲ့လည်း အဆင်ပြေတယ်လို့ ပြောလို့ရတယ်။ Touch display နဲ့ ရိုးရိုးအတိုးအလျော့ဘီးတွေပါဝင်မှုကတော့ Mercedes GLE Coupe လိုမျိုးအသုံးပြုရာမှာ ပိုမိုချောမွေ့စေပေမယ့် Cayenne မှာတော့ ခလုတ်တွေက နည်းနည်းလေးသေးတယ်လို့ခံစားမိပါတယ်။ Climate control အဖွင့်အပိတ်ခလုတ်ထားတဲ့နေရာဟာ အလွယ်တကူလက်လှမ်းမီတဲ့နေရာမှာရှိလာတာကတော့ သိပ်ကောင်းပါတယ်။
နောက်တစ်ခုက ယာဉ်မောင်းသူ display ပါ။ နှစ်ခုပါဝင်ပါတယ်။ ကြည်လင်ပြတ်သားတယ်။ ဒါပေမယ့် ဂြိုဟ်တုလမ်းညွှန်ကိုအသုံးပြုကြည့်ရာမှာတော့ Audi Q8 နဲ့ Range Rover Sport တို့လောက် ရှင်းလင်းမှုမရှိလှဘူး။ တကယ်လို့ ခင်ဗျားဟာ Porsche Cayenne ရဲ့ တစ်ပါတည်းပါဝင်တဲ့ ဂြိုဟ်တုလမ်းညွှန်ကို အသုံးမပြုချင်ဘူး၊ ကိုယ့် smartphone က sat-nav ကိုပဲသုံးချင်တဲ့သူဆိုရင်တော့ iPhone အသုံးပြုသူဖြစ်မှ ရမှာပါ။ Apple CarPlay သာပါဝင်တာမလို့ဖြစ်ပါတယ်။ iPhone နဲ့ လွယ်ကူချောမွေ့စွာ ချိတ်ဆက်နိုင်ပေမယ့် Cayenne ရဲ့ touchscreen မျက်နှာပြင်အချိုးက ပိုကြီးတဲ့အတွက် ဖုန်းနဲ့ချိတ်ဆက်ထားချိန် screen ရဲ့အနားသတ်တွေမှာ နေရာလွတ်တွေတော့ တွေ့ရပါတယ်။ စိတ်မကောင်းစရာတစ်ခုကတော့ Android Auto မပါဝင်မှုပါပဲ။

လက်တွေ့ဆိုရင်

တကယ်တော့ Cayenne ဟာ sporty ပိုဆန်တဲ့ SUVs တွေထဲက တစ်စီးဖြစ်ပေမယ့် ဝယ်ယူစီးနင်းရာမှာတော့ လက်တွေ့ကျလှတဲ့ ကားတစ်စီးလည်း ဖြစ်နေပြန်ပါတယ်။ လိုက်ပါစီးနင်းတဲ့သူတွေ ဘယ်လိုအရွယ်အစားအတွက်ကိုမဆို လုံလောက်တဲ့နေရာပါရှိတဲ့အပြင် အနောက် ပစ္စည်းထားခန်းကလည်း အတော်ကျယ်တယ်လို့ပြောလို့ရတယ်။
အနောက်ပစ္စည်းထားခန်း ဝင်ဆံ့မှုက အနောက်ခုံတွေပါရင် 745-770 litres လောက်အထိရှိပြီး အနောက်ခုံတွေလှဲထားရင် 1,680-1,710 litres လောက်အထိရှိတဲ့အတွက် ဝင်ဆံ့မှုများတဲ့ SUVs တွေထဲမှာ ပါဝင်ပါတယ်။
Porsche Cayenne ရဲ့အတွင်းခန်းက အရပ်အရမ်းမြင့်တဲ့သူတွေပါရင်တောင်မှ သက်သောင့်သက်သာနဲ့ လိုက်ပါစီးနင်းလို့ရအောင် ကျယ်ဝန်းတာပါ။ အရှေ့ထိုင်ခုံတွေက electric စနစ်နဲ့ ယာဉ်မောင်းနေချိန်ခုံပုံစံ ၈ မျိုးအထိ ချိန်ညှိနိုင်တဲ့အပြင် အားလုံးပေါင်းလျင် ၁၈ မျိုးအထိချိန်ညှိနိုင်တဲ့အတွက် ယောဂ ပုံစံတချို့အနေအထားအတိုင်းတောင်မှ ထိုင်နိုင်မယ့်အနေအထားမျိုး။ Lumbar support လည်းပါဝင်တဲ့အတွက် ခါးညောင်းခါနာတာတွေကို သက်သာရာရစေမှာတော့ အမှန်ပါပဲ။ အနောက်ခုံမှာလိုက်ပါစီးနင်းမယ့်သူတွေအတွက်လည်း နေရာကျယ်ကျယ်ဝန်းဝန်းရှိတဲ့အပြင် ဇိမ်နဲ့ထိုင်စီးလို့ရတဲ့အတွက် သူတို့ဆီက ဘာဝေဖန်မှုကိုမှ ကြားရမှာမဟုတ်ပါဘူး။
နောက်ထပ် ကျယ်ဝန်းတဲ့အရာကတော့ တံခါးပေါက်တွေပါ။ တံခါးပေါက်တွေကျယ်တဲ့အတွက် အဝင်အထွက် လွတ်လပ်မှုရှိတဲ့အပြင် ကလေးခုံတွေ ဘာတွေပါ အလွယ်တကူ အတင်အချလုပ်လို့ရပါတယ်။ ကလေးခုံဆိုလို့ အဲဒီခုံကိုလည်း လွယ်လွယ်ကူကူနဲ့ lock ပြုလုပ်တပ်ဆင်နိုင်တာကိုတွေ့ရပါတယ်။ သဘောကတော့ ကားမောင်းတဲ့သူရော၊ လိုက်ပါစီးနင်းမယ့်သူတွေရော၊ ကလေးငယ်တွေအတွက်ရော၊ တစ်ပါတည်းပါလာမယ့် ပစ္စည်းတွေအတွက်ပါ လက်တွေ့ကျလှတဲ့ အရည်အသွေးမြင့် SUV တစ်စီးပါ။

မောင်းနှင်မှု

ပထမဆုံးအချက်အနေနဲ့ Porsche Cayenne မှာ ဒီဇယ်အင်ဂျင်မရှိပါဘူး။ အခြေခံ Standard trim မှာက 340hp အထိထွက်ရှိတဲ့ 3.0-litre V6 ဓါတ်ဆီအင်ဂျင်၊ S trim မှာတော့ 440hp အထိထွက်ရှိမယ့် 2.9-litre V6 အင်ဂျင်နဲ့ Turbo trim အတွက်ဆိုရင်တော့ 550hp အထိတောင်မှ ထွက်ရှိနိုင်မယ့် V8 အင်ဂျင်နဲ့ပါ။ Turbo အင်ဂျင်နဲ့ Porsche Cayenne ကို အမီလိုက်နိုင်မယ့် SUVs တွေက တော်တော်တော့ ရှားပါလိမ့်မယ်။ 0-62mph နှုန်းကိုရဖို့ ၄.၁ စက္ကန့်အချိန်ပဲလိုမှာပါ။ Trim တိုင်းအတွက် e-Hybrid plug-in hybrid အင်ဂျင်တွေကိုလည်း ရွေးချယ်စရာရှိနေပါသေးတယ်။
လက်တွေ့တက်မမောင်းခင် မျှော်လင့်မိတာကတော့ ဒီလို အရည်အသွေးမြင့် ကြီးမားတဲ့ ဇိမ်ခံ SUV အနေနဲ့ တိတ်တိတ်ဆိတ်ဆိတ် သက်သောင့်သက်သာ မောင်းနှင်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားတာပါ။ ဒါပေမယ့် အပိုဆုအနေနဲ့ရရှိလိုက်တာကတော့ Cayenne ကိုမောင်းရတာဟာ ပျော်စရာကောင်းလှတဲ့ ခံစားမှုကိုလည်း ရရှိစေပါတယ်။ ဒီလိုပျော်စရာကောင်းတာဟာ ကျန်တဲ့အပိုင်းတွေပြီးပြည့်စုံပြီး မြင့်မားတဲ့အရှိန်မှာ ပေါ့ပေါ့ပါးပါး ထိန်းချုပ်နိုင်လို့ဖြစ်ပါလိမ့်မယ်။
Suspension မှာတော့ standard နဲ့ adaptive air ဆိုပြီးနှစ်မျိုး ရွေးချယ်စရာရှိပါတယ်။ Standard မှာတောင် အောက်ပိုင်းဟာ မာကျောပြီး တော်တော်ကြီးကိုသက်သောင့်သက်သာဖြစ်နေပါပြီ။ Adaptive air ဆိုရင်တော့ မြို့တွင်း၊ မြို့ပြင် ဘယ်နေရာမှာမောင်းမောင်း မောင်းရတာ ဇိမ်ကျလှပြီး Porsche ရဲ့ Dynamic Chassic Control နဲ့ပါရမှာပါ။
ခြုံငုံပြောရမယ်ဆိုရင်တော့ အင်ဂျင်ပါဝါအားကောင်းတဲ့ ကားဖြစ်တဲ့အတွက် အားကောင်းမယ်၊ မောင်းရတဲ့နေရာမှာ သက်သောင့်သက်သာအထူးရှိမယ်။ ဒါပေမယ့် ဆီစားနှုန်းတော့ မြင့်ပါလိမ့်မယ်။

ပါဝင်တဲ့အချက်တွေ

Trim အနေနဲ့ကတော့ Porsche Cayenne မှာ Standard trim ၊ S trim နဲ့ Turbo trim ဆိုပြီး သုံးမျိုးရှိပါတယ်။ Standard trim ကတော့ ဈေးနှုန်းအားဖြင့် အနည်းဆုံးဖြစ်ပြီး S trim နဲ့ ဒေါ်လာ တစ်သောင်းဝန်းကျင်ကွာခြားပေမယ့် Turbo trim ဆိုရင်တော့ Standard trim ရဲ့ ဈေးနှုန်းနှစ်ဆလောက်အထိရှိပါတယ်။

နောက်ဆုံးအနေနဲ့ကတော့ ရှည်ရှည်ဝေးဝေးတွေပြောနေစရာမလိုပါဘူး။ ဒါဟာ Porsche ပါ။ ဒီအမှတ်တံဆိပ်မှာပဲ သူ့ရဲ့ ဂုဏ်ဒြပ်တွေနဲ့အရည်အသွေးတွေက ပျော်ဝင်လို့နေလျက်ပါ။

စာရေးသူ : စိုင်းဆိုင်(ရန်ကုန်)
Ref: New Porsche Cayenne by Mat Watson

Author

Comments